Switch Mode

အခန်း (၁၀၉)

ရွှေပြဒါးအမြုတေကိုလွယ်လွယ်နဲ့မရ

ဆန်းလျန်မှာ ဘာကြောင့်မှန်းမသိ သစ်သားငါးရုပ်တုံးလေးကို ပြင်းပြင်းပြပြ ပြန်လိုချင်သည့် ဆန္ဒဖြစ်နေမိသည်။ သူ၏ နှလုံးသား တစ်နေရာတွင် ဤသစ်သား ငါးရုပ်တုံးလေးဖြင့် ကျင့်စဉ်လမ်းကို ဖြတ်သန်း နိုင်လိမ့်မည်ဟု ယုံကြည်နေမိလေသည်။

ထို့ပြင် သူက လင်ချုန်းရှောင်၊ အစိမ်းရောင်ဝတ်လူ ယန်ရွှမ်တို့ဖြင့် ပတ်သက်ခဲ့ဖူးသည့် လူတစ်ယောက် ဖြစ်သည့်အပြင် ချင်းရွှမ်နတ်တံခါးမှ တပည့်တစ်ယောက်လည်း ဖြစ်လေသည်။ ယခု သူက တပည့်တစ်ယောက် အနေဖြင့် ပြင်ပလောကတွင် ရောက်ရှိနေသည့် ချင်းရွှမ်နတ်တံခါးမှ ပိုင်ဆိုင်သည့် ပစ္စည်းကို ပြန်လည်ရယူခြင်း ဖြစ်လေသည်။

“မင်း လင်ချုန်းရှောင်အကြောင်း မမေးတော့ဘူးလား။ သူ သေလား ရှင်လားဆိုတာ မသိချင် တော့ဘူးလား”

ကူဟွေ့ဆရာတော်က မေးလိုက်လေသည်။

“ဆရာတော် ခုပဲ ပြောပြတော့မှာ မလား။ ကျုပ်ကဘာလို့ လေကုန်ခံပြီး မေးနေတော့မလဲ”

ဆန်းလျန်က ချက်ချင်း ပြန်ပြောလိုက်လေသည်။

ကူဟွေ့ဆရာတော်မှာ ဒုတိယအကြိမ် တုန်လှုပ်သွားရ ပြန်သည်။ သူ့စိတ်ကို ဖတ်နိုင်သူမှာ  ဘုရင်မကြီးသာလျှင် ရှိလေသည်။ ယခုတော့ ဆန်းလျန်မှာလည်း ထိုကဲ့သို့ အစွမ်းမျိုး ရှိနေလေပြီ။ ဆန်းလျန်အား မည်သည့် ကိစ္စမျှ ဖုံးကွယ်ထား၍ မရနိုင်ပေ။

ကူဟွေ့ဆရာတော်က တည်ကြည်စွာ ပြုံးလိုက်ရင်း …

“သူအခု ဘုန်းကြီးအပြီး ဝတ်သွားပြီ၊ အတိတ်က အဖြစ်အပျက်တွေ အားလုံး ပြည်ဖုံးကား ချလိုက်ပြီး ဒီအစွမ်းထက်တဲ့ သစ်သားငါးရုပ်  တုံးလေးကိုတောင် ကျုပ်ကို ပေးပစ်ခဲ့တယ်။ ဒါပေမဲ့ ဒီပစ္စည်းလေးက မင်းနဲ့ဆိုရင် ပိုသင့်တော်မယ်လို့ ကျုပ်ခံစား နေရတယ်”

ကူဟွေ့ ဆရာတော်က ပြောလိုက်လေသည်။

“သူဘုန်းကြီး အပြီးဝတ်သွားတယ် ဆိုပေမဲ့ ဆန်းတုမြို့တော်နဲ့ တာ့ကျိုးတိုင်းပြည်မှာတော့ မနေဘူး မလား”

ဆန်းလျန်က သူ့မျက်လုံးများကို မှေးစင်းလိုက်ရင်း မေးလိုက်သည်။

လင်ချုန်းရှောင်အနေဖြင့် အရာအားလုံးကို စွန့်လွှတ်သွားပြီး ဘုန်းကြီးအပြီး ဝတ်သွားသည်မှာ အကြောင်းတော့ ရှိရပေမည်။ သူ့အတွက် တရားကျင့်ကြံ အောင်မြင်ပြီး အမြင့်ဆုံးအဆင့် ရောက်လို၍သာ ဖြစ်ပေမည်။

ဆန်းလျန်အဘယ့်ကြောင့် ထိုသို့ မှန်းဆနိုင်ခြင်း ဖြစ်ကြောင်း ကူဟွေ့ဆရာတော် ကောင်းကောင်း နားလည်ပါသည်။ လက်ရှိ ဧကရီ ဘုရင်မကြီးမှာ လွန်စွာမှ ခန့်မှန်းရ ခက်သူတစ်ဦး ဖြစ်လေသည်။ လင်ချုန်းရှောင် ကဲ့သို့သော စွမ်းအားကြီးမား သူမျိုးဆိုလျှင် သူမ လက်အောက်သို့ ရောက်အောင် သိမ်းသွင်းမည် ဖြစ်ပြီး သိမ်းသွင်း၍ မရပါက ကွက်မျက်ပစ်မည်မှာ အသေအချာပင်။

အထက်ပါ အကြောင်းအရာများ မရှိခဲ့လျှင်လည်း လင်ချုန်းရှောင်က တာ့ကျိုးတိုင်းပြည်တွင် ဘုန်းကြီးဝတ်မည် မဟုတ်ပေ။

အခြေအနေ အရပ်ရပ်ကို ထောက်ရှုပြီး ဆန်းလျန်က ထိုသို့ ကောက်ချက်ချခဲ့ခြင်း ဖြစ်လေသည်။

“သူက ရှီးဟွမ်ကို ထွက်သွားခဲ့တာ။ နောက်တော့ ယွဲ့ထော်လို့ခေါ်တဲ့ တိုင်းပြည်မှာ ဘုန်းကြီး ဝတ်လိုက်တယ်”

ကူဟွေ့ဆရာတော်၏ လေသံမှာ နူးညံ့သိမ်မွေ့ နေလေသည်။ လင်ချုန်းရှောင်မှာ ဘုန်းကြီး ဝတ်လျှင် ကတုံးတုံးစရာ မလိုသည့် အချက်ကို တွေးလိုက်မိတော့ သူရယ်မောလိုက်မိလေသည်။

“ရှီးဟွမ်” နှင့် “ယွဲ့ထော်” ဆိုသည့် အမည်များကို ကြားသည့် အခါတွင်တော့ ဆန်းလျန်က ထိုဒေသများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြန်စဉ်းစား ကြည့်လိုက်မိလေသည်။ ရှီးဟွမ်မှာ တာ့ကျိုးတိုင်းပြည်နှင့် မိုင်ပေါင်းဆယ်သန်း ဝေးကွာသည့် နေရာတွင်တည်ရှိလေသည်။

တာ့ကျိုးတိုင်းပြည် ပိုင်ဆိုင်သည့် တောင်များ၊ မြစ်ချောင်းအင်းအိုင်များ များစွာ ပေါများ လေသည်။ ထို့ပြင် တာ့ကျိုးတိုင်းပြည် သိမ်းပိုက်ထားသည့် တိုင်းပြည် ငယ်လေးများလည်း ရှိသေးသည်။ သို့သော် … ကြောက်မက်ဖွယ်ရာ ကောင်းသည့် အချက်မှာ တောတောင်နှင့် မြစ်ချောင်း အင်းအိုင်များ ပေါများသည့်အတွက် နတ်မိစ္ဆာ မျိုးနွယ်များစွာ ခိုအောင်း နေထိုင်ကြခြင်းပင် ဖြစ်လေသည်။ လူအသွင် ဖန်ဆင်းနိုင်သည့် နတ်မိစ္ဆာဘုရင် တစ်ပါးမှာ ဟိုင်သန်းအဆင့် ကျင့်ကြံသူ တစ်ဦးနှင့် စွမ်းရည် ညီမျှလေသည်။ ထို့ပြင် နတ်ဘုရားများထက်ပင် အစွမ်းထက်သော နတ်မိစ္ဆာဘုရင်များပင် ရှိကြ သေးသည်။

