Switch Mode

အခန်း (၁၁၉)

ဘုရားစာရွတ်ဖတ်သံများ

ထိုက်ရွှီးကျင့်စဉ်မှ ဒြပ်စင်စွမ်းအားရှစ်ခု ညီညွတ်မျှတမှု ရှိရန်မှာ ခက်ခဲလှသည့် သင်္ချာညီမျှခြင်း တစ်ခုကဲ့သို့ပင် ဖြစ်လေသည်။ သို့သော် အချိန်နှင့် ကြိုးစားအားထုတ်မှု ပေါင်းစပ်လိုက်လျှင်တော့ အခက်အခဲများအတွက် အဖြေဆိုသည်မှာ ရှိပြီးသားပင် ဖြစ်သည်။

ဆန်းလျန်မှာ ထိုဒြပ်စင်စွမ်းအား ရှစ်မျိုး အချင်းချင်း မညီမညွတ် ဖြစ်နေရခြင်း၏ အကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အဖြေကို ရှာနေခဲ့သူ ဖြစ်သည်။ သို့သော် ကျင့်စဉ်ကို အောင်မြင်ရန်အတွက် တစ်ခုခု လိုအပ်နေသလို ဖြစ်နေလေသည်။ အဓိက အကြောင်းအရာမှာ အခြား မဟုတ်။ ဆန်းလျန်ကိုယ်တိုင်ပင် ဖြစ်လေသည်။

ဆန်းလျန်က ရှန့်ကျီးစေတီ ဆယ့်သုံးဆင့်ကို မော့ကြည့်လိုက်ပြီး မိုးမြေစွမ်းအားများ အပြင်းအထန် ပြောင်းလဲနေသည်ကို သတိထားလိုက်မိလေသည်။

ကျောက်ရှောင်ယွီက ပြုံးလိုက်ပြီး တစ်နေရာသို့ ငေးနေလေသည်။ မြားတစ်စင်းသည် တိမ်များကို ထိုးခွင်းပြီး ထွက်ပေါ်လာလေသည်။ ထိုမြားက စေတီဆီသို့ ဦးတည် လာနေလေသည်။ မြားမှာ အဆက်မပြတ် လည်ပတ်နေပြီး စေတီဆီမှ မိုးမြေစွမ်းအားများကို ဖယ်ရှားပစ်လိုက်လေသည်။ ရုတ်တရက် နဂါးတစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာပြီး နဂါးအမြီးက တိမ်းများကို ပတ်ထားလေသည်။

ခေါင်းလောင်းထိုးသံများ ထွက်ပေါ်လာပြီး ရှန့်ကျီး ဝတ်ကျောင်းတော်ဆီမှ ဘုရားစာ ရွတ်ဖတ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“နမော ရှန့်ကျီးဘုရား၊ နမော ရှန့်ကျီးဘုရား …”

ခေါင်းလောင်းထိုးသံများနှင့်အတူ ဘုရားစာ ရွတ်ဖတ်သံများ …

စေတီထိပ်မှ ရွှေရောင်များ တောက်ပလာပြီး နတ်ဘုရား ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်တွေ့ လိုက်ရလေသည်။ နတ်ဘုရားပုံရိပ်မှ ရောင်ခြည်များမှာ လှိုင်းများသဖွယ် ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားလေသည်။ တိမ်များကို အမြီးဖြင့် ပတ်ထားသည့် နဂါးပုံရိပ်မှာ ဓားတစ်လက်အဖြစ် အသွင် ပြောင်းသွားလေသည်။

ထိုဓားက နတ်ဘုရားရုပ်တုမှ ရောင်ခြည်များဆီသို့ ပေါင်းစပ် စီးဝင်သွားလေသည်။

နဂါးစွမ်းအားဓားနှင့် နတ်ဘုရားရုပ်တုမှ ရောင်ခြည်များ ပြင်းထန်သော အရှိန်ဖြင့် ပေါင်းစပ် သွားလေသည်။

ကျောက်ရှောင်ယွီ၏ အသံက ဆန်းလျန်၏ နားထဲသို့ တိုးဝင်လာသည်။ သူမ၏ အသံက ဂုဏ်ယူနေသည့် လေသံမျိုး ဖြစ်လေသည်။

“ဘယ်တော့မှ ရှန့်ကျီး ဝတ်ကျောင်းတော် ဆိုတာ မရှိစေရဘူး။ ဘယ်တော့မှ ရှန့်ကျီးဘုရား ဆိုတာလည်း မရှိစေရဘူး။ သူမက ဘုရင်မတစ်ပါး ဖြစ်ချင်ဖြစ်လိမ့်မယ်။ ဒါပေမယ့် အာဏာကို သုံးပြီးတော့ ရှန့်ကျီးဘုရား ဆိုတဲ့နာမည်ကို သုံးခွင့်မရှိဘူး။ လူ့လောကရဲ့ တိုင်းပြည်တစ်ခုကို အုပ်ချုပ်သူ တစ်ယောက်အနေနဲ့ အာဏာကို အသုံးပြုပြီး ဘယ်လိုလုပ် ရှန့်ကျီးဘုရားဆိုတဲ့ နာမည်ကို အသုံးပြုခွင့် ရှိရမှာလဲ။ ဒါဟာ သစ္စာပျက်မှု တစ်ခုပဲ”

“ဒါပေမယ့် တောင်တစ်တောင်လုံး လင်းလက်အောင် အလင်းရောင်တွေ ထွက်ပေါ်လာမယ် ဆိုရင်တော့ နတ်ဘုရားတစ်ပါး ဒီနေရာမှာ တကယ်ပေါ်ထွက် လာလိမ့်မယ်”

“ကျွန်မ ကျင့်ကြံ အောင်မြင်ထားတဲ့ အဆင့်မျိုးနဲ့သာ မဟုတ်ရင် ဒါကို နားလည်နိုင်မှာ မဟုတ်ဘူး။ အဲဒါက ဘုရင်မ လေ့ကျင့်ထားလို့ ရရှိထားတဲ့ စွမ်းအားတစ်ခုပဲ။ တိုင်းပြည်ရဲ့ နာမည်ကို သူမ ပြောင်းလဲ လိုက်တာဟာ သူမ ဘုရင်မတစ်ပါးအဖြစ် ဘိသိက်ခံတာထက် ပိုပြီး မလွယ်ကူတဲ့ ကိစ္စပဲ”

ကျောက်ရှောင်ယွီက ပြောလိုက်လေသည်။

ဆန်းလျန်က သူမ၏ စကားအရှည်ကြီးကို နားထောင်နေရင်းနှင့်ပင် စေတီထိပ်မှ နတ်ဘုရားပုံရိပ်နှင့် နဂါးစွမ်းအား ဓားတို့၏ စွမ်းအားများ ပြောင်းလဲသွားမှုကို ကြည့်နေလေသည်။

စေတီထိပ်သို့ တစ်ပတ်လည်လာသည့် မြားမှာ ပေါက်ကွဲသွားပြီး အနက်ရောင် အငွေ့များက နတ်ဘုရား ပုံရိပ်ပေါ်သို့ ဖုံးအုပ်သွားလေသည်။ ဆီအိုးထဲသို့ မီးတစ်စ ထည့်လိုက်သကဲ့သို့ပင် ဖြစ်လေသည်။

“ဝုန်း ဝုန်း ဝုန်း”

ပေါက်ကွဲသံများနှင့်အတူ နတ်ဘုရား ပုံရိပ်ဆီမှ စူးရှတောက်ပသော အလင်းတန်းများ ထွက်ပေါ် လာလေသည်။

တောင်ပေါ် စမ်းချောင်းလေးကို ဖြတ်သန်းပြီး ညနေခင်း လေပြည်အေးက တိုက်ခတ် လာလေသည်။ နတ်ဘုရားပုံရိပ်မှာ တည်ရှိနေဆဲ ဖြစ်လေသည်။ ဆန်းလျန်က သက်ပြင်းတစ်ချက် ချလိုက်မိသည်။ နတ်ဘုရား ပုံရိပ်ပေါ်တွင် ပေါက်ကွဲမှုကြောင့် ထိခိုက်ရာများကို တွေ့နိုင်လေသည်။ ယခင်ကလောက် စွမ်းအား ကြီးမားခြင်းမျိုး မရှိတော့ပေ။

နတ်ဘုရားပုံရိပ်မှ စွမ်းအားမှာ သိပ်ပြီး အထင်ကြီးဖွယ်ရာ မရှိပါ။ ထိုစွမ်းအား၏ အဟုန်ကိုပင် ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ ခံစားမိခြင်း မရှိပေ။

သို့သော် …  ဤကဲ့သို့ ဖြစ်ပျက်သွားသည့် အဖြစ်အပျက်က ဆန်းလျန်ကို အမြင်ပွင့်သွား စေလေသည်။

တိုက်ပွဲအစမှ အဆုံးတိုင်အောင် ဘုရင်မကိုလည်း မတွေ့ရသလို မြားပစ်သူကိုလည်း မတွေ့ရပါ။

နတ်ဘုရားရုပ်တုနှင့် မြားပေါ်မှ အနက်ရောင် အငွေ့များကိုသာလျှင် တွေ့ရလေသည်။ ထိုနတ်ဘုရား ရုပ်တုနှင့် အနက်ရောင် အငွေ့များမှာလည်း လွန်စွာမှပင် ဆန်းကြယ်လေသည်။

“ပွဲကတော့ ပြီးသွားပြီ။ ရှင် ဘာသတိထားမိလဲ”

ကျောက်ရှောင်ယွီက လက်ခုပ်တစ်ချက် တီးရင်း ပြောလိုက်သည်။

“ကျုပ်ဘာမှ သတိမထားမိတာ တောင်းပန်ပါတယ်။ ဒါပေမယ့် မင်းခုန ပြောပုံအရ ဆိုရင် ကြည့်ရတာ ဒီနတ်ဘုရားပုံရိပ်က အသက်ဓာတ် စွမ်းအားကနေ ပေါ်ပေါက်လာတဲ့ ပုံရိပ်မဟုတ်ဘူး။ တကယ့် နတ်ဘုရားတစ်ပါး ဖြစ်နေတာပေါ့။ ဒါဆိုရင် ဘာလို့ တခြား နတ်ဘုရားတွေနဲ့ ယှဉ်လိုက်ရင် တန်ခိုးစွမ်းအား အရမ်း နည်းနေရတာလဲ”

ဆန်းလျန်က ပြောလိုက်လေသည်။

ထိုနတ်ဘုရား ရုပ်တုထံမှ ထွက်ပေါ်လာသည့် စွမ်းအားများမှာ ဝူထုန် နတ်မိစ္ဆာများလောက်သာ အဆင့် ရှိလေသည်။ သို့သော် ဝူထုန် နတ်မိစ္ဆာများကဲ့သို့ မကောင်းမိစ္ဆာ အငွေ့အသက်များ ထွက်ပေါ် နေခြင်းတော့ မရှိပေ။ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာ အငွေ့အသက်အချို့ ရှိနေသည့်တိုင် ပြောပလောက်သည်တော့ မဟုတ်ပေ။

မြားမှ ထွက်ပေါ်လာသည့် အနက်ရောင် အငွေ့များ၏ စွမ်းအားကိုတော့ အလွန် ဝေးကွာနေသည့်အတွက် ဆန်းလျန် ခံစားသိရှိနိုင်ခြင်း မရှိပေ။ သို့သော် အနက်ရောင် အငွေ့များ ထွက်ပေါ်လာသည်နှင့် နတ်ဘုရားရုပ်တုမှ အစွမ်းများမှာ အလိုလို လျော့နည်း သွားသည်ကိုတော့ သူခံစား မိလေသည်။ ကြောက်ရသည့်သူကို တွေ့ရှိသွားသည့်အတွက် အလိုလို ဝပ်တွားသွားသည့် ပုံစံမျိုး စွမ်းအားများ ပျောက်ကွယ်သွားခြင်း ဖြစ်လေသည်။

ထိုမြားမှာ တာအိုကျင့်စဉ် တန်ခိုးကို ထိန်းချုပ်သည့် ရက်စက်သည့် အင်းပညာနှင့် မှော်ပညာကို အသုံးပြုထားခြင်း ဖြစ်လေသည်။ သို့သော် အနက်ရောင် အငွေ့များတွင် မကောင်းသည့် အငွေ့အသက်တော့ မပါဝင်ပေ။

“ရှင်က သိချင်တယ် ဆိုရင်တောင်မှ ကျွန်မက ပြောမပြနိုင်ဘူး”

ကျောက်ရှောင်ယွီက သူမ၏ လှပသည့် မျက်ဝန်းများဖြင့် ဆန်းလျန်ကို ကြည့်ရင်း ပြောလိုက် လေသည်။

သူမ၏အသံမှာ တဖြည်းဖြည်း ဝေးကွာ၍ သွားလေသည်။ သူမသည် ဆန်းလျန်ရှေ့မှ ပျောက်ကွယ်သွားလေသည်။

မြူခိုးများမှာလည်း လေနှင့်အတူ ပျောက်ကွယ် သွားလေသည်။ ကျောက်ရှောင်ယွီ ရပ်နေသည့် နေရာကို ဆန်းလျန် ငေးကြည့်နေမိသည်။ သူမက ပုရွက်ဆိတ် တစ်ကောင်ကို တက်နင်းထားခဲ့ခြင်း ဖြစ်ပြီး သူမ ထွက်ခွာသွားသော်လည်း ထိုပုရွက်ဆိတ်မှာ နာကျင်ခြင်း၊ သေဆုံးသွားခြင်း မဖြစ်ပေ။

ကျောက်ရှောင်ယွီ ဤကိစ္စများ အားလုံးကို တမင်သက်သက် လုပ်ပြ သွားသည်လား ဆိုသည်ကိုတော့ ဆန်းလျန် မခန့်မှန်းတတ်ပါ။ သို့သော် သူမ၏ အဆင့်မှာ လွန်စွာမှ ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဤအချက်က ပြသနေလေသည်။ ထို့ကြောင့်ပင် သူမက ဘုရင်မကြီးကို ဆန့်ကျင်ရဲခြင်း ဖြစ်လေသည်။

ကျောက်ရှောင်ယွီ မပြောချင်ဘူး ဆိုလျှင်လည်း ဆန်းလျန်က အတင်းမေးမည် မဟုတ်ပါ။ ဆန်းတုမြို့တော်၏ အခြေအနေမှာ တဖြည်းဖြည်း ခန့်မှန်းရ ခက်လာပြီ ဖြစ်လေသည်။ ဆန်းလျန်က မည်သူ တစ်ဦးတစ်ယောက်၏ အကြံအစည်ထဲတွင်မှ ပါဝင်ပတ်သက်လိုခြင်း မရှိပါချေ။

ထို့ကြောင့် ဆန်းတုမြို့တော်မှ ထွက်ခွာသွားရန်ပင် ဆုံးဖြတ် လိုက်မိလေသည်။ ယခု ဖြစ်ပျက်နေသည့် အဖြစ်အပျက်များမှာ သူခန့်မှန်း ထားသည်နှင့်မတူညီဘဲ ဖြစ်နေသည် မဟုတ်ပါလား။

သို့သော် သူက ထိုက်ရွှီးကျင့်စဉ် အောင်မြင်ရန်အတွက် ခြေတစ်လှမ်း နောက်ကျနေသေးသည်။ ထိုကျင့်စဉ်သာ မအောင်မြင်သေးလျှင် မည်သည့်နေရာသို့ သွားသွား သူ့အတွက် အတူတူပင် ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ဆန်းတုမြို့တော်မှ ထွက်ခွာသွားရန် တွေးထားသည်ကို ရပ်တန့် လိုက်မိလေသည်။

***

ပိုုင်ရှောက်လျိုမှာ ရေများ အမြင့်မှ အနိမ့်သို့ အဘယ့်ကြောင့် မစီးဆင်းရသနည်း ဆိုသည့် မေးခွန်းကို စဉ်းစားနေလေသည်။ ရုတ်တရက် ညနေခင်း ကောင်းကင်ထက်တွင် မြူခိုးများ ဖုံးလွှမ်းလာပြီး တိမ်တိုက်များမှာ မီးခိုးရောင် ပြောင်းသွားလေသည်။

ကောင်းကင်မှာ နက်မှောင်သွားပြီး မြူများ ကျဆင်းလာလေသည်။ ထို့နောက်တွင်တော့ မိုးများပါ ရွာချလိုက်လေတော့သည်။

ရေများက အမြင့်မှအနိမ့်သို့ စီးဆင်းသည်ဆိုလျှင် အဘယ်ကြောင့် ရေများက ကောင်းကင်ထက်တွင် တည်ရှိနေရ ပါသနည်းဟု ပိုင်ရှောက်လျို တွေးလိုက်မိလေသည်။ ကောင်းကင်ထက်တွင် မဆုံးနိုင်သည့် ရေလှောင်တမံတစ်ခု ရှိနေပြီး မိုးရွာသည့် အခါတိုင်း ထိုရေများ သွန်ချနေသည်လားဟု သူတွေးနေမိသည်။ သို့သော် ဤမျှလောက် နှစ်ပေါင်းများစွာ မိုးရွာသွန်း နေသည့်တိုင် မြေကြီးမှာလည်း ရေမျောသွားခြင်း မရှိသည်မှာလည်း ထူးဆန်းသည်ဟု သူ တွေးနေမိပြန်သည်။

သို့သော် ပိုင်ရှောက်လျိုမှာ ငတုံးတစ်ယောက် မဟုတ်ပါ။ သူက မိုးရွာသည့် အကြောင်းကို ဆက်လက် တွေးတောခြင်း မပြုတော့ပါ။ ထို့ပြင် ဆိုင်ရှင် အမျိုးသမီး ကျိုးလင်မှာ မနက်စောစော ကတည်းက ဆိုင်မှ ထွက်ခွာသွားပြီး ယခုအချိန်ထိ ပြန်မရောက် သေးသည်ကို သတိထား လိုက်မိလေသည်။ သူမ မိုးမိမည်ကို ပိုင်ရှောက်လျို စိုးရိမ်သွားမိသည်။

ကောင်းကင်တစ်ခုလုံး မှောင်မည်းနေသည် ဖြစ်သည့်အတွက် အပြင်တွင် အကြာကြီးနေရန် မသင့်တော်ပေ။

ထိုအချိန်မှာပင် မိုးရေထဲတွင် ထီးတစ်လက်ကို သူမြင်တွေ့ လိုက်ရလေသည်။

ထီးတစ်လက်ကို လူနှစ်ယောက် ဆောင်းလာခြင်း ဖြစ်လေသည်။ ထိုလူနှစ်ယောက်အနက် တစ်ယောက်မှာ သူ၏ဆိုင်ရှင် ကျိုးလင်ဖြစ်ကြောင်းကို မိုးရေများကြားမှပင် မှတ်မိလိုက်လေသည်။

ထိုလူနှစ်ယောက် နီးကပ်လာသည်နှင့်အမျှ အခြား လူတစ်ယောက်ကိုလည်း ပိုင်ရှောက်လျို မြင်ခွင့် ရလိုက်ပြီ။ သူမက အဖြူရောင် ဝတ်ဆင်ထားပြီး ပန်းချီကားချပ်ထဲမှ ကွမ်ရင်မယ်တော်၏ အသွင်သဏ္ဌာန်နှင့် ဆင်တူလေသည်။

ဆိုင်ရှင်အမျိုးသမီး ကျိုးလင်မှာ အလွန်မှ ချောမောလှပသူ တစ်ဦး ဖြစ်ပါသည်။ သို့သော် အဖြူရောင်ဝတ် အမျိုးသမီးမှာ သူမထက် အစပေါင်းများစွာ ချောမော လှပလွန်းသည့်အတွက် ပိုင်ရှောက်လျိုမှာ မျက်တောင်မခတ်တမ်း ငေးမော ကြည့်နေလေတော့သည်။

မိုးရေထဲတွင် ရယ်သံသဲ့သဲ့ ထွက်ပေါ်လာပြီး ထိုအသံလေးမှာ မိုးရေစက်များ၏ ဂီတသံထက်ပင် သာယာသေးသည်။

“ဂိုဏ်းတူအစ်မ နင့်ဆိုင်က အလုပ်သမားရဲ့ အကြည့်ကလည်း ရိုင်းလိုက်တာ”

ကျောက်ရှောင်ယွီက ပြောလိုက်လေသည်။

“နင်ဒီမှာ ဘာလုပ်နေတာလဲ။ တောင့်တောင့်ကြီး ရပ်နေတာ အမြန်သွားစမ်း။ ငါ့အတွက် ရေနွေး တစ်အိုးလောက် သွားတည်ပေး။ ငါ ရေမိုးချိုးပြီး အမြန် အဝတ်လဲချင်နေပြီ”

ဆိုင်ရှင်အမျိုးသမီးက အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။

ယခုမှ ပိုင်ရှောက်လျို သတိထားမိလေသည်။ ဆိုင်ရှင် အမျိုးသမီးမှာ ခါတိုင်းကဲ့သို့ အနီရောင် ဝတ်ဆင်ထားခြင်း မရှိဘဲ မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ ပိုင်ရှောက်လျို မှတ်မိသလောက် ဆိုင်ရှင် အမျိုးသမီးမှာ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူမ၏ အနီရောင် ဝတ်စုံကို ဝတ်ဆင်သွားမြဲ ဖြစ်လေသည်။

မီးခိုးရောင် ဝတ်ရုံပေါ်တွင် သင်္ကေတပေါင်း များစွာ ရေးဆွဲထားလေသည်။ ထို သင်္ကေတများမှာ တစ်ခုနှင့်တစ်ခု အလွန် နီးကပ်နေလေသည်။ မှောင်မည်းနေသည့် ကောင်းကင်အောက်တွင် ထို သင်္ကေတများမှာ မည်သို့သော သင်္ကေတများလဲ ဆိုသည်ကို ပိုင်ရှောက်လျို မခန့်မှန်းနိုင်ပါ။

ဆိုင်ရှင်အမျိုးသမီးက စိတ်မရှည်တော့ဘဲ သူ့ကို ဆောင့်ကန် လိုက်လေသည်။ ထိုအခါမှ သူလည်း ရေနွေးအိုး တည်ရန် ထွက်လာခဲ့လေသည်။

သူက ဆိုင်ရှင်အမျိုးသမီးကို စောင့်မနေစေချင်ပါ။ ထို့ကြောင့် အတွင်းအား အသုံးပြုကာ မီးတောက်ကို ပိုပြီးကြီးလာအောင် လုပ်လိုက်လေသည်။ ရေနွေးမှာ ခဏအတွင်းမှာပင် ဆူပွက် လာလေတော့သည်။

ရေနွေး ဆူသည့်အခါတွင်တော့ ဆိုင်ရှင်အမျိုးသမီးမှာ ရေချိုးခန်းထဲသို့ အဖြူရောင်ဝတ် မိန်းကလေးနှင့်အတူ ဝင်သွားလေသည်။

ပိုင်ရှောက်လျိုမှာ သိချင်စိတ် ပြင်းထန်နေမိလေသည်။ သို့သော် ဆိုင်ရှင်အမျိုးသမီး ရေချိုးသည်ကို ခိုးကြည့်ရလောက်အောင်လည်း သတ္တိမရှိပေ။

သူသာ ခိုးကြည့်မည်ဆိုလျှင် ဆိုင်ရှင် အမျိုးသမီးမှာ ရေချိုးကန်ထဲတွင် လဲလျောင်းနေပြီး သူမ၏ ခန္ဓာကိုယ်ပေါ်မှာ အနက်ရောင် အငွေ့များ စိမ့်ထွက်နေသည်ကို တွေ့ရမည် ဖြစ်လေသည်။

သို့သော် ဆိုင်ရှင်အမျိုးသမီး ကျိုးလင်ကတော့ စိတ်ပူပုံ မရပါ။

“နင်တောင်းဆိုတဲ့အတိုင်း ငါလုပ်ပေး ပြီးပြီနော်။ အဲဒီတော့ “နတ်ဘုရားသင်္ချိုင်း လက်မှတ်” ကို အခုပဲ ငါ့ကို ပြန်ပေးတော့”

ကျိုးလင်က ကျောက်ရှောင်ယွီကို ပြောလိုက်လေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset