Switch Mode

အခန်း (၁၁၁)

ကျောက်ရှောင်ယွီ

အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားခြင်း ဖြစ်လေသည်။ ရန်သူမှာ တစ်ခဏ အတွင်းပင် အသက်ဆုံးရှုံး သွားနိုင်လေသည်။

တုန်လှုပ်ခြောက်ခြား သွားသည့်တိုင် ထိုသူက နှောင့်နှေးနေခြင်းတော့ မရှိပါ။

သူ့မျက်လုံးများက မှိတ်သွားခြင်း မရှိပါ။ ကြောက်စိတ်က သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး နေရာမှာပင် မလှုပ်မယှက် ရပ်နေမိလေသည်။

ရုတ်တရက် ဖိအားက ရပ်တန့်သွားလေသည်။ ထိုအခါမှ ထိုသူမှာ စိတ်သက်သာရာ ရသွားလေသည်။ ဆန်းလျန်၏ လက်ဝါးရိုက်ချက်က သူ့ရှေ့ တစ်လက်မခန့် အကွာတွင် ရပ်တန့်သွားခြင်း ဖြစ်လေသည်။ ထိုသူက အနောက်သို့ ရုတ်တရက် ခုန်ရှောင်လိုက်သည်။ ထို့နောက် ဆန်းလျန်၏ လက်ကောက်ဝတ်ကို သူ၏ ဘယ်ဘက် ခြေထောက်ဖြင့် ကန်ချလိုက်လေသည်။ ဆန်းလျန်၏ ခန္ဓာကိုယ်မှာ ငှက်မွေးလေး တစ်ခုအလား ပေါ့ပါးစွာဖြင့် ထိုခြေကန်ချက်ကို လှပစွာ ရှောင်တိမ်းလိုက်သည်။

ထိုသိုင်းကွက်မှာ သိုင်းကွက်တစ်ခု မဟုတ်ပါ။ ဆန်းလျန် ခေတ်ပေါ်ကမ္ဘာမှ ယောဂကျင့်စဉ် ပုံစံကို ယူသုံးထားခြင်း ဖြစ်လေသည်။ ယောဂကျင့်စဉ် အခြေခံမှာ အဓိက သွေးကြောသုံးခုနှင့် သွေးလည်ပတ်ပုံ ခုနစ်မျိုးကို လေ့ကျင့်ရခြင်း ဖြစ်လေသည်။ ကျင့်စဉ်လမ်းတွင် သိရှိရသည့် အဓိက သွေးကြောဆုံမှတ် ရှစ်ခုနှင့် တူညီခြင်း မရှိပါ။ ယောဂကျင့်စဉ် ဆိုသည်က တာအိုကျင့်စဉ်နှင့် မတူညီသည့် အခြားသော ကျင့်စဉ်တစ်ခု ဖြစ်လေသည်။

ဆန်းလျန်က စိတ်အာရုံစူးစိုက်ကာ ရန်သူ၏ ခန္ဓာကိုယ် အလယ်ပိုင်းကို အကဲခတ် ကြည့်လိုက်သည်။ အပြာရောင် စွမ်းအားတစ်ခုကို အာရုံခံမိလေသည်။ ထိုစွမ်းအားမှာ ထိုသူ၏ စွမ်းအား အရင်းအမြစ်ပင် ဖြစ်လေသည်။ ထိုစွမ်းအားကို ထိုသူ၏ ကျောရိုး တစ်လျှောက်တွင် တွေ့လိုက် ရလေသည်။

ရန်သူမှာ လျှပ်စီးကဲ့သို့ လျင်မြန် လွန်းလေသည်။ သို့သော် … ဆန်းလျန်၏ အာရုံထဲတွင်တော့ လွန်စွာမှ နှေးကွေးနေလေသည်။

ဆန်းလျန်က ရန်သူ၏ ခြေကန်ချက်ကို ခပ်လွယ်လွယ်ပင် ရှောင်တိမ်းလိုက်လေသည်။ တစ်ချိန်တည်းမှာပင် “ပင်လယ်လှိုင်းခွဲ” လက်ဝါးရိုက်ချက်ဖြင့် ထိုသူ၏ ရင်ဝကို ရိုက်ချ လိုက်လေတော့သည်။

ထိုသူက မြေပြင်ထက်သို့ အရှိန်ပြင်းစွာဖြင့် ပြုတ်ကျသွားပြီး ခါးတစ်ခုလုံး နာကျင် သွားရလေသည်။ သူ၏ အပြာရောင် စွမ်းအားများ အားလုံးမှာ ပြင်ပသို့ စိမ့်ထွက် သွားလေတော့သည်။ ထိုစွမ်းအားသာ မရှိလျှင် ထိုသူမှာ ပိုပြီး အကျနာမည် ဖြစ်လေသည်။ ထိုသူက မြေပြင်ထက်တွင် အော်ဟစ်ညည်းညူ နေလေတော့သည်။

သမာဓိ ပျက်သွားပြီ ဖြစ်သည့် ထိုသူကို ဆန်းလျန်က ကြည့်ရင်း ရယ်မောလိုက်သည်။

“မင်းရဲ့ လဒဖင်ထိုင်ရက်ကျ သိုင်းကွက်က တကယ် အံ့သြစရာ ကောင်းတာပဲ”

ဟု ပြောလိုက်လေသည်။

ထူးဆန်းသည့် မျက်ခုံးမွေးပိုင်ရှင်မှာ ဒေါသထွက်၍ ဆွေ့ဆွေ့ ခုန်နေတော့သည်။ သူ့ခန္ဓာ ကိုယ်ထဲမှ အတွင်းအားများမှာလည်း စုစည်း၍ မရတော့ပေ။ သူက လက်ဖြင့် မြေပြင်ကို ထောက်ပြီး အားတင်းကာ မတ်တတ်ရပ်လိုက်သည်။

“ဒီနေ့ ကျုပ်မင်းကို ရှုံးသွားမှတော့ ပြောချင်သလို ပြောတော့ပေါ့။ တကယ်တော့ ကျုပ်သခင်က ဒီည မြောက်ပိုင်းကန်သာယာက ချွေးယွင်ထိုင်မှာ အရက်သောက်ဖို့ မင်းကို ဖိတ်ခိုင်းလိုက်လို့ လာဖိတ်တာပါ။ မင်းလာမှာလား”

ဟု ပြောလိုက်လေတော့သည်။

မြောက်ပိုင်း ကန်သာယာ ဆိုသည်မှာ ဆန်းတုမြို့တော်၏ ဟုန်ကွမ်းရပ်ကွက်တွင် တည်ရှိသော နေရာတစ်ခု ဖြစ်လေသည်။ ထိုနေရာတွင် ပျော်ရွှင်စရာများဖြင့် ပြည့်နေလေသည်။ ဆောင်ကြာမြိုင်များ၊  ပြဇာတ်ရုံများ နေရာတိုင်းတွင် ရှိနေသည်။ အချို့လူများက မြောက်ပိုင်း ကန်သာယာမှ ရေသည်ပင်လျှင် မိန်းကလေးများသုံးသည့် ရေမွှေးနံ့ ထွက်နေပြီဟု ပြစ်တင်ပြောဆို ကြလေသည်။

“ဖိတ်မှတော့ လာရမှာပေါ့ဗျာ”

ဆန်းလျန်ပြုံးရင်း ပြန်ပြောလိုက်လေသည်။

ထူးဆန်းသည့် မျက်ခုံးမွေးပိုင်ရှင်က ဆန်းလျန်မှာ သူ့ကို ဒေါသထွက်ပြီး ဖိတ်ကြားမှုကို ငြင်းပယ်မည်ဟု ထင်နေခဲ့လေသည်။ ဆန်းလျန်က ဖိတ်ကြားမှုကို လက်ခံမည်ဟု တွေးထင် မထားခဲ့မိပေ။

ဆန်းလျန်မှာ တကယ်ပင် တန်ခိုးစွမ်းအား ကြီးမားသူ ဖြစ်ကြောင်း သူနားလည် သွားခဲ့ရသည်။ “ရေရဲ့ အတိမ်အနက်ကို စမ်းမကြည့်နဲ့” ဟု သူ့သခင် မှာလိုက်သည့် စကားကို သူ နားထောင်သင့်မိသည်။ ရေမည်မျှ နက်သည်ကို မသိနိုင်သလို ဆန်းလျန်၏တန်ခိုးစွမ်းအားမှာ မည်မျှ နက်ရှိုင်းကြောင်းလည်း သူ မသိနိုင်ပေ။ ဆန်းလျန်မှာ သူ၏ အားနည်းချက်ကို သိမြင်ကာ တိုက်ခိုက်နိုင်သူ ဖြစ်လေသည်။

ထူးဆန်းသည့် မျက်ခုံးမွေးနှင့်လူက ဖိတ်စာလေးကို ထုတ်ယူလိုက်သည်။ ဖိတ်စာမှ ပျံလွင့်နေသည့် မွှေးရနံ့မှာ စိတ်ကို လန်းဆန်းစေသည်။ ဤလောကမှမဟုတ်၊ ဝိညာဉ်လောကမှ မွှေးရနံ့ကဲ့သို့ ဖြစ်လေသည်။

ဝိညာဉ်နံ့သာမှာ တန်ဖိုးရှိသည့် ပစ္စည်းဖြစ်လေသည်။ ကျင့်ကြံသူများ အတွင်းအားကျင့်စဉ် လေ့ကျင့်သည့် အခါမျိုးတွင် ဝိညာဉ်နံ့သာကို ထွန်းညှိပြီး လေ့ကျင့်ပါက ဝိညာဉ်ကို ငြိမ်းအေးစေပြီး အတွင်းအား လှည့်ပတ်မှုကို ကောင်းမွန်စေသည်။ ထို့ပြင် ဝိညာဉ်စွမ်းအား တိုးတက်အောင်လည်း အထောက်အပံ့ ပေးလေသည်။

ဖိတ်စာလေးမှ အမွှေးနံ့သာမှာ ဝိညာဉ်နံ့သာ ဖြစ်သည်မှာ ထင်ရှားနေလေသည်။ ဤကဲ့သို့သော အဖိုးတန် ပစ္စည်းကို အသုံးပြုနိုင်သူအား လျှော့တွက်၍ မရပေ။

ဝိညာဉ်နံ့သာမှာ မင်ကျန်းတောင်ကဲ့သို့သော နေရာမျိုးတွင်ပင် လွန်စွာရှားပါးပြီး တန်ဖိုး ထားသည့် ပစ္စည်း ဖြစ်လေသည်။

ထူးဆန်းသည့် မျက်ခုံးမွေးနှင့်လူမှာ အဆင့်မြင့် သိုင်းသမားတစ်ယောက် ဖြစ်လေသည်။ သို့သော် … သူက အစေခံတစ်ယောက် ဖြစ်နေလေသည်။ အဆင့်မြင့် သိုင်းသမား တစ်ယောက်ကိုပင် အစေခံ အဖြစ် ထားရှိသောသူမှာ မည်မျှ စွမ်းအားကြီးကြောင်း ရှင်းပြ နေစရာပင် မလိုတော့ပေ။

သို့သော် … ယဉ်ကျေးမှု မရှိသည့် အစေခံ တစ်ယောက်ကိုတော့ အပြစ် ပေးသင့်သည်ဟု ဆန်းလျန် တွေးမိလေသည်။ ထို့ကြောင့် ထိုသူကို တိုက်ခိုက်ပြီး ပညာပြလိုက်ခြင်း ဖြစ်လေသည်။

ဖိတ်စာပေါ်တွင် ရေးထားသည်မှာ …

“ဒီနေ့ညက လကြည့်လို့ ကောင်းတဲ့ညပဲ။ ဒါကြောင့် အရက်သောက်ဖို့ ဖိတ်ကြားလိုက်ပါတယ်။ မလာဘဲတော့ မနေနဲ့နော်

ကျောက်ရှောင်ယွီ”

ဟူ၍ ဖြစ်လေသည်။

ဖိတ်စာပေါ်မှ သပ်ရပ်သည့် လက်ရေးကို ဆန်းလျန် ကြည့်နေမိသည်။ လက်ရေးပိုင်ရှင်မှာ စိတ်ထား ပေါ့ပါးလွတ်လပ်ပုံ ရလေသည်။ ထိုစာကို ရေးသည့်လူကို ဆန်းလျန် အာရုံခံကြည့်လိုက်သည်။ အခိုးအငွေ့များဖြင့် ပြည့်နေသည့် အခန်းထဲရှိ ငွေရောင်လိုက်ကာ နောက်တွင် မိန်းကလေးသုံး မျက်ခုံးမွေးဆွဲ ခဲတံဖြင့် ရေးသားထားခြင်း ဖြစ်လေသည်။

ဆန်းလျန်ဘက်မှ ဖိတ်ကြားသည်ကို လက်ခံရသည့် အကြောင်းရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ဖိတ်ကြားသူမှာ မိန်းကလေးတစ်ယောက် ဖြစ်နေသည့်အပြင် သူ့နောက်သို့ လိုက်နေသူ ဖြစ်သည်ကို သူသတိထား မိသောကြောင့် ဖြစ်လေသည်။ ယခု ထိုလူကို သိခွင့်ရမည့် အခွင့်အရေးကို ဆန်းလျန် လက်မလွှတ်ချင်ပါ။

ထို့ကြောင့်ပင် …

“ဖိတ်မှတော့ လာရမှာပေါ့ဗျာ”

ဟု ပြောလိုက်ခြင်း ဖြစ်လေသည်။

ထူးဆန်းသည့် မျက်ခုံးမွေးပိုင်ရှင်က ခေါင်းတစ်ချက် ညိတ်လိုက်လေသည်။ သို့သော် … သူက ထွက်ခွာသွားခြင်း မရှိသေးပါ။

“မင်း ဘာထပ် လိုချင်သေးလို့လဲ”

ဆန်းလျန်က မေးလိုက်လေသည်။

“မင်းက ကျုပ်ကို ဒီတိုင်းသွားခွင့် ပေးလိုက်တော့ မလို့လား”

ထူးဆန်းသည့် မျက်ခုံးမွေးနှင့်လူက စူးစမ်းသည့် မျက်နှာထားဖြင့် မေးလိုက်သည်။

“ကျုပ်က ဒေါသထွက်ပြီး မင်းကို သတ်စေချင်နေတာလား”

ဆန်းလျန်က ရယ်မောရင်း ပြောလိုက်လေသည်။ ထို့နောက် … ဆန်းလျန်က သူ့လက်တစ်ဖက်ကို မြှောက်လိုက်သည်။ ထူးဆန်းသည့် မျက်ခုံးမွေးနှင့်လူက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်လေသည်။

“ဘာလို့ မသတ်ဘဲ နေမှာလဲ။ မင်းသတ်မလားလို့ အစထဲက တွေးနေတာ”

ဟုပြောလိုက်လေသည်။

“မင်းသေရမှာ မကြောက်ဘူးလား”

ဆန်းလျန်က မေးလိုက်လေသည်။

“မကြောက်ပါဘူး”

ထိုသူက ပြောလိုက်လေသည်။ သူက ပြဿနာ ရှာနေခြင်း မဟုတ်ပါ။ တကယ်ပင် သေရမည်ကို မကြောက်ခြင်း ဖြစ်လေသည်။

ဆန်းလျန်က မြှောက်ထားသည့် လက်ကို ပြန်ချလိုက်သည်။

“ကောင်းပြီလေ။ မင်းက သေမှာ မကြောက်ဘူးဆိုမှတော့ ကျုပ်ကလည်း မသတ်နိုင်စရာ အကြောင်း မရှိပါဘူး။ အခုတော့ မင်းသွားလို့ ရပြီ”

ထိုသူ၏ ပြောစကားကို ဆန်းလျန် ယုံကြည်ပါသည်။ သူက ထိုသူကို ထားခဲ့ပြီး ဆေးခန်း အတွင်းသို့ ပြန်ဝင်လာခဲ့လေသည်။

ဆန်းလျန် ထိုသူ့အပေါ်တွင် ဝိညာဉ်စွမ်းအားကို ဖိအားအသွင်ပြောင်းပြီ စမ်းသပ် ကြည့်ခဲ့လေသည်။ ထိုသူ၏ ပုံစံက ကြောက်ရွံ့သည့်ပုံ ပြနေသည့်တိုင် အကြောက်တရားက ထိုသူ အပေါ်တွင် သက်ရောက်မှု မရှိပါ။ ထိုသူမှာ တကယ်ပင် “သေမှာ မကြောက်သည့်သူ” ဖြစ်လေသည်။ သက်ရှိ သတ္တဝါများအားလုံး သေရမည်ကို ကြောက်ရွံ့ကြလေသည်။ သို့သော် … ထိုသူ၏ ခန္ဓာကိုယ်ထဲတွင် “သေမည်ကို ကြောက်ရွံ့သည့်စိတ်” ကို အခြားတစ်ခုဖြင့် အစားထိုးထားလေသည်။

ဤကဲ့သို့သော လူမျိုးကို ဆန်းလျန် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်လေသည်။

ချင်းရွှမ်နတ်တံခါးအပြင် အခြားသော ကျင့်ကြံသူ ဂိုဏ်းများ များစွာရှိလေသည်။ ဆန်းလျန်ပင် တစ်ခါမှ မကြုံဖူးသည့် ထူးဆန်းသည့် ပညာများကို အသုံးပြုကြသည့် ကျင့်ကြံသူ ဂိုဏ်းများလည်း များစွာ ရှိလေသည်။ ဆန်းတုမြို့တော်မှာ ထိုကဲ့သို့ ထူးဆန်းထွေလာ များစွာဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်လေသည်။

ဆန်းလျန်က ရေဇလုံတွင်းသို့ ကြည်လင်သည့် ရေများ ဖြည့်လိုက်သည်။ ထို့နောက် အင်းသင်္ကေတ တစ်ခုကို ရေဇလုံအတွင်းသို့ သက်ရောက် စေလိုက်သည်။ ရေထဲတွင် ပုံရိပ်တစ်ခု ပေါ်လာလေသည်။ ပုံရိပ်မှာ အနည်းငယ် လှုပ်ခတ်နေလေသည်။ ပုံရိပ်ထဲတွင် ထူးဆန်းသည့် မျက်ခုံးမွေး ပိုင်ရှင်သည် ဆန်းတုမြို့ထဲတွင် လှည့်လည် သွားလာနေသည့် ပုံကို တွေ့မြင်ရလေသည်။

ဆန်းလျန်က ထိုသူကို နောက်ဆုံး လက်ဝါးရိုက်ချက်ဖြင့် ရိုက်ချလိုက်သည့် အချိန်တွင် သူ၏ ဝိညာဉ်သိမြင်မှု စွမ်းအားကို ထိုသူ၏ ကိုယ်တွင်းသို့ ထည်ပေးလိုက်ခြင်း ဖြစ်လေသည်။ ထို့ကြောင့် အင်းပညာကို အသုံးပြုကာ ထိုသူကို ခြေရာခံနိုင်ခြင်း ဖြစ်လေသည်။ ဆန်းလျန်မှာ လောကနတ်ဘုရား တစ်ပါး မဖြစ်သေးသည့်တိုင် မိုင်တစ်ထောင် ပတ်လည်အတွင်းကိုတော့ ခြေရာခံနိုင်စွမ်း ရှိလေသည်။ တာအိုကျင့်စဉ် အဆင့်အားလုံး အောင်မြင်သွားလျှင် သို့မဟုတ် ဗောဓိဿကျ တစ်ပါး ဖြစ်သွားလျှင်တော့ စိတ်အာရုံဖြင့်ပင် အရာအားလုံးကို သိမြင်နိုင်လေသည်။ မသိမြင်သည့် အရာဟူ၍ မရှိတော့ပေ။ ကောင်းကင်ကိုးထပ်နှင့် ငရဲကိုးထပ် တစ်နေရာမှ မကျန် သိမြင်နိုင်မည် ဖြစ်လေသည်။

ဤပညာကို အသုံးပြုသည်မှာ ဆန်းလျန်အတွက် ပထမဆုံးအကြိမ် ဖြစ်လေသည်။ “အလုပ်တော့ ဖြစ်သား” ဟု ဆန်းလျန်တွေးမိသည်။ သို့သော် ရေထဲမှ ပုံရိပ်များမှာ မှုန်ဝါး နေသည်ကတော့ စိတ်ပျက်စရာ ကောင်းလေသည်။

ဆန်းလျန်က ရေဇလုံထဲတွင် ပေါ်နေသည့် ပုံရိပ်များကို ကြည့်လိုက်လေသည်။ ယခင်ခေတ်ပေါ် ကမ္ဘာတွင် သူအသက်ရှင်စဉ်က အသုံးပြုကြသည့် CCTV ကင်မရာနှင့် တူသည်ဟု သူတွေး လိုက်မိလေသည်။

ရော့ရှီလေးမှာလည်း ဆန်းလျန်ဘေးတွင် ထိုင်ကာ ရေဇလုံထဲမှ ပုံရိပ်များကို ကြည့်နေ လေသည်။ ထိုသို့ကြည့်ရ နေရသည်က သူမကို အပျင်းပြေ စေလေသည်။ ရော့ရှီလေးမှာ အခြားသော ကလေးများ ထက်ပိုပြီး ဉာဏ်ကောင်းလေသည်။ သူမက ရေဇလုံထဲကို လက်ဖြင့် မွှေနှောက် လိုက်ခြင်းမျိုး မပြုလုပ်သလို မေးခွန်းတွေလည်း လျှောက်မေးခြင်း မရှိပါ။

နောက်ဆုံးတွင်တော့ ထူးဆန်းသည့် မိန်းကလေးတစ်ယောက်၏ ပုံရိပ် ပေါ်လာလေသည်။ သူမ၏ မျက်နှာကို ဇာပဝါဖြင့် ဖုံးကွယ်ထားလေသည်။ သူမက ထူးဆန်းသည့် မျက်ခုံးမွေးနှင့် လူရှေ့တွင် ပေါ်လာခြင်း ဖြစ်လေသည်။ သူမက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ရေထဲမှ ပုံရိပ်များမှာ တဖြည်းဖြည်း ပျောက်ကွယ် သွားလေတော့သည်။

“ဒီနေ့ညပဲ ကျွန်မနဲ့ တွေ့ရတော့မှာကို ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ”

ဆန်းလျန်၏ နားထဲတွင် မိန်းကလေးတစ်ယောက်၏ အသံကို ကြားလိုက်ရလေသည်။

ဆန်းလျန် မျက်မှောင်တစ်ချက် ကြုတ်လိုက်မိသည်။ ထိုမိန်းကလေးမှာ သူ၏ ပညာကို သိရှိနေသည်မှာ လေးစား လောက်ပေသည်။

***

ည …

လမင်းက လှပစွာ ထိန်ထိန်သာနေပြီး ကြယ်စင်များကလည်း ကောင်းကင်ထက်တွင် ပျံ့ကျဲ နေလေသည်။ ကြယ်စင်များက နူးညံ့စွာ ထွန်းလင်းနေပြီး လရောက်ကတော့ ကောင်းကင်ထက်တွင် တောက်ပ နေလေသည်။ မြောက်ပိုင်း ကန်သာယာ ရေကန်အလယ်တွင် လရောင်က ကြည်လင်စွာ အရိပ် ထင်နေလေသည်။ ရေကန်ထဲမှ လရောင်မှာ ထွန်းညှိထားသည့် မီးပုံးများနှင့် ပနံရစွာ တစ်မျိုးတစ်ဖုံ လှပနေလေသည်။

ရေကန်ထဲတွင် အိမ်လေးတစ်လုံး ဆောက်ထားလေသည်။ ထိုသို့သော ရေလယ်အိမ်လေးမျိုးကို “ဟွဖန်း” ဟု ခေါ်လေသည်။ အိမ်လေးထဲမှ သာယာနာပျော်ဖွယ် ဂီတသံလေးကလည်း ပျံ့လွင့် နေလေသည်။

ရေထဲမှငါးများမှာ ရေပေါ်သို့တက်လာပြီး ကန်ရေပြင်ထက်တွင် ပျံ့ကျဲနေသည့် ငါးစာများကို ထိုးဟပ်နေကြလေသည်။

ထိုအိမ်လေးဆီမှ လှေငယ်လေးတစ်စင်း ထွက်ပေါ်လာပြီး တစ်နေရာတွင် ရပ်တန့် လိုက်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset