Switch Mode

အခန်း (၁၁၈)

ကိုယ်တွင်းမှ အခက်အခဲ

တိမ်ခိုးများက လွင့်ပျံနေလေသည်။ စမ်းရေကလည်း စီးဆင်းနေပြီး နွေဦးပန်းရောင်စုံ များကလည်း ပွင့်လန်းနေလေသည်။

ဆန်းလျန်မှာ တောင်ပေါ်တွင်ပင် ရှိနေသေးသည်။ ရော့ရှီလေးကတော့ သူ့အနားတွင် ရှိမနေပါ။ သူမက ဆန်းလျန်နှင့် ခပ်လှမ်းလှမ်းတွင် ဆန်းလျန်ကို စောင့်နေလေသည်။

စမ်းချောင်းလေးတစ်ခုမှာ တောင်ကြား အက်ကွဲကြောင်း တစ်ခုအတွင်းမှ စိမ့်ထွက်လာပြီး ရေတံခွန်တစ်ခုဖြင့် ပေါင်းစပ်စီးဆင်းသွားလေသည်။ ရေတံခွန်မှ ရေစက်လေးများ လွင့်စဉ် သွားသည်မှာ ကောင်းကင်ထက် ပုလဲလုံးလေးများ လွင့်ပျံသွားသကဲ့သို့ ဖြစ်လေသည်။ ထိုရေတံခွန်မှာ ဆန်းလျန်ရှေ့ရှိ ကြည်လင်သည့် ရေကန်လေးထဲသို့ စီးဆင်းနေလေသည်။

ထိုရေတံခွန်လေးနှင့် ရေကန်လေးမှာ ခြားနားမှုနှစ်ခုကို ယှဉ်တွဲ ပြနေသယောင် ဖြစ်လေသည်။ ရွေ့လျားစီးဆင်းမှုနှင့် တည်ငြိမ်မှုကို ယှဉ်တွဲပြနေသည့် လှပသည့် ရှုခင်းလေး ဖြစ်လေသည်။

နေဝင်ဆည်းဆာရိပ်များကို ရေကန်ထဲတွင် မြင်ရလေသည်။ ညဘက်သို့ပင် ရောက်တော့မည် ဖြစ်လေသည်။

ပေါက်ကွဲသံတစ်ခု ကြားလိုက်ရပြီး မီးခိုးငွေ့များ ကြားတွင် ကျောက်ရှောင်ယွီ ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။

ဆန်းလျန် ထိုနေရာတွင် ရပ်နေသည်မှာ ကြာပြီ ဖြစ်လေသည်။ ကျောက်ရှောင်ယွီ ပေါ်လာသည့် အတွက် သူက အံ့သြသွားခြင်း မရှိပါ။ ဆန်းတုမြို့တော်၏ စစ်တုရင် ကစားပွဲတွင် ကြာပန်းကိုးပွင့် လျှို့ဝှက်အမိန့်တော် ဂိုဏ်းမှ သူတော်စင် မိန်းမပျိုမှာ ဘုရင်မကြီး၏ အကြီးမားဆုံး ပြိုင်ဘက် တစ်ယောက် ဖြစ်လေသည်။

စမ်းချောင်းလေးဘေးမှ အဝါနုရောင် ပန်းလေးတစ်ပွင့်ကို ကျောက်ရှောင်ယွီက ခူးဆွတ် လိုက်သည်။ သူမ၏ ချွန်မြသည့် နှာခေါင်းလှလှလေးဖြင့် ထိုပန်းလေးကို နမ်းလိုက်လေသည်။ သူမ၏ အလှမှာ ကမ္ဘာပေါ်ရှိ ယောကျ်ားတိုင်းအား ပြုစားနိုင်သည့် အလှတရားမျိုး ဖြစ်လေသည်။ အရာအားလုံးကို မေ့လျော့ပြီး သူမ၏ အလှတရားတွင် ယစ်မူးစေမည် ဖြစ်လေသည်။

သူမ၏ ပုံသဏ္ဌာန်မှာ ခမ်းနားလှပြီး ပန်းချီဆရာများပင် သူမ၏ အလှတရားကို ရေးဖွဲ့မီနိုင်မည် မဟုတ်ပေ။

သူမသည် လူသားများ၏ အထက်တွင် ရှိနေလေသည်။ ထို့ကြောင့် ဤမျှ ပြည့်စုံလှပနေရခြင်း ဖြစ်လေသည်။

လောကတွင် ပြည့်စုံသည့်သူ ဟူ၍မရှိပါ။ ကျောက်ရှောင်ယွီလည်း လူသားတစ်ယောက်ပင် ဖြစ်လေသည်။ သို့သော် သူမ၏ တန်ခိုး အရှိန်အဝါကတော့ လေးစားလောက်စရာ ဖြစ်လေသည်။

ကျင့်စဉ်လမ်းတွင် လွယ်လွယ်ကူကူ ကျင့်ကြံအောင်မြင်ခဲ့သည့် ကျင့်ကြံသူဟူ၍ မရှိပေ။ အထွတ်ထိပ်တွင် ရပ်တည်နေသည့် မြင့်မြတ်ခမ်းနားသည့် သဏ္ဌာန်ကိုသာ လူအများက တွေ့မြင် အားကျကြခြင်း ဖြစ်လေသည်။ မအောင်မြင်ခင် ရင်ဆိုင်ခဲ့ကြရသည့် အခက်အခဲများကိုတော့ မည်သူမှ ရိပ်မိသိရှိမည် မဟုတ်ပေ။

“မင်း ပန်းခူးလိုက်တဲ့ ပုံလေးက တကယ်လှတာပဲ”

ဆန်းလျန်က တီးတိုး ပြောလိုက်လေသည်။

သူက ဟန်မဆောင်ဘဲ ပြောလိုက်ခြင်း ဖြစ်လေသည်။ သူက အကန်းတစ်ယောက် မဟုတ်သည့် အတွက် ကျောက်ရှောင်ယွီ၏ အလှတရားကို မြင်တွေ့နေရလေသည်။

“ရှင့်ကြည့်ရတာ ဒီနေ့ စိတ်ကြည်လင်နေသလိုပဲ။ ဘုရင်မကြီးနဲ့ အဆင်ပြေခဲ့တယ် ထင်တယ်”

ကျောက်ရှောင်ယွီက သူဆွတ်ခူးပြီး မြတ်နိုးစွာ နမ်းခဲ့သည့် ပန်းရိုင်းလေးကို အဝေးသို့ လွှင့်ပစ်ရင်း ပြောလိုက်သည်။

သူမြတ်နိုးခဲ့သည့် အရာကို ခံစားချက် ကင်းမဲ့စွာ စွန့်ပစ်လိုက်နိုင်လေသည်။ အေးစက်ခြင်းနှင့် ခံစားချက် ကင်းမဲ့ခြင်းကို ပြသလိုက်ခြင်း ဖြစ်လေသည်။

“သဘာဝတရားက ဘက်လိုက်မှုမရှိဘူး။ သူက ကမ္ဘာပေါ်က ရှိသမျှ အရာတိုင်းကို သာတူညီမျှ ဆက်ဆံတယ်။ သဘာဝတရားအတွက် အားလုံးက ဘာမှ မခြားနားပါဘူး”

ကျောက်ရှောင်ယွီက ပြောလိုက်လေသည်။

ကျောက်ရှောင်ယွီအတွက်တော့ ချစ်ခြင်း၊ မုန်းခြင်းမှာ ခြားနားမှု မရှိပေ။

ထို့ကြောင့်သူမက ထူးခြားပြီး ကြောက်စရာကောင်းသူ တစ်ယောက် ဖြစ်လာခြင်း ဖြစ်လေသည်။

“မင်းနဲ့ ဘုရင်မကြား ကျုပ်ဘယ်လို သဘောထားလဲဆိုတာ မင်းသိချင်မှာပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီဆန်းတုမြို့တော်မှာ ဖြစ်နေတဲ့ မင်းတို့ရဲ့ ပြဿနာတွေကို သိမြင်နားလည်နိုင်တဲ့ အရည်အချင်း ရှိတဲ့သူဆိုလို့ ကျုပ်တစ်ယောက်ပဲ ရှိတယ်”

ဆန်းလျန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။

“ကျွန်မရှင့်ကိုတွေ့တိုင်း ထူးခြားမှုတစ်ခုကို ခံစားရတယ်။ အဲဒီညက ဘက်မလိုက်ဘဲ ရှင်ပြောခဲ့တဲ့ စကားတွေရယ် ပြီးတော့ ဒီနေ့ကိစ္စရောပဲ။ ကျွန်မရှင့်ကို အရမ်း လေးစားမိတယ်။ တကယ်တော့ ကျွန်မက လူသားတွေ ကျွန်မကို ဝေဖန်တာကို မကြိုက်တတ်ဘူး။ ဒါပေမယ့် ရှင်ကတော့ ခြွင်းချက်ပေါ့လေ။ ဒါ့ကြောင့် ရှင်ဘယ်လို သဘောထားလဲဆိုတာ သိချင်ပါတယ်”

ကျောက်ရှောင်ယွီက နူးညံ့စွာ ပြောလိုက်လေသည်။ သို့သော် သူ့အသံမှာ မြူခိုးများအလား ထင်ယောင်ထင်မှား ထွက်ပေါ်လာခြင်းမျိုး ဖြစ်လေသည်။

“ဒီကိစ္စကို အရင်ကလည်း ကျုပ်ကြားဖူးပါတယ်။ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်တဲ့သူကို သူရဲကောင်းလို့ ပြောကြတယ်။ တိုင်းပြည်တစ်ပြည်ကို တည်ထောင်တဲ့ သူကိုတော့ ဘုရင်လို့ သတ်မှတ်ကြတယ်။ ဘာသာရေးတစ်ခုကို ဦးဆောင်တဲ့သူကိုတော့ သူတော်စင်လို့ ပြောကြတယ်။ ရှောင်ယွီ မင်းကရော ဘယ်လိုလူစားမျိုးလဲ”

ဆန်းလျန်က သူ့သဘောထားကို ချက်ချင်း မပြောသေးဘဲ မေးခွန်း ထုတ်လိုက်လေသည်။ ငါးကြီးကြီးမိရင် ငါးသေးသေးကို ငါးစာအဖြစ် အသုံးပြုပြီး မျှားလိုက်သည့် သဘောပင်။

ကျောက်ရှောင်ယွီက ရယ်မောလိုက်လေသည်။

“ကြာပန်းကိုးပွင့် ကျောင်းတော်က ကျွန်မတည်ထောင်ခဲ့တာ မဟုတ်ဘူး။ တခြားကျင့်စဉ်လမ်း တစ်ခု တည်ထောင်ဖို့လည်း ကျွန်မမှာ စိတ်ကူးမရှိဘူး။ ဒါကြောင့် ကျွန်မက သူတော်စင်တစ်ပါးတော့ မဖြစ်နိုင်ဘူး။ ပြီးတော့ တိုင်းပြည် တည်ထောင်ဖို့လည်း အစီအစဉ်မရှိဘူး။ ဂိုဏ်းတည်ထောင်ပြီး လူသားတွေလို တိုက်ခိုက် နေဖို့လည်း ဆန္ဒမရှိဘူး။ အဲဒီကိစ္စတွေ အားလုံးကို စိတ်မဝင်စားဘူး။ ဒါကြောင့် ရှင်ပြောတဲ့ လူသုံးယောက်မှာ ကျွန်မက တစ်ယောက်မှ မဖြစ်နိုင်ဘူး”

သူမက ပြန်ပြောလိုက်လေသည်။

“မင်းက အဲဒီလိုလူမျိုးတွေ မဖြစ်ချင်ဘူးဆိုတော့ မင်းက လူသားတစ်ယောက် မဖြစ်ချင်လို့ပဲပေါ့။ အစပိုင်းမှာ ဖန်ဆင်းရှင် ရှိခဲ့မယ်။ ဖန်ဆင်းရှင်ဟာ တာအိုကျင့်စဉ်နဲ့ ခွဲခြားလို့ မရဘူး။ အဲဒီအရာ နှစ်မျိုးလုံးက ထာဝရတည်မြဲတဲ့ အရာတွေပဲ။ မင်းရဲ့ ရည်ရွယ်ချက်ကို လေးစားမိပါတယ်”

ဆန်းလျန် သက်ပြင်းချရင်း ပြောလိုက်သည်။

ကျောက်ရှောင်ယွီ၏ တည်ငြိမ်သည့် မျက်ဝန်းများမှာ လျှို့ဝှက်ချက်များဖြင့် တောက်ပနေလေသည်။ ဆန်းလျန်မှာ အလွန်ထူးဆန်းသော လူတစ်ယောက် ဖြစ်သလို ကြောက်စရာ ကောင်းသူလည်း ဖြစ်ကြောင်း သူမရိပ်မိထားလေသည်။

ဆန်းလျန်ကဲ့သို့သော လူမျိုးက သူမနှင့် မျက်လုံးချင်း ဆုံမိသည်နှင့် သူမအကြောင်းကို ကောင်းကောင်း သိသွားမည့်သူ ဖြစ်လေသည်။ သို့သော် … ဆန်းလျန်က သိရှိသည့်တိုင် သူ၏ ခံစားချက်ကို ထုတ်ဖော် ပြသမည့်သူမျိုး မဟုတ်ပါ။ မိုးနှင့်မြေတွင် စောင့်ထိန်းရမည့် လူ့ကျင့်ဝတ်များကို ဆန်းလျန်က စောင့်ထိန်းမည် ဖြစ်လေသည်။

ထို့ကြောင့်ပင် ဆန်းလျန်မှာ ရော့ရှီလေးကို စောင့်ရှောက်နေခြင်း ဖြစ်လေသည်။ အခြားသူဆိုလျှင် ရော့ရှီမှ မည်မျှပင် ဉာဏ်ရည်ထက်မြက်သူ ဖြစ်ပါစေ မိမိအတွက် ဝန်ထုပ်ဝန်ပိုး အဖြစ်ခံပြီး စောင့်ရှောက်ပေးမည် မဟုတ်ပေ။

ဆန်းလျန်ကိုယ်ထဲတွင် ကိန်းအောင်းနေသည့် ကြောက်မက်ဖွယ်ရာ အစွမ်းတစ်မျိုးကို ကျောက်ရှောင်ယီ ခံစားမိလေသည်။ ထိုအစွမ်းမှာ သူမရှာဖွေနေသည့် အစွမ်းမျိုး ဖြစ်လေသည်။ အေးစက်ပြီး ရှေးကျသည့် စွမ်းအင်တစ်မျိုး ဖြစ်လေသည်။ ထို့ကြောင့်ပင် သူမက ဆန်းလျန်၏ ဆွဲဆောင်မှုကို ခံနေရခြင်း ဖြစ်လေသည်။ ဆန်းလျန်၏ စွမ်းအားကို သူ ထိန်းချုပ်ခြင်းငှာ မတတ်နိုင် ဖြစ်နေရသောကြောင့် ဖြစ်လေသည်။

မိုးနှင့်မြေတွင် စောင့်ထိန်းရမည့် ကျင့်ဝတ်များ ဆိုသည်က အမြဲတမ်း မပြောင်းမလဲ တည်ရှိသည့် တရားပင် ဖြစ်လေသည်။ တစ်ဦးတစ်ယောက်တည်းအတွက် ရွေးချယ်တည်ရှိခြင်း မဟုတ်သလို တစ်ဦး တစ်ယောက် အတွက်လည်း ခြွင်းချက်ရှိမည် မဟုတ်ပေ။

ဆန်းလျန်လည်း ထိုအချက်ကို နားလည်မည်ကို သူမသိပါသည်။ သို့သော် ဆန်းလျန်အနေဖြင့် အဘယ်ကြောင့် လူသားများအပေါ်တွင် အသုံးမဝင်သည့် ခံစားချက်များ ထားနေရသည်ကို သူမ နားမလည်နိုင်ပေ။

သူမ၏ ဂိုဏ်းတူအစ်မလည်း ထိုနည်းတူပင် ဖြစ်လေသည်။

ထိုသို့သော လူများနှင့် ကြုံတွေ့ရတိုင်း ထိုသို့သော ဖော်မပြနိုင်သည့် ခံစားချက်မျိုး ဖြစ်ရသည်ကို လည်း သူမ နားမလည်နိုင်ပါ။

ကျောက်ရှောင်ယွီမှာ ထိုအကြောင်းများကို တွေးနေမိလေသည်။ သူမ၏ စွမ်းအား အကာအရံကို ဆန်းလျန်၏ အကြည့်က ထိုးဖောက် ကြည့်နေလေသည်။ ဆန်းလျန်၏ မျက်ဝန်းထဲတွင် ကျောက်ရှောင်ယွီသည် သူမကိုယ်သူမ ပြန်မြင်နေရလေသည်။

ရေကန်ထဲတွင် သူတို့နှစ်ယောက်လုံး၏ ပုံရိပ်ကို မြင်တွေ့နေရလေသည်။

“ဒါပေမယ့် ဘုရင်မကြီးကတော့ မင်းနဲ့ မတူဘူး”

ဆန်းလျန် ဆက်ပြောလိုက်လေသည်။

“အိုး …”

ကျောက်ရှောင်ယွီ သူမ ခံစားချက်များကို ချက်ချင်း ထိန်းချုပ်လိုက်သည်။ သူမ၏ လှုပ်ရှားသွားသည့် စိတ်နှလုံးကို ချက်ချင်း တည်ငြိမ်အောင် ထိန်းလိုက်လေသည်။

“ကျွန်မနဲ့ ဘုရင်မကြီးက ဘာမတူတာလဲ”

“သူမ မျက်ဝန်းထဲကို ကြည့်လိုက်တော့ ကျုပ်မြင်မိတာက သူက အနိုင်အရှုံးကို ဂရုစိုက်တတ်တဲ့သူ မဟုတ်ဘူး။ သူက အခြားသူတွေ မလုပ်တဲ့ အလုပ်မျိုးကို လုပ်ခဲ့တာ။ သူ့ အရည်အချင်းကို တခြားသူ အသိအမှတ် ပြုတာကိုလည်း သူဂရုမစိုက်ဘူး။ သူက သူ့ဘဝမှာ သူလုပ်ချင်တာကို လုပ်တာ”

ဘုရင်မကြီးသာ ဆန်းလျန် စကားများကို ကြားပါက သူမကို တကယ်တမ်း နားလည်နိုင်သူ တစ်ယောက် တွေ့ပြီဟု ခံစားမိမည် ဖြစ်လေသည်။ ဆန်းလျန် ဘုရင်မကြီးရှေ့ ထုတ်မပြောခဲ့သည်မှာ စိတ်မကောင်းစရာပင်။

ကျောက်ရှောင်ယွီမှာ “လော်” ဝါဒ၏ “အစစ်အမှန် သုညတ္တတရား” ကျင့်စဉ်ကို တက်လှမ်းနိုင်ရန် ကျင့်ကြံနေသူ ဖြစ်သည့်အတွက် သူမတွင် “အတ္တ” မရှိပေ။ လူတစ်ယောက်တွင် “ငါ” ဆိုသည့် အစွဲသာ မရှိလျှင် “မရှိမှု” တစ်ခုသာ ဖြစ်သွားပေလိမ့်မည်။ လူတစ်ယောက်၏ “စစ်မှန်မှု” မှာ ပျောက်ဆုံးသွားမည် ဖြစ်လေသည်။

ဘုရင်မကြီးကတော့ “အတ္တရှိသူ” ဖြစ်လေသည်။ ထို့ကြောင့်ပင် တိုင်းပြည်ကို အပိုင်သိမ်းကာ ဘုရင်မအရာ ခံယူခဲ့ခြင်း ဖြစ်လေသည်။ သူမက အစဉ်အလာများ အားလုံးကို ချိုးဖောက်ခဲ့သူ ဖြစ်လေသည်။

သို့သော် သူမ၏လောဘက အဆုံးမသတ်နိုင်ပါ။ သူမအတွက် ဘဝ၏ အဓိပ္ပာယ်မှာ အဆုံးမရှိ ရှာဖွေနေမှုပင် ဖြစ်လေသည်။ ထို့ကြောင့် သူမဘဝတွင် ပျင်းရိငြီးငွေ့သည်ဟူ၍ မရှိခြင်း ဖြစ်လေသည်။

သူတို့နှစ်ယောက်လုံးကို ဆန်းလျန်က နားလည်နိုင်လေသည်။ အမှန်တော့ ထိုနှစ်ယောက်လုံး၏ စရိုက်လက္ခဏာများ သူ့တွင် ရှိနေသောကြောင့် ဖြစ်လေသည်။ သူက အေးအေးဆေးဆေး နေတတ်သူ ဖြစ်ပြီး အရာရာကို သိပ်ဂရုစိုက်တတ်သူ မဟုတ်ပေ။ သူက လွယ်လွယ်နှင့် စွန့်လွှတ်တတ်ပြီး မည်သည့် အခက်အခဲကိုမှလည်း ကြောက်တတ်သူ မဟုတ်ပေ။ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကို ကျင့်ကြံဖို့ ရွေးချယ်ခဲ့သည့် အချိန်မှစပြီး မဆုတ်မနစ်ဖြင့် ကြိုးစားခဲ့ပြီး စိန်ခေါ်မှုတိုင်းကို ရင်ဆိုင်ခဲ့သူ ဖြစ်လေသည်။

ဆန်းလျန်တွင် သူတို့နှစ်ယောက်လုံး၏ စရိုက်များ ရှိနေပြီး ထိုစရိုက်နှစ်ခုက အမြဲတမ်း အားပြိုင်နေကြလေသည်။

ထို့ကြောင့် ဆရာသခင် ကျန်းရော့ရွှီးက ….

“သူရင်ဆိုင်နေရသည့် အခက်အခဲတွေက သူ့ရဲ့ ကိုယ်တွင်းမှာပဲ ရှိတယ်”

ဟု ကူးချိုင်ဝေ့ကို ပြောခဲ့ခြင်း ဖြစ်လေသည်။ ဆရာသခင်၏ စကားမှာ လုံးဝ မှားယွင်းခြင်း မရှိပေ။

ဤအမျိုးသမီး နှစ်ယောက်နှင့် တွေ့ဆုံပြီးမှ ဆန်းလျန်မှာ ထိုသို့ နားလည်လာခြင်း ဖြစ်ပြီး ဆရာသခင်၏ စကားနှင့် ဆက်စပ်ကြည့်မိခြင်း ဖြစ်လေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset