အခန်း (၁၂၀)

နတ်ဘုရားသင်္ချိုင်းလက်မှတ်

လူအများစုအတွက်တော့ “နတ်ဘုရားသင်္ချိုင်း” ဆိုသည်ကို နားလည်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ သို့သော် … ဆိုင်ရှင် အမျိုးသမီးပြောသည့် နတ်ဘုရားသင်္ချိုင်းမှာ အမှန်တကယ် တည်ရှိသည့် နေရာတစ်ခု ဖြစ်လေသည်။

ထိုနေရာသည် မည်သည့်နေရာတွင် တည်ရှိသည်ကို မည်သူမျှ မသိကြပါ။ ထိုနေရာတွင် ရှားပါး ပစ္စည်းများစွာ ရှိလေသည်။ ထိုနေရာတွင် ဂမ္ဘီရ ကျင့်စဉ်များ၊ တန်ခိုးစွမ်းအားများနှင့် လူတစ်ယောက် စိတ်ကူးဖြင့်ပင် ရှိသည်ဟု မထင်နိုင်သည့် ဆန်းကြယ်သည့် မှော်ဝင်ပစ္စည်းများဖြင့် ပြည့်နှက် နေလေသည်။

“နတ်ဘုရားသင်္ချိုင်းမှာ မိုးနှင့်မြေကြားတွင် စီးမျောနေသည့် နေရာတစ်ခု ဖြစ်ပြီး တစ်နေရာတည်းတွင် အတည်တကျ မရှိပေ။ လူတစ်ယောက်သည် ထိုနေရာသို့ သွားလိုလျှင် နတ်ဘုရားသင်္ချိုင်း လက်မှတ် ရှိမှသာလျှင် သွားနိုင်မည် ဖြစ်လေသည်။

နတ်ဘုရားသင်္ချိုင်း လက်မှတ် ဆိုသည်မှာလည်း နတ်ဘုရားသင်္ချိုင်းမှ လာသည့် ပစ္စည်းတစ်ခုပင် ဖြစ်လေသည်။ ထိုလက်မှတ်တွင် ဝိညာဉ်စွမ်းအား ရှိလေသည်။ ထို့ကြောင့် နတ်ဘုရားသင်္ချိုင်းသို့ ဝင်ရောက်သည့် အခါတွင် အန္တရာယ် မရှိနိုင်ပေ။

သို့သော် ထိုအကြောင်းကို သိသူမှာ အနည်းငယ်သာ ရှိလေသည်။ သို့သော် ထိုနေရာသို့ ရောက်ဖူးသူများကလည်း ထိုနေရာအကြောင်းကို စကားတစ်ခွန်းမျှ မဟကြချေ။ တာအို ကျမ်းစာများတွင် အရိပ်အမြွက် ရေးသားထားခြင်းများမှ သိရှိနိုင်သလို ဖန်ဆင်းရှင် ကိုယ်တိုင် ပြောကြားမှပင် သိနိုင်မည် ဖြစ်လေသည်။

ကြာပန်းကိုးပွင့် ကျောင်းတော်တွင် အလွန်တော်သည့် လူတစ်ယောက် ရှိလေသည်။ သူက နတ်ဘုရားသင်္ချိုင်းသို့ ရောက်ခဲ့ဖူးသူ ဖြစ်လေသည်။ “မန္တန်အလင်း ချေဖျက်ခြင်းကျမ်း” မှာ ထို နတ်ဘုရားသင်္ချိုင်းမှ ရယူလာသည့် တာအိုကျင့်စဉ် တစ်ခုပင် ဖြစ်လေသည်။

အတိတ်က ဆက်ဆံရေးကြောင့်သာ မဟုတ်လျှင် ကျိုးလင်မှာ ကျောက်ရှောင်ယွီကို ထိုကဲ့သို့ အန္တရာယ်များသော တိုက်ခိုက်မှုတွင် ကူညီပေးမည် မဟုတ်ပေ။

သို့သော် သူတို့နှစ်ယောက်မှာ ဂိုဏ်းတစ်ဂိုဏ်းတည်းမှ ဂိုဏ်းတူညီအစ်မများ ဖြစ်ကြသည့် အတွက် အချို့ကိစ္စများ၏ အခြေခံ အကြောင်းအရာများကို သူတို့သာလျှင် သိလေသည်။ ဆိုင်ရှင် အမျိုးသမီးက ကျောက်ရှောင်ယွီဆီမှာ နတ်ဘုရားသင်္ချိုင်း လက်မှတ်ကို ပြန်လိုချင်လေသည်။ သို့သော် အခွင့်ကောင်း ယူခြင်းတော့ မဟုတ်ပေ။

ကျိုးလင်မှာ အစကတည်းက သူမထံသို့ ကျောက်ရှောင်ယွီ ရောက်လာမည်ဟု မျှော်လင့် ထားခဲ့ခြင်း မရှိပေ။

ကျောက်ရှောင်ယွီက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည့် အခါတွင်တော့ ဘဲဥပုံ သစ်ရွက်လေးတစ်ရွက် သူမ၏ လှပသည့် လက်ချောင်းလေးများထက်တွင် ပေါ်လာလေသည်။ သစ်ရွက်လေးမှာ ကျောက်စိမ်းရောင် တောက်နေပြီး ထူထူထဲထဲလေး ဖြစ်လေသည်။ သစ်ရွက် ထိပ်ဖျားလေးများမှာ အောက်ဖက်သို့ အနည်းငယ် ကွေးညွှတ်နေလေသည်။

ရုတ်တရက် အခန်းတစ်ခုလုံး တောက်ပ လင်းထိန်သွားပြီး ကျိုးလင်၏ ကိုယ်ပေါ်မှ စိမ့်ထွက်နေသည့် အနက်ရောင် အငွေ့များကို ဖုံးလွှမ်းသွားလေသည်။

ကျောက်ရှောင်ယွီက သူမ၏ လက်ချောင်းလေးများကို အသာအယာ လှုပ်ရှားလိုက်သည့် အခါတွင်တော့ သစ်ရွက်လေးက ဆိုင်ရှင် အမျိုးသမီးထံသို့ လွင့်ပျံသွားလေသည်။ ထို့နောက် ထိုသစ်ရွက်လေးက ဆိုင်ရှင် အမျိုးသမီး၏  လက်ဖဝါးထက်သို့ ကျရောက်သွားလေသည်။ သူမ၏ ကိုယ်ပေါ်မှ အနက်ရောင် အငွေ့များမှာ စက္ကန့်ပိုင်းအတွင်းမှာပင် ပျောက်ကွယ်သွားလေတော့သည်။

“နင်ငါ့ကို ဒီလိုပဲ လွယ်လွယ်နဲ့ ပြန်ပေးလိုက်တာလား”

ဆိုင်ရှင်အမျိုးသမီးက ကျောက်ရှောင်ယွီကို တစ်ချက် လှမ်းကြည့်ရင်း မေးလိုက်လေသည်။

“ဂိုဏ်းတူအစ်မ ငါကနင့်ကို တမင် လုပ်နေတယ်များ ထင်နေလို့လား။ အဲဒီနေရာကိုသွားဖို့ နင့်မှာ အခြေခံ ကျင့်စဉ်တွေနဲ့ ပြည့်စုံနေတာပဲ။ ဒါပေမယ့် အဲဒီနေရာကို ရောက်သွားပြီး တန်ခိုးစွမ်းအား ကျင့်စဉ်တွေ ကျင့်ကြံနိုင်ခဲ့ရင်တောင် အဲဒီလူကို ရင်ဆိုင်နိုင်ဖို့ နင့်မှာ မျှော်လင့်ချက် မရှိပါဘူး”

ကျောက်ရှောင်ယွီက ပြောလိုက်လေသည်။

ဆိုင်ရှင်အမျိုးသမီးမှာ ငြိမ်သက်သွားပြီး ကျောက်ရှောင်ယွီ၏ စကားကို ပြန်လည်ချေပခြင်း မပြုပေ။

“သူ့ရောက်နေတဲ့ ကျင့်စဉ်လမ်း အဆင့်နဲ့ ယှဉ်လိုက်ရင် နင်ကျင့်ကြံလို့ တန်ခိုးစွမ်းအားတွေ တိုးတက်လာတယ် ဆိုရင်တောင်မှ သူမက သိသွားမှာပဲ။ ဒါဆိုရင် သူမက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတော့မှာပဲ။ သူမက အမြဲတမ်းရန်သူကို အမြစ်ပြတ် ချေမှုန်းတတ်တဲ့ အကျင့်ရှိတယ်။ နင် တန်ခိုးစွမ်းအားတွေ ရလာတဲ့ နေ့ဟာ နင့်ဘဝ အဆုံးသတ်မယ့် နေ့များ ဖြစ်နေမလားလို့ ငါစိတ်ပူမိတယ်”

ကျောက်ရှောင်ယွီက ပြောလိုက်လေသည်။

ဆိုင်ရှင်အမျိုးသမီးမှာ ကျောက်ရှောင်ယွီ မပြောခင်ကတည်းက ထိုအချက်ကို စဉ်းစားထားပြီး ဖြစ်ပါသည်။

ကျောက်ရှောင်ယွီကလည်း ပြောချင်၍သာ ပြောလိုက်ခြင်း ဖြစ်လေသည်။

အနိုင်ရရန်အတွက် နည်းလမ်း မရှိဘူးဆိုလျှင် သူမ၏ ဂိုဏ်းတူအစ်မ မည်သို့ ဆုံးဖြတ်မည်ကို သိချင်သောကြောင့် ပြောလိုက်ခြင်း ဖြစ်လေသည်။ သူမက သူမ၏ ဂိုဏ်းတူအစ်မ နေရာတွင် ဝင်ရောက် စဉ်းစား ကြည့်သည့်တိုင်အောင် သူမ၏ ဂိုဏ်းတူအစ်မကို နားလည်နိုင်ခြင်း မရှိ ဖြစ်နေရလေသည်။ ဆန်းလျန် သူမကို ခံစားချက်ကင်းမဲ့စွာ ငြင်းဆိုလိုက်ခြင်းကို နားမလည်နိုင်သလို သူမ၏ အစ်မကိုလည်း နားမလည်နိုင်ပေ။ ထိုခံစားချက်နှစ်ခုက အတူတူပင် ဖြစ်လေသည်။

လူသားများကတော့ ထိုကိစ္စများကို နားလည်နိုင်မည်လား မပြောတတ်ပေ။ အဘယ်ကြောင့် ဆိုသော် လူသားများမှာ အစွဲ မကျွတ်နိုင်ကြသောကြောင့် ဖြစ်လေသည်။ သူတို့တွင် အစွဲကျွတ်ရန် အတွက် ဉာဏ်မီကြခြင်း မရှိပေ။

သူမကတော့ အစွဲမရှိ၊ ဘက်လိုက်ခြင်း ကင်းပြီး လူသားအားလုံး၏ အထက်တွင် နေထိုင်သူ ဖြစ်သည့် အတွက်ကြောင့် လူ့လောကရှိ ချစ်ခြင်း၊ မုန်းခြင်း တရားများမှာ သူမအတွက် လုံး၀ အရေးပါခြင်းမရှိပေ။

သူမနှင့် ဘုရင်မမှာ ကျင့်စဉ်လမ်းတွင်သာ သဘောထား ကွဲလွဲမှု မရှိခဲ့လျှင် အတိတ်ကို အတိတ်မှာပင် ထားခဲ့ပြီး ဘုရင်မကို တိုက်ခိုက်မည် မဟုတ်ပေ။

“ငါဘာလို့ နင်နဲ့ အဆက်အသွယ် ဖြတ်ခဲ့လဲ သိလား။ ဆရာဆုံးသွားတော့ နင်က နည်းနည်း လေးတောင် စိတ်မကောင်း မဖြစ်ခဲ့ဘူး”

ဆိုင်ရှင် အမျိုးသမီးက ပြောလိုက်သည်။

“နေပါဦး။ ဝမ်းနည်းစရာ ဘာရှိလို့လဲ။ ငါ ဘုရင်မနဲ့ တိုက်ခိုက်လို့ သေသွားရင်ရော။ နင်က စိတ်မကောင်း ဖြစ်မှာလား”

ကျောက်ရှောင်ယွီက ပြန်ပြောလိုက်လေသည်။

“ငါ စိတ်မကောင်း ဖြစ်မှာပေါ့”

ကျိုးလင်က ပြန်ပြောလိုက်လေသည်။

“ဒါပေမယ့် ငါကတော့ နင်သေသွားလည်း စိတ်ကောင်းဖြစ်စရာ အကြောင်းမရှိဘူး”

သူမက နူးညံ့စွာဖြင့်ပင် ပြန်ပြောလိုက်လေသည်။ သူမက အစကတည်းက နူးညံ့သိမ်မွေ့သူ တစ်ယောက် ဖြစ်လေသည်။ ထို့ပြင် သူမက လှပကျော့ရှင်းပြီး သန့်စင်သူ တစ်ယောက်လည်း ဖြစ်လေသည်။

သို့သော် သူမက လူ့လောကကို စိတ်ဝင်စားခြင်း လုံးဝမရှိပါ။ သူမနှလုံးသားတွင် “ကျင့်စဉ်လမ်း” တစ်ခုတည်းကိုသာ အစဉ်သဖြင့် အာရုံ စူးစိုက်ထားသူ ဖြစ်လေသည်။

သူမအတွက်တော့ လောကီကိစ္စ ခံစားချက်များမှာ ကျင့်စဉ်ဂါထာ တစ်ပုဒ်လောက် အရေးမကြီးပေ။ ထိုသို့ခံစားချက် ကင်းမဲ့သည့်အတွက် တန်ခိုးစွမ်းအား ယှဉ်ပြိုင်မည်ဆိုလျှင် ခံစားချက်ကို ရှေ့တန်း တင်နေသည့် သူများထက် နှာတစ်ဖျား သာလေ့ရှိလေ့သည်။

သို့သော် … သံယောဇဉ်ရှိသူများ၊ ခံစားချက် ရှိသူများမှာလည်း သူတို့လမ်း သူတို့ လျှောက်ကြမည် ဖြစ်ပြီး သူမကလည်း သူမလမ်းကို သူမလျှောက်မည် ဖြစ်လေသည်။ ထိုအချက်က သူမကို စိတ်အနှောင့်အယှက် မဖြစ်စေပါ။

“နင်ဘာလို့ ကျင့်စဉ်လမ်းကို ဒီလောက်ထိ ကျင့်ကြံနေရတာလဲ ငါနားမလည်နိုင်ဘူး။ နင်ငယ်ငယ်က ဒီလို မဟုတ်ပါဘူးဟယ်”

ကျိုးလင်က ပြောလိုက်လေသည်။

“ဂိုဏ်းတူအစ်မ တောင်စောင်းမှာ ပွင့်နေတဲ့ ပန်းလေးတွေကို တွေ့ဖူးတယ်မလား။ ခံစားတတ်တဲ့ လူတွေအတွက်တော့ သူတို့က လှချင် လှနေတာပေါ့။ ငါ့အတွက်ကတော့ သာမန် သဘာဝတရား တစ်ခုမျှသာပါပဲ”

ရေချိုးခန်းတံခါး ပွင့်သွားလေသည်။ အပြင်ဘက်တွင် မိုးများက သည်းထန်စွာ ရွာသွန်းနေဆဲ ဖြစ်လေသည်။ ကျောက်ရှောင်ယွီသည် ထီးဆောင်းသွားခြင်း မရှိပါ။ မိုးရေစက်များက သူမကိုယ်ပေါ်သို့ ကျဆင်းလာလေသည်။ သို့သော် မမြင်ရသည့် စွမ်းအားတစ်ခုက တားဆီးထားသည့်အလား သူမ ခန္ဓာကိုယ်ကို မိုးရေများ စိုခြင်းမရှိပေ။

မိုးရေထဲတွင် သူမ၏ပုံရိပ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။

***

ထိုနေ့ည တစ်ညလုံးနှင့် နောက်တစ်နေ့ နံနက်ထိတိုင်အောင် မိုးမဆဲခဲ့ပေ။ မိုးက ရပ်တန့်မည့် အရိပ်အယောင်ပင် မပြပါ။ အန်းဖင် တူးမြောင်းမှာ ဆန်းတုမြို့တော်မှ စီးဝင်လာသည့် ရေများအားလုံးကို လက်ခံထားပြီး ဆန်းတုမြို့တော် ရေလျှံခြင်း မဖြစ်အောင် တားဆီးပေးထားလေသည်။

ဆန်းလျန်မှာ မိုးရေများကို ကြည့်နေလေသည်။ ယခုကဲ့သို့ မိုးရွာသွန်းခြင်းမှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်မှန်း သူကောင်းကောင်း သိလေသည်။

ရှန့်ကျီး ဘုရားကျောင်းတွင် ပညာပြိုင်မှု ဖြစ်ပွားပြီးသည့် နောက်ပိုင်း ဆန်းတုမြို့တော်၏ မိုးမြေ စွမ်းအားများတွင် အပြောင်းအလဲ ဖြစ်သွားခဲ့လေသည်။

ထိုသို့ စွမ်းအား အပြောင်းအလဲ ဖြစ်ခြင်းကာ ကြီးမားသည့် နဂါးကြီးကို နိုးထသွားစေသကဲ့သို့ ဖြစ်သွားသည့်အတွက် မိုးများ အဆက်မပြတ် ရွာသွန်းရခြင်း ဖြစ်လေသည်။

ဆန်းတုမြို့တော်၏ စွမ်းအားဖွဲ့ စည်းပုံအရ တောင်များ ပတ်လည်ဝန်းရံနေပြီး ရေများ ပတ်လည် စီးဆင်းနေသည့်အတွက် နဂါးကြီး တစ်ကောင်အလား ဖြစ်နေလေသည်။ ရှန့်ကျီး ဝတ်ကျောင်းတော်မှာ နဂါး၏ ခေါင်းဖြစ်ပြီး ဘုရင့်နန်းတော်မှာ နဂါးကြီး၏ ဝမ်းဗိုက် ဖြစ်လေသည်။

ဘုရင်မကြီးမှာ ထိုနဂါးကြီး၏ ဝိညာဉ်ဖြစ်ပြီး မိုးမြေ စွမ်းအားများနှင့် မြို့နေလူထုမှာ နဂါးကြီး၏ သွေးကြောထဲတွင် စီးဆင်းနေသည့် သွေးများကဲ့သို့ ဖြစ်လေသည်။

တာအိုကျင့်စဉ်တွင် ထူးဆန်းမှုတစ်ခု ရှိလေသည်။ ထိုထူးဆန်းမှုမှာ စကြာဝဠာနှင့် လူသားမျိုးနွယ် ညီညွတ်မျှတမှု ရှိရန် ဟန်ချက်ညီအောင် ထိန်းသိမ်းပေးထားခြင်း ဖြစ်လေသည်။ ထိုသို့ ဟန်ချက် ညီရန်အတွက် မိုးမြေ စွမ်းအားများမှ ကြီးမားသော စွမ်းအားထုကြီးတစ်ခု ထုတ်လွှတ် ပေးလေသည်။

ဤသည်မှာ ဘုရင်မကြီး၏ တိုင်းပြည်နှင့် တာအိုကျင့်စဉ် တူညီမှုပင် ဖြစ်လေသည်။ ဆန်းတုမြို့တွင် စွမ်းအား အကြီးဆုံးသူမှာ ဘုရင်မကြီးပင် ဖြစ်လေသည်။

သို့သော် … စကြာဝဠာတစ်ခွင် ပညာရှင်များနှင့် နှိုင်းယှဉ်လျှင်တော့ ဘုရင်မကြီး၏ အစွမ်းမှာ များစွာ အားနည်းနေလေသည်။ ထို့ကြောင့် သူမက ရှန့်ကျီး ဝတ်ကျောင်းတော်ကို တည်ဆောက်ခဲ့ခြင်း ဖြစ်လေသည်။ ဂမ္ဘီရ ပညာအရ သူမက နတ်ဘုရားတစ်ပါးကို ဆင့်ခေါ်ပြီး ထိုနတ်ဘုရားထံမှ အစွမ်းအချို့ကို ဆောင်ယူ အသုံးပြုနိုင်လေသည်။

ရှန့်ကျီးနတ်ဘုရား ကြီးထွားလာသည်နှင့်အမျှ ဘုရင်မကြီး၏ စွမ်းအားလည်း တိုးတက် လာလေသည်။ သူတို့နှစ်ဦးကြားတွင် ဆက်နွယ်မှုက ဟန်ချက် ညီနေလေသည်။

အကယ်၍ ရှန့်ကျီးနတ်ဘုရားမှာ တာအိုနတ်ဘုရား ဖြစ်သွားလျှင်လည်း ပြဿနာမရှိပေ။ ရှန့်ကျီး ဝတ်ကျောင်းတော်ကို တာအို ဝတ်ကျောင်းတော် တစ်ခုအဖြစ် ပြောင်းလဲလိုက်ရုံသာ ရှိလေသည်။ သို့သော် ယခင် တာ့ဝေ့ တိုင်းပြည်က တာအိုဝါဒကို တန်ဖိုးထားသည့်တိုင် ဗုဒ္ဓဘာသာကို ယုံကြည်သူက ပိုမို များပြားလေသည်။ ထို့ကြောင့် ဘုရင်မကြီးက ဗုဒ္ဓဘာသာကို ပိုပြီးပျံ့ပွားအောင် အသားပေးသည့် အနေဖြင့် ရှန့်ကျီး ဝတ်ကျောင်းတော်ကို ဗုဒ္ဓဘာသာ ကျောင်းတော်အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်လေသည်။

ထိုနေ့က ပစ်လွှတ်လာသည့် မြားမှာ ရှန့်ကျီးနတ်ဘုရား၏ ဂါထာ အရံအတားကို ဖျက်ဆီး ပစ်ခဲ့လေသည်။ ထိုသို့ ဖြစ်ခဲ့ခြင်းက ဘုရင်မကြီးကို များစွာ စိတ်အနှောင့်အယှက် ဖြစ်စေလေသည်။ ထို့ပြင် ရှန့်ကျီးနတ်ဘုရားနှင့် ဘုရင်မကြီး၏ ဆက်နွယ်မှု ဟန်ချက်ညီခြင်းမှာလည်း ပျက်စီးသွားရ လေသည်။

ဘုရင်မကြီး တိုင်းပြည်ကို ပြောင်းလဲခဲ့ခြင်းမှာ မိုးကောင်းကင်၏ အလိုတော် မဟုတ်ပါ။ ထို့ကြောင့် နဂါးစွမ်းအားမှာ အလွန်ပြင်းထန်ခြင်း မရှိသလို အားနည်းချက်များလည်း ရှိနေရလေသည်။ ထို့ကြောင့် ဘုရင်မကြီးနှင့် ရှန့်ကျီးနတ်ဘုရား၏ ချိတ်ဆက်မှု ဟန်ချက် ပျက်သွားသည့် အခါတွင်တော့ ဆန်းတု မြို့တော်၏ မြေစွမ်းအား ဆုံချက်မှာလည်း ပြောင်းလဲသွားရလေသည်။ ထို့ကြောင့် ယခုကဲ့သို့ မိုးကြီး ရွာသွန်းရခြင်းပင် ဖြစ်လေသည်။

ကျောက်ရှောင်ယွီက ထိုအချက်များကို သိမြင်နားလည်သူ ဖြစ်ပြီး မိုးကောင်းကင်၏ အလိုတော်အတိုင်း ဖြစ်သွားသည်ပဲလေဟု ယူဆမိလေသည်။ ထို့ကြောင့်ပင် ရှန့်ကျီး ဝတ်ကျောင်းတော်ကို ဖျက်စီးရန် သူမ ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။

ဘုရင်မကြီးမှာလည်း အန္တရာယ် အငွေ့အသက်ကို အာရုံခံစားမိမည် ဖြစ်လေသည်။ ထို့ကြောင့်ပင် ရှန့်ကျီးဝတ်ကျောင်းတော်တွင် ထိုနေ့က ရှိနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ပစ်လွှတ်လိုက်သည့် မြားမှ ထွက်ပေါ်လာသည့် အနက်ရောင် အခိုးအငွေ့များမှာ ရှန့်ကျီး ဝတ်ကျောင်းတော်၏ ဂါထာ အရံအတားကို ချိုးဖျက် ပစ်လိမ့်မည်ဟုတော့ သူမ တွေးထင်ထားခဲ့မိခြင်း မရှိပေ။ ထို့ကြောင့်ပင် သူမ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်လေသည်။

ကျောက်ရှောင်ယွီ ပြုလုပ်ခဲ့သမျှတွင် အကောင်းဆုံး ရလဒ်မှာ ဘုရင်မကြီးကို မြေပြင်ထက်တွင်ပင် အခွင့်အရေး ညီမျှစွာဖြင့် အနိုင်ယူ တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

သူမနှင့် ဘုရင်မ၏ အဆုံးသတ် တိုက်ပွဲကတော့ မကြာမီ အချိန်အတွင်း ရောက်ရှိလာတော့မည် ဖြစ်လေသည်။

ဆန်းလျန်ကတော့ ထိုကိစ္စများ အားလုံးအတွက် စိတ်ပျော်ရွှင်ခြင်း မရှိပါ။ ဆန်းတုမြို့တော်၏ ဖုန်းဆွေ ဖွဲ့စည်း တည်ဆောက်ပုံအရ ဒြပ်စင်စွမ်းအားများကို ဟန်ချက်ညီအောင် ထိန်းချုပ် ထားသည့်တိုင် သူကတော့ ထိုင်းရွှီးကျင့်စဉ်၏ ဒြပ်စင်စွမ်းအား ရှစ်မျိုးကို ညီညွတ်စွာ တည်ရှိနိုင်ရန် ကျင့်ကြံ၍ မရနိုင် ဖြစ်နေရလေသည်။

ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်၏ အခြေခံအဆင့်ကို အောင်မြင်ရန်အတွက် သူ့မှာ လက်တစ်ကမ်း အကွာသို့ ရောက်နေပြီ ဖြစ်လေသည်။ သို့သော် သူ့အတွက် အခွင့်ကောင်း လိုနေခြင်း ဖြစ်လေသည်။  ထိုအခွင့်ကောင်းမှာ ဘုရင်မကြီးနှင့် ကျောက်ရှောင်ယွီတို့၏ နောက်ဆုံးတိုက်ပွဲတွင် ပေါ်ပေါက်ကောင်းပေါ်ပေါက် လာနိုင်မည်ဟု ဆန်းလျန် မျှော်လင့်နေမိ လေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset