လှေငယ်လေးပေါ်တွင် ရိုးရှင်းသည့် တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် ဆန်းလျန်ကို တွေ့နိုင်လေသည်။ သူ၏ ဝတ်ရုံမှာ လေထဲတွင် ပျံ့လွင့်နေလေသည်။ သူ၏ ဆံပင်ရှည်များက ကျောထက်တွင် သပ်ရပ်စွာ ကျနေသည်။
အစေခံတစ်ယောက်က လှေကို လှော်ခတ်လာလေသည်။ ထိုအစေခံ ဝတ်ဆင်ထားသည့် ဝတ်စုံမှာ ထူးဆန်းသည့် မျက်ခုံးမွေးနှင့်လူ ဝတ်ဆင်ထားသည့် ဝတ်စုံနှင့် အတူတူပင် ဖြစ်လေသည်။
သူတို့ရှေ့တွင် အိမ်တစ်လုံးကို တွေ့မြင်နိုင်လေသည်။ သို့သော် … ဂီတသံကတော့ ပျံ့လွင့်နေခြင်း မရှိတော့ပါ။
ဆန်းလျန်က ကုန်းပတ်ပေါ်တွင် ရပ်နေလေသည်။ လရောင်မှလွဲပြီး မီးရောင် ထွန်းညှိထားခြင်း မရှိပေ။ ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက် နေလေသည်။ သူ့ကို လှေငယ်ဖြင့် လိုက်ပို့သည့် အစေခံမှာ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်လေသည်။ လှော်ခတ်သွားသည့် လှေလမ်းကြောင်း တစ်လျှောက် လှိုင်းဂယက်လေးများ လှုပ်ခတ် ကျန်ရစ်ခဲ့လေသည်။
ဆန်းလျန် မြောက်ပိုင်း ကန်သာယာကို ရောက်သည်နှင့် ထိုလှေထိုးသမား အစေခံက စောင့်ကြိုနေခြင်း ဖြစ်လေသည်။ သူကပင် လှေကို လှော်ခတ်ပြီး ဆန်းလျန်ကို ဤနေရာသို့ ပို့ဆောင် ပေးခဲ့ခြင်း ဖြစ်သည်။
သူအနည်းငယ်တော့ ထူးဆန်းသလို ခံစားနေရလေသည်။ ချွေးယွင်ထိုင် ဆိုသည့် နေရာကို လရောင်အောက်တွင် သူတွေ့မြင်နေရပြီ။ သာယာလှပသည့် နေရာတစ်ခု ဖြစ်သည်ကိုတော့ ငြင်း၍ မရပေ။
ဆန်းလျန်က အိမ်လေးထဲသို့ လှမ်းဝင်လိုက်သည်။ သူ၏ ခြေသံကို ကြားရခြင်း မရှိပါ။ သူက စင်္ကြံလမ်းလေး အတိုင်း လျှောက်လာလေပြီး ပုတီးစေ့ လိုက်ကာလေးကို တွေ့လိုက်ရသည်။ ပုတီးစေ့ လိုက်ကာလေးမှာ ငြိမ်သက်နေသည်ကို ကြည့်ခြင်းအားဖြင့် ဤနေရာတွင် လေတိုက်ခတ်မှု မရှိမှန်း သိသာလေသည်။ ပုတီးကြိုးလေးများ၏ ကြားမှ လရောင်က ပြောက်တိပြောက်ကြား ဝင်ရောက်နေလေသည်။ အရာအားလုံးမှာ အိပ်မက်ဆန်နေ သကဲ့သို့ပင်။
ဆန်းလျန်က ပုတီးစေ့ လိုက်ကာလေးကို အသာမကာ အတွင်းသို့ ဝင်လိုက်သည်။ ပုတီးစေ့ လေးများမှ သာယာနာပျော်ဖွယ် အသံလေးများ ထွက်ပေါ်လာလေသည်။
အခန်းမှာ ကျယ်ပြန့်ပြီး လရောင်က အခန်းတွင်းသို့ ဖြာကျနေသည်။
အခန်းနံရံနှင့် ကြမ်းခင်းများမှာ အထူး သစ်သားများဖြင့် ပြုလုပ်ထားခြင်း ဖြစ်လေသည်။ လရောင် အခန်းတွင်းသို့ စိမ့်ဝင်နေသည်မှာ စမ်းချောင်းလေးနှင့် အလားသဏ္ဌာန် တူလေသည်။
ကြမ်းပြင်ပေါ်တွင် မိန်းမပျိုတစ်ယောက် ထိုင်နေလေသည်။ သူမရှေ့တွင် ကြိုးခုနစ်ကြိုးတပ် ကုချင်ဗျပ်စောင်းကို တစ်လက် ရှိနေလေသည်။
လရောင်အောက်တွင် ထိုမိန်းကလေးမှ လွန်စွာမှ ချောမောလှပသူ ဖြစ်ကြောင်း မြင်တွေ့နိုင်လေသည်။ လူ့လောကမှ မဟုတ်သည့် နတ်မိမယ် တစ်ပါးအလား လှပလွန်းလေသည်။
မိန်းကလေးတို့၏ အလှအပများသည် ဆန်းလျန်၏ ရင်ကို မလှုပ်ခတ်စေပါ။ သို့သော် … သူ့ရှေ့မှ မိန်းကလေး၏ အလှတရားကတော့ သူတော်စင်များပင် လည်ပြန်လှည့်ငေး ရလောက်သည့် အလှတရားမျိုး ဖြစ်လေသည်။
ကွန်ဖြူးရှပ်ပင် နန်ကျီကို တွေ့သည့်အခါ သူမ၏ အလှတရားတွင် မိန်းမော ခဲ့ရသေးသည် မဟုတ်ပါလား။
သူမ၏ မျက်နှာမှာ လှပသည်ထက် အဆင့်အတန်း ရှိသည့်ပုံလည်း ပေါက်လေသည်။ မိုးရေထဲမှ ကြာပန်းလေးအလား သန့်စင်လန်းဆန်း နေလေသည်။ ဒုက္ခတရားမှ ကယ်တင်နိုင်သည့် သူတော်စင် မိန်းမပျို တစ်ယောက်အလား ထင်မှားမိစေလေသည်။
သူမအသက်မှာ ဆယ့်ခြောက်နှစ်ခန့်သာ ရှိပုံပေါ်သေးသည်။ သူမ၏ မျက်ဝန်းများက ပြုံးယောင် သန်းနေ၏။
ပြုံးနေသည့် မိန်းကလေး …
အထူးသဖြင့် ချောမောလှပသည့် မိန်းမပျိုတစ်ယောက် ပြုံးနေခြင်းမှာ …
“ကံကောင်းခြင်းများကို သယ်ဆောင်လာနိုင်သည်”
ဟု ပြောစမှတ် ရှိကြလေသည်။
သူမ ပြုံးနေသည့် အပြုံးကတော့ လွန်စွာမှ ကျက်သရေ ရှိလွန်းလေသည်။
“မင်းက ကျောက်ရှောင်ယွီလား”
ဆန်းလျန်က မေးလိုက်လေသည်။
“ရှင်က မဟုတ်ဘူးလို့ ထင်လို့လား”
သူမက ဆန်းလျန်ကို တစ်ချက်ကြည့်လိုက်ရင်း ပြန်မေးလိုက်သည်။ အကြည့်လေးမှာ ဆောင်းဦးတွင် စီးဆင်းနေသည့် စမ်းချောင်းလေးအလားပင်။
နတ်မိမယ်လေးတွေသာ တကယ်ရှိမည် ဆိုလျှင် သူမကဲ့သို့ပင် ထင်မိလေသည်။
ယခင် ခေတ်ပေါ်ကမ္ဘာတွင် နေခဲ့စဉ်တုန်းက ဆန်းလျန်မှာ မိန်းကလေးများနှင့် ပတ်သက်ရန် အချိန်မရှိခဲ့ပါ။ လှပသည့် မိန်းကလေးများကို အင်တာနက်ပေါ်တွင်သာ တွေ့မြင် ဖူးလေသည်။ ယခု ဘဝတွင်တော့ ချောမောလှပသည့် မိန်းမပျိုအချို့နှင့် ဆုံခဲ့ဖူးပြီ။ ကံကောင်း၍ တွေ့ဆုံခြင်းမျိုးတော့ မဟုတ်ပါ။ ကျင့်စဉ်လမ်း လိုက်သည့်အခါတွင် အမှတ်မထင် ဆုံတွေ့ခဲ့ရခြင်းသာ ဖြစ်လေသည်။
ကျင့်ကြံသူများကတော့ ယောကျ်ား၊ မိန်းမ ခွဲခြားဆက်ဆံခြင်း မရှိပါ။ ထို့ပြင် ကျင့်ကြံသူများ ကြားတွင် ရုပ်ဆိုးသူဟူ၍ သိပ်မရှိလှပေ။ အဘယ်ကြောင့်ဆိုသော် ကျင့်စဉ်များ တောက်လျှောက် လေ့ကျင့်ခဲ့ရသည့် အစွမ်းများကြောင့် အသားအရေမှာ အမြဲတမ်း ချောမွေ့လှပ နေကြလေသည်။
ရုပ်ရည်ချောမော လှပခြင်း မရှိသည့် သူပင်လျှင် ကျင့်စဉ်စွမ်းအားဖြင့် စွဲဆောင်မှုရှိစွာ ကြည့်ကောင်းနေမည် ဖြစ်လေသည်။
ကျင့်ကြံသူများအတွက် ရုပ်ရည်ထက် စိတ်ထားက ပိုပြီး အရေးကြီးလေသည်။
သူမ၏ အကြည့်ကြောင့် ဆန်းလျန်က ရှက်ကိုးရှက်ကန်း ဖြစ်သွားခြင်းမျိုး မရှိပါ။ သူ၏ စိတ်ခံစားချက်ကို ဖုံးကွယ်ကာ ဘာမှမဖြစ်သလို နေလိုက်လေသည်။ သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်တော့ သူမ၏ ကိုယ်သင်း ရနံ့လေးက နှာခေါင်းထဲ တိုးဝင်လာလေသည်။ ဝိညာဉ်နံ့သာနှင့် ကိုယ်သင်းရနံ့ ပေါင်းစပ်ထားသည့် ရနံ့မျိုး ဖြစ်လေသည်။
သူမ၏ လက်ချောင်းလေးများသည် ဗျပ်စောင်းပေါ်တွက် တစ်ချက်လူးလွန့် သွားလေသည်။ မက်မွန်ပင်တန်း အောက်တွင် စမ်းချောင်းလေး စီးဆင်းနေသည့်အလား သံစဉ်လေးမှာ လှပ လွန်းလေသည်။ ပေါ့ပါး ကြည်လင်သည့်တိုင် ရင်ကို ထိရှစေသည့် တေးသွားလေး ဖြစ်လေသည်။
သူမ၏ လက်သည်းလေးများမှာ အကြည်ရောင် တောက်ပနေသောကြောင့် ဗျပ်စောင်းပေါ်တွင် လက်ကို လှုပ်ရှားလိုက်တိုင်း တဖျတ်ဖျတ် လက်နေရလေသည်။ တစ်ခါတစ်ရံ အင်္ကျီလက်ဆီမှ ပေါ်သွားသည့် လက်ဖျံနားရှိ သွေးကြောစိမ်းလေးများမှာ ကျောက်စိမ်းရောင်အလား မြင်သူတိုင်းကို ညှို့ယူ ဖမ်းစားနေသေးသည်။
ဆန်းလျန်က သူမ၏ မေးခွန်းကို မဖြေပါ။ သူက သိမ်မွေ့စွာဖြင့် ဆိုလိုက်သည်။
“ကျုပ်ကတော့ မင်းဟာ ကျောက်ရှောင်ယွီ ဖြစ်မယ် ထင်တာပဲ။ ပြီးတော့ မင်းက ထူးခြားတဲ့ အသိုင်းအဝိုင်းက လာတဲ့သူ ဖြစ်ရမယ်”
ကျောက်ရှောင်ယီက မျက်ခုံးတစ်ချက် ပင့်လိုက်လေသည်။ သူမလက်များကတော့ ဗျပ်စောင်းထက်တွင် ပြေးလွှားနေဆဲပင်။
သူမက တစ်ချက် ရယ်မောလိုက်ရင်း …
“မှန်းဆတယ်ဆိုတာ ခက်တဲ့အလုပ်မှ မဟုတ်ဘဲ။ ရှင့်ရဲ့ အစွမ်းက ဒီလောက်ပဲ ဆိုရင်တော့ စိတ်ပျက်စရာ ကောင်းနေပြီ”
ဟု ပြောလိုက်လေသည်။
“ကြာပန်းပွင့်ဖတ်လွှာ အဆင့်ကိုးဆင့်မှာ … ကိုယ့်ကိုယ်ကိုယ် တိမ်စိုင်လေး တစ်ခုအလား…
မိုးရေနဲ့ တောတောင်တွေဆီ … လွင့်မျော သွားလိုက်ချင်ရဲ့ …”
ဆန်းလျန်က ကဗျာစာပိုဒ်လေးကို ရွတ်ဆိုလိုက်လေသည်။
ထိုကဗျာမှာ “လော်” ရေးသားသည့် ကျင့်စဉ် စာအုပ်ထဲတွင် ဖော်ပြထားသော ကဗျာတစ်ပုဒ် ဖြစ်လေသည်။ ထိုကဗျာကို ကြာပန်းကိုးပွင့် ကဗျာဟု လူသိ များကြလေသည်။
ကျောက်ရှောင်ယွီ၏ မျက်နှာထက်တွင် ထူးဆန်းသည့် အရိပ်တစ်ခု ဖြတ်ပြေးသွားပြီး ဆန်းလျန်ဆီမှ အကြည့်လွှဲလိုက်လေသည်။
“ချင်းရွှမ်နတ်တံခါးမှာ တပည့်တစ်ယောက် ဖြစ်နေတာဟာ ဒီလောက်တော်လို့ကိုး။ ရှင်က တကယ် လေ့လာမှု အားကောင်းတဲ့ လူတစ်ယောက်ပါပဲ”
ကျောက်ရှောင်ယွီက နူးညံ့စွာ ပြောလိုက်လေသည်။
“ကြာပန်းကိုးပွင့် ကျောင်းတော်က ကြာပန်းကိုးပွင့် ကျင့်စဉ်ကျမ်းအကြောင်း ကြားဖူးနေတာ ကြာပါပြီ။ အဲဒီ ကျင့်စဉ်ကျမ်းက “စိတ်ဝိညာဉ် မြှင့်တင်ခြင်း” အတွက် အကောင်းဆုံး ကျင့်စဉ်ပါပဲ။ မင်းကို ဒီနေ့ တွေ့လိုက်ရတော့ ကြားထားတဲ့ သတင်းတွေက အမှန်တွေပဲဆိုတာ သိလိုက်ရပါပြီ”
ဆန်းလျန်က ပြောလိုက်လေသည်။
ဆန်းလျန်က “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်ကို လေ့ကျင့်ရင်း “စိတ်ဝိညာဉ် မြှင့်တင်ခြင်း” နှင့် ပတ်သက်ပြီး သုတေသန ပြုလုပ်ထားခဲ့လေသည်။ သူ့ရှေ့မှ မိန်းကလေးမှာ အဆင့်မြင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပုံရပြီး ကြာပန်းကိုးပွင့်ကျင့်စဉ် ကျင့်ကြံထားသည့် လက္ခဏာများ သူမထံတွင် တွေ့မြင် နေရလေသည်။
သူမ၏ သန့်စင်သည့် နှလုံးသားမှာလည်း ရွှံ့နွံကြားမှ ထိုးဖောက် ထွက်လာကာ ပွင့်လန်းနေသည့် အဖြူရောင် ကြာပန်းလေးနှင့် အလားသဏ္ဌာန် တူနေလေသည်။ ထိုပုံသဏ္ဌာန်မှာ ကြာပန်းကိုးပွင့် ကျင့်စဉ်ကျမ်းအကြောင်း ရေးသားထားချက်များတွင် ဖော်ပြထားသည့် အချက်များနှင့် တူညီ နေလေသည်။
“ချင်းရွှမ် နတ်တံခါးဟာ အကောင်းဆုံး နတ်ဘုရား ကျောင်းတော်တွေထဲက တစ်ခုပါပဲ။ ရှင်က ဘယ်လို စိတ်ဝိညာဉ် မြှင့်တင်ခြင်း ကျင့်စဉ်မျိုး ကျင့်ကြံခဲ့သလဲဆိုတာ ကျွန်မ မခန့်မှန်း နိုင်ပါဘူး။ ဒါပေမယ့် ဟိုင်သန်းအဆင့် မရောက်ခင် ဝိညာဉ်အလင်းတရား ရနေတာကတော့ အံ့သြစရာပါပဲ”
ဟု သူမက ပြောလိုက်လေသည်။
ကျောက်ရှောင်ယွီမှာ ဆန်းလျန်ထက် မဆိုသလောက်လေး အရပ် နိမ့်လေသည်။ ထို့ကြောင့် သူမက ဆန်းလျန်ကို မော့ကြည့်နေရသည်။ သူမက ဗျပ်စောင်း တီးခတ်ခြင်းကို ရပ်တန့်လိုက်သည်။
ဆန်းလျန်က ပြုံးလိုက်ရင်း …
“အဲဒါက အခွင့်အရေး တစ်ခုကြောင့် ဖြစ်သွားရတာပါ။ ပြောပြ မနေတော့ပါဘူး”
ဟု ပြောလိုက်လေသည်။
ဆန်းလျန်၏ စကားမှာ အမှန်မဟုတ်ကြောင်း ကျောက်ရှောင်ယွီ နားလည်လိုက်သည်။ သို့သော် ဆန်းလျန်ကို ဤနေရာသို့ ဖိတ်ကြားခဲ့ခြင်းမှာ ထိုအကြောင်း ပြောချင်၍ မဟုတ်ပေ။
အိပ်မက်ဆန်သည့် ဤနေရာကို ကျောက်ရှောင်ယွီ ဖန်တီးထားခြင်း ဖြစ်လေသည်။ သူမက ဆန်းလျန်ရှေ့တွင် ထိုင်နေသည့်တိုင် သူမ ထိုနေရာတွင် ရှိမနေဟု ထင်ယောင်ထင်မှား ဖြစ်နိုင်လေသည်။
“ကျွန်မရဲ့ ဖိတ်ကြားမှုကို ထောင်ချောက်တစ်ခုလို့ ရှင်မထင်ဘူးလား”
သူမက မေးလိုက်လေသည်။
ဆန်းလျန်က ရယ်နေလိုက်သည်။ သို့သော် … သူမမေးခွန်းကို မဖြေပါ။ ထို့နောက် … သူက သူမရှေ့တွင် ဝင်ထိုင်လိုက်လေသည်။
မိန်းကလေးက အံ့သြသွားခြင်းမရှိပါ။ သူမက ဆန်းလျန်မျက်လုံးထဲသို့ စိုက်ကြည့်လိုက်သည်။ သာမန်မျှသော အကြည့်တစ်ချက်သာ ဖြစ်လေသည်။
သူမက သက်ပြင်းတစ်ချက် ချလိုက်ရင်း. …
“ချင်းရွှမ်နတ်တံခါးဟာ ရှေးအကျဆုံးနဲ့ သဘာဝအကျဆုံး နတ်ဘုရား ကျောင်းတော်ကြီးပဲ။ မျိုးဆက် တစ်ခုတိုင်းမှာ သိပ်ကို ထက်မြက်တဲ့ ရှင့်လို လူမျိုးတွေ “ကျန့်ဝမ်” ချန်ကျန့်မေလို လူမျိုးတွေ ပေါ်ထွက် လာစမြဲပဲ”
သူမက ပြောလိုက်လေသည်။
“ကျုပ်က ဂိုဏ်းတူအစ်ကို ချန်ကျန့်မေရဲ့ ခြေဖျားတောင် မမီပါဘူး။ ကျုပ်ကို အဲဒီလောက် မချီးကျူးပါနဲ့”
ဆန်းလျန်က ပြောလိုက်လေသည်။
ကျောက်ရှောင်ယွီ၏ မျက်ဝန်းများမှာ ညဘက်တွင် လင်းလက်နေသည့် ကြယ်စင်လေးများကဲ့သို့ တောက်ပ နေလေသည်။
သူမက …
“ကိုယ့်ကိုယ်ကိုယ် အဲဒီလောက် မနှိမ့်ချပါနဲ့။ ပြီးတော့ ကျွန်မရဲ့ အစေခံက ဒီနေ့ ရှင့်အပေါ်မှာ ရိုင်းပြမိတာကိုလည်း စိတ်ထဲ မထားပါနဲ့နော်။ သူတို့တွေက ကျင့်စဉ်လမ်းကို ထပ်မလျှောက်လှမ်း နိုင်ကြတော့ဘူး။ သာမန်လူတွေထက် အနည်းငယ်ပဲ ပိုပြီး တော်ကြတာပါ။ အဲဒါကြောင့် သူတို့ စိတ်နေ စိတ်ထားတွေက ထူးဆန်းကြတယ်”
ဟု ပြောလိုက်လေသည်။
သူမက ဆက်ပြောပြန်သည်။
“ချင်းရွှမ်နတ်တံခါး အနေနဲ့ ကြည့်မယ်ဆိုရင် ကျွန်မတို့ ကြာပန်းကိုးပွင့် ကျောင်းတော်က ပုံမှန် မဟုတ်ဘူးဆိုတာ ရှင်သိတယ်မလား။ ကျွန်မတို့ကို မိစ္ဆာကျင့်စဉ် ကျင့်ကြံသူတွေလို့ ရှင့်စိတ်ထဲမှာ မှတ်ထင်နေရင်တော့ ဒီနေ့ ကျွန်မတို့ စကားဆက်ပြောဖို့ မဖြစ်နိုင်ဘူး”
သူမပုံစံလေးမှာ သနားစရာပင် ကောင်းနေလေသည်။ ထိုပုံစံလေးကို ကြည့်ပြီး မည်သည့် ယောကျ်ားမဆို သူမ တောင်းသမျှ ကတိကို ပေးလိုက်မိမည် ဖြစ်လေသည်။
ဆန်းလျန်၏ တည်ငြိမ်သည့် စိတ်အစဉ်တွင် ဂယက်တစ်ချက် ရိုက်ခတ် သွားရသည်။ အဆင့်နိမ့် ဖျားယောင်း သွေးဆောင်မှု နည်းလမ်းမှာ ရမ္မက်ဆန္ဒကို ထကြွအောင် လုပ်ပေးခြင်း ဖြစ်ပြီး အဆင့်မြင့် သွေးဆောင်ဖြားယောင်းမှုမှာ အပြစ်ကင်းစင်ဟန် ဆောင်ခြင်း ဖြစ်လေသည်။ မည်သူမဆို သတိ မထားမိခင်မှာပင် ထောင်ချောက်အတွင်းသို့ သက်ဆင်း ရနိုင်ပေသည်။
***