ကျောက်ရှောင်ယွီက ဆိုင်ပိုင်ရှင် အမျိုးသမီးကို နီးကပ်စွာ စိုက်ကြည့်နေလေသည်။ ကျိုးလင်၏ အသားအရေများမှာ ပိုးသားလေးကဲ့သို့ နူးညံ့ချောမွေ့ နေလေသည်။ သို့သော် အသားအရေမှာ အနည်းငယ် ပျော့တွဲနေလေပြီ။ သူမ၏ မျက်လုံး အစပ်များတွင်ပင် အရေးအကြောင်းလေးများ ထင်နေလေသည်။
“အစ်မ အိုနေပြီပဲ”
ကျောက်ရှောင်ယွီက သက်ပြင်းချရင်း ပြောလိုက်လေသည်။
ကျိုးလင်က ချက်ချင်းပင် သူမဦးခေါင်းထက်မှ ကျောက်စိမ်း ဆံထိုးလေးကို ဖြုတ်ပြီး ကျောက်ရှောင်ယွီထံသို့ ပစ်ပေါက် လိုက်လေသည်။ သူမ၏ အသားအရေမှာ ပျော့တွဲလာပြီ ဖြစ်သော်လည်း ကျောက်စိမ်းသားကဲ့သို့ ကြည်လင် လှပနေဆဲ ဖြစ်လေသည်။ ကျောက်စိမ်းသား ထက်ပင် သူမက ပိုမိုကြည်လင် လှပဦးမည် ဖြစ်လေသည်။
ကျောက်စိမ်းဆံထိုးလေးမှာ အရှိန်ပြင်းထန်ခြင်း မရှိပါ။ လျှပ်တစ်ပြက် လင်းလက် သွားခြင်းမျိုးလည်း မရှိပါ။ သို့သော် … ကျောက်ရှောင်ယွီမှာတော့ ကျယ်ပြောလှသည့် လောကကြီးထဲတွင် မည်သည့်နေရာသို့ ရှောင်ပြေး ပုန်းကွယ်ရမည်ကို မသိသကဲ့သို့ ခံစား လိုက်ရလေသည်။
အခန်းတွင်း၌ လေများ တိုက်ခတ်လာလေသည်။ သို့သော် … ရုတ်တရက်ပင် ပြန်လည် ငြိမ်သက်သွား ပြန်သည်။ တိမ်တိုက်များ ပေါ်ပေါက်လာပြီး ချက်ချင်းပင် ပျံ့လွင့် ပျောက်ကွယ်သွားပြန်လေသည်။ ထိုသို့ဖြစ်ရသည်မှာ ကျောက်ရှောင်ယွီ၏ မန္တန်ပညာက အလုပ် မဖြစ်သောကြောင့် မဟုတ်ပါ။ ကျောက်ရှောင်ယွီက မန္တန်ရွတ်သည်နှင့် ကျိုးလင်က ထိုမန္တန်ကို ချေဖျက် နေသောကြောင့် ဖြစ်လေသည်။
ဆိုင်ရှင် အမျိုးသမီးကျိုးလင် အသက်အရွယ် အိုမင်းလာရခြင်းမှာ “ဆုတ်ခေတ်” နှင့် ကြုံတွေ့ ရသောကြောင့် ဖြစ်လေသည်။ ထိုသို့သော ဆုတ်ခေတ်နှင့် ကြုံတွေ့ရသူများသည် မည်သူမျှ တရားအလင်း မရနိုင်ပေ။
ရခဲလှသော လူ့ဘဝတွင် “ဆုတ်ခေတ်” ၏ အဓိပ္ပာယ် အစစ်အမှန်ကို နောက်ဆုံးသူမ ရှာတွေ့ သွားခဲ့လေသည်။
ကျောက်စိမ်း ဆံထိုးလေးမှာ ကျောက်ရှောင်ယွီ၏ မျက်ခုံးနှစ်ခုကြားသို့ ထိမှန်သွားလေသည်။ သို့သော် … သွေးထွက်လာခြင်း မရှိဘဲ ကျောက်စိမ်းဆံထိုးလေးက အောက်သို့ ပြုတ်ကျ သွားလေသည်။
ကျိုးလင်က သူမ၏ ခန္ဓာကိုယ်ကို အနီရောင် ပိုးသားပဝါဖြင့် ပတ်လိုက်ပြီး ရေချိုးကန်ထဲမှ ထွက်လာလိုက်သည်။ သူမ၏ သေးသွယ်လှပသည့် ခြေထောက်လေးများကို တွေ့မြင်ရလေသည်။ ခြေထောက်မှ အသားအရေလေးများမှာ နူးညံ့ ချောမွေ့နေလေသည်။
ကျောက်ရှောင်ယွီ၏ မျက်ခုံးနှစ်ဖက်ကြားတွင် ကြာပန်းပုံသဏ္ဌာန် သင်္ကေတလေးက လင်းလက် တောက်ပနေလေသည်။ သူမက ရေနှင့်လသဏ္ဌာန် ကွမ်ရင်တန်ခိုးကို ထုတ်လွှတ်လိုက်ခြင်းဖြစ်ပြီး မြင့်မြတ် သန့်စင်စွာ လှပနေလေသည်။
“ဂိုဏ်းတူအစ်မ နောက်ဆုံးတော့ “မန္တန်အလင်း ချေဖျက်ခြင်းကျမ်း” အခြေခံအဆင့်ကို အောင်မြင်သွားပြီပေါ့။ ဂုဏ်ယူပါတယ် အစ်မ”
ကျောက်ရှောင်ယွီက ပြုံးရင်း ပြောလိုက်လေသည်။
“မန္တန်အလင်း ချေဖျက်ခြင်းကျမ်း” မှာ “လော်” ဝါဒ၏ လျို့ဝှက်ကျင့်စဉ် ကျမ်းတစ်ခု ဖြစ်လေသည်။ ထိုကျင့်စဉ်ကျမ်း အထွတ်ထိပ်သို့ ရောက်လျှင် မန္တန်အားလုံးကို ချေဖျက်နိုင်လေသည်။ မည်သည့် နတ်ဘုရားမဆို ထိုမန္တန် အလင်းချေဖျက်ခြင်း ကျမ်းအောင်မြင်ထားသူနှင့် တွေ့သွားပါက သူတို့ ကျင့်ကြံခဲ့သမျှ တန်ခိုးစွမ်းအားများ ပျက်စီးသွားပြီး အရာအားလုံး ဗလာနတ္ထိ ဖြစ်သွားမည် ဖြစ်လေသည်။
ကျိုးလင်မှာ ထိုမျှအထိ အဆင့် မြင့်မားခြင်း မရှိသေးပါ။ သူမက ယခုမှ အခြေခံအဆင့်ကို နားလည် သဘောပေါက်ရုံမျှသာ ရှိသေးသည်။ ဆုတ်ခေတ် ကြုံတွေ့သူ တစ်ယောက်က ကျင့်ကြံခြင်း ဖြစ်သဖြင့် အကျိုးဆက်အနေဖြင့် သူမမှာ တဖြည်းဖြည်း အိုမင်းလာရလေသည်။
“ဆုတ်ခေတ်” တွင် မည်သည့် နတ်ဘုရားမှ မပွင့်ပါ။ ဒုက္ခတရားကိုသာ ထပ်ခါတလဲလဲ ခံစားရမည် ဖြစ်ပြီး အဆုံးမရှိ သံသရာ လည်နေမည် ဖြစ်လေသည်။ ထို့နောက် အသက်ရှစ်ဆယ် ပြည့်သည့် အခါတွင် ကွယ်လွန်သွားရမည် ဖြစ်လေသည်။
“ငါက မန္တန်ကိုတောင် ရှင်းရှင်းလင်းလင်း မချေဖျက် နိုင်သေးဘူး။ မန္တန် မတည်ရှိမှုကို သိဖို့ဆိုတာ ဝေလာဝေးပဲ။ မင်းကတော့ “မန္တန်မရှိ သတိကင်းမဲ့” အဆင့်ကိုတောင် ကျော်လွန်နေပြီ။ ကြာပန်းကိုးပွင့် ကျင့်စဉ်ကျမ်းကို အောင်မြင်ဖို့အတွက် လက်တစ်ကမ်းပဲ လိုတော့တာပဲ”
ကျိုးလင်က ပြောလိုက်လေသည်။
ကျောက်ရှောင်ယွီက ကိုယ်ကို ကိုင်းလိုက်ပြီး ကျောက်စိမ်းဆံထိုးလေးကို ကောက်ယူ လိုက်သည်။ သူမက ကျောက်စိမ်းဆံထိုးလေးကို ပွတ်သပ်လိုက်ရင်း …
“ဒီဆံထိုးလေးကို အခုထိ သိမ်းထား သေးတာလား”
ဟု မေးလိုက်လေသည်။
“နင်က အမြဲတမ်း ငါနဲ့တိုက်ခိုက်ရတာ သဘောကျတယ်။ တိုက်ခိုက်တိုင်းလည်း ငါ့ကျောက်စိမ်း ဆံထိုးကို ချိုးပစ်တယ်။ ဆရာက အမြဲတမ်း ငါ့ကို အသစ်တစ်ခု ထပ်ပေးတယ်။ ဒါလေးက သာမန် ပစ္စည်းလေး ဆိုပေမဲ့ ငါအမြဲတမ်း သိမ်းထားတယ်”
ကျိုးလင်က ပြောလိုက်လေသည်။
သူမက ကျောက်ရှောင်ယွီလက်ထဲမှ ကျောက်စိမ်း ဆံထိုးလေးကို မြတ်မြတ်နိုးနိုး ကြည့်နေ လေသည်။
“ခုတော့ ငါတို့ ဘယ်လောက် တိုက်ခိုက်တိုက်ခိုက် ဆရာက ရောက်လာနိုင်မှာ မဟုတ်တော့ဘူး”
ကျောက်ရှောင်ယွီက တိုးလျစွာ ပြောလိုက်လေသည်။ သူမက အတိတ်ကို ပြန်ပြောင်း သတိ ရနေမိလေသည်။ တာအိုကျင့်စဉ် ဆိုသည်က လူတစ်ယောက် မရှိတော့သည့်တိုင် တမ်းတနေခြင်းကို ဆိုသလို လူတစ်ယောက် ရှိနေသည့်တိုင် ထိုသူနှင့် ပတ်သက်ပြီး ခံစားချက် မရှိခြင်းလည်း ဖြစ်နိုင်လေသည်။ ကျိုးလင်မှာ ထိုအချက် နှစ်ချက်ကို ကွဲပြားခြင်း မရှိပေ။
ကျောက်ရှောင်ယွီ ရောက်လာခြင်းမှာ အတိတ်ကို သတိရ၍ မဟုတ်သလို အနာဟောင်းကို လာစွဖို့လည်း မဟုတ်ကြောင်း ကျိုးလင် ကောင်းစွာသိလေသည်။ သူမ၏ ဂိုဏ်းတူညီမလေးသည် မည်မျှ ကြောက်စရာကောင်းသူ ဖြစ်ကြောင်းကို သူမသာလျှင် အသိဆုံး မဟုတ်ပါလား။
“နင်ဒီကို ဘာလာလုပ်တာလဲ”
“ငါ့ကို တစ်ခုလောက် ကူညီပါ။ လူတစ်ယောက်ကို သတ်ပေးပါ”
“ဘယ်သူ့ကိုလဲ”
“တာ့ကျိုးတိုင်းပြည် ဘုရင်မကြီးကို …”
“သူ့ကို ငါ သတ်နိုင်မယ် မထင်ဘူး”
“ကြိုးစား ကြည့်ပေးပါ အစ်မ။ တစ်ကြိမ်ပဲ ဖြစ်ဖြစ်ပေါ့။ နင်အကောင်းဆုံး လုပ်မယ်လို့ ငါမျှော်လင့်ပါတယ်”
“အေးပါ။ ငါကြိုးစားကြည့်ပါ့မယ်။ ဒါပေမဲ့ တစ်ခါပဲ ရမယ်နော်”
ဆိုင်ရှင်အမျိုးသမီး ကျိုးလင်က တွေးတွေးဆဆဖြင့် သဘော တူလိုက်လေသည်။
ကျောက်ရှောင်ယွီက ကျိုးလင် ကူညီမည်ဟု မျှော်လင့်ထားပြီး ဖြစ်သည့်အတွက် အထူးတလည် ခံစားရခြင်းမျိုး မရှိပါ။
***
ရှန့်ကျီးဘုရားကျောင်းမှာ ဆန်းတုမြို့တော် အပြင်ဘက်ရှိ တောင်တန်းများ ထက်တွင် တည်ရှိ လေသည်။ တောင်တန်းမှာ အဆုံးမရှိ ရှည်လျားပြီး တောင်ထိပ်မှာ မြင့်မားလွန်းသဖြင့် တိမ်များကြားတွင် ပျောက်ကွယ်နေလေသည်။
ဝတ်ကျောင်းတော်ကို တောင်ခြေမှ ကြည့်လျှင် မမြင်နိုင်ပါ။ တောင်ပေါ်သို့ တက်သည့် လမ်းလေးရှိပြီး တောင်ခါးပန်းတစ်လျှောက် ရှေးဟောင်းသစ်ပင်များ အစီအရီ ပေါက်နေကြသည်။ ငှက်လေးများ တကျွိကျွိ အော်သံနှင့် ပိုးမွှားများ အော်သံကို ဂီတသံသဖွယ် ကြားနေရသည်။
သိမ်မွေ့ဟန်ရှိပြီး ချောမောခန့်ညားသည့် လူငယ်တစ်ယောက်နှင့် မိန်းကလေးငယ်လေး တစ်ယောက်သည် တောက်တက်လမ်းအတိုင်း လမ်းလျှောက် လာကြသည်။
ကျောက်တုံးများကို ဖြတ်သန်းပြီး ကြည်လင်သည့် စမ်းချောင်းလေးက စီးဆင်းနေသည်။ သစ်တောအုပ်လေးများဆီ နေရောင်ခြည်က ဖြာကျနေလေသည်။ လွန်စွာမှ လှပသည့် ရှုမျှော်ခင်းပင် ဖြစ်သည်။
ထိုရှုမျှော်ခင်း အလှအပကို ခံစားနေသူမှာ ဘုရင်မကြီး ဖြစ်လေသည်။
ဘုရင်မကြီးမှာ ရှန့်ကျီး ဝတ်ကျောင်းတော်ကို လွန်စွာမှ သဘောကျလေသည်။ ထို့ကြောင့် မကြာခဏ လာရောက်လေ့ရှိသည်။
“ရှန့်ကျီးကျောင်းတော်ကို မြင်ယောင်မိတိုင်း … တောင်တန်းနှင့် စမ်းရေကြည်ကြောင့် ကြည်နူးရစမြဲ …”
ဟု ဘုရင်မကြီး ကိုယ်တိုင် စာလုံးအလှဖြင့် ဝတ်ကျောင်းတော်ကို တင်စားရေးဖွဲ့ ထားသေးသည်။
ဤမျှ အေးချမ်းပြီး သန့်စင်သည့်မြေသို့ သူမ မကြာခဏ လာရောက် လည်ပတ်လေ့ ရှိလေသည်။ လူအများနှင့် ဝေးကွာရာ … သဘာဝတရားအတိုင်း တန်ဖိုးရှိသည့် နေရာတစ်ခု ဖြစ်လေသည်။
“ရှန့်ကျီးကျောင်းတော်ကို မြင်ယောင်မိတိုင်း … တောင်တန်းနှင့် စမ်းရေကြည်ကြောင့် ကြည်နူးရစမြဲ …”
ထိုစာပိုဒ်လေးကို ကျောက်စာတိုင် တစ်ချပ်ပေါ်တွင် ရေးထိုးထားခြင်း ဖြစ်လေသည်။ ဆန်းလျန်နှင့် ရော့ရှီလေးက ထိုစာပိုဒ်လေးကို ဖတ်ကြည့်လိုက်ကြသည်။
ကျောက်စာတိုင်မှာ ပေနှစ်ဆယ်ခန့် အမြင့်ရှိပြီး ကျောက်စိမ်းရောင် တောက်ပနေလေသည်။ တန်ဖိုးကြီးသည့် ကျောက်စိမ်းရတနာ ဖြစ်နိုင်လေသည်။ သို့သော် … ဤနေရာတွင်တော့ မည်မျှပင် တန်ဖိုးကြီးပါစေ ကျောက်စာတိုင် တစ်ချပ်မျှသာ ဖြစ်လေသည်။
ထိုကျောက်စာတိုင်၏ နောက်တွင် မြင့်မားသည့် ဘုံကျောင်းတစ်ခုကို တွေ့မြင်နိုင်သည်။ ထိုဘုံကျောင်းမှာ ဆယ့်သုံးထပ်ရှိပြီး ထိုနေရာသို့ ရောက်ရန်အတွင် ခြေလှမ်း နှစ်ရာကျော်ခန့် သွားရဦးမည် ဖြစ်လေသည်။
ဆယ့်သုံးထပ်ရှိသည့် ဘုံကျောင်းမှာ အလွန်မြင့်မားပြီး ဘုရားစေတီအဖြစ် လူသိ များကြလေသည်။ ဒဏ္ဍာရီများအရ ဘုရားစေတီ ဆိုသည်မှာ အရေးပါသည့် မှော်အင်းချပ်ဖြင့် စီရင်ထားခြင်း ဖြစ်သည့်အတွက် ဖူးမျှော်ရပါက အန္တရာယ်ခပ်သိမ်းမှ ကင်းငြိမ်းသည်ဟု အဆို ရှိလေသည်။ ဘုံခုနစ်ဆင့် စေတီတည်လျှင်ပင် ကုသိုလ်များစွာ ရရှိသည်ဟု အဆိုရှိကြလေရာ ဘုံဆယ့်သုံးဆင့် စေတီ တည်ထားသူမှာတော့ ပြောစရာပင် မလိုတော့ပေ။
သို့သော် … ဘုရင်မကြီးက ကြွယ်ဝချမ်းသာသူ တစ်ဦး ဖြစ်လေသည်။ သူမစကား တစ်ခွန်းဖြင့် တောင်ကိုလည်း ဖြိုနိုင်သလို ကန်ကိုလည်း ရေပြည့် စေနိုင်လေသည်။ ဘုံးဆယ့်သုံးဆယ့် စေတီတည်ထား ကိုးကွယ်သည်မှာ သူမအတွက်တော့ အသေးအမွှား ကိစ္စမျှပင် ဖြစ်လေသည်။
မြေညီထပ်တွင် ကူဟွေ့ဆရာတော်က စောင့်နေပြီး သူ့မျက်နှာက တည်ကြည်လေးနက် နေလေသည်။ ရော့ရှီလေးက ခေါင်းကို မော့လိုက်ပြီး သူမ၏ မျက်ဝန်း လှလှလေးများဖြင့် ဘုံဆယ်သုံးဆင့် စေတီကို ကြည့်လိုက်လေသည်။
ဆန်းလျန်ကတော့ ဆယ့်သုံးဆင့်မှ သူတို့ကို စိုက်ကြည့်နေသည့် အကြည့်တစ်ခုကို ခံစား မိလေသည်။
ဆန်းလျန်မှာ နတ်ဆိုးတစ်ကောင် မဟုတ်သလို ဆယ့်သုံးဆင့်မှ လူကလည်း နတ်ဘုရားတစ်ပါး မဟုတ်ပေ။
သူတို့နှစ်ယောက်လုံးမှာ လူသားများသာ ဖြစ်ကြလေသည်။ ဤလောကတွင် ရုန်းကန် နေကြရသည့် လူသားများသာ ဖြစ်လေသည်။
“ဘုရင်မစောင့်နေပါတယ်”
ကူဟွေ့ ဆရာတော်က ဆန်းလျန်ကို အပြုံးဖြင့် ဆီးကြိုရင်း ပြောလိုက်သည်။
ဆန်းလျန်က ခေါင်းတစ်ချက် ညိတ်ပြလိုက်ရင်း ရော့ရှီလေးကို ခေါ်ကာ ဆက်သွားရန် ပြင်လိုက်သည်။
ကူဟွေ့ဆရာတော်က ဆန်းလျန်ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ တားဆီးလိုက်သည်။
“ဒီကလေးမလေးကို ကျုပ်ကြည့် ထားပေးမယ်လေ။ မင်း စိတ်ပူစရာ မလိုတော့ဘူးပေါ့”
ကူဟွေ့ ဆရာတော်က ပြောလိုက်သည်။
အကယ်၍ ဘုရင်မကြီးနှင့် ဆန်းလျန်သာ တိုက်ခိုက်ကြလျှင် ရော့ရှီလေးက ဆန်းလျန်အတွက် အနှောင့်အယှက်ဖြစ်မည် စိုးသောကြောင့် ဆရာတော်က ထိုသို့ ပြောလိုက်ခြင်း ဖြစ်လေသည်။
“သမီး … ဆရာတော်နဲ့ ခဏလောက် နေခဲ့မလား”
ဆန်းလျန်က ရော့ရှီကို မေးလိုက်သည်။
“ဟင့်အင်း”
ရော့ရှီက ပြန်ဖြေလိုက်လေသည်။
သူမက ဒေါင်းတစ်ကောင်အလား ဝင့်ကြွားစွာဖြင့် ဆန်းလျန်ကို မော့ကြည့်လိုက်သည်။ လှပပြီး ချစ်စရာကောင်းသည့် ကလေးမလေးပင်။
“ဒါဖြင့်လည်း ဘုရင်မကို အတူတူ သွားတွေ့ ကြတာပေါ့”
ဆန်းလျန် ပြုံးရင်း ပြောလိုက်လေသည်။
ဆန်းလျန်က ရော့ရှီကို ပွေ့ချီလိုက်ပြီး လေအဟုန်ဖြင့် ဘုံဆယ့်သုံးဆင့်သို့ တက်ရောက် သွားလေတော့သည်။ ထိုလေအဟုန်ကြောင့် ကူဟွေ့ ဆရာတော်ပင်လျှင် အဝေးသို့ အနည်းငယ် လွင့်စဉ် သွားရလေသည်။
“ကိုကို … သမီးတို့ ဘုရင်မကြီးနဲ့ တွေ့ရမှာလား”
ဘုံကျောင်းထဲသို့ ဝင်လိုက်သည်နှင့် ရော့ရှီလေးက မေးလိုက်သည်။
“အမှန်ပဲ။ သမီးကို ပြောပြ ပြီးသွားပြီလေ”
“သမီးရဲ့ ဦးလေးတွေ အဒေါ်တွေက ပြောကြတာ ဘုရင်မကြီးက လူတွေအများကြီး သတ်တယ်တဲ့။ သူ့ကို လူထပ်မသတ်ဖို့ သမီးတို့ ပြောကြရအောင်နော်”
ရော့ရှီလေးက ဆန်းလျန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
ရော့ရှီသည် အသက်တစ်ချောင်း၏ တန်ဖိုးကို နားလည်စ ပြုလာပြီ ဖြစ်သည်။ လူသတ်သည်မှာ ကောင်းသည့်အလုပ် မဟုတ်ကြောင်းလည်း သူမ နားလည်နေပြီ။
***