Switch Mode

အခန်း (၁၁၃)

"မရှိမှု သုညတ္တ" တရား နှင့် ငါ

ဖျားယောင်းသွေးဆောင်မှု အကြောင်း ပြောရာတွင် … ဗုဒ္ဓဘာသာ ကျင့်စဉ်များက တာအို ကျင့်စဉ်များထက် ပိုမို သာလွန်လေသည်။ လွန်ခဲ့သည့် မျိုးဆက်တွင် ကွမ်ရင်မယ်တော်က ရေနှင့်လပမာ သဏ္ဌာန်ပြုကာ တိုင်းပြည်အားလုံးကို သိမ်းပိုက် အောင်တော်မူခဲ့လေသည်။

ကြာပန်းကိုးပွင့် ကျောင်းတော်မှာ ဗုဒ္ဓကျင့်စဉ်များနှင့် နီးစပ်လေသည်။ ထိုသမိုင်းကြောင်းမှာ ပြောရလျှင် လွန်စွာမှ ရှည်လျားလွန်းလေသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက “လော်” မျိုးနွယ် သူတော်စင် တစ်ပါးသည် တောင်တစ်တောင်ထက်တွင် တရားဒေသနာများ သင်ကြားပို့ချ ပေးလေသည်။ သူက အရာအားလုံးသည် အနတ္တဖြစ်ကြောင်း တရားဖြင့် အခြေခံ ဗုဒ္ဓဘာသာကို သင်ပြပေးသူ ဖြစ်လေသည်။

တဖြည်းဖြည်းနှင့် သူ့တွင် နောက်ပါတပည့်များ များသည်ထက် များလာလေသည်။ လူတိုင်းက သူ့ကို ဆရာသခင် “လော်” ဟု အသိအမှတ်ပြု ခေါ်ဝေါ်လာကြလေသည်။ သူ တရားတစ်ပုဒ် ဟောပြီးတိုင်း လူပေါင်းများစွာ အကျိုးထူးများ ခံစားကြရလေသည်။

ထို့နောက် သူ၏ တပည့်များက “လော်” ဂိုဏ်းကို တည်ထောင်ခဲ့ကြသည်။ အလွန်ထက်မြက်ပြီး တော်သည့် တပည့်အချို့က “လော်” ဝါဒကို သင်ပြပေးကြကာ အလွန်မှ ကျော်ကြားသည့် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်လာခဲ့လေသည်။

ဆရာသခင်လော် တရားဟောသည့်အခါ နှလုံးသားထဲမှ သိမြင်သည့် တရားကို လက်တန်း ဟောခြင်းဖြစ်ပြီး ကျမ်းစာအဖြစ် မှတ်တမ်းတင်ထားခြင်း မရှိပေ။ ထို့ကြောင့် နောက်ပိုင်းတွင် တပည့်များက ဆရာသခင်ဆီမှ သူတို့ နာယူဖူးသည့် တရားများကို တစ်ယောက်တစ်မျိုးစီ ရယူ သွားကြကာ ဂိုဏ်းများအသီးသီး ခွဲထွက် သွားသည့်အတွက် အချိန်ကာလ ကြာလာသည်နှင့်အမျှ “လော်” ဝါဒမှာ ဂိုဏ်းဂဏများစွာ ကွဲပြားသွားလေတော့သည်။

ထိုသို့ ကွဲပြားသွားသည့် ဂိုဏ်းများမှာ အချင်းချင်း ယှဉ်ပြိုင်ကြရာမှ တိုက်ခိုက်မှုများ ဖြစ်ပွားသည်အထိ ဖြစ်လာကြပြီး အခြေတည် ခိုင်ခန့်ခဲ့သည့် “လော်” ဝါဒမှာ ပျက်စီး သွားရလေတော့သည်။ ထို့နောက်တွင်တော့ ကိုယ်ယုံကြည်ရာ ကျင့်ကြံကြသည့် ကျင့်ကြံသူ ဂိုဏ်းများအဖြစ် အစိတ်စိတ် အမြွှာမြွှာ ကွဲပြားသွားကြလေသည်။ ကြာပန်းကိုးပွင့် ကျောင်းတော်မှာ “လော်” ဝါဒမှ ဖြစ်ဖျားခံလာသည့် ကျင့်ကြံသူ ဂိုဏ်းတစ်ဂိုဏ်းပင် ဖြစ်လေသည်။ ကြာပန်းကိုးပွင့် ကျင့်စဉ်ကျမ်းတွင်ပင် ဗုဒ္ဓဘာသာ သွန်သင်မှုများစွာကို ထည့်သွင်း ဖော်ပြထားလေသည်။ ကောလာဟလများအရ ထိုကျင့်စဉ်ကျမ်း အောင်မြင်လျှင် အဆင့်အမြင့်ဆုံး ကျင့်ကြံသူ တစ်ယောက် ဖြစ်လာမည် ဟူ၍ပင် ပြောဆို ကြလေသည်။

ထို့ကြောင့်ပင် … ကြာပန်းကိုးပွင့် ဂိုဏ်းသားများက သူတို့၏ ယုံကြည်မှုကို ဝါဒဖြန့်ရန်အတွက် အမြဲ တိုက်ခိုက်လေ့ ရှိကြလေသည်။

ကြာပန်းကိုးပွင့် ကျောင်းတော်မှာ ထိုကဲ့သို့ ဖြစ်ရပ်များ ရှိလေသည်။ ထို့ကြောင့် ကျောက်ရှောင်ယွီ၏ ဆိုလိုရင်းကို ဆန်းလျန် အကြမ်းဖျင်း နားလည်လိုက်မိသည်။ စကားပြောဆို နေကြသည်က သာမန်ပင် ဖြစ်သည့်တိုင် သူတို့၏ ကျင့်စဉ်စွမ်းအားကို ကြိတ်ပြီး ယှဉ်ပြိုင်နေကြခြင်း ဖြစ်လေသည်။ ဆန်းလျန်က သူ၏ စိတ်အစဉ်ကို ပြင်ပတွင် မပေါ်လွင်စေရန် ထိန်းချုပ်ထားလေသည်။ ထို့ကြောင့် သူ၏ အေးချမ်းသည့် အသွင်အပြင်ကို ထွင်းဖောက်ပြီး သူ၏ စိတ်ကို သိနိုင်ရန်မှာ ခက်ခဲလေသည်။

ရာနှုန်းပြည့် မဟုတ်လျှင်တောင်မှ တာအို ကျင့်ကြံသူများမှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်မူ တိုက်ခိုက်ပြီး သတ်ဖြတ် ကြသည်အထိ အချင်းများသည့် ကိစ္စရပ်မျိုး မရှိသလောက် ရှားပေသည်။

ကျောက်ရှောင်ယွီမှာ ဆန်းလျန်နှင့် ဝိညာဉ်စွမ်းအား အဆင့်တူညီသည့် ပထမဆုံး ပြိုင်ဘက် ဖြစ်လေသည်။ အစပိုင်းတွင်တော့ ဆန်းလျန်က သူမနှင့် ယှဉ်ပြိုင်ဖို့ ဆန္ဒမရှိပါ။ သို့သော် … နောက်ပိုင်းတွင်တော့ တိုက်ပွဲအတွင်း ဝင်ရောက်ခဲ့လေသည်။

ကျောက်ရှောင်ယွီ စကားများကို စဉ်းစားရင်း ဆန်းလျန် ပြုံးလိုက်မိသည်။ လရောင်မှာ စမ်းရေကဲ့သို့ အခန်းတွင်းသို့ စီးဝင်နေဆဲ ဖြစ်လေသည်။ သူတို့ နှစ်ယောက်မှာလည်း စိတ်စွမ်းအားချင်း ဆက်လက်ယှဉ်ပြိုင် တိုက်ခိုက်နေကြလေသည်။ တိုက်ပွဲက ပို၍ပို၍ ပြင်းထန် လာလေသည်။ စိတ်စွမ်းအားများကြောင့် ရုပ်လောကမှာပင် တုန်လှုပ်၍ လာရလေသည်။

ဆန်းလျန်က သိမ်မွေ့စွာ ဆိုလိုက်သည်။

“ကျုပ် ချင်းရွှမ်နတ်တံခါးမှာ ပညာ စသင်ကတည်းက ဒါကတော့ တာအိုကျင့်စဉ်အမှန်၊ ဒါကတော့ တာအိုကျင့်စဉ် အမှားဆိုပြီး သတ်မှတ်ထားတာမျိုး မကြားဖူးပါဘူး။ တာအိုကျင့်စဉ် စံနှုန်း သတ်မှတ်ချက်ရှိလို့ အဲဒီစံနှုန်းနဲ့ ကွဲလွဲနေတယ် ဆိုရင်တောင်မှ ကျုပ်အထင် အဲဒါ လမ်းမှား မဟုတ်ပါဘူး။ ကျုပ်တို့နဲ့ လမ်းမတူတဲ့ တခြား ကျင့်စဉ်လမ်း ဖြစ်မှာပေါ့”

“ကျုပ်တို့နဲ့ လမ်းမတူတဲ့ တခြားကျင့်စဉ်လမ်း ဖြစ်မှာပေါ့” ဟူသည့် စကားကို ကျောက်ရှောင်ယွီ ကြားလိုက်ရသည့် အချိန်တွင် စိတ်စွမ်းအား အပြောင်းအလဲ တစ်ချက် ဖြစ်သွားလေသည်။ သူမ၏ ဝိညာဉ်စွမ်းအား အနှောင့်အယှက် ခံလိုက်ရပြီး သူမ၏ တည်ငြိမ်မှု ပျက်စီးသွားလေသည်။ သို့သော် သူမ၏ မျက်နှာ အမူအရာကတော့ ပြောင်းလဲသွားခြင်း မရှိပါ။

ဆန်းလျန်က သူအနိုင်ရသည့်အတွက် ဖိမတွန်းပါ။ သူ၏စိတ်က အေးချမ်း တည်ငြိမ်စွာပင် ရှိနေသည်။ သူ၏ မျက်ဝန်းများကလည်း ကြယ်စင်များအလား တောက်ပနေပြီး ငြိမ်းချမ်းခြင်း အငွေ့ အသက်များဖြင့် ပြည့်ဝနေလေသည်။

ကျောက်ရှောင်ယွီက ရယ်မောလိုက်သည်။

“ရှင့် ပြောပုံဆိုပုံက တကယ့်တာအို ကျင့်ကြံသူ ပုံစံမျိုးပဲ”

ဟု ပြောလိုက်လေသည်။

ဆန်းလျန် ပြောခဲ့သည့် စကားများမှာ သူ၏ ကိုယ်ပိုင်စကားများ မဟုတ်ပါ။ အခြားနေရာမှ သိခဲ့သည့် စကားများ ဖြစ်လေသည်။ ထိုစကားများက ကျောက်ရှောင်ယွီကို စိတ်လှုပ်ရှား သွားစေလေသည်။ အဘယ်ကြောင့်ဆိုသော် ကြာပန်းကိုးပွင့် ကျောင်းတော်မှာ “ရှန်” လမ်းစဉ်ကို လိုက်သည့် ကျောင်းတော်တစ်ခု ဖြစ်သောကြောင့်ပင်။ သူတို့က “မရှိမှု သုညတ္တ” ကိုသာ ယုံကြည် လေသည်။ “ငါ” ဆိုသည်မှာ မရှိ ဟူသည့် အယူဝါဒ ဖြစ်လေသည်။ “မရှိမှု သုညတ္တ” တရားကို ယုံကြည်သည့်တိုင် “ငါ” ဆိုသည့် အစွဲကတော့ ချွတ်ရန် ခက်လွန်းလေသည်။

“ကိုယ်နဲ့ လမ်းမတူတဲ့ တခြားကျင့်စဉ်လမ်း ဖြစ်မှာပေါ့ …

မတူတာမှန်သမျှ လက်ခံဖို့ ခက်ခဲတယ်”

တာအိုဝါဒမှာ “မိမိကိုယ်သာ ကိုးကွယ်ရာ” ဝါဒ ဖြစ်လေသည်။ ဗုဒ္ဓဘာသာတွင်တော့ “နိဗ္ဗန်ရောက်ကြောင်း တရား” က အဓိက ဖြစ်လေသည်။ “လော်” အယူဝါဒတွင်တော့ “မရှိမှု သုညတ္တ” ဆိုသည့် အယူဝါဒကို လက်ခံလေသည်။ ဝါဒများကတော့ ကွဲပြားနေမည် ဖြစ်သည်။ သို့သော် သိမြင်ဖို့ကတော့ ခက်ခဲလေသည်။ နားလည် သဘောပေါက်ဖို့ ဆိုသည်မှာတော့ အဝေးကြီးပင် ဖြစ်လေသည်။ အခက်ခဲဆုံးမှာတော့ ကိုယ်လျှောက်သည့် လမ်းကို သေချာနားလည်ပြီး ပြီးမြောက် အောင်မြင်သည်အထိ လျှောက်လှမ်းနိုင်ဖို့ပင် ဖြစ်လေသည်။

ဆန်းလျန် ပြောလိုက်သည့် စကားက ကျောက်ရှောင်ယွီကို ခဏတာမျှ သက်ရောက် သွားစေလေသည်။ ထိုခဏလေးမှာပင် ဆန်းလျန်က စိတ်စွမ်းအင် တိုက်ပွဲမှ ရုန်းထွက်လိုက်လေသည်။ သူမသာ ဆက်ပြီး တောင့်ခံနေမည်ဆိုလျှင် ဆန်းလျန်တွင်လည်း အနိုင်ရရန် အခွင့်အရေးမရှိ ဖြစ်ရပေမည်။ ဆန်းလျန်က အနိုင်ရရှိသည့် အချိန်တွင် နောက်ဆုတ်လိုက်သည့် အတွက် အနိုင်နှင့် ပိုင်းသလို ဖြစ်သွားသည့်တိုင် အပြည့်အဝ အနိုင်ရခြင်းမျိုးတော့ မဟုတ်ပါ။ သို့သော် ဤသို့ ယှဉ်ပြိုင်နေခြင်းက သူ၏ ကျင့်စဉ်လမ်း တိုးတက်ရန်အတွက် အကျိုး မရှိနိုင်သည့်အတွက် နောက်ဆုတ်လိုက်ခြင်း ဖြစ်လေသည်။

“ဂန္ထဝင် ကျင့်စဉ်လမ်းတွေ ဖြစ်တဲ့ ဗုဒ္ဓဘာသာရော၊ တာအိုဝါဒရောက အမှန်တရားကို ရှာဖွေကြတာပါပဲ။ ဒါပေမယ့် ကျင့်ကြံနိုင်ဖို့ကတော့ ခက်လွန်းတယ်။ ကျင့်ကြံတယ် ဆိုတာက ပါးစပ်က ပြောနေရုံနဲ့ မရဘူး။ ကိုယ်တိုင်လုပ်မှ ရတာ”

ဆန်းလျန်က ရယ်မောရင်း ပြောလိုက်သည်။

သူပြောသည်မှာ အမှန်ပင် ဖြစ်လေသည်။ မည်သူမျှ ရုတ်တရက် ချက်ချင်း တရား ပေါက်သွားသည် ဟူ၍ မရှိပေ။ တရားရရန် အမြဲတမ်း ကျင့်ကြံနေရမည် ဖြစ်လေသည်။

ဆန်းလျန်၏ စကားများကို ကြားတော့ ကျောက်ရှောင်ယွီ ခေါင်းငုံ့လိုက်သည်။ သူမ ဤလောကကို အမြင်ကျယ်ကျယ်ဖြင့် ကြည့်နိုင်ရန် လိုအပ်သေးသည်။

ဗျပ်စောင်းတီးခတ်သံ ပြန်လည်ပေါ်ထွက် လာလေသည်။ တေးသံလေးမှာ နူးညံ့သည့် သက်ပြင်းချသံလေးနှင့် တူလေသည်။ ကြာရွက်ပေါ်မှ နှင်းစက်ကလေးနှင့်လည်း တူလေသည်။ ကျူပင်များကြား လေပြည်တိုက်ခတ် သွားသကဲ့သို့လည်း ဖြစ်လေသည်။

ဂီတသံမှာ ရိုးရှင်းသည့် သံစဉ် တစ်ခုမျှသာ ဖြစ်လေသည်။ မိုးနှင့်မြေရှိ လူသားအားလုံး ရောနှောပေါင်းစည်း သွားသလို ခံစားချက်မျိုး ခံစားရပြီး လူသားများကို ဘာမျှမရှိသည့် ငြိမ်းချမ်းမှု တစ်ခုဆီသို့ ခေါ်ဆောင် သွားသကဲ့သို့ပင်။

ဆန်းလျန်က မျက်လုံးကို အသာမှိတ်ကာ ဂီတသံကို ခံစားလိုက်သည်။

ဆန်းလျန်မှာ လူသူမရှိသည့် တောင်တစ်တောင်ထက်တွင် ရောက်နေသလို ခံစား လိုက်ရလေသည်။ တောင်ပေါ်ရှိ သစ်တော်သီးပင်တန်းများ ကြားတွင် စမ်းချောင်းလေးက စီးဆင်း နေသကဲ့သို့ပင်။ ထို့နောက် ဂီတသံ ရပ်တန့်သွားလေသည်။

ဆန်းလျန် မျက်လုံးဖွင့်လိုက်တော့ ဗျပ်စောင်းမရှိတော့ဘဲ အရက်ဖြင့် တည်ခင်း ဧည့်ခံထားလေသည်။ အရက်မှာ လတ်ဆတ်သည့် အရက်တစ်မျိုး ဖြစ်လေသည်။

သူတို့နှစ်ယောက် ကျင့်စဉ်လမ်းနှင့် စကြာဝဠာ အကြောင်းများအပြင် သမိုင်းကြောင်းများကိုပါ ဆွေးနွေး ကြလေသည်။ အချိန်ကုန်မှန်းမသိ ကုန်ကာ လပြည့်ဝန်းသည်ပင် ကောင်းကင်အလယ် တည့်တည့်သို့ ရောက်လုပြီ။

သူတို့ နှုတ်ဆက်လမ်းခွဲ ကြသည့်အချိန်ထိ ကျောက်ရှောင်ယွီက ဆန်းလျန်ကို ဘာကြောင့် တွေ့ဆုံရန် ဖိတ်ကြားရသည် ဆိုသည့်အချက်ကို ပြောပြခဲ့ခြင်း မရှိပါ။ ဆန်းလျန် ကုန်းပေါ်သို့ ပြန်ရောက်တော့ လမင်းက ထိန်ထိန်သာနေဆဲ ဖြစ်လေသည်။ ကန်ရေပြင်မှာလည်း လမင်း၏ ရောင်ပြန်ဟပ်မှုဖြင့် လင်းလက်နေလေသည်။

သို့သော် … သူ၏ နှလုံးသားမှာ အပြည့်အဝ တည်ငြိမ်ခြင်း မရှိသေးပါ။

ကျောက်ရှောင်ယွီမှာ စကားပြောကောင်းသလို စွမ်းအားလည်း ကြီးမားလေသည်။ ကြာပန်းကိုးပွင့် ကျောင်းတော်မှ “မရှိမှု သုညတ္တ” တရားကို ယုံကြည်သည့် တပည့်တစ်ယောက် ပီသ လွန်းလေသည်။

သို့သော် ကြာပန်းကိုးပွင့် ကျင့်စဉ်ကျမ်းကို လေ့ကျင့်မည် ဆိုပါက “မရှိမှု သုညတ္တ” တရားကို ယုံကြည် နေရုံမျှဖြင့် မလုံလောက်ပေ။

ထိုမျှလောက်သာ လွယ်ကူနေပါက တာအို ကျင့်ကြံသူများမှာ ခက်ခက်ခဲခဲ ကျင့်ကြံ မနေတော့ဘဲ ထိုလမ်းကိုသာ လိုက်ကြမည် ဖြစ်ပေသည်။

“ရှန်” ကျင့်စဉ်ကို လျင်မြန်စွာ ကျင့်ကြံခြင်းက အလွန်မှ အန္တရာယ်ကြီးလေသည်။ ကျင့်စဉ်တွင် တစ်ခုခု မှားယွင်းသွားသည်နှင့် ဝိညာဉ်မှာ အကြီးအကျယ် ပျက်စီးကိန်းနှင့် ကြုံရမည် ဖြစ်လေသည်။

သို့သော် … ထိုကျင့်စဉ်လမ်းတွင် အောင်မြင်သွားသည်နှင့် “ယင်” ဝိညာဉ်စွမ်းအားကို “အဆုံးမရှိ နတ်ဘုရားဝိညာဉ်” အဖြစ်သို့ ပြောင်းလဲနိုင်မည် ဖြစ်လေသည်။ “အဆုံးမရှိ နတ်ဘုရားဝိညာဉ်” အောင်မြင်သွားလျင် ရုပ်ခန္ဓာကို ကိုယ်ခွဲပေါင်းများစွာ ခွဲဖြာနိုင်ပြီး မကုန်နိုင်သော စွမ်းအားများ ရရှိမည် ဖြစ်လေသည်။ ထိုကျင့်စဉ်မှာ လူတစ်ယောက်၏ အသက်ကို ကာကွယ်ရန် အကောင်းဆုံး ကျင့်စဉ် ဖြစ်လေသည်။

ကျောက်ရှောင်ယွီ၏ ကျင့်စဉ်လမ်းမှာ ဘုရင်မကြီး၏ ကျင့်စဉ်လမ်းနှင့် လုံးဝ ကွဲပြားခြားနား လေသည်။ ဘုရင်မကြီးက ဆန်းလျန်ကို တွေ့ချင်နေသည်ကို ရိပ်မိသည့်အတွက် သူမက ဆန်းလျန်ကို ဘုရင်မထက် အရင် တွေ့ဆုံပြီး တစ်စုံတစ်ခု အကူအညီတောင်းရန် စိတ်ကူးရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ကံမကောင်းစွာဖြင့်ပင် ဆန်းလျန်က ကျောက်ရှောင်ယွီ၏ ဖျားယောင်းသွေးဆောင်ခြင်း အတတ်ကို ကျော်လွှား နိုင်ခဲ့လေသည်။ ဆန်းလျန်၏ စိတ်မှာ ကြည်လင် လွန်းနေသဖြင့် သူမ၏ သွေးဆောင် ဖျားယောင်းမှုမှာ အရာမထင် ဖြစ်ခဲ့ရလေသည်။

ဘုရင်မကြီးမှာလည်း ကျောက်ရှောင်ယွီနှင့် ကြာပန်းကိုးပွင့် ကျောင်းတော်အကြောင်းကို ကောင်းကောင်းသိထားသူ ဖြစ်လေသည်။ သူတို့က ပညာပြိုင်ရန် ဦးတည်နေကြခြင်း ဖြစ်လေသည်။ ထိုအချိန်မှာပင် ဆန်းလျန်က သူတို့နှစ်ယောက် ကြားသို့ မထင်မှတ်ဘဲ ဝင်ရောက်သွားမိခြင်း ဖြစ်လေသည်။ သို့သော် … ဆန်းလျန် ဘုရင်မကြီးနှင့် သွားရောက် တွေ့ဆုံသည့် အခြေအနေပေါ်တွင် မူတည် နေသေးသည်။

ဆန်းလျန် ဆေးခန်းသို့ ပြန်ရောက်လာသည့် အချိန်တွင် ရော့ရှီလေးမှာ အိပ်ပျော်နေပြီ ဖြစ်လေသည်။ ကလေးမလေး သည်စောင်များကို ကန်ထုတ်ထားသည့်အတွက် ဆန်းလျန်က သူမကို စောင်ပြန် ခြုံပေးလိုက်သည်။ ထို့နောက် ထုံးစံအတိုင်းပင် “စိတ်အာရုံ စူးစိုက်မှု” ကျင့်စဉ်ကို ဆန်းလျန် ကျင့်ကြံ နေလိုက်လေသည်။

ကျောက်ရှောင်ယွီ တီးခတ်သည့် ဂီတသံကို နားထောင်ပြီးသည့် နောက်ပိုင်း ခါတိုင်း နေ့များထက် အာရုံစူးစိုက်မှု စွမ်းအား ပိုကောင်းနေသည်ကို တွေ့ရလေသည်။ မြေသား ရဲတိုက်တွင်းရှိ ကျိဖူ ပလ္လင်ထက်တွင် ကျောက်စိမ်းကျိုင်းတံကို ကိုင်ဆောင်ထားသည့် မူလနတ်ဘုရား ရုပ်တုသည် ဆန်းလျန်၏ စိတ်ထဲတွင် ထင်ရှားစွာ ပေါ်လာလေသည်။

ဆန်းလျန်က ကျောက်စိမ်းကျိုင်းတံကို အာရုံ စူးစိုက်လိုက်သည်။ ကျောက်စိမ်းကျိုင်းတံမှာ လက်တစ်ဖက်၏ ပုံမျိုး ထုလုပ်ထားခြင်း ဖြစ်လေသည်။ ထိုကျိုင်းတံကို ကိုင်ဆောင်ထားခြင်း၏ အဓိပ္ပာယ်မှာ လူတစ်ယောက်၏ စိတ်ကို ဖြန့်ကြက် ထားခြင်းကို ကိုယ်စား ပြုလေသည်။

ထိုကျိုင်းတံက လူ့လောကတွင် ကိလေသာများကို ရှောင်ရှားရန် သတိပေးနေပြီး လူသားများ၏ စိတ်အာရုံ ထွေပြားမှုများကို ပြသနေခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့် အတွေးများကို ရှင်းထုတ်သည့် ကျိုင်းတံအဖြစ် ကိုယ်စားပြုလေသည်။

ဆန်းလျန်မှာ ကျောက်စိမ်းကျိုင်းတံ၏ ပုံသဏ္ဌာန်ကို လေ့လာပြီး ဖွဲ့စည်းပုံကိုတော့ မလေ့လာ တော့ပေ။ ယနေ့ညအဖို့ ဤမျှအထိ လုံလောက်သွားပြီ ဖြစ်လေသည်။

ကျိုင်းတံ၏ လက်ကိုင်တွင် အစင်းရာများစွာ ရှိလေသည်။ သို့သော် ထိုအစင်းရာများက မည်သည့်အရာကို ကိုယ်စားပြုသည်ကို ဆန်းလျန် မသိနိုင်သေးပါ။ သူက ထိုအစင်းရာများကို အာရုံ စူးစိုက်လိုက်တိုင်း နက်နဲသည့် ဂါထာတစ်ပုဒ်က သူ့စိတ်ထဲသို့ ဝင်ရောက်လာလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset