Switch Mode

အခန်း ( ၁၆၇ )

သောကကင်းဝေးကိုးသွယ် သရဲနယ်မြေ

ပိုင်ရှောင်ချန်းမှာ ကြောက်ရွံမှုကြောင့် ခေါင်းတစ်ခုလုံး ထူပူသွားပြီး မျက်လုံးများလည်း ပြူးကျယ်သွားလေသည်။ အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးက ဖျော့တော့နေသောလက်ကိုဆန့်လိုက်လေသည်။ သူမ၏မျက်နှာထက်တွင် ကြောက်မက်ဖွယ်ကောင်းပြီး နားလည်ရခက်သော အပြုံးရှိနေသည်။

သူမ၏မျက်နှာတစ်ဝက်ကို အနက်ရောင်ဆံပင်ရှည်များဖြင့်ဖုံးထားရာ သူမအား ယခင်ပုံစံထက်ပင်ပို၍ ကြောက်မက်ဖွယ်ကောင်းသွားစေသည်။ ပိုင်ရှောင်ချန်း၏ မျက်လုံးများ၊နားရွက်များ၊ နှာခေါင်း၊ ပါးစပ်နှင့် သူ၏မွှေးညင်းပေါက်များထဲမှာပင် ဟိုမှသည်သွားလာရန်ကြိုးစားနေသော မြွေပွေးများကဲ့သို့ သေမင်း၏အငွေ့အသက်များကို သူမထံမှ ခံစားလိုက်ရသည်။

သို့သော် သူမ၏လက်မှာ သူ့အားထိတော့မည့်ဆဲဆဲတွင် သူ၏စိတ်စွမ်းအင်ပင်လယ်ကိုးခုမှာ ကောင်းကင်တာအို၏အရှိန်အဝါနှင့်အတူ ထွက်ပေါ်လာပြီး သေမင်းအငွေ့အသက်များလည်း ပြိုလဲသွားလေသည်။ တရှူးရှူးတရှဲရှဲမြည်တွန်နေသောမြွေများမှာ အဝေးသို့ရောက်သွားပြီး မိန်းကလေး၏လက်မှာ သွေးတစက်စက်ကျကာ စေးကပ်နေပြီး လူသေကောင်၏ အရေပြားကဲ့သို့ခြောက်ကပ်သွားလေသည်။ ထိုအရာမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလေသည်။

မိန်းကလေး၏ အော်ဟစ်သံမှာ လေထုထဲတွင် ပဲ့တင်ထပ်သွားလေသည်။

တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏ ပတ်ပတ်လည်ရှိ တည်နေရာရွေ့ပြောင်းခြင်းစွမ်းအားမှာ အားအပြည့်ဖြင့်ပေါက်ကွဲသွားပြီး မြေခဓားကမ္ဘာမှ ပျောက်ကွယ်သွားတော့သည်။

ဂိုဏ်းလေးခုမှ ဂိုဏ်းသားအားလုံးမှာလည်းပျောက်ကွယ်သွားကြပြီး မြေခဓားကမ္ဘာမှာလည်း ဆက်လက်၍ပြိုကျနေတော့သည်။ သို့သော် နောက်ထပ်တစ်စုံတစ်ခု ဖြစ်ပျက်သွားလေသည်။ ထုထည်ကြီးမားပြီးအုံ့ဆိုင်းနေသောမီးခိုးရောင် အခိုးအငွေ့များ လှိုင်းလုံးပမာဖောင်းကြွကာ ကမ္ဘာကြီးထဲကိုစတင်ဖြည့်လိုက်ကြလေသည်။ ထိုအငွေ့များမှာ သေဆုံးခြင်း၏အငွေ့အသက်များဖြင့် ပြည့်နေကာ အနံ့အသက်မှာလည်း အပုပ်နံ့ထွက်လျက်ရှိသည်။ အစွမ်းထက်သော တည်နေရာရွေ့ပြောင်းခြင်း ဝင်္ကပါလေးခုကပင် ပုပ်သိုးနေသောအခိုးအငွေ့ကြောင့် ပျက်စီးသွားလေသည်။

မျက်စိတမှိတ်အတွင်း တစ်ကမ္ဘာလုံးမှာ…… ဝိညာဥ်များ၏ ပိုင်နက်တစ်ခုဖြစ်လာသည်။ အခိုးအငွေ့များကြားမှ ရှည်လျားကျယ်လောင်သော မြည်ဟိန်းသံများထွက်လာလေသည်။ ကြည့်ရသည်မှာ ဤကမ္ဘာ၌တည်နေရှိသော အဆိပ်သက်စောင့်ဝိညာဥ်ကောင်များ အားလုံး ယခုအခါ နိုးထလာကြပုံပေါ်သည်။

ထူးဆန်းစွာပင် ကြီးမားသောဓားကမ္ဘာမှာ ပြိုလဲခြင်းမှရပ်တန့်သွားလေသည်။

ပြင်ပကမ္ဘာတွင် အူယန်ကျဲနှင့် အခြားသူများက ဓားကမ္ဘာပြိုလဲခြင်းရပ်တန့်သွားသည်ကိုမြင်လိုက်ရပြီး အနက်ရောင်အခိုးအငွေ့များထိုအထဲမှ ထွက်လာနေသည်ကိုကြည့်နေကြရသည်။ တုန်လှုပ်ချောက်ချားစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သို့သော် ခဏအကြာတွင် သူတို့ကနောက်တစ်ခါ ဓားကမ္ဘာအတွင်းသို့ဝင်ရောက်ရန်ကြိုးစားလိုက်ကြပြီး ယခုအချိန်တွင် ထိုသို့လုပ်ရာ၌ ပြဿနာတစ်စုံတစ်ရာမရှိပေ။

သူတို့ဝင်လာကြသောအခါ မှေးမှိန်နေသည့် သန့်ရှင်းသော အငွေ့အသက်များကို အာရုံခံ၍ရနေသေးလေသည်။

“အဲ့ဒီအငွေ့အသက်က….”

“ကောင်းကင်စီးကြောင်း စွမ်းအင်…။ အဲ့တာက ကောင်းကင်စီးကြောင်း စွမ်းအင်ပဲ” သူတို့၏မျက်လုံးများတွင် ထိတ်လန့်အံ့သြသွားသည့် အရောင်များလက်သွားလေသည်။ အခိုးအငွေ့များအောက်မှ မိန်းမငယ်လေး၏ အန္တရာယ်ပြုမည့်လက္ခဏာရှိသောအသံမှာ ပေါ်ထွက်လာလေသည်။ ထိုအသံမှာ ကို့ရို့ကားယားနိုင်ပြီးအကြင်နာတရားကင်းမဲ့နေကာ ကမ္ဘာကြီးတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

“ကောင်းကင်စီးကြောင်း စွမ်းအင်ကို မင်းတို့ရဲ့ဂိုဏ်းသားတွေက စုပ်ယူသွားပြီးပြီ။ ဒါကြောင့်မို့လို့ ဒီနေရာကို သောကကင်းဝေးကိုးသွယ် သရဲနယ်မြေ လို့ခေါ် ရမယ်။ အနာဂတ်မှာ ဒီနေရာကို ယောင်လို့တောင် ခြေမချကြနဲ့။ ဒီညွှန်ကြားချက်ကို ဖောက်ဖျက်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ဂိုဏ်းတစ်ခုလုံးကိုဖျက်စီးပစ်ရလိမ့်မယ်”

ထိုစကားသံထွက်ပေါ်လာသည်နှင့်တပြိုင်နက် အူယန်ကျဲနှင့်အခြားသူများမှာ ပါးစပ်အပြည့်သွေးများအန်လိုက်ကြသည်။ အသံမှာ သူတို့၏နားထဲသို့ မိုးကြိုးပစ်လိုက်သည့်အလား ဆောင့်ဝင်လာပြီး သူတို့အားထိုကမ္ဘာမှ အတင်းနှင်ထုတ်လိုက်လေသည်။

“အဆိပ်ဝိညာဥ်ကောင်တွေပဲ ” သူတို့က အထိတ်တလန့်အော်ဟစ်ကြတော့သည်။ သူတို့ခံစားခဲ့ရသည့်ဖိအားမှာ ယင်ယန်ဝိညာဥ်အဆင့် ထက်ကျော်လွန်လေသည်။ တုန်လှုပ်လျက် နှလုံးသားတွင် ကြောက်လန့်အံ့သြမှုများဖြင့်ပြည့်နှက်သွားကာ သူတို့က လျင်မြန်စွာဆုတ်ခွာလိုက်ကြသည်။ ချက်ချင်းပင် သူတို့၏ဂိုဏ်းများထံသို့ စကားများကို တဆင့်ပြန်ပြောလိုက်ကြလေသည်။

“မြေခဓားကမ္ဘာက သောကကင်းဝေးကိုးသွယ် သရဲနယ်မြေအဖြစ်ပြောင်းသွားပြီ။ ဒါ့အပြင် အဆိပ်သက်စောင့်ဝိညာဥ်ကောင်အားလုံးထဲကတစ်ကောင်က အဆိပ်ဝိညာဥ်ကောင်အဖြစ် နိုးထသွားခဲ့ပြီ”

“ကောင်းကင်စီးကြောင်း စွမ်းအင်ကိုစုပ်ယူသွားတာလား။ ဘယ်သူကလဲ။ ဘယ်ဂိုဏ်းရဲ့ ဘယ်ဂိုဏ်းသားကရသွားတာလဲ။ ဆိုလိုတာက….တစ်ယောက်ယောက်က ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကို ရောက်သွားပြီပေါ့”

သူတို့ထွက်လာပြီးချိန်တွင် ယခင်က မြေခဓားကမ္ဘာမှာ ယခုတွင် သောကကင်းဝေးကိုးသွယ် သရဲနယ်မြေအဖြစ် ပြောင်းသွားပြီး အခိုးအငွေ့များဖြင့်ဖုံးလွှမ်းနေလေသည်။ အခိုးအငွေ့ထဲတွင်ရပ်နေသူမှာ အဖြူရောင်ဝတ်စုံနှင့်မိန်းကလေးဖြစ်ပြီး အရေပြားကင်းမဲ့ကာ ပိန်ရှုံ့နေသော လေ့ရှန်းကို ကိုင်ထားလေသည်။ အစပိုင်းတွင် သူမက ကောင်းကင်ကိုမျှော်ကြည့်နေသော်လည်း နောက်တွင် သောင်းနှင့်ချီသော အဆိပ်သက်စောင့်ဝိညာဥ်ကောင်များကို လှည့်ကြည့်လိုက်ရန် မျက်လုံးကို အောက်သို့ရွေ့လိုက်လေသည်။ သူတို့အားလုံးမှာ….သူတို့ကိုယ်တိုင် သူမအား ဝပ်တွားအရိုအသေပေး လိုက်ကြလေသည်။

အသံတစ်ခုစိုးစဥ်းမျှ မကြားရချေ။

လေ့ရှန်း၏မျက်လုံးများတွင် မယုံကြည်နိုင်လောက်အောင်ကြောက်လန့်နေခြင်းနှင့် နာကျင်ခြင်းတို့ပြည့်နှက်နေလေသည်။

အဖြူရောင်ဝတ်စုံနှင့်မိန်းကလေး အနားတွင်ရပ်နေသော ရုပ်သေးရုပ်မှာ ခံစားချက်မဲ့နေသောမျက်လုံးများနှင့် လှပသောမိန်းကလေးဖြစ်လေသည်။ သူမမှာ ကုန်းစွန်းဝမ်အာမှ လွဲ၍တခြားသူမဟုတ်ပေ။

သူမအပေါ်မည်သည့်အဆိပ်မှ သက်ရောက်မှုမရှိပေ။ လူမျက်နှာနှင့်ပင့်ကူမှာ အခိုးအငွေ့အဖြစ်ပြောင်းလဲသွားကာ ပျောက်ကွယ်သွားလေသည်။ သူမမှာ ယခုတွင်လုံးဝရှင်းလင်းသွားပြီး အတွင်းကော၊ အပြင်ပါ ဘာမှမရှိတော့ပေ။

“အော်..အချစ်လေး…မင်းလေးက ငါနဲ့အတူနေပြီးမဆော့ချင်ဘူးပေါ့…” မိန်းကလေးက ရက်စက်ပြီး ထူးဆန်းသောလေသံဖြင့် ပြောလိုက်သည်။ “ကောင်းပြီ…။အဲ့တာလဲကောင်းတာပဲ။ ငါက မကြာခင် ဒီနေရာကနေထွက်ခွာနိုင်လိမ့်မယ်။ ပြီးရင် မင်းလေးကို ငါလာရှာနိုင်မယ်။ ငါ့ရဲ့အဝတ်အစားအသစ်က ဘယ်လောက်တောင်လှလဲဆိုတာ မင်းလေးကို ပြရမယ်” မိန်းကလေးငယ်က တခစ်ခစ်ရယ်မောကာ ကုန်းစွန်းဝမ်အာကို ကြည့်လိုက်သည်။

မြေခဓားကမ္ဘာမှာ သောကကင်းဝေးကိုးသွယ် သရဲနယ်မြေအဖြစ်ပြောင်းလဲသွားသည်ဟူသော အချက်မှာ ကျင့်ကြံခြင်းလောက၏ အရှေ့အောက်ပိုင်းဒေသတွင် အဓိကအရေးကြီးဖြစ်ရပ်တစ်ခုဖြစ်လာသည်။ တချိန်က မြင့်မြတ်သောအခြေခိုင်မာခြင်းအဆင့်နယ်မြေမှာ ယခုတွင် ကြောက်မက်ဖွယ်နယ်မြေတစ်ခုဖြစ်လာခဲ့သည်။

ထို့အပြင် အဆိပ်သက်စောင့်ဝိညာဥ်ကောင်များထဲမှ တစ်ကောင်မှာ နိုးထလာပြီး ကြောက်မက်ဖွယ်ကောင်းပြီး ထိတွေ့ခံစားနိုင်စွမ်းရှိသော အဆိပ်ဝိညာဥ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဂိုဏ်းလေးခုမှ အကြီးအကဲများကပင် ထိုအကြောင်းကိုစဥ်းစားမိသောအခါ လန့်ဖျပ်လျက်ရှိနေကြသည်။

သို့သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်အရာမျှ လုပ်၍မရပေ။ ထိုကိစ္စမှာ ဂိုဏ်းလေးခုကို အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးထားသော်လည်း ထိုအရာမှာ ကြီးမားသောဆုံးရှုံးမှု မဟုတ်ပေ။ ထို့အပြင် ဂိုဏ်းလေးခုစလုံး အတူပူးတွဲ၍ ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ မိန်းကလေးငယ်၏အသံဖြင့်အတည်ပြုသည့်အထဲတွင် အလွန်အံ့အားသင့်ဖွယ်အကောင်းဆုံးမှာ….. ကောင်းကင်စီးကြောင်းစွမ်းအင် ကိုစုပ်ယူသွားခဲ့ပြီ… ဟူသောအချက်အလက်ဖြစ်သည်။

ဆိုလိုသည်မှာ တစ်စုံတစ်ယောက်က ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့် ရောက်ရှိသွားပြီ ဖြစ်သည်။

“အဲ့တာဘယ်သူလဲ။ ဘယ်ဂိုဏ်းကလဲ။ ပြီးတော့ ဘယ်ဂိုဏ်းသားကမြေစီးကြောင်းစွမ်းအင်ကို ရသွားတာလဲ”

“သေစမ်းကွာ။ တကယ်လို့ တခြားဂိုဏ်းသုံးခုက လူဆိုရင်….ဆိုလိုတာကကွာ သူတို့ဂိုဏ်းမှာ ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့် ဂိုဏ်းသားရှိသွားပြီပေါ့။ ငါတို့က သူတို့အားနည်းနေတုန်း အဲ့ဒီတစ်ယောက်ကိုသတ်သင့်တယ်။ တကယ်လို့သူတို့သာ အမြုတေအဆင့်ကိုရောက်သွားခဲ့ရင် သူတို့ကိုအလွယ်တကူရပ်တန့်ဖို့တွန်းအားပေးလို့မရတော့ဘူး”

“အဲ့ဒီသူဟာ ငါတို့ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကပဲ ဖြစ်လိမ့်မယ်။ ဟားဟားဟား….။ ငါတို့ဆီမှာ ခေါင်းဆောင်အတုမဲ့နဲ့ တခြား ထိပ်တန်းအဆင့်ကျင့်ကြံသူတွေ အားလုံးရှိနေပြီကွ”

အကြီးအကဲခေါင်းဆောင်လေးဦးမှာ ချက်ချင်းပင် ကျောက်စိမ်းပေလွှာကိုသုံးကာ ဂိုဏ်းဆီသို့ တတ်နိုင်သမျှမြန်မြန် သတင်းပေးလေသည်။

တချိန်တည်းမှာပင် မြေခဓားကမ္ဘာအပြင်ဘက်သို့ တည်နေရာရွေ့ပြောင်းခြင်းခံလိုက်ရသော ဂိုဏ်းသားများအား ဆက်သွယ်နိုင်ရန် ကြိုးစားကြလေသည်။ ကံမကောင်းစွာပင် တည်နေရာရွေ့ပြောင်းခြင်းကြောင့် လွင့်မျောလာသော စွမ်းအားများဖြစ်ပေါ်လာခဲ့ရာ ဆက်သွယ်မှုမှာ မဖြစ်နိုင်မှန်း မကြာမီတွင် တွေ့ရှိသွားကြလေသည်။

မကြာမီ သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၊
ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၊ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့တွင် ရုတ်ရုတ်သဲသဲ ပွတ်လောရိုက်သွားလေသည်။ ဂိုဏ်း၏ခေါင်းဆောင်များသည်ပင် တုန်လှုပ်နေကြသည်။ အရေအတွက်များပြားလှသော အခြေခိုင်မာခြင်းအဆင့် ဓမ္မကာကွယ်စောင့်ရှောက်သူများနှင့် အကြီးအကဲများမှာ စေလွှတ်ခံရသည်။ ဂိုဏ်းစောင့်အကြီးအကဲများသည်ပင် စေလွှတ်ခံခဲ့ရသည်။ ကြုံရာကျပန်းနေရာများသို့ တည်နေရာရွေ့ပြောင်း ပို့ဆောင်ခံရသည့် ဂိုဏ်းသားများကို ခြေရာခံနိုင်ရန် မည်သည့်အားထုတ်မှုမှအကြုံးမဝင်ခဲ့ပေ။

သူတို့လုပ်ရမည့်အရာမှာ ဂိုဏ်းသားတစ်ဦးကို ရှာဖွေရန်ဖြစ်သည်။ ထိုမှသာ သူတို့က မြေခဓားကမ္ဘာတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာအချက်အလက်များကို ရနိုင်မည်ဖြစ်သည်။ လူတိုင်းသိချင်နေသည့် အရေးအကြီးဆုံးအရာမှာ …..မည်သူက ကောင်းကင်စီးကြောင်းစွမ်းအင်ကို ရသွားကြောင်း… ဖြစ်လေသည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် တည်ထောင်သူခေါင်းဆောင်များက အတွင်းစည်းဂိုဏ်းသားများနှင့် အခြေခိုင်မာခြင်းအဆင့် အကြီးအကဲများအားခေါ်ကာ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားရန် အမိန့်ပေးလေသည်။ အပြင်စည်းဂိုဏ်းသားများသည်ပင် အခေါ်ခံခဲ့ရသည်။ သူတို့အားလုံးမှာ မြေခဓားချောက်မှ တည်နေရာရွေ့ပြောင်းခံလိုက်ရသောဂိုဏ်းသားများအား ရှာရန် ဟူသော တာဝန်တစ်ခုကြောင့် တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်း နှစ်ခုစလုံးမှ ပျံသန်းထွက်ခွာသွားကြလေသည်။

တစ်ယောက်ယောက်၏တည်နေရာကို တွေ့သည်နှင့်တပြိုင်နက် သူတို့က ဂိုဏ်းဆီသို့ချက်ချင်း အစီရင်ခံတင်ပြရမည်ဖြစ်သည်။

ပထမဆုံးတွေ့ရှိခဲ့သည့်ဂိုဏ်းသားမှာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ဂိုဏ်းသားများမဟုတ်ပဲ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှ ကျန်ရှိနေသောငါးယောက်ထဲမှ ဂိုဏ်းသားတစ်ယောက်ဖြစ်လေသည်။

ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ မြေခဓားကမ္ဘာဆီသို့ ဂိုဏ်းသားရှစ်ဆယ်ကိုပို့ခဲ့ပြီး သူတို့ထဲမှ ကိုးဆယ်ရာခိုင်နှုန်းကျော်ကျော်မှာ အသတ်ခံခဲ့ရသည်။ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းအတွက် ကံကောင်းသွားသည်မှာ တည်နေရာရွေ့ပြောင်းခံရသည့် ကျန်ရှိနေသောဂိုဏ်းသားငါးယောက်ထဲမှတစ်ယောက်မှာ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏အပြင်ဘက် တစ်နေရာသို့ရောက်ရှိလာခြင်းဖြစ်သည်။

ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အကြီးအကဲများနှင့် ဂိုဏ်းခေါင်းဆောင် ရောက်ရှိလာသောအခါ သူတို့က အလွန်တရာအားနည်းနေပြီး စွမ်းအင်များအားလုံးကုန်ဆုံးလုနီးနီးဖြစ်နေသော ဂိုဏ်းသားကိုတွေ့လိုက်ရလေသည်။ ရောင်ရင်းဂိုဏ်းသားများက သူ့အားဖေးမကူညီလိုက်ကြကာ သူတို့၏ကိုယ်ပိုင် စိတ်စွမ်းအင်များကို သူ့ထံသို့လွှဲပြောင်းပေးလိုက်ကြသည်။ သို့မှသာ သူက စကားပြောနိုင်မည်ဖြစ်သည်။ သူက တုန်လှုပ်နေလျက် မျက်လုံးများတွင်ကြောက်ရွံ့မှုများထင်ဟပ်နေကာ အားနည်းစွာဖြင့် ရှင်းပြလေသည်။

” သေသွားကြပြီ။ သူတို့အားလုံးသေကုန်ကြပြီ။ အစ်ကိုကြီး ဖန်လင်းလည်း အသတ်ခံလိုက်ရတယ်။ ကျောက်ရုံလည်းပဲ သေဆုံးသွားပြီ။ သူတို့အားလုံးကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ပိုင်ရှောင်ချန်းက သတ်လိုက်တာ”

“ပိုင်ရှောင်ချန်းက …ကိုးကြိမ်မြောက် ဒီရေစီးကြောင်းပြီးမြောက်သွားခဲ့ပြီ။ သူနဲ့ စုန့်ချွဲ က ကောင်းကင်စီးကြောင်းစွမ်းအင် အတွက်တိုက်ခိုက်ခဲ့တာ။ ပြီးတော့…. သူက ကောင်းကင်တာအိုအခြေခိုင်မာခြင်းအဆင့်ကို ရောက်သွားခဲ့ပြီ”

ဂိုဏ်းသား၏စကားများမှာ ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှကျင့်ကြံသူများ၊ အကြီးအကဲများနှင့် ဂိုဏ်းခေါင်းဆောင်ကိုတောင်မှ တုန်လှုပ်ချောက်ချားသွားစေသည်။ သက်ပြင်းရှိုက်သံများကို ကြားလိုက်ရပြီး မယုံနိုင်မှုကြောင့် မျက်လုံးအစုံမှာလည်း ပြူးကျယ်ကုန်ကြသည်။

“ကောင်းကင်တာအို….အခြေခိုင်မာခြင်းအဆင့်..တဲ့လား”

“ပိုင်ရှောင်ချန်းလား။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကလား”

ဂိုဏ်းခေါင်းဆောင်၏မျက်လုံးများမှာ အရောင်လက်သွားပြီး ရက်စက်စွာပြောလိုက်လေသည်။ “ချက်ချင်းပဲ ဒီစကားတွေကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းထဲက ငါတို့ရဲ့သူလျှိုတွေဆီပို့လိုက်ကြ။ ပိုင်ရှောင်ချန်းကိုရှာပြီး သတ်ပစ်ဖို့ သူတို့ကိုပြောလိုက်ကြ။ ဘာကြောင့်ပဲ ဖြစ်ဖြစ် နှမြောမနေဘဲ အပြတ်ရှင်းပစ်လိုက်ကြ”


Comment

Leave a Reply

Options

not work with dark mode
Reset