Switch Mode

အခန်း (၁၁၀)

အချိန်အကြာကြီးခွဲခွာရတာ ပြန်ဆုံနိုင်ဖို့အတွက်ပါ

ချီးဝမ်မင်းသားသာ ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်လိုက်လျှင် သူ၏ သြဇာအာဏာမှာ များစွာ လျော့နည်းသွားမည် ဖြစ်လေသည်။ သို့တိုင်အောင် အိမ်ရှေ့စံမင်းသား ကျောက်ရွှမ်အနေဖြင့် နိုင်ငံရေးပိုင်းတွင် ထဲထဲဝင်ဝင် ပါဝင်နိုင်ခွင့် ရလာမည် ဖြစ်လေသည်။ ထိုသို့ ပါဝင်ခွင့်ရမှသာ သူ၏ အိမ်ရှေ့စံ မင်းသားဟူသည့် အရိုက်အရာ ဂုဏ်ပုဒ်က မြင့်တက်လာမည် ဖြစ်လေသည်။ ထိုမှသာ သူ၏ သြဇာအာဏာ တည်တံ့မည် ဖြစ်သည်။

ချီးဝမ်မင်းသားက တစ်ချက်ပင် တွန့်ဆုတ်သွားခြင်း မရှိပါ။ သူက ဘုရင်မကြီးကို ဦးညွှတ်လိုက်ပြီး …

“အမိန့်အတိုင်းပါ”

ဟု ပြောလိုက်လေသည်။

ချီးဝမ်မင်းသား ရရှိထားသည့် ငွေကြေး၊ ဂုဏ်သိက္ခာ အရာအားလုံးမှာ ဘုရင်မကြီးကြောင့်သာ ဖြစ်လေသည်။ ယာယီ ဆုံးရှုံးမှုလေး တစ်ခုကို ငြင်းဆန်လိုက်မည်ဆိုလျှင် ဘုရင်မကြီး သူ့ကို စိတ်ကွက် ပေလိမ့်မည်။ ဘုရင်မကြီး စိတ်ကွက် သွားခြင်းကသာ မဟာ ဆုံးရှုံးမှုကြီး တစ်ရပ် ဖြစ်လေသည်။

ဘုရင်မကြီးက ချီးဝမ် ထိုသို့ပင် ပြုမူမည်ဟု မျှော်လင့်ထားပြီးသား ဖြစ်လေသည်။

“ကောင်းပြီလေ … အခုပြန်လို့ ရပါပြီ”

ဘုရင်မကြီးက ပြောလိုက်လေသည်။

ဘုရင်မကြီးက ချီးဝမ်ကို နောက်မှနှစ်သိမ့်ဖို့ ဆုံးဖြတ်လိုက်သည်။ သူမက ဆုံးဖြတ်ချက် ပြတ်သားသလို လုပ်ရပ်ကလည်း ပြတ်သားလေသည်။ ချီးဝမ်မင်းသားရော အိမ်ရှေ့စံမင်းသားပါ ပြန်ကြရန် သူမက အမိန့်ပေးလိုက်သည်။

ချီးဝမ်မင်းသားနှင့် အိမ်ရှေ့စံမင်းသား နှစ်ပါးစလုံး ဘုရင်မကြီးကို ဦးညွှတ်ကာ ထွက်ခွာ သွားကြလေတော့သည်။ ချီးဝမ်မင်းသား၏ မျက်နှာမှာ မည်းမှောင်နေလေပြီ။

“အိမ်ရှေ့စံမင်းသား နိုင်ငံရေးဆိုတာ လွန်စွာမှ ရှုပ်ထွေးတယ်။ ကျန်းမာရေး ဂရုစိုက်ပါ။ သိပ်ပြီး အပင်ပန်း မခံနဲ့”

ဟု ငေါ့တော့တော့ လေသံဖြင့် ချီးဝမ်က ပြောလိုက်လေသည်။

“ချီးဝမ်မင်းသား စိတ်ပူပေးလို့ ကျုပ်အတော်တောင် နေကောင်းနေပါပြီ”

အိမ်ရှေ့စံမင်းသားက အေးဆေးစွာပင် ပြန်ပြောလိုက်လေသည်။

“လောကကြီးမှာ လူတော်တွေမှ အများကြီးပါ။ အိမ်ရှေ့စံကို ချစ်ခင်ကြတဲ့ သူတွေလည်း တစ်ပုံကြီးပဲ။ ပြီးတော့ အိမ်ရှေ့စံကို ကာကွယ်ပေးနေတဲ့ သူတွေလည်း အများကြီးရှိတာပဲ။ ကျုပ်က ဘယ်မှာ ဂရုစိုက် ပေးနိုင်လို့လဲ။ အလုပ်တွေပဲ များနေခဲ့တာလေ”

ချီးဝမ်က ပြန်ပြောလိုက်သည်။

သူက စကားဆုံးသွားသည်နှင့် ထွက်ခွာသွားလေတော့သည်။

အိမ်ရှေ့စံမှာ ကျောက်လှေကားထစ်များ ထက်တွင် ကျန်ရစ်ခဲ့လေသည်။ သူက ဖြည်းဖြည်းချင်း ဆင်းလာရင်း ချော်လဲတော့မလိုတောင် ဖြစ်သွားသည့်အတွက် မိန်းမစိုး တစ်ယောက်က အမြန် တွဲလိုက်ရသည်။

နန်းဆောင်ထဲတွင်တော့ ဘုရင်မကြီးက နဂါးပလ္လင်ထက်တွင် စံမြန်းနေလေသည်။ သူမ၏ စူးရှသည့် မျက်ဝန်းများက နန်းဆောင် အပြင်ဘက်တွင် ဖြစ်ပျက်နေသမျှကို ထွင်းဖောက် တွေ့မြင် နေရလေသည်။

အိမ်ရှေ့စံမင်းသား ခြေချော်ပြီး ချော်လဲတော့မလို ဖြစ်သည်မှာ စိတ်မသက်မသာ ဖြစ်နေခြင်းကြောင့် ဖြစ်လေသည်။ ဘေးနားမှ မိန်းမစိုးသာ အချိန်မီ မတွဲလိုက်နိုင်လျှင် ပုံပျက်ပန်းပျက် လဲကျကာ အခြားသူများရယ်စရာ ဖြစ်ပေလိမ့်မည်။ ဘုရင်မကြီးက အဓိပ္ပာယ်ပါပါ တစ်ချက် ပြုံးလိုက်သည်။ သူမ၏ သားတော်မှာ တဖြည်းဖြည်း စိတ်ဝင်စားစရာ ကောင်းလာသည်ဟု တွေးနေ မိလေတော့သည်။

စာရွက်ပေါ်တွင် ရေးသားထားသည့် နောက်ဆုံး ကဗျာစာကြောင်းလေး နှစ်ကြောင်း အပေါ်သို့ သူမ၏ အကြည့်က ကျရောက်သွားသည်။

“လျှို့ဝှက်ချက်တွေကို ရှင်းပြနိုင်မယ့် လူလည်း ဖွေရှာလို့မလွယ် … အရေမရ အဖတ်မရ တွေနဲ့ပဲ အချိန်ကုန် ခဲ့ရတာပေါ့…”

သူမ၏ မပြောင်းလဲသည့် ရည်ရွယ်ချက် တစ်ခုသာ မရှိခဲ့လျှင် သူမဘဝ တစ်လျှောက်လုံး ထီးရေး နန်းရာများဖြင့်သာ အချိန်ကုန် နေမိမည် ဖြစ်လေသည်။ သူမ၏ တန်ခိုးအာဏာများနှင့် ရာဇပလ္လင် တည်မြဲရေးမှာ သူမအတွက်တော့ အလယ်အလတ်မျှသာ အရေးပါလေသည်။ သူမတကယ် လိုချင်သည့် အရာကိုတော့ မည်သူမျှ မသိနိုင်ပေ။

အရှေ့နန်းဆောင်သို့ ပြန်ရောက်လာသည့် အိမ်ရှေ့စံကို သားတော်ဖြစ်သူ ကျောက်ရှန့်က ဆီးကြိုလိုက်သည်။ သားအဖနှစ်ယောက် ဆိတ်ငြိမ်ဆောင်သို့ ရောက်သည့် အခါတွင်တော့ ကျောက်ရွှမ်က မအောင့်နိုင်တော့ဘဲ ရယ်မော လိုက်လေသည်။ သူ၏ ရယ်သံမှာ ကျယ်လောင်ခြင်း မရှိသည့် တိုင်အောင် စိတ်ကျေနပ်မှုများဖြင့် ပြည့်နှက် နေလေသည်။

သူ၏ဖခင် ဤမျှလောက် ပျော်ရွှင်နေသည်ကို ကျောက်ရှန့် တစ်ခါမှ မတွေ့ဖူးပေ။ ကျောက်ရွှမ် ရယ်မောခြင်း ရပ်တန့်သွားတော့မှ….

“ခမည်းတော် … ဒီနေ့ ဘာသတင်းကောင်းများ ရှိလို့လဲ”

ကျောက်ရှန့်က မေးလိုက်လေသည်။

“ဒီနေ့ကစပြီး ကောင်းကောင်း အိပ်ပျော်နိုင်ပြီ သားတော်ရေ”

ကျောက်ရွှမ်က ရယ်သံနှောရင်း သားဖြစ်သူ၏ အမေးကို ပြန်ဖြေလိုက်လေသည်။

“ဆေးညွှန်းက တကယ် ထိရောက်တာလား ခမည်းတော်။ ဆန်းလျန် ပေးလိုက်တဲ့ ဆေးညွှန်းထဲမှာ ဘာရေးထားတာလဲ”

ကျောက်ရှန့်က မေးလိုက်လေသည်။ ကျောက်ရွှမ်က ခေါင်းခါရမ်းလိုက်ရင်း …

“ဆေးညွှန်းက ငါးစာပဲ။ အဲဒီဆေးညွှန်းကို ကျေးဇူးတင်ရမယ်။ ခမည်းတော်က ဘုရင်မကြီး အပေါ် ရိုးသားခဲ့တယ်။ အခု ဘုရင်မကြီးကလည်း အကြင်နာတရားရှိလို့ သနားညှာတာ ခဲ့ပြီ။ ဒီနေ့မနက်ပဲ ဘုရင်မက ချီးဝမ်ကို ဗဟိုအုပ်ချုပ်မှု ဝန်ကြီးဌာနတွေရဲ့ ဝန်ကြီးချုပ် ရာထူးက နှုတ်ထွက် ခိုင်းလိုက်တယ်။ ခမည်းတော်ကို နိုင်ငံရေး ကိစ္စတွေမှာ စတင်ပါဝင်ဖို့ ပြောတယ်။ ခုမှ စိတ်အေးရပြီ။ ခမည်းတော်တို့ သတိဝိရိယနဲ့ နေမယ်ဆိုရင် အနည်းဆုံး သုံးနှစ်ကနေ ငါးနှစ်အတွင်း အန္တရာယ် ကင်းပြီ”

ဟု ပြောလိုက်လေသည်။

တစ်ချိန်တည်းမှာပင် ဆန်းလျန်၏ အစွမ်းကိုလည်း သူအလွန် လေးစားနေမိသည်။ ဘုရင်မကြီး၏ စစ်မှန်သည့် ရည်ရွယ်ချက်ကို ဆန်းလျန်က ထက်မြက်စွာဖြင့် အကဲ ခတ်နိုင်ခဲ့၍သာ ဝန်ကြီး ဌာနများတွင် ယခုကဲ့သို့ အပြောင်းအလဲ ဖြစ်ခဲ့ခြင်း ဖြစ်လေသည်။ ဆန်းလျန်က ပြဿနာကို ကဗျာ တစ်ပုဒ်တည်းဖြင့် ဖြေရှင်းခဲ့သူပင်။

ဘုရင်မကြီး အာဏာသိမ်းပြီးနောက်ပိုင်း သူမက ချင်းဟယ်ကျွမ်းဝမ်၏ ပုန်ကန်မှုကို နှိမ်နင်း နိုင်ခဲ့သည်။ သို့သော် … လောကတွင် ကြိုတင် မသိမြင်နိုင်သည့် အနှောင့်အယှက် များကလည်း များစွာ ရှိလေသည်။ မင်းသား ကျောက်ရွှမ်ကို အိမ်ရှေ့စံ အရာပေးခဲ့ခြင်းမှာ ယခင်မင်းကြီး လက်ထက်က မျက်နှာသာ အပေးခံရသည့် ဝန်ကြီးများကို သူမက မဖိနှိပ်လိုကြောင်း ပြသချင်၍ ဖြစ်လေသည်။ တစ်ဖက်ကလည်း ကျောက်ရွှမ်ကို သတိပေးသည့် အနေဖြင့် ချီးဝမ်မင်းသားကို ရာထူးအဆင့် တိုးမြှင့် ပေးခဲ့သည်။

ချီးဝမ်ကို ရာထူးပေးထားသည်မှာ အိမ်ရှေ့စံ၏ အာဏာကြီးထွား မလာစေရန်အတွက် ပရိယာယ် ဆင်ထားခြင်းပင် ဖြစ်လေသည်။ သို့သော် ထိုသို့ ပြုလုပ်လိုက်သည့် အတွက်ကြောင့် နန်းတွင်းတွင် အုပ်စု ကွဲသွားကြသည်။ ချီးဝမ်ဝန်ကြီးချုပ် ဖြစ်လာသည့်အခါ ယခင်မင်းကြီး လက်ထက်ကတည်းက သစ္စာရှိ ဝန်ကြီး အဟောင်းများမှာ ဘုရင်မကြီး အုပ်ချုပ်သည့် ခေတ်တွင် နေရာမရ ဖြစ်ကြရလေသည်။

ယခု ဘုရင်မကြီးက ချီးဝမ်မင်းသားကို ရာထူးမှ ဖယ်ရှားလိုက်ပြီး အိမ်ရှေ့စံကို နိုင်ငံရေး ကိစ္စများတွင် ပါဝင်ပတ်သက်ခွင့် ပေးခဲ့ပြီ။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူမ၏ အုပ်ချုပ်မှု အောက်တွင် သွေးကွဲမှုများကို မလိုလားတော့ဘဲ ညီညွှတ်စေလိုသည့် ဆန္ဒရှိသောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် ကျောက်ရွှမ်က

“အနည်းဆုံး သုံးနှစ်ကနေ ငါးနှစ်အတွင်း အန္တရယ်ကင်းပြီ”

ဟု ပြောနိုင်ခြင်း ဖြစ်လေသည်။ သူလည်း ပူပန်မှုကင်းမဲ့စွာ အိပ်ပျော် နိုင်တော့မည် ဖြစ်လေသည်။ ချီးဝမ်က သူ့ကို လုပ်ကြံသတ်ဖြတ်မည် ဆိုလျှင်တောင်မှ ဘုရင်မ၏ ငြိုငြင်မှုကို ခံပြီး သူကဲ့သို့သော သူကို လုပ်ကြံမည် မဟုတ်ပေ။ တကယ်တမ်း လုပ်ကြံလျှင်လည်း ဘုရင်မက သိရှိသွားမည် ဖြစ်ပြီး ချီးဝမ်ကို ကွက်မျက်မည်ပင် ဖြစ်လေသည်။

ယနေ့နံနက် သူချော်လဲမည့်ပုံ ဖြစ်သွားသည်မှာ တကယ် ဖြစ်သော်လည်း ဟန်ဆောင်မှုက တစ်ဝက် ပါဝင်လေသည်။ သူက အရာအားလုံးမှာ ဘုရင်မ၏ ထိန်းချုပ်မှု အောက်တွင်သာ ရှိကြောင်း ပြသလို၍ ထိုကဲ့သို့ ဟန်ဆောင်လိုက်ခြင်း ဖြစ်လေသည်။

နန်းတွင်း အာဏာပြိုင်ပွဲကြီးတွင် ကျောက်ရှန့်မှာ ဖခင်ဖြစ်သူကဲ့သို့ အတွေ့အကြုံ ရှိသူ မဟုတ်ပေ။ သူက ဖခင်ဖြစ်သူ ရှင်းပြလိုက်တော့မှ အရာအားလုံးကို နားလည်သွားရလေသည်။

သူက ဖခင်၏ အရည်အချင်းကို လျှော့တွက် ခဲ့မိသည်ပဲ။

ထို့ပြင် ခန့်မှန်း၍ မရနိုင်သည့် ဆန်းလျန်၏ တန်ခိုးစွမ်းအားများနှင့် အသိဉာဏ် ပညာများကိုပါ လွန်စွာမှ လေးစားသွားမိ လေတော့သည်။ လေးစားသည်ထက်ပင် ပိုသည်ဟု ပြောလျှင် ပိုမှန် ပေလိမ့်မည်။

***

အသိဉာဏ်ပညာဟု ပြောရမည်ဆိုလျှင် ဆန်းလျန်မှာ ကမ္ဘာပေါ်တွင် ဉာဏ်အကောင်းဆုံး လူသား တစ်ယောက်တော့ မဟုတ်ခဲ့ပါ။ စစ်တုရင် ကစားသည့်အခါ ကစားနေသည့် ပြိုင်ဘက် နှစ်ယောက်ထက် ပါဝင်ကစားခြင်း မရှိသည့် တတိယလူက ကစားကွက်ကို ပိုမြင်တတ်လေသည်။ ထိုသို့သော သဘောမျိုးပင် ဖြစ်လေသည်။ ထို့ပြင် ခေတ်ပေါ်ကမ္ဘာတွင် နေစဉ်ကရော၊ ယခုလက်ရှိ ဘဝတွင်ပင် သူက သမိုင်းပညာကို စိတ်ပါဝင်စားစွာ လေ့လာခဲ့သူ ဖြစ်လေသည်။

ရော့ရှီလေးမှာ အစ်ကိုဖြစ်သူ ဆန်းလျန်၏ စိတ်နေစိတ်ထားများကို စံထားပြီး စာရေးလေ့ကျင့် နေလေသည်။

“အချိန်အကြာကြီး ဆုံစည်းခွင့်ရတာ ခွဲခွာကြဖို့ပါ … အချိန်အကြာကြီး ခွဲခွာရတာ ပြန်ဆုံနိုင်ဖို့ အတွက်ပါ”

ရော့ရှီက စာရွက်ပေါ်တွင် စာလုံးများ ရေးသားထားလေသည်။

ဆန်းလျန်က သူမရေးသား ထားသည်များကို စစ်ဆေးပြီး ချစ်စရာ ကောင်းသလို စာလည်း တော်သော ကလေးမလေးကို ကောက်ချီကာ ပါးလေးကို နမ်းလိုက်လေသည်။

ရော့ရှီက မချိုမချဉ် မျက်နှာထားဖြင့် …

“သမီးကအခု အသက်ကြီးလာပြီ။ ကလေးမလေး မဟုတ်တော့ဘူး။ လာမနမ်းနဲ့တော့”

ဟု ပြောလိုက်လေသည်။

“သမီးအရပ် ကိုကို့ပခုံးလောက် ရောက်ပြီဆိုမှ ဒီစကားမျိုး ပြောစမ်းပါ”

ဟု ပြန်လည် နောက်ပြောင်လိုက်လေသည်။

ရော့ရှီက နှုတ်ခမ်းစူလိုက်ရင်း…

“ကိုကို့ကိုကြည့်ရတာ ဒီနေ့ အြူမူးနေသလိုပဲ”

ဟု ပြောလိုက်လေသည်။

“ဟုတ်တယ်။ ဘာလို့လဲဆိုတော့ ကိုကို့ကို စိတ်အနှောင့်အယှက် ပေးနေတဲ့ အရာရဲ့ အဖြေကို ရှာတွေ့ သွားလို့ပဲ”

ဟု ပေါ့ပေါ့ပါးပါးဖြင့် ပြုံးရင်း ပြန်ပြောလိုက်လေသည်။

ဆန်းလျန်မှာ ဒြပ်စင်စွမ်းအား ရှစ်မျိုးကို ထိန်းညှိနိုင်ခြင်း မရှိသည့်တိုင် ထိုစွမ်းအားများ ခန္ဓာကိုယ်တွင်းသို့ စီးဝင်ပေါင်းစည်း စေနိုင်သည့် လားရာကို ရှာတွေ့သွားပြီ ဖြစ်လေသည်။

ဆန်းလျန်က ရော့ရှီလေးကို ချီထားရာမှ အောက်ပြန် ချပေးလိုက်သည်။ ရော့ရှီက ဆန်းလျန် ချီထားလျှင် သဘောကျလေသည်။ ဆန်းလျန်၏ ကိုယ်သင်းရနံ့မှာ မိုးရွာပြီးကာစတွင် သစ်ပင်များနှင့် မြက်ပင်လေးများမှ ရသည့် ရနံ့လိုမျိုး ဖြစ်ပြီး လူကိုလန်းဆန်း စေသောကြောင့် ဖြစ်လေသည်။ တစ်ခါတစ်ရံ သူမကိုကို၏ အသားကိုသာ ချက်စားရလျှင် အရသာ အလွန်ရှိမည်ဟု တွေးကြည့် ဖူးလေသည်။

ဆန်းလျန်မှာတော့ ထိုမိန်းကလေးငယ်လေး၏ ထူးထူးဆန်းဆန်း စိတ်ကူးများကို မသိရှာပါ။

ထိုအချိန် …

အစေခံ တစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသည့် လူတစ်ယောက် ဆေးခန်းအတွင်းသို့ ဝင်လာလေသည်။ သူဝတ်ထားသည့် ဝတ်စုံ၏ ပိတ်စအသားမှာ ထူးခြားလေသည်။ ထိုသူ၏ မျက်နှာထက်တွင် နှုတ်ခမ်းမွေးများ ရှိနေပြီး သူ၏ပုံစံမှာ သူလိုကိုယ်လိုပင် ဖြစ်လေသည်။ သို့သော် ထိုသူ၏ ထူးခြားချက်မှာ မျက်ခုံးနှစ်ဖက် ဖြစ်လေသည်။ မျက်ခုံးများမှာ တစ်ဖက်မြင့် တစ်ဖက်နိမ့် ဖြစ်နေသည့်အတွက် ထူးဆန်းဖွယ်ရာ ဖြစ်နေလေသည်၊

သူ၏ခြေသံက ပေါ့ပါးနေပြီး အဆင့်မြင့် သိုင်းသမားတစ်ယောက် ဖြစ်ပုံ ရလေသည်။

ဆေးခန်းအတွင်းသို့ တံခါးမခေါက်ဘဲ ဝင်လာသည့်အတွက် သူ့ အပြုအမူက ရိုင်းပြသလို ဖြစ်နေသည်။

“မင်းက ဒီဆေးခန်း ပိုင်ရှင်လား”

ထိုသူက ဆန်းလျန်ကို ကြည့်လိုက်ပြီး တစ်ချက် ပြုံးပြကာ မေးလိုက်လေသည်။

“မင်းက ဘယ်လိုထင်လို့လဲ”

ဆန်းလျန်က ပြန်မေးလိုက်သည်။

ထိုသူ၏ပုံစံမှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသည့် အဆင့်မြင့် သိုင်းသမား တစ်ယောက်၏ ပုံစံမျိုး ဖြစ်သည် ဟု ဆန်းလျန် ကောက်ချက်ချမိသည်။

“မင်းက တကယ်ပဲ သေတဲ့သူတွေကိုတောင် ပြန်အသက် သွင်းပေးနိုင်တာလား”

ထိုသူက မေးလိုက်လေသည်။

ဆန်းလျန်က အဓိပ္ပာယ်ပါပါ တစ်ချက် ပြုံးလိုက်ပြီး …

“မင်းက သိချင်လို့လား”

ဟု မေးလိုက်လေသည်။

“ဟုတ်တယ်။ ကျုပ်က သိချင်လို့ပါ”

ဟု ထိုသူက ပြန်ပြောလိုက်လေသည်။

“ကျုပ်က မင်းကို ရိုက်သတ်လိုက်ပြီး သေရွာက ပြန်ခေါ်ပေးမယ် ဆိုရင်ရော။ ဒါဆို မင်းသိချင်တာ သိရပြီပေါ့”

ဆန်းလျန်၏ အေးစက်စက် အပြောအောက်တွင် လူသတ်လိုသည့် အငွေ့အသက်များ ပါဝင် နေလေသည်။

ထိုထူးဆန်းသည့် မျက်ခုံးမွေးပိုင်ရှင်မှာ ဆေးခန်းအတွင်းရှိ အပူချိန်မှာ သိသိသာသာ လျော့ကျသွားသည်ကို သတိထား လိုက်မိလေသည်။ ဆန်းလျန်၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ကြီးမား လာသကဲ့သို့ ထင်ရပြီး ထိုသူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ကျုံ့ဝင်သွားသကဲ့သို့ ထင်ရလေသည်။ ဆန်းလျန်၏ ပုံစံမှာ လူလောကသို့ ဆင်းသက်လာသည့် နတ်ဘုရား တစ်ပါးအလား အသွင် ပြောင်းသွား လေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset