Switch Mode

အခန်း (၁၂၁)

လေနှင့်မုန်တိုင်းအတွက် အချိန်ကျပြီ

ခုနစ်လပိုင်းသို့ပင် ရောက်ခဲ့ပြီ …

ဆန်းတုမြို့တော်တွင် ခုနစ်ရက်ဆက်တိုက် မိုးကြီး ရွာသွန်းခဲ့ပြီးနောက် ယခုတော့ တိမ်များ ထူထပ်လျက် ရှိလေသည်။ လေပြင်းများ တိုက်ခတ်နေပြီး  ရာသီဥတု ထူးဆန်းစွာ ပြောင်းလဲသွားခြင်းက ပြည်သူများကို စိတ်မသက်မသာ ဖြစ်စေပြီး တောင်တွေးမြောက်တွေး အတွေးများ ဝင်စေလေသည်။

ကျောက်ရှန့်မှာ သာမန်အဝတ်အစားများ ဝတ်ဆင်ပြီး ဆန်းလျန်၏ ဆေးခန်းသို့ ရောက်လာပြန်သည်။ သို့သော် ရောဂါကုသရန်အတွက် ရောက်လာခြင်းတော့ မဟုတ်ပါ။ ရေဂါတစ်ခုအကြောင်း မေးမြန်းရန် ရောက်လာခြင်း ဖြစ်လေသည်။ လူတစ်ယောက်ကိုယ်စား လာရောက်မေးမြန်းခြင်း ဖြစ်သည်။

အပြင်ဘက်တွင် တိမ်များ ထူထပ်နေပြီး ရာသီဥတု မသာယာသည့်တိုင် ဆေးခန်း အတွင်းမှာတော့ တောက်ပလင်းထိန်လျက် ရှိလေသည်။

ဆေးခန်း နံရံထက်တွင် ကြေးနီမီးအိမ်လေးတစ်ခု ချိတ်ဆွဲထားပြီး ထိုမီးအိမ်လေးမှ သာမန်ထက်ပိုပြီး လင်းလက်နေခြင်း ဖြစ်လေသည်။ မီးတောက်များက လှုပ်ယမ်းနေပြီး မီးခိုးငွေ့များ ထွက်နေခြင်းတော့ မရှိပေ။

ကျောက်ရှန့်က ကြေးနီမီးအိမ်လေးကို တစ်ချက် စိုက်ကြည့်လိုက်ပြီး ထိုမီးအိမ်လေးထဲတွင် ဆီဖြည့်ထားခြင်း မရှိကြောင်း သတိပြုလိုက်မိလေသည်။ အလင်းရောင်မှာ ထာဝရ လင်းနေသည့် အလင်းရောင် တစ်ခုကဲ့သို့ ဖြစ်နေလေသည်။ ထိုမီးအိမ်ကို ငြိမ်းသတ်၍ ရနိုင်မည် မဟုတ်ပေ။

ဆန်းလျန်က မိုးပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။  သူက မင်ခွက်ထဲတွင် မင်ကို ဂရုတစိုက် သွေးနေလေသည်။ မင်အရောင်မှာ ခရမ်းရောင်သန်းသည့် အနီရောင် ဖြစ်လေသည်။ ဆန်းလျန်၏ လက်တွင်လည်း ဓားပြတ်ရာတစ်ခုကို တွေ့နိုင်လေသည်။ ဆန်းလျန်က သူ၏ သွေးနှင့်ရောပြီး ဖော်စပ်ရလောက်အောင် ထိုမင်မှာ မည်သို့သော မင်မျိုးလည်း ကျောက်ရှန့် နားမလည်နိုင်ပါ။  သာမန်လူများ နားမလည်နိုင်သည့် ကိစ္စရပ်မျိုးကို ဆန်းလျန်က အမြဲတမ်း လုပ်တတ်သောသူ ဖြစ်လေသည်။

သူ၏လာရင်း ရည်ရွယ်ချက်ကို မပြောသေးမီ သူက ဆန်းလျန်ကို အရင်နှုတ်ဆက် လိုက်လေသည်။

“ဘာလဲ ဘုရင်မကြီး နေမကောင်း ဖြစ်နေတယ်လို့ ပြောမလို့လား”

ဆန်းလျန်က လှည့်ပင်မကြည့်ဘဲ မေးလိုက်လေသည်။

“ဟုတ်ပါတယ်။ ကျုပ်အဘွားက တိုင်းပြည်ကို နှစ်ပေါင်းသုံးဆယ်နီးပါး တာဝန်ယူခဲ့တာ။ တစ်ခါမှ နေမကောင်း မဖြစ်ခဲ့ဖူးဘူး။ ဒါပေမယ့် အခုတော့ အဖွားနေမကောင်း ဖြစ်နေတဲ့အပြင် ကျုပ်တို့ကိုတောင် သူ့ဆီမလာဖို့ တားမြစ်ထားတယ်”

ကျောက်ရှန့်၏ လေသံမှာ သာမန်ထက်ပိုပြီး နူးညံ့နေလေသည်။ သို့သော် မင်းစိုးရာဇာ အရိပ်အငွေ့ကတော့ ရှိနေဆဲ ဖြစ်သည်။

ထိုသို့ မင်းရိပ်စိုးရိပ် ရှိနေခြင်းမှာ သူ၏မွေးရာပါ သဘာဝပင်။

“အိမ်ရှေ့စံမင်းသားက မင်းကို ဒီကိုလွှတ်လိုက်တာလား”

ဆန်းလျန်က မေးလိုက်လေသည်။

“မဟုတ်ပါဘူး။ ကျုပ်သဘောနဲ့ ကျုပ်လာတာပါ။ ဒါပေမယ့် ကျုပ်အဖေကလည်း သိချင်နေပါတယ်”

ကျောက်ရှန့်က ပြန်ပြောလိုက်လေသည်။

“ဘုရင်မကြီးက နေမကောင်းတာ မဟုတ်ပါဘူး”

ဆန်းလျန် တွေးတွေးဆဆဖြင့် ပြောလိုက်လေသည်။

ကျောက်ရှန့်မှာ အနည်းငယ် စိတ်ပျက်သွားရလေသည်။ ဘုရင်မကြီး နေမကောင်းမဖြစ်ခင် ဆင့်ခေါ် တွေ့ဆုံခဲ့သည့်သူမှာ ဆန်းလျန်ဖြစ်လေသည်။ ထိုနေ့က ရှန့်ကျီး ဝတ်ကျောင်းတော်တွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို မည်သူမျှ မသိရှိခဲ့ပေ။ ရှန့်ကျီး ဝတ်ကျောင်းတော် ထိပ်တွင် နဂါးပုံရိပ်နှင့် နတ်ဘုရားတစ်ပါး၏ပုံရိပ်ကို တွေ့သည်ဟု ပြောသည့်သူ အချို့တော့ ရှိလေသည်။

ထိုကိစ္စသာ အမှန်ဆိုလျှင် ဒုက္ခရောက်ခြင်းထက် အောင်မြင်သည့် အထိမ်းအမှတ် ဖြစ်နေမည်ဟု ကျောက်ရှန့် ထင်မိလေသည်။ အဘယ်ကြောင့် ဘုရင်မကြီးက ထိုကိစ္စကို နှုတ်ပိတ်ထားရပါသနည်း။

ထိုကိစ္စကို ကူဟွေ့ဆရာတော် ကျိန်းသေသိရမည် ဖြစ်လေသည်။ နန်းတော်ရှိ အခြားသော သူများက ကူဟွေ့ဆရာတော်ကို စကားပြောရန် ချဉ်းကပ်ကြသည့်တိုင် ဘုန်းတော်ကြီးအိုကြီးမှာ ကွေ့ပတ်ကာ ရှောင်ဖယ်နေခဲ့လေသည်။ အရှေ့နန်းတော်မ အကြောင်းများကို တစ်ခုမှ ပြောပြခြ င်းမရှိခဲ့ပေ။ သူပြောခဲ့သည်မှာ ဘုရင်မကြီး နေမကောင်းမဖြစ်ခင်က ဆန်းလျန်နှင့် တွေ့ခဲ့သည် ဆိုသည့် အကြောင်းကိုပင် ပြောပြခဲ့လေသည်။

အမှန်တော့ ကျောက်ရှန့်အနေဖြင့် ဆန်းလျန်ကို သံသယမဝင်ပါ။ သူ၏ အဘွားမှာ ဆန်းလျန် ပြောသကဲ့သို့ နေမကောင်းဖြစ်ခြင်း မဟုတ်လျှင် သူတို့ကို စမ်းသပ်ရန်အတွက် ဟန်ဆောင်နေခြင်း များလား။ သို့သော် သူ၏ အတွေ့အကြုံများအရ သူ၏အဘွားမှာ ထိုကဲ့သို့သောလူစားမျိုးမဟုတ်ပါပေ။

သူ၏အဘွားမှာ ဘုရင်မတစ်ပါးအနေဖြင့် ခမ်းနားမြင့်မြတ်သူ တစ်ဦး ဖြစ်လေသည်။ ထိုသို့ ဝေ့လည်ကြောင်ပတ် လုပ်သည့် နည်းလမ်းများကို သုံးမည် မဟုတ်ပေ။

သို့သော် အဘယ်ကြောင့် ဆန်းလျန်က သူ၏အဘွားမှာ “နေမကောင်းဖြစ်ခြင်း မဟုတ်” ဟု တိုက်တိုက်ဆိုင်ဆိုင် ပြောနေရပါသနည်း။

“လေပြင်းရှစ်ချက်ကလည်း ကျုပ်ကို ရွေ့လျားအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျုပ်က ခရမ်းရောင် ရွှေကြာပွင့် ပလ္လင်ပေါ်မှာ ထိုင်နေလို့ပဲ” ဆိုတဲ့အကြောင်း နန်းတော်ကိုပြန်ပြီး မင်းရဲ့ ခမည်းတော်ကို ပြောပြလိုက်ပါ”

ဆန်းလျန်က ပြောလိုက်လေသည်။

တည်ငြိမ် တိတ်ဆိတ်နေခြင်းဖြင့် ရွေ့လျားမှုကို ကျော်လွှားနိုင်မည် ဖြစ်လေသည်။ ဤသည်မှာ မရှင်းလင်းသည့် အခြေအနေကို ရင်ဆိုင်ရန်အတွက် အကောင်းဆုံး နည်းလမ်းပင် ဖြစ်လေသည်။

ကျောက်ရှန့် နားလည်သွားခဲ့လေပြီ။ အခြေအနေ အရပ်အရပ်အတွက် သူ၏ ဖခင်က ဆန်းလျန်ဆီသို့ သွားမေးရန် မစေလွှတ်ခဲ့သလို သူက သွားမေးမည်ဆိုပြီး ထွက်လာတော့လည်း တားဆီးခဲ့ခြင်း မရှိပါ။

ဤသည်မှာ သားဖြစ်သူအား အဖြေကို သူကိုယ်တိုင် ပြောမပြတော့ဘဲ ဆန်းလျန်ဆီမှ အဖြေစကားကိုသာ ကြားစေချင်၍ ဖြစ်လေသည်။

ထို့ကြောင့်ပင် ကျောက်ရှန့်မှာ သူနားလည်သင့်သည့် အရာကို နားလည်သွားပြီ ဖြစ်လေသည်။ ဆန်းလျန်မှာ အရေးကြီး ကိစ္စတစ်ခုနှင့် ပါဝင်ပတ်သက်နေပြီ ဖြစ်သည်ကို ကျောက်ရှန့် နားလည်သွားပြီ ဖြစ်လေသည်။ ထို့ကြောင့် သူက ဆန်းလျန်ကို မနှောင့်ယှက်တော့ရန် ဆုံးဖြတ်လိုက်လေသည်။

ဆန်းလျန်မှာ ကျောက်ရှန့်ကို တွေ့လိုက်သည်နှင့် ခရမ်းရောင် နဂါးစွမ်းအားမှာ ခါတိုင်းထက်ပိုပြီး တည်ငြိမ်နေသည်ကို သတိထားမိလေသည်။ ထိုစွမ်းအားများမှာ နံနက်ခင်း နေရောင်ခြည်ကဲ့သို့ လတ်ဆတ်နေပြီး တိုးပွားများပြားလျက်လည်း ရှိလေသည်။

ဘုရင့်မြို့တော်၏ ကံကြမ္မာမှာ ကံတရားစီမံသည့် အတိုင်းပင် ဖြစ်ရမည် ဆိုသည်ကို ဘုရင်မကြီးလည်း နားလည်ထားပြီး ဖြစ်လေသည်။ ထိုသို့ ကံတရားအတိုင်း လက်ခံခြင်းအားဖြင့် သူမ၏ ကံမှာလည်း ပိုပြီး ဆိုးသွားမည်လား၊ ကောင်းလာမည်လား ဆိုသည်ကတော့ မသိနိုင်ပေ။

ယခုလက်ရှိ အချိန်တွင်တော့ အိမ်ရှေ့စံမင်းသားနှင့် ကျောက်ရှန့်တို့မှာ အဓိက ပုဂ္ဂိုလ်များ မဟုတ်သည့်တိုင် ကံတရားမျက်နှာသာ ပေးခံရသည့်သူများ ဖြစ်နေလေသည်။ အဓိက ပုဂ္ဂိုလ်မှာတော့ ကျောက်ရှောင်ယွီသာ ဖြစ်လေသည်။

ဆန်းတုမြို့တော်၏ အခြေခံ တည်ဆောက်ပုံမှာ တောင်များပတ်လည် ဝိုင်းနေပြီး မြစ်များက လှည့်ပတ် စီးဆင်းနေလေသည်။ ထို့ပြင် ထိုတည်ဆောက်ပုံမှာ တာ့ကျိုးတိုင်းပြည်၏ ကံကြမ္မာပင် ဖြစ်လေသည်။ ထိုအချက်မှာ ကျောက်ရှောင်ယွီအတွက်ရော ဘုရင်မကြီးအတွက်ပါ အရေးကြီးသည့် အချက် ဖြစ်လေသည်။ ကျောက်ရှောင်ယွီသာ ဆန်းတုမြို့တော်၏ စွမ်းအားစုများကို ရရှိမည်ဆိုလျှင် သူမ၏ တန်ခိုးစွမ်းအားနှင့် ပေါင်းစပ် အသုံးပြုနိုင်မည် ဖြစ်လေသည်။ ထိုအခါ ကြာပန်းကိုးပွင့် ကျင့်စဉ်၏ အဆင့်အသစ် တစ်ခုသို့ တက်လှမ်းနိုင်မည် ဖြစ်သည်။ လက်ရှိ အခြေအနေတွင် သူမ၏ အဆင့်မှာ မည်မျှပင် အထွတ်ထိပ်သို့ ရောက်နေသည်ဟု ဆိုပါစေ အဆင့်မြင့် နတ်ဘုရား တစ်ပါးလောက်တော့ မြင့်မားခြင်း မရှိသေးပေ။ သူမ၏အဆင့်မှာ ကျင့်ကြံသူ လောကတွင် အသိအမှတ် ပြုခံရသည့် အဆင့်သာ ရှိနေသေးသည်။ သို့သော် သူမသည် ချန်ကျန့်မေထက်တော့ အဆင့်မနိမ့်ပေ။

ချန်ကျန့်မေမှာ ဟိုင်သန်းအဆင့်ကို ပုံပြောင်း အဆင့်ကိုးခုနှင့် တက်ရောက်ခဲ့ခြင်း ဖြစ်လေသည်။ ထို့နောက် သဏ္ဌာန်မဲ့ ဓားသိုင်းကို အောင်မြင်ခဲ့သူ ဖြစ်လေသည်။ သဏ္ဌာန်မဲ့ ဓားသိုင်းမှာ လူများ ဉာဏ်မမီနိုင်လောင်အောင် အစွမ်းထက်လွန်းလေသည်။ ထို့ပြင် သူ၏ သိုင်းပညာမှာလည်း လွန်စွာ အဆင့်မြင့်လေသည်။ ထို့ကြောင့်ပင် သူက တာ့ဟွမ်တိုင်းပြည်ရှိ တောင်တစ်တောင်အလယ်တွင် “သေစေခြင်း ကျောင်းတော်” ကိုတည်ဆောက်နိုင်စွမ်းရှိခဲ့ခြင်းဖြစ်လေသည်။ မကောင်းဆိုးဝါးများနှင့် မိစ္ဆာများကို ပြိုင်ဘက်မရှိ အနိုင်ယူနိုင်ခဲ့လေသည်။

ကျေက်ရှောင်ယွီနှင့် ချန်ကျန့်မေတို့မှာ ပြိုင်ဘက်အဆင့်များ ဖြစ်ကြလေသည်။ သို့သော် သူတို့ နှစ်ယောက်တွင် တူညီအသည့် အချက်ဟူ၍ မရှိပါ။ တာအိုဝါဒနှင့် ဗုဒ္ဓဘာသာမှာ အစစ်အမှန် တရားများ ဖြစ်သည့်တိုင် ကျောက်ရှောင်ယွီ ကျင့်ကြံသည် “ရှန်” ကျင့်စဉ်လမ်းကတော့ အစစ်အမှန် မဟုတ်ပေ။ ဟိုင်သန်းအဆင့် ရောက်ရှိဖို့ ဆိုသည်ကတော့ လွယ်ကူသည့် အနေအထား မဟုတ်ပါ။ သို့သော် အောင်မြင်မှုက အောင်မြင်မှု၊ ကျရှုံးမှုက ကျရှုံးမှုသာ ဖြစ်လေသည်။ လူတစ်ယောက်၏ ကံကြမ္မာမှာ သူ၏ လက်ထဲတွင်ပင် ရှိမည်ဖြစ်လေသည်။

ဆန်းလျန်သာ ကျောက်ရှောင်ယွီနှင့် တကယ်တမ်း ရင်ဆိုင်တိုက်ခိုက် ရမည်ဆိုလျှင် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းပင် ရှိမည်မဟုတ်ပေ။

မေးခွန်း မထုတ်နိုင်သည့် အခြေအနေပင် ဖြစ်လေသည်။

သူ့လက်မှ ဓားပြတ်ရာမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ သူသွေးနေသည့် မင်အရောင်မှာတော့ နက်မှောင်သည်ထက် နက်မှောင်လာလေသည်။ သူ ချင်းရွှမ်နတ်တံခါးမှ ယူဆောင်လာသည့် အင်းစာရွက်များမှာလည်း ကုန်လုနီးပြီ ဖြစ်လေသည်။

ထိုအင်းစာရွက်များ အားလုံးကို ဒီအကြိမ်တော့ ဆန်းလျန် အသုံးပြုရတော့မည် ဖြစ်လေသည်။

ခုနစ်လပိုင်း ခုနစ်ရက်နေ့သို့ ရောက်ရန်အတွက် နှစ်ရက် လိုသေးသည်။ ထိုနေ့ညတွင် ဘုရင်မနှင့် ကျောက်ရှောင်ယွီတို့ နောက်ဆုံး တိုက်ခိုက်ကြမည် ဖြစ်လေသည်။

ဆန်းလျန် သွေးနေသည့်မင်မှာ ပျစ်နှစ်နေပြီ ဖြစ်လေသည်။ ထို့ပြင် သွေးရနံ့ကိုလည်း ရနေလေသည်။ သို့သော် ဆန်းလျန်၏ သွေးမှာ လူသားများကဲ့သို့ မဟုတ်ပေ။ သူ၏သွေးက သန့်စင်လေသည်။ သန့်စင်သည် ဆိုခြင်းထက် အလွန်အမင်း သန့်စင်သည်ဟု ပြော၍ ရလေသည်။ လင်ချုန်းရှောင်၏ သွေးရနံ့ပင်လျှင် ချိုမြနေသေးသည် ဆိုလျှင် ဆန်းလျန်၏ သွေးရနံ့မှာ ပိုပြီး ချိုမြ မွှေးပျံ့နေမည် ဖြစ်လေသည်။

ဆန်းလျန်က သူ၏သွေးနှင့် မင်များရောကာ သွေးနေသည်ကို ရော့ရှီလေးက ကြည့်နေလေသည်။ ဆန်းလျန်က သွေးနှင့်မင်များ အချိုးကျကျ ရောနှောသွားသည့် အခါတွင်တော့ ရေးသားခြင်းကို စတင်လေသည်။

အဖြူရောင် အင်းစာရွက်ပေါ်တွင် ဆန်းလျန်က သွေးဖြင့် ရောစပ်ထားသည့် မင်ဖြင့် အင်းသင်္ကေတများကို ရေးလိုက်လေသည်။ ထိုသင်္ကေတများမှာ လွင့်မျောနေသည့် တိမ်ဆိုင်များနှင့် ဆင်တူလေသည်။

သွေးဖြင့် ရောစပ်ထားသည့် မင်မှာ တော်ရုံနှင့် မပျက်စီးနိုင်ပေ။ ထို့ပြင် အနီရင့်ရောင် သွေးဖြစ်နေသည့်အတွက် ထင်ထင်ရှားရှား ရှိနေလေသည်။

အင်းစာရွက်ပေါ်တွင် သင်္ကေတများကို သွေးဖြင့် ရေးသည်မှာ ယခုမှ မဟုတ်ပေ။ ရှေးခေတ် အချိန်ကာလကတည်းက ရှိခဲ့သည့် ပညာရပ် ဖြစ်လေသည်။ ဆန်းလျန်၏ သွေးမှာ အသက်ဓာတ် စွမ်းအားများဖြင့် ပြည့်နေလေသည်။ သူ၏ အတွင်းအားများမှာ စုတ်တံထိပ်ဖျားမှ တစ်ဆင့် ဖြတ်သန်း စီးဆင်းသွားလေသည်။ သူရေးဆွဲထားသည့် အင်းစာရွက်များမှာ မိုးမြေစွမ်းအားများ အပေါ်တွင် အကျိုး သက်ရောင်မှုရှိပြီး အဆုံး မသတ်နိုင်သည့် အစွမ်းများကို ထုတ်လွှတ်ပေးနိုင်လေသည်။

ကံမကောင်းသည့် အချက်မှာ သူသင်ယူခဲ့သည့် အင်းပညာရပ်မှာ သူဖြစ်ချင်သည့် ဆန္ဒလောက် အားကြီးခြင်း မရှိပေ။ ရှေးခေတ် အချိန်အခါများကို ပြန်ကြည့်မည် ဆိုပါက အင်းပညာမှာ ယခုထက်ပိုပြီး စွမ်းအားကြီးမားလေသည်။ အင်းချပ် တစ်ခုတည်းဖြင့် တောင်များကို ရွှေ့နိုင်သလို ပင်လယ်များကို ခန်းခြောက် သွားစေနိုင်သည်အထိ အစွမ်းကြီးလေသည်။

ဆန်းလျန်က သွေးအင်းချပ်သုံးခု ရေးဆွဲလိုက်လေသည်။ ထို့ထက်ပိုပြီး ရေးဆွဲလျှင်လည်း သူ၏ အတွင်းအားနှင့်သွေးများ ကုန်ဆုံးသွားလိမ့်မည် ဖြစ်လေသည်။ ထိုသွေးအင်းချပ် သုံးခုသာ အလုပ် မဖြစ်လျှင်တော့ မည်သည့် အရာကိုမျှ ပြောင်းလဲနိုင်တော့မည် မဟုတ်ပေ။

ထို့နောက်တွင်တော့ ဆန်းလျန်က ရော့ရှီလေးကို စာရေး သင်ပေးလေသည်။ ရာသီဥတု အခြေအနေ မကောင်းသောကြောင့် ရော့ရှီမှာလည်း အပြင်ထွက်ကစားရန် မပူဆာတော့ဘဲ စာကိုသာ ငြိမ်ငြိမ်လေး ထိုင်ရေးနေလေသည်။

ရော့ရှီက အပြင်ထွက်ကစားရန် ပူဆာလျှင်တောင်မှ ဆန်းလျန်ကလည်း အပြင်သို့ ပေးထွက်မည် မဟုတ်ပေ။ သို့သော် ဆန်းလျန်သည် မည်သည့်အခါမှ ရော့ရှီ မလုပ်ချင်သည့် ကိစ္စကို အတင်း လုပ်ခိုင်းခြင်း မရှိပေ။

ရော့ရှီ၏ ပြောင်းလဲတတ်သော စိတ်သဘောနှင့် မာနကြီးမှုကတော့ သူမ၏ မိခင်ဖြစ်သူ ဆန်းရော့ရှီနှင့် အလွန်ပင် တူသည်ဟု ဆန်းလျန်တွေးမိလေသည်။

သို့သော် ရော့ရှီ၏ အရွယ်နှင့်မလိုက်အောင် ရင့်ကျက်မှုကိုတော့ ဆန်းလျန်ပင် အံ့သြရလေသည်။ ဆန်းလျန်အတွက် ဖက်ထုပ်နှင့်ဆန်ပြုတ် ချက်ကျွေးသည့် နေ့မှစပြီး ဤကလေးမလေးမှာ မည်မျှ ရင့်ကျက်လာသည်ကို ဆန်းလျန် သတိထားမိခြင်း ဖြစ်လေသည်။

ပိုင်ရှောက်လျိုမှာ ဆန်းလျန်ထံသို့ နှစ်ကြိမ်မျှ ရောက်လာသေးသည်။ သူက ဆန်းလျန် မေးလိုက်သည့် မေးခွန်းကို ဆက်မစဉ်းစား နိုင်တော့ပေ။ အမှန်တော့ ပိုင်ရှောက်လျိုမှာ ဓားသိုင်းနှင့် ပတ်သက်ပြီး အရည်အချင်းရှိသူ ဖြစ်လေသည်။ သူလိုအပ်သည်က ဓားသိုင်း၏ သဘောတရားကို သိရှိရန်သာ လိုအပ်နေခြင်းသာ ဖြစ်လေသည်။ စမ်းရေက အဆက်မပြတ် စီးဆင်းနေသည် ဟူသည့် ရိုးရှင်းသည့် အယူအဆကိုသာ လက်ကိုင်ထားရန် လိုအပ်လေသည်။

နေက်တစ်ကြိမ် ပိုင်ရှောက်လျို ရောက်ရှိလာခြင်းကတော့ နှုတ်ဆက်စကား လာပြောခြင်း ြဖ်စလေသည်။ ဆိုင်ရှင်အမျိုးသမီးမှာ အခြားနေရာသို့ ပြောင်းရွှေ့တော့မည် ဖြစ်သည့်အတွက် ဆန္ဒရှိလျှင် သူမနှင့် လိုက်ခဲ့ရန် ပိုင်ရှောက်လျိုကို ပြောလေသည်။ သူက ဆိုင်ရှင် အမျိုးသမီးအပေါ်တွင် အကြွေး တင်နေသကဲ့သို့ ခံစားနေရသည့်အပြင် သူမကိုလည်း စိတ်ပူ နေမိလေသည်။ ဆိုင်ရှင် အမျိုးသမီးတွင် ထူးဆန်းလွန်းသည့် ဂိုဏ်းတူညီမတစ်ယောက် ရှိနေသည်ကို သိခွင့်ရခဲ့ပြီး သူမက အရာရာကို လျှို့ဝှက်ထားဆဲ ဖြစ်လေသည်။ ထို့ကြောင့် ပိုင်ရှောက်လျိုက သူမကို ကာကွယ် ပေးချင်နေမိလေသည်။

ပိုင်ရှောက်လျိုက နှုတ်ဆက်စကား လာပြောသည့် အချိန်တွင်တော့ ဆန်းလျန်က သူတို့ နောက်ထပ် တွေ့ကြဦးမည်ဟု အာမခံချက် ပေးလိုက်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset