ဘုံဆယ့်သုံးဆင့်ဘုရားစေတီမှာ လွန်စွာမှ မြင့်မားလွန်းလေသည်။ သို့သော် ဆန်းလျန်အတွက်ကတော့ မပြောပလောက်ပေ။
အသက်နှစ်ချက်မျှ ရှူလိုက်ပြီး ရော့ရှီကိုချီကာ တစ်ဆင့်ချင်း တက်သွားလိုက်လေသည်။
သူ၏ အသက်ရှူသံမှာ ရော့ရှီလေး၏ အသက်ရှူသံနှင့် ပေါင်းစည်းသွားလေသည်။ လူကြီးနှင့်ကလေး … သေချာသည့် ပမာဏတစ်ခုတွင် တစ်သားတည်း ကျသွားလေသည်။
စေတီထိပ်ပိုင်းတွင် နေရာမှာ တဖြည်းဖြည်း ကျဉ်းမြောင်း လာလေသည်။ ပြတင်းတံခါးများ အားလုံး ဖွင့်ထားလေသည်။ အပေါ်ဆုံးထပ်သို့ ရောက်သည်နှင့် အေးစက်သည့် အကြည့်တစ်စုံက ဆန်းလျန်ကို ဆီးကြိုနေလေသည်။
ဘုရင်မကြီးက နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ဦးခေါင်းထက်တွင် သရဖူကို ဆင်မြန်း ထားလေသည်။ သူမက မြောက်အရပ်သို့ မျက်နှာမူနေပြီး မဆုံးနိုင်သည့် တောင်တန်းနှင့် မြစ်ချောင်းများ၏ ပသာဒရှုခင်းကို သူမနောက်တွင် တွေ့မြင်ရလေသည်။
ရှန့်ကျီး ဝတ်ကျောင်းတော်မှာ အလွန်မြင့်မားသည့် တောင်ထိပ်တစ်ခုတွင် တည်ရှိခြင်း ဖြစ်လေသည်။ သူတို့ ရောက်ရှိနေသည့် ရှန့်ကျီး ဝတ်ကျောင်းတော်မှ စေတီမှာ တောင်ထိပ်၏ နောက်ထပ် ထိပ်ဖျားတစ်ခုပေါ်တွင် တည်ရှိခြင်း ဖြစ်လေသည်။ ထိုနေရာမှနေပြီး တိမ်များကိုပင် ထိတွေ့ ကိုင်တွယ်ကြည့်၍ ရနိုင်လေသည်။
“ဆန်းလျန် … မင်းက ဆန်းလျန်လား”
ဘုရင်မက မေးလိုက်လေသည်။
ဘုရင်မ၏အသံမှာ တရုတ်ဒဏ္ဍာရီထဲမှ “ပုကျိုးတောင်ဆီမှ အသံ” ကဲ့သို့ ဖြစ်လေသည်။ အေးစက်ပြီး ခက်ထန်လွန်းသည်။ နားထောင်မိသည့် သူတိုင်း ကြောက်ရွံ့သွားရမည် ဖြစ်လေသည်။
ဆန်းလျန်ကတော့ ကြောက်လန့်ခြင်း မရှိပါ။ သူက ဘုရင်မကို ပြန်လည်စိုက်ကြည့် လိုက်လေသည်။ သူ့အကြည့်က သမုဒ္ဒရာကဲ့သို့ ကျယ်ပြန့် ကြည်လင်ပြီး အရာအားလုံးကို သိမြင်နေသည့် အကြည့်မျိုး ဖြစ်လေသည်။ သူ၏အကြည့်က ဘုရင်မ၏ အေးစက်သော အကြည့်များကို ပြေလျော့သွားစေလေသည်။
“ဘုရင်မ သင်က ကျုပ်ကို ဆန်းလျန်မဟုတ်ဘူးလို့ ထင်နေလို့လား။ ဒါမှမဟုတ် တခြားဆန်းလျန် တစ်ယောက်ကို တွေ့ဖူးလို့လား”
ဆန်းလျန်က မေးလိုက်လေသည်။
သူက ရော့ရှီလေး၏ လက်ကို ကိုင်ထားလေသည်။ လေပြည်လေးက တိုက်ခတ်လာသည့် အတွက် သူ၏ ဆံနွယ်များမှာ လေထဲတွင် လွင့်ပျံနေလေသည်။ သူ့ကို ကြည့်ရသည်မှာ နတ်ဘုရားတစ်ပါး အလားပင်။ ရော့ရှီလေးကတော့ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဘုရင်မကြီးကို မော့ကြည့်နေလေသည်။ ဒဏ္ဍာရီထဲမှ ကြောက်စရာ ဘုရင်မကြီး တစ်ပါးကဲ့သို့ပင်။
“မင်းက ချင်ပြည်နယ်မြို့တော် ဆန်းအိမ်တော်က ဆန်းလျန်လား။ ဒါမှမဟုတ် ပင်လယ် တစ်ဖက်ဆီကို သွားပြီး တရားဖွေရှာနေတဲ့ ကျင့်ကြံသူ ဆန်းလျန်လား”
ဘုရင်မကြီး၏ အသံက ဖိအားပေးသည့် သဘောဖြင့် ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ ဆန်းလျန် ထိုကဲ့သို့ အခြားသူအပေါ် လွှမ်းမိုးနိုင်စွမ်းရှိသည့် စွမ်းအားမျိုးကို တွေ့ကြုံဖူးခဲ့ခြင်း မရှိပေ။
အချို့သူများမှာ တန်ခိုးစွမ်းအား အလွန်ကြီးမားကြသည့်တိုင် အခြားသူများကို လွှမ်းမိုးနိုင်စွမ်း မရှိကြပေ။ အချို့သူများကတော့ တန်ခိုးစွမ်းအား မရှိသည့်တိုင် မွေးရာပါ သြဇာအာဏာ လွှမ်းမိုးနိုင်စွမ်း ရှိကြလေသည်။
ရော့ရှီမှာ ကြောက်နေလေပြီ။ သူမက အာရုံခံစားလွယ်သူ ဖြစ်ပြီး သူ့ရှေ့မှ ဘုရင်မကြီးအား ကျားမကြီးဟု မြင်နေမိလေတော့သည်။ ကျားထက်ပင် ရက်စက်တတ်မည့်ပုံ ရလေသည်။
ထိုစွမ်းအားမှာ ခရမ်းရောင် အာဏာစက် စွမ်းအားဆိုသည်ကို ရော့ရှီက မသိရှိပါ။
ခရမ်းရောင် အာဏာစက် စွမ်းအားရှိသူတိုင်းမှာ မိုးကြိုးကဲ့သို့ ခက်ထန်ပြီး အရှိန်အဝါ ကြီးကြလေသည်။ နွေဦးလေပြည်လေးမှ ရုတ်တရက် မုန်တိုင်း ထန်လာသကဲ့သို့ပင် ဖြစ်လေသည်။
သို့သော် ထိုစွမ်းအားက ဆန်းလျန်ကိုတော့ မထိခိုက်ပါ။
“ဘုရင်မကြီးက ဘယ်တစ်ယောက် ဖြစ်စေချင်ပါသလဲ”
ဆန်းလျန်က တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်လေသည်။
ဘုရင်မထံမှ ထုတ်လွှတ်နေသည့် စွမ်းအားများမှာ ဆန်းလျန်သို့သာ ဦးတည်နေလေသည်။
“ချင်ပြည်နယ်မြို့တော်က ဆန်းအိမ်တော်တစ်ခုလုံးကို ခေါင်းဖြတ် ကွက်မျက်သင့်တယ်။ ဒါပေမယ့် မင်းကတော့ ပင်လယ်တစ်ဖက်ခြားဆီက နတ်မျိုးနွယ် ဖြစ်နေတဲ့အတွက် သက်ညှာတဲ့အနေနဲ့ မင်းအတွက် တာအိုကျောင်းတော်တစ်ခု ဆောက်လုပ်ပေးမယ်။ တာအိုဆရာတွေရဲ့ အမည်စာရင်းထဲမှာ မင်းရဲ့နာမည် ထည့်သွင်းပေးမယ်”
ဘုရင်မက ပြောလိုက်လေသည်။
သူမ၏ သဘောထားမှာ ရှင်းလင်းလေသည်။ ဆန်းလျန်ကို တာအိုကျောင်းတော် ဆောက်လုပ်ပေးပြီး အကျယ်ချုပ် သဘောဖြင့် ခြေချုပ်မိအောင် ရည်ရွယ်ခြင်းပင်။
ထိုစကားကို လက်မခံပါက ပထမစကားအတိုင်း ကွက်မျက်ခံရမည် ဖြစ်လေသည်။ ကွက်မျက်ခံရပါက သူ၏အသက်ရော လွတ်လပ်မှုပါ ဆုံးရှုံးပေလိမ့်မည်။ ထိုစကားကို လက်ခံပါက ဆန်းလျန် ဘဝတစ်ခုလုံး လွတ်လပ်မှုကို ဆုံးရှုံးရမည် ဖြစ်လေသည်။
သို့သော် … ဆန်းလျန်ကတော့ ရွေးချယ်မည် မဟုတ်ပါ။
“ဘုရင်မ ပြောနေတဲ့ ဆန်းလျန်နှစ်ယောက်စလုံးဟာ တကယ်တမ်းတော့ ကျုပ် တစ်ယောက်တည်းပါပဲ။ အစကတည်းက ဆန်းလျန်နှစ်ယောက် မရှိပါဘူး။ ကျုပ်တစ်ယောက်ပဲ ရှိတာပါ”
ဆန်းလျန် ပုံမှန်ပင် ပြန်ပြောလိုက်သည်။
သူ၏အကြည့်က ဘုရင်မထံ တစ်ချက် ဖြတ်သန်းသွားပြီး တိမ်ဖြူများဆီသို့ ရွေ့လျား သွားလေသည်။
“ဘုရင်မ သင်က သိပ်ရက်စက်တာပဲ”
ရုတ်တရက် ရော့ရှီလေးက ထပြောလိုက်လေသည်။
“ကောင်မလေး သေမှာ မကြောက်ဘူးလား။ မင်းကငါ့ကို အဲဒီလို ပြောရဲသလား”
ဘုရင်မက တစ်ချက်ရယ်မောရင်း ရော့ရှီကို စိုက်ကြည့်ကာ ပြောလိုက်လေသည်။
“ဘုရင်မ သင်က အမြဲတမ်း အသက်ရှင်နိုင်မှာလား။ ဒါမှမဟုတ် သမီးကို အမြဲတမ်း အသက်ရှင်အောင် လုပ်ပေးနိုင်သလား”
ရော့ရှီက ဘုရင်မကို သတ္တိရှိစွာ မော့ကြည့်ရင်း ပြောလိုက်လေသည်။
“ဒါပေါ့ …. ငါက အမြဲတမ်း အသက်မရှင်နိုင်ပါဘူး။ မင်းကိုလည်း အမြဲ အသက်ရှင်အောင် လုပ်မပေးနိုင်ပါဘူး”
ဘုရင်မက အံ့သြစွာဖြင့် ပြန်ပြောလိုက်လေသည်။
“ဒါဖြင့် သမီးတို့အားလုံး သေကြရမှာပဲ။ ဘာလို့သေမှာကို ကြောက်နေဦးမလဲ”
ရော့ရှီက ပြောလိုက်လေသည်။
“မင်းက ဒီလိုပြောမှတော့ ဆန်းတုမြို့တော်က အခြားလူတွေထက် ပိုပြီး “ကျောက်” မျိုးနွယ် တစ်ယောက် ဖြစ်ဖို့ ထိုက်တန်တဲ့သူပဲ။ ဒီလို ကလေးမလေးမျိုးတောင် နားလည်တဲ့ ကိစ္စမျိုးကို သူများတွေ ဘာလို့ နားမလည်ကြပါလိမ့်”
ဘုရင်မက ပြောလိုက်လေသည်။
သူမက သူမကို ဖားပြီး အကျိုးမျှော်ကိုး နေသူများကို သဘောမကျပေ။ သူမဖြစ်ချင်သည့် ဆန္ဒမှာ မရိုးဖြောင့်သော သူများ၏ ထောက်ခံမှုများကို မလိုလားခြင်း ဖြစ်လေသည်။
ဘုရင်မက ဆန်းလျန်၏ ဇာစ်မြစ်ကို သိနေသည့်အတွက် ရော့ရှီ၏ ဇာစ်မြစ်ကိုလည်း သိနေမည် ဖြစ်လေသည်။ သို့သော် ရော့ရှီ မည်သူမည်ဝါဆိုသည်က သူမကို စိတ်အနှောင့်အယှက် ဖြစ်စေပုံ မရပါ။
အမှန်တော့ ဤကိစ္စများ အားလုံးက သူမအတွက် ပြဿနာမရှိပါ။ သူမ လက်အောက်ငယ်သား တစ်ယောက်ကို ကွက်မျက်ခဲ့ပြီး ထိုလက်အောက်ငယ်သား၏ မြေးဖြစ်သူကို သူမ၏ နန်းတွင်း ရံရွှေတော်အဖြစ် လက်ခံထားခဲ့သည့် သာဓက ရှိလေသည်။
“ကလေးတွေက သေမှာ မကြောက်ကြဘူး။ ဘာလို့လဲဆိုတော့ ဒီလောကမှာ အသက် ရှင်သန်ရခြင်းရဲ့ တန်ဖိုးကို သူတို့ မသိကြသေးလို့ပဲ။ လူရယ်လို့ ဖြစ်လာရင် တစ်နေ့တော့ သေကြ ရမှာပါပဲ။ ဒါပေမယ့် မသေချင်ကြတဲ့ သူတွေက များပါတယ်။ ဘာလို့လဲဆိုရင် သူတို့လုပ်ချင်တဲ့ ကိစ္စလေးတွေ ရှိနေသေးတာဘဲ။ ဒါက လူ့သဘာဝပဲလေ”
ဆန်းလျန်က ပြောလိုက်လေသည်။
“အမှန်ပဲ ဒါ လူ့သဘာဝပဲ။ ဒါပေမယ့် ငါက လူသားဆိုတာထက် ကျော်လွန်နေတယ်။ ပြီးတော့ သာမန်ထက်ပိုတဲ့ အရာတွေလည်း ဖြစ်ချင်တယ်။ ဒါကြောင့် လူ့သဘာဝဆိုတဲ့ အရာတွေက ငါ့အပေါ် အကျိုး မသက်ရောက်ဘူး”
ဘုရင်မက ဆန်းလျန်ကို ခက်ထန်စူးစိုက်စွာ ကြည့်ပြီး ပြန်ပြောလိုက်လေသည်။
ဆန်းလျန်ကလည်း ဘုရင်မကို ပြန်စိုက်ကြည့်လိုက်လေသည်။ သူ၏ မျက်ဝန်းအစုံမှာ အစိမ်းရောင်များ တောက်ပနေလေသည်။
ထိုအစိမ်းရောင်များက တစ်ချက်လေးပင် ပျောက်ကွယ်သွားခြင်း မရှိပေ။
ဘုရင်မ၏ အကြည့်မှာလည်း နှင်းမုန်တိုင်း တိုက်သကဲ့သို့ ပြင်းထန်နေသည့်တိုင် ဆန်းလျန် မျက်ဝန်းထဲမှ အလင်းရောင်ကို ငြိမ်းသတ်နိုင်ခြင်း မရှိပေ။
ဒဏ္ဍာရီများ အဆိုအရ ကောင်းကင်အနက်ရောင် ပြောင်းသွားပြီး မြေပြင်က အဝါရောင် ပြောင်းသွားသည့်အခါ စကြာဝဠာတစ်ခုလုံး အမှောင်ကျသွားမည် ဖြစ်လေသည်။ ထိုသို့ စကြာဝဠာတစ်ခုလုံး အမှောင်ကျသွားပါက အတိတ်နှင့် အနာဂတ်ကို ဆက်သွယ်ဖြတ်သန်းသည့် မီးတောက်သုံးခုက လင်းလက်လာမည် ဖြစ်လေသည်။ ထိုမီးတောက်သုံးခုမှာ အချိန်နှင့် နေရာကို ကျော်လွန်ပြီး ထူးဆန်းစွာ အလင်းပေးမည် ဖြစ်လေသည်။
မီးတောက်တစ်ခုမှာ တာအိုဆရာသခင် ထိုက်စန့်၏ ပါ့ကျင်းနန်းတော်တွင် ရှိလေသည်။
နောက်ထပ် မီးတောက်တစ်ခုမှာ ယွမ်စီးထျန်းကျွမ်း၏ ယွိရွှီးနန်းတော်တွင် ရှိလေသည်။
နောက်တစ်ခုမှာ ဗောဓိဿကျ အလောင်းတော် နေထိုင်သည့် ဇာမဏီတောင်ထိပ်တွင် ရှိလေသည်။
အလင်းရောင်မှာ ရုပ်ဝတ္ထုပစ္စည်း ဖြစ်လေသည်။ သို့သော် အကောင်အထည် ပြ၍မရပေ။ မရှိမှုတစ်ခု ဖြစ်လေသည်။
ပညာရှိတစ်ယောက် မီးအိမ်ထွန်းသည်မှာ သူကိုယ်တိုင်အတွက်သာမက အခြားသူများကိုလည်း လမ်းပြပေးရန် ဖြစ်လေသည်။
ထို့အကြောင်းကြောင့်ပင် လောကတွင် ကျင့်ကြံသူများ အဆုံးမသတ်နိုင်အောင် ရှိနေကြခြင်း ဖြစ်လေသည်။
ဆန်းလျန်က သူနားလည်သမျှကို ချင်းရွှမ်နတ်တံခါးမှ ဂိုဏ်းတူ မောင်နှမများကို ကျောသားရင်သား မခွဲခြားဘဲ သင်ပြပေးသည်မှာ ထိုသဘောတရားကြောင့်ပင် ဖြစ်လေသည်။
ဆန်းလျန်မျက်ဝန်းမှ အလင်းရောင်မှာ ထိုမြင့်မြတ်သည့် မီးတောက်သုံးခုလောက် တောက်ပခြင်း မရှိပါ။ သို့သော် … ထိုမျက်ဝန်းထဲမှ အလင်းရောင်က ရှည်လျား မှောင်မိုက်နေသည့် ကျင့်စဉ်လမ်း တစ်ခုကိုတော့ လမ်းပြ ပေးနိုင်လောက်အောင် လင်းလက်လေသည်။
ဘုရင်မ၏ မျက်ဝန်းအတွင်းမှ အေးစက်ခက်ထန်မှုများ အရည်ပျော် သွားရလေသည်။ ကောင်းကင်ထက်မှ လေနုအေးလေး တိုက်ခတ်လာပြီး သူမ၏ ဆံနွယ်များကို ကျီစယ် ဆော့ကစားသွားလေပြီ။ အသက်အရွယ် ကြီးရင့်ပြီ ဖြစ်သည့်တိုင် သူမ၏ အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဖြူစင်ဝင်းပနေပြီး မိန်းမပျိုတစ်ယောက်ပမာ နုပျိုနေလေသည်။
“ဆောင်းတွင်းကာလ တောထဲမှာ ပွင့်လန်းနေတဲ့ မက်မွန်ပန်းတွေ … ကြုံတောင့်ကြုံခဲ ပွင့်နေကြတဲ့ မက်မွန်ပွင့်တွေနဲ့ ချယ်ရီပွင့်တွေဟာ မတူညီပါဘူး … ရုတ်တရက် ညကို ဖြတ်သန်းလာတဲ့ လေပြည်လေးနဲ့ မွှေးရနံ့လေးတွေ မျောပါလာတော့ … နွေဦးက ဖြည်းညင်းစွာ ဝင်ရောက် လာပါရောလား …”
“ဆန်းလျန် … မင်းက ကဗျာရေး တော်တယ်ဆိုတာ ငါသိတယ်။ ဒီနေ့ ငါ့အတွက် ကဗျာတစ်ပုဒ် ရေးပေးနိုင်မလား”
ဘုရင်မက သက်ပြင်း တစ်ချက်ချရင်း ပြောလိုက်လေသည်။
သူမ ဆန်းလျန်ကို ပြဿနာ မရှာတော့ပါ။ သူမက ဆန်းလျန်နှင့် တွေ့ခွင့်ရလျှင် လုံလောက်ပြီ ဖြစ်လေသည်။ သူမ၏ ရန်သူ အစစ်အမှန်များမှာ သူမကို သတ်ဖြတ်ရန် အဆင်သင့် ပုန်းအောင်း နေကြပြီ။
တိုက်ခိုက် သတ်ဖြတ်မှုများမှာ ဘယ်တော့မှ အဆုံးသတ်မည် မဟုတ်ပါ။
ဆန်းလျန်ကတော့ ထိုကဲ့သို့သောသူမျိုး မဟုတ်ပါ။
“ရေးပေးရမှာပေါ့ဗျာ”
ဆန်းလျန် ပြောလိုက်လေသည်။
ဆန်းလျန်မှာ ကဗျာဆရာတစ်ယောက် မဟုတ်ပါ။ သို့သော် … စာပေအနုပညာ ဆိုသည်က ကောင်းကင်ဘုံမှ မြတ်နိုးအပ်သော သူတို့ကိုသာ ပေးအပ်သည့် လက်ဆောင်မွန် ဖြစ်လေသည်။ သူက ကဗျာ မရေးတတ်သည့်တိုင် အခြားကဗျာများကို အတုခိုးပြီး ရေးသားတတ်လေသည်။
“ဘယ်နေရာမှာလဲ ရှန့်ကျီး ဝတ်ကျောင်းတော်ရယ် … တိမ်ရိပ်တွေကြား မိုင်ပေါင်းများစွာ ခရီးနှင်လည်း … လမ်းတိုင်းက သစ်ပင်ကြီးတွေနဲ့ကာဆီး … တောင်တန်းတစ်နေရာ … ဘယ်ဆီကများ
ခေါင်းလောင်းသံသဲ့သဲ့ ကြားရလေမလဲ …. စမ်းချောင်းလေးကို ကာဆီးထားတဲ့ … ကျောက်ဆောင်များ…
မှောင်မှိုင်းနေတဲ့ သစ်တောတွေက အေးစက် … ညနေဆည်းဆာ … ကွေ့ကောက်နေတဲ့ စမ်းနံဘေးမှာ …
အတွေးများ ဖြတ်တောက်ရင်း …. တရားဓမ္မ အစစ်အမှန်ကိုသာ ဖွေရှာချင်မိတယ် …”
ထိုကဗျာလေး၏အမည်မှာ “ရှန့်ကျီးဝတ်ကျောင်းတော်အား ဖြတ်သန်း၍” ဟူ၍ ဖြစ်လေသည်။
ဆန်းလျန်က ထိုကဗျာလေးကို စေတီကျောက်နံရံထက်တွင် လက်ဖြင့် ရေးသားပေးခဲ့ခြင်း ဖြစ်လေသည်။
လက်ရေးမူနှင့် ကဗျာမှာ အထိမ်းအမှတ်တစ်ခု ဖြစ်ခဲ့လေသည်။
ဆန်းလျန်နှင့် ရော့ရှီတို့ စေတီဆီမှ ပြန်ဆင်းလာခဲ့လေသည်။
ဘုရင်မက ကဗျာကိုခံစားရန်အတွက် စေတီထက်တွင် ကျန်ရစ်ခဲ့ခြင်း မရှိပါ။
နောင်ဖြစ်လာမည့် အရာများကိုသာ သူမ စောင့်ဆိုင်းနေလိုက် လေတော့သည်။
***