Switch Mode

အခန်း (၁၁၄)

ရေများအဘယ်ကြောင့် စီးဆင်းနေရသနည်း

ထိုဂါထာမှာ စီးဆင်းနေသည့် ရေကဲ့သို့ ဖြစ်နေပြီး မည်သည့် အမှတ်အသားမှ မကျန်ရစ်ခဲ့ပေ။

ဆန်းလျန်မှာ ထိုဂါထာမှ စာလုံးတစ်လုံးကိုပင် မှတ်မိနိုင်ခြင်း မရှိခဲ့ပါ။ သို့သော် သူ့ကိုယ်သူ ပျောက်ဆုံး နေသလို ခံစားရလေသည်။ အိပ်ပျော်မှန်းမသိ အိပ်ပျော်သွားပြီး အိပ်မက်တစ်ခုထဲတွင် ပိတ်မိနေသကဲ့သို့ ဖြစ်လေသည်။

ထူးဆန်းသည့် နေရာတစ်ခု …

လေ၊ မိုးကြိုး၊ လျှပ်စီး၊ နေ၊ လနှင့် ကြယ်တာရာများ ရောနှောနေသည့် နေရာတစ်ခု …

သဘာဝဖြစ်စဉ် ခြောက်ခုမှာ ရောနှောနေပြီး မိုးနှင့်မြေတွင် တာအိုကျင့်စဉ် လမ်းအကြောင်း သင်္ကေတဖြင့် စကား ပြောနေသကဲ့သို့ ဖြစ်လေသည်။

ဆန်းလျန်မှာ စိတ်ရှုပ်ထွေးနေပြီး စဉ်းစားနိုင်ခြင်းငှာ မစွမ်းသာတော့။ နဂါးတစ်ကောင်၏ ကျုံးဝါးသံကဲ့သို့ အသံတစ်သံကို ကြားလိုက်ရပြီး အရာအားလုံး ပျောက်ကွယ်သွားလေသည်။ ထိုအခါမှ ဆန်းလျန်လည်း နိုးထလာရလေသည်။

သူ အိပ်မက် မမက်သည်မှာ ကြာပြီ ဖြစ်လေသည်။ သူက အိပ်စက်ခြင်း မရှိသည်မှာ ကြာပြီ ဖြစ်ပြီး စိတ်အာရုံ စူးစိုက်ခြင်း ကျင့်စဉ်ကိုပင် အိပ်စက်ခြင်း အစား ကျင့်ကြံနေခဲ့ခြင်း ဖြစ်လေသည်။

ယခု မြင်မက်ရသည့် အိပ်မက်ကတော့ ခမ်းနားပြီး အရောင်အသွေး စုံလင်သလို ထူးဆန်းပြီး အစွန်း ရောက်လွန်းလေသည်။ နိုးထလာသည့်တိုင် အိပ်မက်ကို ခံစားမိနေဆဲ ဖြစ်သည်။ ဖော်ပြ၍ မရနိုင်သည့် ခံစားချက် တစ်ခုကို ဆန်းလျန် ခံစားနေရသည်။ ပျော်ရွှင်မှု၊ စိတ်ပျက်ဝမ်းနည်းမှု … ပြီးတော့ အထီးကျန်မှု …

နေမင်းသည် အရှေ့အရပ်မှ ထွက်ပေါ်လာပြီ ဖြစ်သည်။ ရော့ရှီလေးမှာ ဆန်းလျက်ထက် စောပြီး အိပ်ရာမှ နိုးနေပြီ ဖြစ်လေသည်။ ဖက်ထုပ်ရနံ့နှင့် ဆန်ပြုတ်ရနံ့များက ဆန်းလျန်ကို အိပ်ရာမှ နိုးထစေသည်။

ဒီလိုမျိုး အစားအသောက်တွေ ချက်တတ် ရလောက်အောင် ဒီကလေးမ အရွယ် ရောက်ပြီလားဟု ဆန်းလျန် တွေးလိုက်မိသည်။

ညက မြင်မက်ခဲ့သည့် အိပ်မက်ကို ဆန်းလျန် အရေး မလုပ်တော့ပါ။ သို့သော် အိပ်မက်မှ နိုးထလာသည့် အချိန် ခံစားလိုက်ရသည့် ခံစားချက်ကိုတော့ သတိရနေမိသည်။ အမြစ် တွယ်နေခဲ့သည့် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်မှာ ယခုတော့ အပင်ပေါက်လေး ပေါက်လာပြီ ဖြစ်လေသည်။

ဆန်းလျန်က ရော့ရှီ ချက်ထားသည့် ဆန်ပြုတ်နှင့် ဖက်ထုပ်ကို အားပါးတရပင် စားလိုက်သည်။ ယနေ့က ရော့ရှီ ပထမဆုံးအကြိမ် ချက်ပြုတ်ခြင်း ဖြစ်ပြီး စားစရာများမှာ အရသာ အသင့်အတင့် ရှိလေသည်။ ရော့ရှီမှာ ဉာဏ်ကောင်းသော ကလေးငယ်တစ်ယောက် ဖြစ်ပြီး ဆန်းလျန် ပြုစုပျိုးထောင် ပေးသည့်အတိုင်း သိမြင်မှု အားကောင်းစွာဖြင့် ကြီးပြင်း လာခဲ့လေပြီ။

သူမသာ ဓားသိုင်း လေ့ကျင့်မည် ဆိုလျှင် ရာနှုန်းပြည့်နီးပါး အောင်မြင်နိုင်ချေ ရှိမည် ဖြစ်လေသည်။ သူမသာ ကြိုးစားမည်ဆိုလျှင် အခြားသူများထက် သာလွန်သည့် လူတစ်ယောက် ဖြစ်မည်မှာ အသေအချာပင်။

သို့သော် … ကျင့်စဉ်လမ်းမှာ အရည်အချင်း ရှိရုံမျှဖြင့် မလုံလောက်ပေ။

ပါရမီရှိမှုနှင့် ကျင့်ရမည့်ကျင့်စဉ် သိရှိမှုတို့ လိုအပ်သည်သာမက အရေးအကြီးဆုံးမှာ ကံကောင်းဖို့ လိုအပ်ခြင်းပင်။

သူမ ချက်ပေးသည့် အစားအသောက်များကို အားပါးတရ စားနေသည့် ဆန်းလျန်ကို ရော့ရှီ လှမ်းကြည့်လိုက်သည်။ ထို့နောက် စာလုံး ရေးသားခြင်းတွင် ခါတိုင်းထက် ပိုပြီး အာရုံစူးစိုက် လိုက်လေသည်။ မိန်းကလေးငယ်၏ ကျေနပ်ပုံရသည့် မျက်နှာထားကြောင့် ဆန်းလျန်လည်း ပြုံးလိုက် မိလေသည်။ အစားအသောက်များက အဆင် ပြေနေသည့်အတွက် သူကလည်း အားပါးတရ စားလိုက်မိခြင်း ဖြစ်လေသည်။

ဆန်းလျန်က စားသောက် ပြီးသည်နှင့် …

“မနက်ဖြန် ခရီးတစ်ခုလောက် မသွားချင်ဘူးလား”

ဟု ဆန်းလျန်က ရော့ရှီလေးကို မေးလိုက်လေသည်။

“ဘယ်ကို သွားရမှာလဲ”

ကလေးမလေးက ပြန်မေး လိုက်လေသည်။

“တောင်ပေါ်က ဝတ်ကျောင်းတော် တစ်ခုပေါ့။ ရှန့်ကျီး ဝတ်ကျောင်းတော်လို့ ခေါ်တယ်”

ဆန်းလျန်က ပြောလိုက်လေသည်။

“အဲဒီနေရာက ပျော်စရာကောင်းလား”

“ကိုကိုလည်း တစ်ခါမှ မရောက်ဘူးတော့ မသိဘူးလေ”

“အဲဒီကို သမီးသွားချင်တယ်”

“ကောင်းပြီ”

လူကြီးတစ်ယောက် ဖြစ်သည့် ဆန်းလျန်နှင့် ကလေးငယ်မျှသာ ဖြစ်သည့် ရော့ရှီလေးတို့၏ တစ်နေ့တာ စကားစမြည်မှာ ထိုမျှသာ ဖြစ်လေသည်။ ရိုးရှင်းပြီး ငြီးငွေ့စရာ ကောင်းလွန်းသည်။ သို့သော် … သူတို့ နှစ်ယောက်လုံးကတော့ ထိုအချက်ကို သတိ မထားမိကြပါ။ ရော့ရှီက လူအုပ်ကြီးများကို သဘောကျသည့်တိုင် လူအုပ်ထဲတွင် ရောနှောပါဝင် ရသည်ကိုတော့ မနှစ်သက်ပေ။

ဆူညံနေသည့် လူအုပ်ကြီးမှာ ပွဲတော်ကာလတွင် ဗျောက်အိုးဖောက်သည့် အလားပင် ဖြစ်လေသည်။ ရော့ရှီလေးက တစ်ယောက်တည်း နေတတ်သူ ဖြစ်ပြီး တစ်ခါတစ်ရံ သူမ၏ အစ်ကိုနှင့် အတူ တိတ်ဆိတ်သည့် နေရာတွင် နေတတ်သည်။ သူမက အဝေးမှပင် လူအုပ်ကြီးကို ကြည့်ရသည်ကို သဘောကျလေသည်။

သူမတွင် လိုချင်လောဘလည်း သိပ်မရှိဘဲ ရသမျှနှင့် ရောင့်ရဲတတ်လေသည်။ သူမဘဝတွင် ပြဿနာလေး အနည်းငယ်တော့ ရှိသည်။ သူမ၏ အတိတ်ဆိုးကြောင့် ဖြစ်လေသည်။ သူမ ဖခင်ရင်း ဖြစ်သူ ချင်းဟယ်ကျွမ်းဝမ်၏ ပုန်ကန်မှု အကြောင်း ဆန်းလျန်က သူမကို ပြောပြထားခြင်း မရှိပါ။ သူမ စိတ်ထဲတွင် လက်စား ချေလိုစိတ်များ မကိန်းအောင်း စေချင်၍ ဖြစ်လေသည်။ ထို့ကြောင့် သူမ၏ အခြေအနေမှာ ပိုင်ရှောက်လျိုလောက် အခြေအနေ မဆိုးခြင်း ဖြစ်လေသည်။

ဆန်းလျန်နှင့် ပိုင်ရှောက်လျို တတိယအကြိမ် ဆုံတွေ့ဖြစ်ခဲ့ ကြသေးသည်။ သူ၏ ပုံစံမှာ ယခင်ကထက် ပိုပြီး အေးတိအေးစက် ဖြစ်နေလေသည်။ ဆန်းလျန်ကိုတွေ့တော့ သူက ဖျစ်ညှစ်ပြီး ပြုံးပြရှာသည်။

ဆန်းလျန်က ရယ်မောလိုက်ရင်း…

“မင်း မှန်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ပြုံးပြီး ကြည့်ဖူးလား”

ဟု မေးလိုက်လေသည်။

ဆန်းလျန် အဘယ့်ကြောင့် ထိုသို့ မေးရသည်ကို ပိုင်ရှောက်လျို နားမလည်ပါ။ သူက ခေါင်းကို ခါယမ်းလိုက်ရင်း…

“မကြည့်ဖူးဘူး”

ဟု ပြန်ဖြေလိုက်လေသည်။

“မင်းအပြုံးကိုသာ မှန်ထဲမှာ ပြန်မြင်မိရင် မင်းတော့ ထမင်း မစားချင်အောင် ဖြစ်မှာပဲ”

“ဘာဖြစ်လို့လဲ”

“ဘာလို့လဲဆိုတော့ မင်းအပြုံးကြီးက ကြောက်စရာ ကောင်းနေလို့”

ဆန်းလျန်က ဟာသအနေဖြင့်သာ နောက်ပြောင်လိုက်ခြင်း ဖြစ်လေသည်။ သို့သော် … ဟာသတော့ မမြောက်ခဲ့ပါ။ ပိုင်ရှောက်လျိုမှာလည်း ဆက်ပြီး မပြုံးပြတော့ပေ။

ပိုင်ရှောက်လျိုမှာ အမြဲတမ်း ခက်ထန်သည့် မျက်နှာထား ဖြစ်နေသောကြောင့် သူပြုံးလိုက်သည့် တိုင်အောင် အပြုံးက မပီပြင် ဖြစ်နေရလေသည်။ သူ၏ မျက်နှာရှိ ကြွက်သားများလည်း တင်းမာနေဟန် ရှိလေသည်။ ထို့ကြောင့် သူ၏ အပြုံးမှာ ကိုးရိုးကားယား နိုင်လွန်းသည်။

ခဏတာမျှ တိတ်ဆိတ်နေပြီးမှ ဆန်းလျန်က မေးလိုက်သည်။

“ဒီကို ဘာလို့ ရောက်လာတာလဲ”

“ဟိုတစ်နေ့ညက ကျုပ်အသက်ကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်စကား ပြောချင်လို့ပါ”

ပိုင်ရှောက်လျိုက ပြန်ပြောလိုက်လေသည်။

သူက ပိတ်စလေးတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုပိတ်စလေးပေါ်တွင် ရုပ်ပုံများနှင့် စာလုံးများ ရေးထားလေသည်။

ဆန်းလျန်က ထိုအရာကို လက်မခံခဲ့ပါ။

“သူတို့မင်းဆီက လိုချင်နေကြတာ ဒီပစ္စည်းလား”

ဆန်းလျန်က မေးလိုက်သည်။

ပိုင်ရှောက်လျိုက ခေါင်းညိတ်လိုက်သည်။

“ဒီပစ္စည်းက မင်းအသက်ထက်ပိုပြီး တန်ဖိုးရှိသလား”

“ဟုတ်တယ် …”

ပိုရှောက်လျိုက ဆန်းလျန်၏ အမေးကို ဖြေလိုက်သည်။ သူ့အသံက သာမန်ထက်ပိုပြီး ကျယ်လောင် နေလေသည်။

“မင်းဘာလို့ ဒီပစ္စည်းကို ကျုပ်ကိုပေးတာလဲ။ မင်းတကယ် စွန့်လွှတ်ဖို့ ဆုံးဖြတ်ထားတာလား”

ဆန်းလျန်က သိမ်မွေ့စွာပင် ပြောလိုက်သည်။

ပိုင်ရှောက်လျိုက ဘာမှ ပြန်မပြောတော့ပါ။

အချို့သူများအတွက် အသက် ရှင်သန်နိုင်ရန်မှာ အရေးကြီးလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ဘဝတွင် အရေးကြီးသည့် လုပ်ဆောင်စရာများ ရှိနေသေးသောကြောင့် ဖြစ်လေသည်။ ဆန်းလျန်က သူ့အသက်ကို ကယ်ခဲ့သည့်အတွက် သူ့တွင် လက်စားချေဖို့ မျှော်လင့်ချက် ရှိလာ ရလေသည်။

“စမ်းရေဓားကျမ်း” မှာ ဆန်းလျန်နှင့်သာ အတူရှိနေလျှင် မည်သူမျှ လာရောက်တိုက်ခိုက် ယူဆောင်တော့မည် မဟုတ်ဟု သူက တွေးထားသောကြောင့် ဆန်းလျန်ထံ လာပေးခြင်း ဖြစ်လေသည်။

“မင်းက ကျုပ်ဆီမှာ ပညာ သင်ချင်လို့လား”

ဆန်းလျန်က ဆက်မေးလိုက်လေသည်။

ဆန်းလျန်၏ ချောမောလှပသည့် မျက်နှာကို ပိုင်ရှောက်လျို တစ်ချက် ငေးကြည့် လိုက်လေသည်။ ဆန်းလျန်မည်မျှ အစွမ်းထက်ကြောင်း သူ သိလေသည်။ သို့သော် ဆန်းလျန်ထံတွင် ပညာသင်ဖို့တော့ သူတစ်ခါမှ မတွေးခဲ့မိပေ။ သူ့မှာ ဆန်းလျန်အပေါ်တွင် အသက်ကြွေး တင်နေသည်ကိုပင် မဆပ်နိုင်သေးဘဲ ပညာသင်ခွင့်ပြုရန် တောင်းဆိုပါက လောဘကြီးရာ ရောက်ပေ လိမ့်မည်။

ဆန်းလျန်ကလည်း သူ့ကို ထိုကဲ့သို့ မေးခွန်းမျိုး မေးလိမ့်မည်ဟု မျှော်လင့် မထားခဲ့မိပါ။

သူ … တုံံ့ဆိုင်းနေမိ လေသည်။

“ကြည့်ရတာ မင်းက ကျုပ်ဆီမှာ ပညာ မသင်ချင်ဘူး ထင်တယ်”

ဆန်းလျန်က ပြောလိုက်လေသည်။

“မဟုတ်ပါဘူးဗျာ။ ကျုပ်က ခင်ဗျားကို ဘယ်လို ကျေးဇူးပြန်ဆပ်ရမလဲ မသိလို့ပါ”

ပိုင်လျှောက်လျိုက ပျာပျာသလဲ ပြန်ပြော လိုက်လေသည်။

“မင်း ကျုပ်ကို အစကတည်းက အကြွေး တင်နေပြီးသားပဲကို”

ဆန်းလျန်က ရယ်မောရင်း ပြောလိုက်လေသည်။

ပိုင်ရှောက်လျိုမှာ အိပ်မက်ပမာ ခံစားနေရလေသည်။ ဆန်းလျန်က သူကမ်းပေးသည့် စမ်းရေ ဓားကျမ်းကို ယူလိုက်သည်။

စမ်းရေဓားကျမ်း ….

ဓားကို အသုံးပြုသည့် သိုင်းကွက်နှင့် သဘောတရားများကတော့ သာမန်မျှသာ ဖြစ်လေသည်။ ဓားကွက်များမှာ ကြမ်းတမ်းပြီး အားနည်းချက်များလည်း များစွာ ရှိလေသည်။

ဆန်းလျန်က တစ်ချက် ကြည့်လိုက်ပြီး ပိုင်ရှောက်လျိုကို ပြန်ပေးလိုက်လေသည်။

ဆန်းလျန်၏ အမူအရာကို ကြည့်ပြီး ပိုင်ရှောက်လျို စိတ်ပျက်သွားရသည်။ စမ်းရေဓားကျမ်းမှာ တန်ဖိုးမရှိသည့် ဓားကျမ်းတစ်ခု ဖြစ်နေမည်လား။

သို့သော် … ဆန်းလျန် ပြောလိုက်သည့် စကားကြောင့် သူ့အတွေးက ပြောင်းပြန် ဖြစ်သွားရ ပြန်သည်။

“ဒီဓားကျမ်းက အဖိုးတန်ပါတယ်။ မင်းသာ ဒီဓားသိုင်းကို အောင်မြင်အောင် လေ့ကျင့်နိုင်ရင် ရန်သူ နည်းသွားလိမ့်မယ်။ ပြီးတော့ လက်စားလည်း ကောင်းကောင်း ချေနိုင်လိမ့်မယ်”

ဆန်းလျန်က ပြောလိုက်လေသည်။

“ကျုပ် ဒီဓားသိုင်းကို လေ့ကျင့်လာတာ ဆယ်နှစ်ကျော်ခဲ့ပြီ။ ဒါပေမယ့် ဘာမှလည်း ထူးထူးခြားခြား အစွမ်းမထက်ဘူး”

“မင်း စမ်းချောင်းလေးတွေကို မြင်ဖူးတယ်မလား။ ရေတွေဘာလို့ စီးဆင်းနေတယ်လို့ မင်းထင်လဲ”

ပိုင်ရှောက်လျို ငြိမ်သက်နေလေသည်။ မေးခွန်း၏ အဖြေကို သူမသိပါ။

“အန်းဖင်တူးမြောင်းကို မင်းသွားကြည့်သင့်တယ်။ ရေတွေဘာလို့ စီးဆင်းနေရလဲ ဆိုတဲ့ အဖြေကို သိရရင် ကျုပ်ဆီ ပြန်လာခဲ့ပါ”

ဆန်းလျန်၏ စကားများကို နားထောင်နေသည့်တိုင် ဘာတွေပြောနေမှန်း ပိုင်ရှောက်လျို နားမလည်နိုင်ပါ။ သို့သော် ဆန်းလျန် ပြောသည့်အတိုင်း သူလုပ်မည် ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် ဆန်းလျန်မှာ ဓားသိုင်းနှင့် ပတ်သက်လျှင် ဆရာတစ်ဆူ ဖြစ်ကြောင်း သူယုံကြည်သည့် အတွက်ပင် ဖြစ်လေသည်။

ဆန်းလျန်မှာ သိုင်းလောကသား တစ်ယောက် မဟုတ် ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်းကို ပိုင်ရှောက်လျို ကောင်းကောင်းသိပါသည်။

သိုင်းပညာ လေ့ကျင့်ခြင်းက ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီး စွမ်းအား တိုးတက်စေလေသည်။

ကျင့်စဉ်လမ်းကတော့ ထာဝရ အသက်ရှင်သန် နိုင်ရန်အတွက် မိုးမြေ နိယာမများကို နားလည် သဘောပေါက်ရန် လိုအပ်လေသည်။

သိုင်းပညာနှင့် ကျင့်စဉ်လမ်းတွင် တူညီသည့် အချက်များ ရှိနေသည့်တိုင် မတူညီသည့် အချက်များမှာလည်း များစွာ ရှိလေသည်။

ဆန်းလျန်က စမ်းရေဓားကျမ်းကို တစ်ချက် ကြည့်လိုက်သည်နှင့် ထိုဓားကျမ်း၏ နောက်ကွယ်မှ အဓိပ္ပာယ်နှင့် အယူအဆကို ချက်ချင်း နားလည်လေသည်။ ထိုဓားကျမ်းမှာ ဓားသိုင်းပညာ သက်သက်ချည်းပဲ မဟုတ်ပါ။ မိုးမြေ စွမ်းအား၏ ဆန်းကြယ်မှုများကိုပါ ဖော်ပြထားလေသည်။

“ရေများ အဘယ်ကြောင့် စီးဆင်းနေရသနည်း” ဆိုသည့် နိယာမကို အခြေခံ ထားလေသည်။ ထိုနိယာမကိုသာ နားလည်သွားလျှင် ထိုဓားသိုင်း၏ အစွမ်း ထက်မြက်မှုကို ကောင်းစွာ အသုံးချနိုင်မည် ဖြစ်လေသည်။

ထိုဓားကျမ်းမှာ တာအိုကျင့်စဉ်လမ်းနှင့် ဆက်စပ်နေပြီး သိုင်းလောကမှ သာမန် သိုင်းပညာမျိုး မဟုတ်ပေ။

ထို့ကြောင့် ဓားသိုင်းပညာကိုသာ နားလည်ပြီး လေ့ကျင့်နေမည်ဆိုလျှင် မည်သည့် အစွမ်းမှ ရရှိမည် မဟုတ်ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset