Switch Mode

အခန်း (၁၁၅)

အညစ်အကြေးတွေကို သန့်စင်ပေးတယ်

ပိုင်ရှောက်လျို တည်းခိုရိပ်သာသို့ ပြန်လာခဲ့လေသည်။ အန်းဖင် တူးမြောင်းမှာ တည်းခိုရိပ်သာ ဘေးတွင် တည်ရှိလေသည်။ ရေများက သဘာဝအတိုင်း တသွင်သွင် စီးဆင်းနေလေသည်။

သူက အန်းဖင်တူးမြောင်းဘေးတွင် ခုံတစ်လုံးချကာ ထိုင်လိုက်ပြီး မြစ်ရေများ စီးဆင်းနေသည်ကို စိုက်ကြည့် နေလေတော့သည်။

ဖူမန်လော် တည်းခိုရိပ်သာပိုင်ရှင် ကျိုးလင်မှာ “ဒီကောင်လေး ဘာများ အရူးထသလဲ” ဟု တွေးနေမိလေသည်။ ပိုင်ရှောက်လျိုမှာ နေ့တစ်ဝက်ခန့် ရေပြင်ကို မလှုပ်မယှက် စူးစိုက် ကြည့်နေလေသည်။ တဖြည်းဖြည်း သူ့ပုံမှာ ပင်ပန်း နွမ်းနယ်သည့်ပုံပင် ပေါက်လာလေပြီ။

နေမှာ ခြစ်ခြစ်တောက် ပူနေသည့်တိုင် ပိုင်ရှောက်လျိုမှာ ရေပြင်ကို မလှုပ်မယှက် စိုက်ကြည့် နေဆဲပင်။

အန်းဖင်တူးမြောင်းမှ ရေများ … ထိုရေများက လျင်မြန်စွာ စီးဆင်းနေခြင်း မရှိပါ။ သို့သော် … ကြည်လင်နေလေသည်။ နေရောင်အောက်တွင် ရေပြင်မှာ တစ်လက်လက် တောက်ပနေလေသည်။ ထိုရေများကို မျက်တောင် တစ်ချက်မခတ် စူးစိုက် ကြည့်နေရသည်မှာ အင်မတန်မှ ခက်ခဲသည့် အလုပ်ပင် ဖြစ်လေသည်။ ပိုင်ရှောက်လျို၏ မျက်လုံးများ ကျိန်းစပ်နေပြီ ဖြစ်သည်။ သို့သော် … သူက မျက်လုံးကို မှိတ်လိုက်ခြင်း မရှိပါ။ ရေပြင်ကို ဆက်လက် စိုက်ကြည့်နေဆဲ ဖြစ်လေသည်။

ပိုင်ရှောက်လျိုတစ်ယောက် ညနေခင်း ရောက်သည်အထိ ရေပြင်ကို စိုက်ကြည့်နေဆဲပင်။ နေဝင်ဆည်းဆာတွင် မြစ်ရေမှာ ပုဇွန်ဆီရောင် သန်းနေပြီး ပန်းတစ်ပွင့်အလား လှပလွန်းလေသည်။

ကျိုးလင် မနေနိုင်တော့ပေ။ သူမက ပိုင်ရှောက်လျိုအနားသို့ လျှောက်လာပြီး …

“ဟဲ့ … နင် ဘာတွေ လုပ်နေတာလဲဟင်”

ဟု မေးလိုက်လေသည်။

ပိုင်ရှောက်လျိုက သူမကို အဖက်ပင် မလုပ်ပါ။ ရေများထံမှ အကြည့်ကို တစ်ချက်မှမလွဲ စိုက်ကြည့်နေမြဲ ဖြစ်လေသည်။

ကျိုးလင်မှာ ပိုင်ရှောက်လျိုအား အမြင်ကတ်လာပြီး ဆောင့်ကန် လိုက်လေတော့သည်။

ထိုအခါမှ ပိုင်ရှောက်လျိုက ဆိုင်ပိုင်ရှင် အမျိုးသမီးကို မော့ကြည့်လိုက်ပြီး …

“ရေတွေ စီးဆင်းနေတာကို ဘယ်လိုမြင်လဲ”

ဟု မေးလိုက်လေတော့သည်။

ဒီလောက်တုံးသည့် မေးခွန်းကို မေးရကောင်းလားဟု ကျိုးလင်မှာ အံ့အား သင့်သွားရလေသည်။

“ရေဆိုတာ သဘာဝအတိုင်း မြင့်ရာကနေ နိမ့်ရာကို စီးတာပေါ့ဟဲ့။ ရေကို ဆန်တက်သွားရင် ရေဆန်၊ ရေစီးအတိုင်း လိုက်သွားရင် ရေစုန်၊ ဒါတောင် မသိဘူးလား”

ဟု ပြန်ပြောလိုက်လေသည်။

ပိုင်ရှောက်လျိုက မျက်ခုံးကို တစ်ချက်ပင့်လိုက်ရင်း …

“အဲဒီလောက် လွယ်တယ်လား”

ဟု ရေရွတ်လိုက်လေသည်။

ဆိုင်ပိုင်ရှင် အမျိုးသမီးက ခါးထောက်လိုက်ပြီး …

“ဒီလို သောက်ရူး အတွေးတွေ ဘာလို့ တွေးနေသလဲ။ အမြန် အလုပ်လာလုပ်စမ်း”

ဟု ပြောလိုက်လေသည်။

ပိုင်ရှောက်လျိုမှာ ဆိုင်ရှင် အမျိုးသမီးကို ဖုံးကွယ်ထားစရာ အကြောင်း မရှိပါ။ ဆန်းလျန် ကဲ့သို့ပင် သူမကလည်း သူ့အသက်ကို ကယ်ခဲ့သူ ဖြစ်သည့်အတွက် အသက်ကြွေး တင်နေရသူ ဖြစ်လေသည်။

“ဆန်းသခင်လေးက ရေတွေဘာလို့ စီးဆင်းနေလဲလို့ မေးလိုက်လို့ ကျွန်တော် စဉ်းစားနေတာပါ”

ဟု ပြောလိုက်လေသည်။

“ဘယ်က ဆန်းသခင်လေးလဲ”

ကျိုးလင်က မေးလိုက်လေသည်။

“ရှင်သန်ခြင်း မရဏ ဆေးခန်းက ဆန်းသခင်လေးလေ”

“အဲဒီလူက နင့်ကို ဒီမေးခွန်း မေးတယ်ပေါ့။ ဒါဖြင့် အမြန်သွားပြီး ငါပြောတဲ့ အဖြေကို ပြောပြ လိုက်တော့လေ”

ဟု ပြောလိုက်လေသည်။

သူမကို ကြည့်ရသည်မှာ ရယ်ချင်စိတ်ကို မြိုသိပ် ထားရသည့်ပုံ ပေါက်နေလေသည်။

အဖြေမှာ ထိုမျှ ရိုးရှင်းမည်မဟုတ်ဟု ပိုင်ရှောက်လျို တွေးနေမိလေသည်။ သို့သော်. .. ဆိုင်ရှင် အမျိုးသမီးထံမှ စွမ်းအားတစ်ခုက သူ့အပေါ် ဖုံးလွှမ်းသွားသလို ခံစားလိုက်ရလေသည်။ ထို စွမ်းအားကြောင့်ပင် သူမ၏စကားကို အလိုလို လိုက်နာမိလျက်သား ဖြစ်သွားလေတော့သည်။

“ရှင်သန်ခြင်း မရဏ” ဆေးခန်း…

ဆန်းလျန်မှာ ရော့ရှီဘေးတွင် ထိုင်ရင်း သူမ စာရေးလေ့ကျင့်သည်ကို ကြည့်နေလေသည်။

သူမ ရေးနေသည့် “ယုန့်” ဆိုသည့် စာလုံးမှာ ဆန်းလျန်လက်ရေးနှင့် တစ်ပုံတည်း တူနေပြီ ဖြစ်သည်။ သို့သော် စာရေးဟန်မည်မျှပင် တူနေစေကာမူ သေသေချာချာ ကြည့်မည် ဆိုလျှင်တာ့ မတူညီသည့် အချက် အနည်းငယ်ကို တွေ့မြင် နိုင်လေသည်။

ဆန်းလျန်ရေးသည့် “ယုန့်” ဆိုသည့် စာလုံးက သက်ဝင် လှုပ်ရှားနေပြီး ရော့ရှီ ရေးသည့် “ယုန့်” ဆိုသည့် စာလုံးက အသက် မပါလှပေ။

ပိုင်ရှောက်လျိုက ရော့ရှီ စာရေးနေသည်ကို ငေးကြည့်နေရင်း ဆိုင်ရှင် အမျိုးသမီး၏ စကားများကို ပြန်စဉ်းစားနေမိသည်။

ဆန်းလျန်က ပိုင်ရှောက်လျို၏ စကားများကို စိတ်ရှည်ရှည်ဖြင့် ဆုံးအောင် နားထောင်ပြီးမှ …

“မင်းပြောတာ ရေက နိမ့်ရာကနေ မြင့်ရာကို စီးဆင်းတယ်။ ဒါကြောင့် ရေတွေ စီးဆင်း နေရတယ်ပေါ့။ ဒါဖြင့် ရေက နိမ့်ရာကနေ မြင့်ရာကိုတော့ ဘာလို့ ဆန်တက်ပြီး မစီးဆင်း နိုင်ရတာလဲ”

ပိုင်ရှောက်လျိုမှာ ငြိမ်သက်သွားရပြန်သည်။ ထိုမေးခွန်း၏ အဖြေက ရိုးရိုးလေးပင် ဖြစ်လေသည်။ သို့သော် တကယ်တမ်း အဖြေပေးရမည် ဆိုတော့ ခက်ခဲလျက် ရှိပြန်လေသည်။

ဆန်းလျန်၏ နောက်ထပ် မေးခွန်းတစ်ခုကို စဉ်းစားရန် ပိုင်ရှောက်လျိုကို ပြန်လွှတ် လိုက်လေသည်။

“ဒီကောင်လေး အဖြေကို မြန်မြန်ရှာတွေ့အောင် ခေါင်းကို ပန်းသီးနဲ့ ခပ်နာနာလေး ထုလိုက်မှ ထင်တယ်”

ဟု ဆန်းလျန် တွေးလိုက်မိသည်။

“ရေက နိမ့်ရာကနေ မြင့်ရာကို စီးဆင်းတယ်” ဆိုသည့် အဖြေမှာ ဆန်းလျန်လိုချင်သည့် အဖြေမဟုတ်ပါ။ အဖြေမှာ ရိုးရှင်းလွန်းလေသည်။ သို့သော် ပိုင်ရှောက်လျို၏ ခေါင်းမာမှုနှင့် လိုက်လျောညီထွေ မရှိမှုတို့ကြောင့် ခက်ခဲနေရခြင်း ဖြစ်လေသည်။ ထို အခက်အခဲကို ကျော်လွန်နိုင်မှ စမ်းရေဓားသိုင်းကို အောင်မြင်အောင် လေ့ကျင့်နိုင်မည် ဖြစ်လေသည်။

ရော့ရှီက …

“ကိုကို ဘာလို့ အဲဒီမေးခွန်း သူ့ကို မေးလိုက်လဲဆိုတာ သမီး နားလည်တယ်။ ပြီးတော့ အဲဒီ မေးခွန်းက စမ်းရေဓားသိုင်းနဲ့ ပတ်သက်နေတယ် မဟုတ်လား”

ဟု ပြောလိုက်လေသည်။

ဆန်းလျန်က ပြုံးရင်း သူမခေါင်းလေးကို ပွတ်သပ်လိုက်သည်။

“သမီးက ဘာကိုသိတာလဲ”

“ရေစီးဆင်းတယ်ဆိုတာ ရေစီးဆင်းတာပဲလေ။ စီးဆင်းနေလို့ကို စမ်းရေလို့ ခေါ်တာပေါ့။ စမ်းချောင်းထဲက စမ်းရေဟာ ဘယ်တော့မှ စီးဆင်းတာ ရပ်တန့်မသွားဘူး။ စမ်းရေဓားသိုင်းကလည်း ဒီသဘောပဲ။ စမ်းရေ စီးဆင်းသလို ဓားသိုင်းကို ဖော်ထုတ်နိုင်ရင် အဲဒါ စမ်းရေဓားသိုင်းပဲပေါ့”

ရော့ရှီက ပြန်ဖြေလိုက်လေသည်။

စီးဆင်းနေသည့် ရေ၏စွမ်းအားမှာ အံ့သြစရာ ကောင်းလေသည်။ တာတမံများ ခံထားလျှင် တောင်မှ ခဏတာသာ တန့်ထားနိုင်ပြီး အချိန်တန်လျှင် အတားအဆီးများ အားလုံးကို တိုက်စားသွားမည် ဖြစ်လေသည်။

ဆန်းလျန်က သက်ပြင်းချရင်း ပြောလိုက်သည်။

“သမီးက သိပ်ဉာဏ် ကောင်းတာပဲကိုး …”

ကလေးတစ်ယောက် ဤသို့ နားလည်ဖို့ ဆိုသည်မှာ ရှားမှရှားပင် ဖြစ်လေသည်။ ရော့ရှီလေး ထိုသို့ နားလည်နိုင်စွမ်း ရှိနေခြင်းမှာ အကောင်းလား၊ အဆိုးလား ဆိုသည်ကို ဆန်းလျန် မခန့်မှန်းနိုင်ပါ။

ဆန်းလျန်ပင် သူမ အရွယ်တုန်းက ရွှံ့တောထဲတွင် ဆော့ကောင်းဆဲ ဖြစ်လေသည်။

ရော့ရှီ ယခုကဲ့သို့ ဉာဏ်ရည် ထက်မြက်သည်မှာ ဆန်းလျန်၏ သင်ကြားပေးမှု များကြောင့်လည်း ဖြစ်လေသည်။ သို့သော် … သူမ၏ ပင်ကိုယ် အရည်အသွေး ထက်မြက်မှုနှင့်လည်း ဆိုင်လေသည်။

“အရွယ်မတိုင်ခင် သိမြင်မှု လွန်ကဲခြင်းက ပျက်စီးစေတတ်သည်” ဟု ဆန်းလျန် တွေးနေမိသည်။

ဆန်းလျန်၏ သက်ပြင်းချသံ နောက်ကွယ်မှ အဓိပ္ပာယ်ကို ရော့ရှီလေး နားမလည်ပါ။ သို့သော် သူမကြောင့် ဆန်းလျန် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်ဟု ထင်နေမိ ရှာလေသည်။

ပိုင်ရှောက်လျိုမှာ ကျိုးလင်ပိုင်ဆိုင်သည့် ဖူမန်လော် တည်းခိုရိပ်သာသို့ ပြန်လာလေသည်။

ဆိုင်ရှင်အမျိုးသမီးမှာ ဆန်းလျန်ဆီမှ အဖြေကို သိချင်နေလေသည်။ ပိုင်ရှောက်လျိုမှာ ဆိုင်ပိုင်ရှင် အမျိုးသမီးက ထိုကိစ္စကို စိတ်ဝင်စားနေသည့်အတွက် အံ့သြနေမိလေသည်။ သူမက များသောအားဖြင့် ပိုက်ဆံကိုသာ စိတ်ဝင်စားသည့်သူ ဖြစ်လေသည်။

ဆိုင်ပိုင်ရှင်မှာ ဆန်းလျန်ကိုများ ကြိုက်နေလေသလား။ ဆန်းလျန်မှာ အလွန်မှ ငယ်ရွယ် သေးသည့်ပုံ ရလေသည်။ သို့သော် … အဆင့်မြင့် သိုင်းသမားများမှာ ငယ်ရွယ်နုပျိုမှုကို ထိန်းထား နိုင်သည်ဟု သူကြားဖူးလေသည်။ ထို့ကြောင့် ဆန်းလျန်၏ အသက်မှာ ငါးဆယ်လည်း ဖြစ်နိုင်သည်ဟု ပိုင်ရှောက်လျို တွေးနေမိသည်။

ဆိုင်ပိုင်ရှင် အမျိုးသမီးမှာ လှပနေသေးသည့်တိုင် မိန်းကလေး ဆိုသည်က အသက် ကြီးလာသည်နှင့်အမျှ အကျမြန်လေသည်။ ထို့ပြင် ဆန်းလျန်မှာလည်း သာမန် လူတစ်ယောက် မဟုတ်ပါ။

ဆိုင်ပိုင်ရှင် အမျိုးသမီးက သူမ၏ ဆွဲဆောင်မှုရှိသည့် အနီရောင် နှုတ်ခမ်းများကို ခပ်တင်းတင်း စေ့လိုက်သည်။ သူမ မျက်လုံးများတွင် သံသယရိပ်များ ထင်ဟပ်နေလေသည်။ သူမက ပိုင်ရှောက်လျိုကို တစ်ချက် ကြည့်လိုက်ပြီး …

“သူက မင်းကို စဉ်းစားခိုင်းမှတော့ ဆက်စဉ်းစားလိုက်ပေါ့။ မင်း ဘယ်လိုမှ အဖြေရှာ မရဘူးဆိုလည်း သူ့ဆီ ထပ်သွား တွေ့လိုက်ပေါ့”

ဟု ပြောလိုက်လေသည်။

ပိုင်ရှောက်လျိုက ခေါင်းညိတ်လိုက်သည်။

သူမက ဆက်ပြောသည်။

“ပန်းကန်တွေဆေးဖို့ မမေ့နဲ့ဦး။ ငါတော့ ရေချိုးပြီး အိပ်တော့မယ်။ ဒီလို ရာသီဥတုမျိုးကို ငါမုန်းလိုက်တာ”

သူမ၏စကားကို ကြားလိုက်ရပြီး သူ့ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာလေသည်။ သူမ ချွေးထွက်သည်ကို ပိုင်ရှောက်လျို တစ်ခါမှ မတွေဖူးပေ။ ဤနေရာမှာ ရေနှင့်နီးသောကြောင့် ပူပြင်းလှခြင်း မရှိသည့်တိုင် သာမန်လူဆိုလျှင်တော့ ချွေးထွက်ရမည် ဖြစ်လေသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် သူမမှာလည်း သာမန် လူတစ်ယောက် မဖြစ်နိုင်ပေ။

လူတိုင်းတွင် လျို့ဝှက်ချက် ကိုယ်စီ ရှိကြသည်ပဲ ဖြစ်လေသည်။ သူမက သူ့အကြောင်းကို စပ်စု မေးမြန်းခြင်းမျိုး မရှိပါ။ ထို့ကြောင့်ပင် သူက သူမကို လေးစားခြင်းဖြစ်ပြီး သူမ၏ အကြောင်းများကိုလည်း မစပ်စုဘဲ နေခဲ့ခြင်း ဖြစ်လေသည်။ ထို့ပြင် သူစဉ်းစားမိသည်မှာ သာမန်လူ တစ်ယောက်က သွေးအိုင်ထဲ လဲနေသည့် လူတစ်ယောက်ကို ကယ်တင်ပြီး ဆေးကုပေးရဲမည် မဟုတ်ပေ။ မည်မျှပင် ကြင်နာတတ်သူ တစ်ယောက် ဖြစ်ပါစေ ကိုယ်အမှုပတ်မည့် ကိစ္စမျိုးတော့ လုပ်ရဲမည် မဟုတ်ပေ။

ဆိုင်ပိုင်ရှင် အမျိုးသမီးမှာ ရေချိုးရသည်ကို နှစ်သက်လေသည်။ ရေနွေးထဲတွင် စိမ်ပြီး ရေချိုး ရသည်ကို သူမ အနှစ်သက်ဆုံး ဖြစ်လေသည်။

“လူတွေက ရေကို ညစ်ပတ်အောင် လုပ်ကြတယ်။ ဒါပေမဲ့ ရေကတော့ လူတွေကို ညစ်ပေအောင် ပြန်မလုပ်ပါဘူး။ ရေက သွားလေရာရာမှာ အညစ်အကြေးတွေကို သန့်စင်ပေးတယ်”

ထိုစာပိုဒ်လေးကို သူမ သဘောကျလေသည်။ ထို့ကြောင့် ထိုစာပိုဒ်လေးကို စဉ်းစား လိုက်မိချိန်တွင် ရုတ်တရက် ထိုစာပိုဒ် ရွတ်ဆိုသံကို ကြားလိုက်ရလေသည်။

ဆိုင်ပိုင်ရှင် အမျိုးသမီး ရွတ်ဆိုလိုက်ခြင်း မဟုတ်ပါ။ အခြားတစ်ယောက်က ရွတ်ဆိုလိုက်ခြင်း ဖြစ်လေသည်။

အခန်းထဲတွင် လူတစ်ယောက် ရှိနေလေသည်။ ထိုစာပိုဒ်လေးကို ထိုမိန်းကလေးက ရွတ်ဆိုလိုက်ခြင်း ဖြစ်လေသည်။

သူမမှာ ကျောက်ရှောင်ယွီ ဖြစ်လေသည်။ သူမပုံစံမှာ ကြည်လင်ရှင်းသန့်နေလေသည်။

ကျောက်ရှောင်ယွီမှာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူမက ရုတ်တရက် ပေါ်လာခြင်း ဖြစ်ပြီး မိုးကောင်းကင် တေးသွားဖြင့်သာ ရောက်လာလျှင် နတ်မိမယ်တစ်ပါး ကိုယ်ထင် ပြသည်ဟုပင် ထင်မှတ်မှားမိမည် ဖြစ်လေသည်။

ဆိုင်ပိုင်ရှင် အမျိုးသမီးမှာ သူမကို တွေ့သည်နှင့် စိတ်ရှုပ်ထွေး သွားရလေသည်။

“ဒီနေ့ ဒီအချိန်အထိ နင် ငါ့ကို လိုက်ရှာနေမယ်လို့ ငါ ထင်မထားခဲ့မိဘူး”

ဟု ပြောလိုက်လေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset