ဝိညာဉ်စွမ်းအား အဆင့်တွင်တော့ ဆန်းလျန်မှာ ဟိုင်သန်းအဆင့် ကျင့်ကြံသူများထက် အဆင့်နိမ့်ခြင်း မရှိပေ။ သူ၏ အာရုံခံစားမှုကလည်း လွန်စွာမှ အားကောင်းလေသည်။
ထို့ပြင် အချိန်နှင့်အမျှ ကျင့်ကြံသူများမှာလည်း တစ်နေ့တခြား များပြားလာကြလေသည်။ သူတို့က ကံတရားကို ဆန့်ကျင်ပြီး အချင်းချင်း တိုက်ခိုက်ကြသည်။ ထိုသို့ တိုက်ခိုက်ကြခြင်းမှာ မိုးကောင်းကင်၏ အလိုတော်အတိုင်းဟု သူတို့က ပြုမူပြောဆို ကြသေးသည်။ သဘာဝတရားကို ဆန့်ကျင်ကာ နတ်ဘုရားတစ်ပါး ဖြစ်လိုကြသည်။ ထိုအရာများ အားလုံးမှာ အမှန်တရားနှင့် ဆန့်ကျင်နေသည်ဟု ပြော၍ရသည့်တိုင် ထို အကြောင်းအရာများ၏ နောက်ကွယ်တွင် မသိနိုင်သည့် အရာများစွာ ရှိလေသည်။ လောကကြီးမှာ အချိန်နှင့်အမျှ ပြောင်းလဲနေသည် မဟုတ်ပါလား။
ဆိုင်ရှင်အမျိုးသမီးမှာ လေးစားစရာကောင်းသော အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။ ယခုတော့ သူမက ဆန်းတုမြို့တော်က ထွက်ခွာသွားတော့မည် ဖြစ်လေသည်။
ဆန်းလျန်မှာ သာမန်လူတစ်ယောက် မဟုတ်ပါ။ ဘုရင်မနှင့် ကျောက်ရှောင်ယွီတို့၏ နောက်ဆုံး တိုက်ပွဲတွင် သူ့အတွက် အခွင့်အရေး တစ်ခုရှိမည်ဟု စိတ်ထဲတွင် ခံစားနေရလေသည်။
သူ၏ အထွတ်ထိပ် ဆုံချက်မှာ ပွင့်သွားပြီ ဖြစ်သည့်တိုင် သူ၏ စွမ်းအားများမှာ သိပ်သည်းနေသည့် အတွက်ကြောင့် ထိုအစွမ်းကို ကောင်းကောင်း အသုံးပြု၍ မရသေးပါ။ သူ၏ ရွှေပြဒါးမဏ္ဍိုင်တွင် မတူညီသည့် စွမ်းအားရှစ်ခု၏ မတူညီသည့် အရောင်များကို အတူတကွ ပေါင်းစည်းနိုင်မှသာ ထိုက်ရွှီး နည်းဗျူဟာကျင့်စဉ် ပထမအဆင့် အောင်မြင်မည် ဖြစ်လေသည်။ သို့သော် ထိုစွမ်းအားများမှာ ပုံမှန်မဟုတ်သည့်အတွက် ရွှံ့နွံဝဲဂယက် တစ်ခုကဲ့သို့ဖြစ်ကာ တစ်ခုနှင့်တစ်ခု မူမမှန်ဘဲ ရောစပ်ကုန်ကြလေသည်။ ဆန်းလျန်၏ ကိုယ်တွင်းမှ တန်ခိုးစွမ်းအားများကိုပင် ထိုရွှံ့နွံ ဝဲဂယက်ကြီးက စုပ်ယူနေလေတော့သည်။ ဆန်းလျန်က ထိုစွမ်းအားရှစ်ခုကို ဖိနှိပ်ထားသည့် အတွက်ကြောင့်သာ သူ၏ တန်ခိုးစွမ်းအားများ အရမ်း လျော့နည်းမသွားရခြင်း ဖြစ်လေသည်။
ဆန်းလျန်က ထိုစွမ်းအားရှစ်ခုကို ဖယ်ရှားဖို့ ကြိုးစားလျှင်လည်း ထိုစွမ်းအားရှစ်ခုက ပြင်ပမှ စွမ်းအားရှစ်ခု ဖြစ်သည့် ထျန်း၊ တိ၊ ဆန်း၊ ကျဲ့၊ စွေ၊ ဟော်၊ ဖုန်း၊ လေ့ (ကောင်းကင်၊ မြေကြီး၊ တောင်၊ ရွှံ့နွံ၊ ရေ၊ မီး၊ လေ၊ မိုးကြိုး) တို့နှင့် ပေါင်းစပ်သွားပြီး ပို၍ပင် ထိန်းချုပ်ရ ခက်ကုန်လေတော့သည်။ ထိုအခါမျိုးတွင် ဆန်းလျန်မှာ အတွင်းဒဏ်ရမည့် အနေအထားသို့ပင် ရောက်ရလေသည်။
ဒြပ်စင်စွမ်းအားရှစ်ခုကို ဟန်ချက်ညီအောင် ထိန်းချုပ်နိုင်ခြင်း မရှိလျှင် ထိုစွမ်းအားရှစ်ခုမှာ ခန္ဓာကိုယ် အပြင်ဘက်တွင် လှိုင်းများကဲ့သို့ တည်ရှိနေမည် ဖြစ်လေသည်။ ရေ၊ မီး၊ လေနှင့် မိုးကြိုးတို့မှာ ထူးဆန်းသည့် အဖြစ်အပျက်များဖြင့် နေရာယူနေမည် ဖြစ်လေသည်။ ဆန်းလျန်မှာ နတ်ဘုရားတစ်ပါး မဖြစ်သေးသည့်အတွက် သူ၏ ခန္ဓာကိုယ်မှာ ပျက်စီးနိုင်လေသည်။ ရေရှည်တွင် ထိုစွမ်းအားရှစ်ခု မညီမျှမှုကို ထိန်းချုပ်ထားနိုင်မည် မဟုတ်ပေ။
ထိုက်ရွှီးကျင့်စဉ် တန်ခိုးစွမ်းအားမှာ သူ့ကိုယ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့်တိုင် ထိုစွမ်းအားများမှာ သူနှင့် တခြားစီ ဖြစ်နေလေသည်။ ထိုစွမ်းအားများမှာ အလွန်ပြင်းထန်ခြင်း မရှိသည့်တိုင် အားပြိုင်နေကြလေသည်။ အချင်းချင်း ပေါင်းစပ်သွားလိုက်၊ ပြန်လည် ကွဲကွာသွားလိုက်နှင့် မတည်မငြိမ် ဖြစ်နေကြလေသည်။
ထိုက်ရွှီးကျင့်စဉ်ကို စတင်လေ့ကျင့်သည့် အချိန်က ဒြပ်စင်စွမ်းအား ရှစ်မျိုးကို သူ၏ တန်ခိုးစွမ်းအားနှင့် ပေါင်းစပ်သည့် အချိန်ကလည်း စွမ်းအားများ မတည်မငြိမ် ဖြစ်လေသည်။ သို့သော် ယခု စွမ်းအားများ မတည်မငြိမ် ဖြစ်နေသည်က ယခင်က အခြေအနေနှင့် တူညီခြင်း မရှိပေ။
ထို့ပြင် ထိုစွမ်းအားရှစ်မျိုးမှာ သူ၏ ခန္ဓာကိုယ်ထဲတွင် အားပြိုင်နေကြသည်မှာ နှစ်ပေါင်းကြာနေပြီ ဖြစ်လေသည်။ ထိုသို့ အချိန်ကြာလာသည်နှင့်အမျှ အန္တရာယ်လည်း များလာလေသည်။
ထိုဒြပ်စင်စွမ်းအားများ တန်ခိုးစွမ်းအား ကြီးထွားလာသည်နှင့်အမျှ ဆန်းလျန် မထိန်းချုပ်နိုင်သည့် အခြေအနေသို့သာ ရောက်ရှိသွားလျှင် မည်သို့ဖြစ်မည်ကို ဆန်းလျန်လည်း မသိပေ။
ထိုက်ရွှီးတန်ခိုး စွမ်းအားများမှာ သာမန်ကျင့်စဉ် စွမ်းအားများနှင့် မတူညီသည်ကတော့ အမှန်ပင် ဖြစ်လေသည်။ ထိုက်ရွှီးတန်ခိုး စွမ်းအားများတွင် ကိုယ်ပိုင် ဝိညာဉ်စွမ်းအားများ ရှိနေလေသည်။
ကူးချိုင်ဝေ့က သူ့ကို ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို ပထမဆုံးအကြိမ် သင်ပေးသည့် အချိန်ကို သူ ပြန်စဉ်းစားကြည့်မိသည်။ သူမက မိုးမြေစွမ်းအားများကို လုံးဝအသုံးမပြုဘဲ သူ၏အင်းပညာကို ပယ်ဖျက်နိုင်ခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကိုယ်တွင်းမှ ထိုက်ရွှီးကျင့်စဉ် တန်ခိုး စွမ်းအားများမှာ အလိုအလျောက် တုံံ့ပြန်သည့်သဘော ဖြစ်လေသည်။ ထိုစွမ်းအား အင်းပညာကို စုပ်ယူမည့်အစား ဖြေလွှတ်ပေးလိုက်ခြင်း ဖြစ်လေသည်။
အိပ်ပျော်နေသည့် ရော့ရှီလေးထံမှ အသက်ရှူသံကို မှန်မှန်လေး ကြားနေရလေသည်။ ဆန်းလျန်က သူမကိုယ်ပေါ်သို့ စောင်လေး ခြုံပေးလိုက်ပြီး အခန်းထဲမှ ထွက်ခွာလာခဲ့လေသည်။ ထို့နောက် သူမ အိပ်ပျော်နေသည့် အခန်းတံခါးကို တန်ခိုးဖြင့် စည်းချထားခဲ့လေသည်။
ခုနစ်လာပိုင်း ခုနစ်ရက်နေ့သို့ ရောက်ပြီ ဖြစ်လေသည်။
ခုနစ်လာပိုင်း ခုနစ်ရက်နေ့မှာ ခုနစ်နှစ်ထပ် ဖြစ်သည့်အတွက် ပြည့်စုံမှုကို ဖော်ပြလေသည်။ ရှေးလူများက ကိန်းဂဏန်း တွက်ချက်ရန်အတွက် ပေသီးခုံကို တီထွင်ခဲ့ကြပြီး ထိုပေသီးခုံတွင် အတန်းခုနစ်တန်း ပါရှိလေသည်။ ဤသည်မှာ တိုက်ဆိုင်ခြင်း မဟုတ်ပါ။ စကြာဝဠာ၏ လျှို့ဝှက် စွမ်းအားကို အသုံးပြုကာ တီထွင်ထားခြင်း ဖြစ်လေသည်။
ထိုသို့သော စကြာဝဠာ လျှို့ဝှက်ချက်များကို မသိရှိပါက ဒုက္ခ ရောက်တတ်လေသည်။
တာ့မင်နန်းတော် အပြင်ဘက်တွင် ဆယ်မိုင်ပတ်လည် ကျယ်သည့် ရေကန်တစ်ခု ရှိလေသည်။ နေ့ရက်များစွာ မှောင်မှိုင်းနေသည့် ရာသီဥတုမှာ ယခုတော့ ကြည်ကြည်လင်လင် ဖြစ်နေလေသည်။ ကောင်းကင်မှာ ကြည်လင်နေပြီး လရောင်က တောက်ပနေလေသည်။ ထို့ကြောင့် ရေကန်မှာလည်း လရိပ်ထင်ကာ တောက်ပနေလေသည်။
ဖားအော်သံများ ဟိုမှဒီမှ ထွက်ပေါ်လာတတ်ပြီး လေပြေလေးက ကြာရွက်များကို တိုက်ခတ် သွားလေသည်။
အန်းဖင်တူးမြောင်းမှာ ထိုရေကန်၏ အပြင်ဘက်တွင်း တည်ရှိလေသည်။ မိုးများ အဆက်မပြတ် ရွာသွန်းထားသည့်အတွက် ရေပြင်မှာ မြင့်တက်နေလေသည်။ တိတ်ဆိတ်သည့် ညကို ရေစီးသံက ဖြိုခွင်းနေသည်။ ထိုအန်းဖင် တူးမြောင်းမှာ ဘုရင်မကြီး တည်ဆောက်ခဲ့သည့် အကောင်းဆုံး လက်ရာဟု ပြော၍ မရသည့်တိုင် ကောင်းမွန်သည်ကတော့ အမှန်ပင် ဖြစ်လေသည်။
ယနေ့ည စွေ့လျန် ခန်းမဆောင်တွင် မည်သူမျှ ရှိမနေပါ။ ခန်းမဆောင်ထိပ်တွင် ဘုရင်မကြီး ရပ်နေလေသည်။ လေပြည်က သူမ၏ ဦးခေါင်းထက်တွင် ဆောင်းထားသည့် သရဖူကို ဖြတ်သန်း တိုက်ခတ်နေသည်။ သူမသည် သာမန် မိန်းကလေးများထက် အနည်းငယ် အရပ် ပိုမြင့်လေသည်။ သရဖူ ဆောင်းထားသည့်အတွက် အရပ်မှာ ပိုပြီး မြင့်နေသယောင် ထင်ရလေသည်။
ရေမျက်နှာပြင်မှာ တည်ငြိမ်နေလေသည်။ ကြာပန်းများက လေအဝေ့တွင် ကခုန်နေကြသည်။ ကြာပန်းလေးများပေါ်မှ ရေစက်လေးများမှာ ပုလဲလေးများကဲ့သို့ပင် လွန်စွာမှလှပလေသည်။ ထိုရှုခင်းကို မြင်ရသူမှာ မငေးဘဲ မနေနိုင်အောင် ဖြစ်ရမည်မှာ အသေအချာပင်။
ဆန်းလျန်မှာ ရေကန်နံဘေးရှိ ဝက်သစ်ချ ပင်ကြီးပေါ်တွင် ထိုင်နေလေသည်။ ဝက်သစ်ချပင် သစ်ကိုင်းများမှာ လေတိုက်ခတ်မှုကြောင့် လှုပ်ရမ်းနေပြီး ဆန်းလျန်၏ ပုံသဏ္ဌာန်မှာ နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်လေသည်။
ဘုရင်မ၏ အကြည့်က ဆန်းလျန်ဆီသို့ ကျရောက်သွားလေသည်။ သို့သော် ထိုအကြည့်တွင် မည်သည့် ခံစားချက်မျှ မပါဝင်ပေ။
ခုနစ်စင်ကြယ်မှာ ကြယ်များအားလုံးတွင် အလှဆုံး ဖြစ်လေသည်။ ထိုခုနစ်စင်ကြယ်မှ ကြယ်တစ်လုံးမှာ အခြားသော ကြယ်များထက် တောက်ပနေလေသည်။
လှေငယ်လေးတစ်စင်းမှာ မြားတစ်စင်းအလား အရှိန်ဖြင့် လှော်ခတ်လာပြီး အန်းဖင်တူးမြောင်းမှ တစ်ဆင့် ရေကန်ဆီသို့ ဝင်ရောက်လာလေသည်။ လှေပေါ်တွင် မိန်းမပျိုတစ်ယောက် ရှိနေပါသည်။ သူမက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားသည့် ဆံနွယ်များကို ပိုင်ဆိုင်ထားလေသည်။ သူမ၏အလှနှင့် ကြပန်းရေကန်၏ ရှုခင်းမှာ လိုက်ဖက်လွန်းလှသည်။ ထိုမိန်းမပျိုမှာ ကျောက်ရှောင်ယွီပင် ဖြစ်လေသည်။
ကျောက်ရှောင်ယွီက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အဖြူရောင် ကြာပွင့်လေးအလား သန့်စင်လှပ နေလေသည်။
လှေငယ်လေးတွင် လှော်တက်များ မပါရှိပါ။ ထိုလှေမှာ ကျောက်ရှောင်ယွီ၏ ခြေဖဝါး အောက်တွင် သဘာဝကျကျ ရွေ့လျားနေခြင်း ဖြစ်လေသည်။ ရွေ့လျားနေသည့် အရှိန်နှင့် ဦးတည်ရာမှာ လှေကို ထိန်းချုပ်သည့် ပဲ့ကိုင်ရှင်၏ စိတ်သဘောအတိုင်းသာ ဖြစ်လေသည်။ ကျောက်ရှောက်ယွီက ခေါင်းကို မော့ကြည့်လိုက်ပြီး ဘုရင်မကြီး၏ အကြည့်ကို ရင်ဆိုင်လိုက်သည်။ လှေမှာ ရုတ်တရက် ရပ်တန့်သွားလေသည်။ ကြာပန်းရေကန်ထဲတွင် လှိုင်းဂယက်များ ရိုက်ခတ်သွားလေသည်။ ကျောက်ရှောင်ယွီ၏ ဝတ်ရုံမှာ သူမ၏ လှပသည့် ခြေဖဝါးလေးများကို ဖုံးကွယ်ထားခြင်း မရှိပေ။
ဘုရင်မကြီးက ကျောက်ရှောင်ယွီကို စိုက်ကြည့်နေလေသည်။ ဘုရင်မကြီးအနေဖြင့် ကျောက်ရှောင်ယွီကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်လေသည်။ ဒီကြာပန်းကိုးပွင့် စုန်းမသည် သူမလုပ်သမျှ အရာအားလုံးကို နှောင့်ယှက်နေသူ ဖြစ်လေသည်။ ယခင်ကြာပန်းကိုးပွင့် ဂိုဏ်းချုပ်နှင့် မတူညီစွာ သူမကတော့ သတ္တိရှိပြီး အေးစက်လေသည်။ ထို့ထက်ပိုပြီး အရေးပါသည့်အချက်မှာ သူမတွင် ခံစားချက် မရှိခြင်း ဖြစ်လေသည်။ ထိုသို့ ခံစားချက် မရှိသည်က ကြောက်စရာကောင်းသည့် အချက် ဖြစ်လေသည်။
ဘုရင်မကြီးသည် ကျောက်ရှောင်ယွီ၏ လွှမ်းမိုးခံလိုက်ရမှုမှ ရုန်းမထွက်နိုင် ဖြစ်ရလေသည်။
သို့သော် … ရုတ်တရက် ဘုရင်မကြီးက လှုပ်ရှားလိုက်လေသည်။ လေထုမှာ ကွဲအက်သွားပြီး ပေါက်ကွဲသံတစ်ခုကို ဆန်းလျန် ကြားလိုက်ရလေသည်။ ထိုပေါက်ကွဲသံကြောင့် ဆန်းလျန်၏ အတွင်းအားနှင့် သွေးများပင် တုန်လှုပ်သွားရလေသည်။ သာမန်လူသာဆိုလျှင် မူးမေ့ သတိလစ်သွားမည် ဖြစ်လေသည်။
သူမက မြေစွဲအားကို သူမ၏အရှိန်ဖြင့် ပေါင်းစပ်လိုက်ခြင်း ဖြစ်လေသည်။ သူမ လှုပ်ရှားလိုက်သည်နှင့် လေထဲမှ ဓားတစ်လက် ထွက်ပေါ်လာလေသည်။ ထူးဆန်းသည့် စွမ်းအားများ ပေါင်းစည်းသွားပြီး ထိုဓားက ဘုရင်မလက်တွင်းသို့ ရောက်သွားကာ ကျောက်ရှောင်ယွီကို ချက်ချင်းပင် ဓားဖြင့် ထိုးခုတ်လိုက်လေတော့သည်။
ကြီးမားသည့်စွမ်းအားထုကြီးက ကျောက်ရှောင်ယွီကို ဝန်းရံထားလေသည်။
ဆန်းလျန် တာအိုကျင့်စဉ်လမ်းကို ဝင်ရောက်ပြီး ကတည်းက ဂါထာမန္တန်နှင့် အင်းသင်္ကေတများကိုသာ တန်ခိုးစွမ်းအားအဖြစ် သုံးစွဲခဲ့ခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူက မိုးမြေစွမ်းအားကို အသုံးပြုကာ လူ့လောကရှိ သာမန်သိုင်းပညာရှင် လောက်ကိုတော့ ကောင်းစွာ အနိုင်ယူနိုင်လေသည်။ ထို့ကြောင့် သူက ဘုရင်မကြီး အသုံးပြုလိုက်သည့် သိုင်းပညာကို ကောင်းစွာ သိမြင်လေသည်။ သို့သော် သူမအသုံးပြုလိုက်သည့် သိုင်းပညာမှာ သာမန်သိုင်းပညာ မဟုတ်သလို အဆင့်လည်း မြင့်လေသည်။
လေထုမှာလည်း ဓားတစ်ချောင်းကဲ့သို့ပင် အေးစက်ထက်ရှ နေလေသည်။
ကျောက်ရှောင်ယွီက ပြုံးလိုက်လေသည်။ သူမကို ကြည့်ရသည်မှာ တစ်ချက်ကလေးမှ ကြောက်လန့်သည့်ပုံ မပေါ်ပေ။ သူမက လေဟုန်စီးပြီး ပျံတက်သွားလေသည်။ သူမစီးလာသည့် လှေမှာ တစ်စစီကွဲကာ ပျက်စီးသွားလေသည်။ ကြာပန်းရေကန် မျက်နှာပြင်ထက်တွင် ပျက်စီးသွားသည့် လှေမှ သစ်သား အပိုင်းအစများ တစ်စစီ ပြန့်ကျဲနေသည်ကို မြင်တွေ့ နိုင်လေသည်။
***