ချန်ကျန့်မေ၏ “သေစေခြင်း ကျောင်းတော်” မှာ ရှီးဟွမ်ရှိ တောင်တစ်တောင်ပေါ်တွင် တည်ရှိ လေသည်။ သူက တောင်တစ်တောင်လုံးရှိ မိစ္ဆာများကို သတ်ဖြတ်နှိမ်နင်း ပစ်ခဲ့သည်မှာ နတ်ဘုရားများ အလယ်တွင် သတင်းမွှေးလျက် ရှိလေသည်။

ဆန်းလျန်၏ ပထမဆုံး အစီအစဉ်မှာ ထိုက်ရွှီးနည်းဗျူဟာ ပထမအဆင့် အောင်မြင်အောင် ကျင့်ကြံနိုင်ရန် ဖြစ်လေသည်။ ပြီးလျှင်တော့ ရှီးဟွမ်သို့ သွားကာ ချန့်ကျန့်မေနှင့် သွားရောက် တွေ့ဆုံဖို့ ဆုံးဖြတ်ထားသည်။

“လူတစ်ယောက်က သူ့ဘဝရဲ့ သက်တမ်း တစ်ဝက်ကို ကျင့်ကြံရင်း ကုန်ဆုံးခဲ့တာကို ဘယ်သူမှ မသိနိုင်ဘူး။ တစ်ချိန် အောင်မြင်မှု ရသွားမှသာ လောကကြီးက အံ့သြကြမယ်”

ဟု ထျန်းတိကျန်းမှ တစ်ဆင့် ဆရာသခင် ကျန်းရော့ရွှီး နိမိတ်ဖတ်ခဲ့သည့် စကားမှာ တကယ်ပင် မှန်ကန် ခဲ့လေပြီ။

ချန်ကျန့်မေထံသို့ သွားရမည့်ခရီးမှာ အလွန်ပင် အန္တရာယ် များသည့်အတွက် ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်မှ ဒြပ်စင်စွမ်းအား ရှစ်မျိုးကို စုပ်ယူ အသုံးပြုနိုင်သည့်အဆင့် အောင်မြင်ပြီးမှသာ သွားရန် သင့်တော်လေသည်။ သို့မှသာ သူ၏အစွမ်းမှာ ဂိုဏ်းတူအစ်မ ကူးချိုင်ဝေ့ကဲ့သို့ မြင့်မားနေမည် ဖြစ်လေသည်။ အမှန်တော့ ကူးချိုင်ဝေ့မှာ ဟိုင်သန်းအဆင့် မတက်ရောက်နိုင် သေးသည့်တိုင် အခြားသော ဟိုင်သန်းအဆင့် ဆရာသခင်များဖြင့် ရင်ဘောင် တန်းနိုင်သည့်အပြင် သာပင် သာနေသေးသည်။ ချန်ကျန့်မေ၏ အောင်ပွဲ အခမ်းအနားနေ့ကပင် ဆရာသခင် ကျန်းရော့ရွှီးက သူမ ထိုင်ရန်အတွက် ကြမ်းခင်းအဝတ် ပြင်ဆင်ပေးခဲ့လေသည်။

သို့သော် သူမက ဟိုင်သန်းအဆင့် ဆရာသခင်များကို လေးစားသည့် အနေဖြင့် ကြမ်းခင်း အဝတ်ပေါ်တွင် မထိုင်ခဲ့ဘဲ ကြမ်းခင်းအဝတ် အနောက်တွင်သာ မတ်တတ် ရပ်နေခဲ့ခြင်း ဖြစ်လေသည်။

ကျင့်စဉ်လမ်းကို စတင်လျှောက်လှမ်းသူများမှာ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကို စတင် လေ့ကျင့်မိပါက ကျင့်စဉ်လမ်း အောင်မြင်ရန် လွန်စွာမှ ခက်ခဲမည် ဖြစ်လေသည်။ ကျင့်စဉ်လမ်း တစ်လျှောက် မအောင်မြင်ကြသည့် သက်သေများစွာ ရှိလေသည်။ ချင်းရွှမ်နတ်တံခါးတွင်တော့ ထို ကျင့်စဉ်ဖြင့် ကျင့်စဉ်လမ်းကို စတင်ဝင်ရောက်သူ အနည်းငယ် ရှိလေသည်။

ဆရာသခင် ကျန်းရော့ရွှီးက ဆန်းလျန်အား ထိုကျင့်စဉ်ကို လေ့ကျင့်ရန် ရွေးချယ် ပေးခဲ့လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်မှာ ကျန်းရော့ရွှီးအတွက် အရေးပါသူ တစ်ယောက်ဖြစ်ကြောင်း သိသာစေလေသည်။

ဆန်းလျန်သာ ကျရှုံးခဲ့လျှင် စိတ်အပျက်ကြီး ပျက်သွားသည့် သူမှာ ဆရာသခင် ကျန်းရော့ရွှီးမှ လွဲ၍ အခြားသူ မရှိနိုင်ပေ။

ဆန်းလျန်မှာ ကျင့်စဉ်လမ်းတွင် အခက်အခဲများ ကြုံရသည့်တိုင် ဤကျင့်စဉ်ကို ရွေးချယ်ပေးခဲ့သည့် ဆရာသခင် ကျန်းရော့ရွှီးကို စောဒကတက်ခြင်းမျိုး တစ်ခါမျှ မရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် အခြားကျင့်စဉ် တစ်ခုကို လေ့ကျင့်လျှင်လည်း ဟိုင်သန်းအဆင့် တက်ရောက်နိုင်ရန်မှာ မသေချာ မရေရာသည့် ကိစ္စသာ ဖြစ်လေသည်။ နတ်ဘုရားတစ်ပါး ဖြစ်လာရန် ဆိုသည့် မျှော်လင့်ချက်မှာ အနည်းငယ်မျှသာ ရှိလေသည်။

ထို့ပြင် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်မှာ ရင်သပ် ရှုမောစရာ ကောင်းလောက်အောင် အစွမ်း ထက်လှသည့် ကျင့်စဉ်တစ်ခု ဖြစ်လေသည်။

ဆန်းလျန်က အတွေးလွန်နေရာမှ စကား ပြန်ပြောလိုက်သည်။

“ကြည့်ရတာ အဲဒီနေရာက လင်ချုန်းရှောင်အတွက် ကံတရားက စီစဉ်ပေးတဲ့နေရာ ဖြစ်မှာပေါ့ဗျာ။ တာအိုကျင့်စဉ်လမ်း လျှောက်လှမ်းရတဲ့ အခက်အခဲ ဒုက္ခတွေကို ကျုပ်တို့ မျိုးဆက်ကတော့ ကောင်းကောင်း နားလည်ပါတယ်။ သူ့အတွက် အကောင်းဆုံး ဖြစ်ပါစေလို့ပဲ မျှော်လင့် ပါတယ်”

စကား ဆုံးသွားသည်နှင့် သစ်သား ငါးရုပ်တုံးလေးကို ကိုင်ဆောင်ကာ ဆန်းလျန် ထွက်ခွာ သွားလေသည်။ ကဗျာရွတ်သံ တစ်စွန်းတစ်စကို ကူဟွေ့ဆရာတော် ကြားလိုက်ရလေသည်။

“အခက်အခဲပေါင်းများစွာနဲ့ … တာအိုကျင့်စဉ်လမ်းက ဆန်းပြားလွန်းတယ် … ရွှေပြဒါး အမြုတေကို …. ဘယ်လွယ်လွယ်နဲ့ ရမလဲ …. လျှို့ဝှက်ချက်တွေကို ရှင်းပြနိုင်မယ့် လူလည်း ဖွေရှာလို့ မလွယ် … အရေမရ အဖတ်မရတွေနဲ့ပဲ အချိန် ကုန်ခဲ့ရပေါ့ …”

ထိုကဗျာလေး ကြားလိုက်ရသည့် တဒင်္ဂ … ကူဟွေ့ဆရာတော်၏ မျက်ဝန်းဝယ် မျက်ရည်စတို့ ရစ်သိုင်းလျက် ရှိချေပြီတကား။

***

ချင်ကျန့်နန်းဆောင် ….

ဘုရင်မကြီသည် စာရေးစုတ်တံကို “နဂါးရေကစား ငန်းများထိတ်လန့်” ပုံစံ ကိုင်ဆောင် ဝှေ့ယမ်းလိုက်သည်။ ထိုအခါ စာရွက်ဖြူပေါ်တွင် စာလုံးများက မှော်ဆန်ဆန် ပေါ်ပေါက် လာလေသည်။

စာရွက်ပေါ်တွင် သူမရေးလိုက်သည်မှာ ဆန်းလျန် ရွတ်ဆိုခဲ့သည့် တာအိုကဗျာလေး ဖြစ်လေသည်။ သူမက ဝံပုလွေမွေးစုတ်တံကို ပြန်ချထားလိုက်ပြီး ….

“သူက တာအိုကျင့်ကြံသူ အစစ်အမှန်ပဲကိုး။ ကဗျာက တကယ့်ကို ဂန္ထဝင် မြောက်ပါပေတယ်”

ဟု ပြောလိုက်လေသည်။

ကျောက်စိမ်း လှေကားထစ်များ ထက်တွင် အိမ်ရှေ့စံ မင်းသား ကျောက်ရွှမ်သည် ဘုရင်မကြီးကို စောင့်နေလေသည်။ သူနှင့် မျက်နှာချင်းဆိုင်တွင် အလွန်ခန့်ညား ချောမောပြီး ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် လူတစ်ယောက် ရပ်နေလေသည်။

ထိုသူက တစ်ချက် ပြုံးလိုက်ပြီး …

“ဂုဏ်သိက္ခာ အရှိဆုံး တာအိုကျင့်စဉ်ဆိုတာ ဘုရင့်နိုင်ငံပါပဲ။ တော်ဝင်အရှင်ကတော့ သူတော်စင်ပဲ။ သူတော်စင်ရှေ့မှာ ဘယ်သူက တာအိုကျင့်စဉ်အကြောင်း ပြောရဲပါ့လဲ”

“သူတော်စင်”

ဆိုသည်မှာ ဘုရင်မကြီးကို တင်စားခြင်း ဖြစ်လေသည်။

ဘုရင်မကြီးက ပြုံးလိုက်ပြီး …

“ကျောက်ရွှမ် ချီးဝမ်ပြောတာကို သဘောတူသလား”

သူမက အိမ်ရှေ့စံကို လှမ်းမေးလိုက်လေသည်။

ချီးဝမ်မင်းသားမှာ “ကျောက်” မျိုးနွယ် မဟုတ်ပေ။ ဆုံးပါးသွားပြီ ဖြစ်သည့် ဘုရင်မကြီး အစ်ကို ဖြစ်သူမှ မွေဖွားသည့် သားတော် ဖြစ်လေသည်။ ဘုရင်မကြီး၏တူ တော်စပ်လေသည်။ ဘုရင်မကြီးတွင် တူသုံးယောက် ရှိလေသည်။ တူတော်သုံးယောက်တွင် ချီးဝမ်မင်းသားက အတော်ဆုံး ဖြစ်ပြီး တိုင်းပြည်၏ ဝန်ကြီးချုပ် ရာထူးကိုလည်း ရယူထားလေသည်။ ထို့ကြောင့် လွန်စွာမှ သြဇာအရှိန်အဝါ ကြီးမားလေသည်။ သူ့အထက်တွင် ဘုရင်မကြီးသာ ရှိပြီး သူ၏ လက်အောက်တွင် သန်းနှင့်ချီသည့် လက်အောက်ငယ်သားများ ရှိလေသည်။

ကျောက်ရွှမ်မှာ အိမ်ရှေ့စံမင်းသား ဖြစ်သည့်တိုင် သူ၏ သြဇာအရှိန်အဝါမှာ ချီးဝမ်လောက် လွှမ်းမိုးနိုင်ခြင်း မရှိပေ။

ကျောက်ရွှမ်မှာ မတ်တတ် ရပ်စောင့်နေရသည်မှာ ကြာပြီ ဖြစ်သည့်အပြင် ခန္ဓာကိုယ်ကလည်း အားနည်းနေသည့်အတွက် ပင်ပန်းနေရကာ နဖူးထက်တွင် ချွေးများပင် စို့နေလေသည်။ သူ့ကို ကြည့်ရသည်မှာ စိတ်ရှုပ်နေပုံလည်း ရလေသည်။

“ကျောက်ရွှမ်က အဲဒီလောက် အသိဉာဏ် မရှိပါဘူး။ ဒါပေမဲ့ ဘုရင်မကပဲ မှန်မယ် ထင်ပါတယ်”

ဟု ပြောလိုက်လေသည်။

ချီးဝမ်မင်းသားက အိမ်ရှေ့စံကို အထင်သေးသလို တစ်ချက်ကြည့်လိုက်သည်။ အိမ်ရှေ့စံမှာ ကြောက်တတ်ပြီး ဦးဆောင်နိုင်စွမ်း မရှိဟုသူက တွေးမိလေသည်။ သူ၏ အဒေါ်ကဲ့သို့ ထက်မြက်သည့် ဘုရင်မတစ်ယောက်မှာ အဘယ်ကြောင့် ထိုကဲ့သို့သော လူမျိုးကို အိမ်ရှေ့စံအရာ ရွေးခဲ့ပါသနည်း။

ချီးဝမ်မင်းသားက အခန်းထဲတွင် ပြောရဲဆိုရဲဖြင့် သတ္တိရှိသူများကို အကဲခတ် ရှာဖွေထားခဲ့သည်။ အိမ်ရှေ့စံ နေရာနှင့် သင့်တော်သည့်သူဆို၍ မင်းသားငယ် ကျောက်ရှန့် တစ်ယောက်သာ မျက်လုံးထဲ မြင်မိလေသည်။ သို့သော် … ကျောက်ရှန့်မှာ လွန်စွာမှ ငယ်ရွယ်သေးသည်။

အိမ်ရှေ့စံသာ နတ်ရွာစံသွားလျှင် ဘုရက်မကြီးက ထိုကလေးကို အိမ်ရှေ့စံအရာ ပေးမည်မှာ အသေအချာပင် ဖြစ်လေသည်။

ဘုရင်မကြီးကို ဖုံးကွယ်ထားနိုင်သည့် အကြောင်းအရာဟူ၍ တစ်ခုမျှ မရှိပေ။ သို့သော် … ယခု အချိန်ထိ ချီးဝမ်မင်းသား ဘာပဲလုပ်နေလုပ်နေ ဘုရင်မကြီးက တားဆီးခြင်း မရှိပေ။ ထို့ပြင် ချီးဝမ်မင်းသားကို သွယ်ဝိုက်သည့် နည်းများဖြင့် ချီးကျူး အသိအမှတ် ပြုတတ်လေသည်။

ဘုရင်မကြီးက သက်ပြင်းချလိုက်သည်။

“ကျောက်ရွှမ် ငါ့ရဲ့ သားတော်တစ်ပါးအနေနဲ့ ကိုယ်ပိုင် အတွေးအမြင်လေးတော့ ပြောသင့် တာပေါ့။ မင်းကိုတော့ ငါ အင်မတန် စိတ်ပျက်မိတယ်”

ဟု ပြောလိုက်လေသည်။

အိမ်ရှေ့စံမင်းသားက ဒူးထောက်လိုက်လေသည်။

“ကျောက်ရွှမ် အသုံးမကျလို့ ဘုရင်မကို စိတ်ပျက်စေမိပါပြီ”

ဟု တောင်းပန်လိုက်လေသည်။

ဘုရင်မကြီး အာဏာ သိမ်းပြီးကတည်းက အိမ်ရှေ့မင်းသားသည် ဘုရင်မကြီးကို မယ်တော်ဟု ခေါ်ဝေါ် သုံးနှုန်းခြင်း မရှိတော့ပေ။ မယ်တော်ဘုရင်မကြီး ဟူ၍ပင် သုံးနှုန်းခြင်း မရှိပေ။ အခြားသူများ ခေါ်သကဲ့သို့ “ဘုရင်မ” ဟူ၍သာ သုံးနှုန်းလေ့ ရှိလေသည်။

ချီးဝမ်မင်းသားက ဝင်ပြောလိုက်သည်။

“အိမ်ရှေ့စံ မင်းသားက ကြင်နာတတ်တဲ့ နှလုံးသား ရှိတဲ့အတွက် တာ့ကျိုးတိုင်းပြည်အတွက် ဝမ်းသာစရာပါပဲ ဘုရင်မ။ သူ့ကို အပြစ်မတင်ပါနဲ့။ ကျွန်တော်မျိုးက ဘုရင်မနဲ့အတူ တိုင်းပြည် တာဝန်တွေကို ကြိုးစားထမ်းရွက် သွားပေးပါ့မယ်”

ဘုရင်မ၏ တင်းမာအေးစက်သည့် မျက်နှာပေါ်ဝယ် အပြုံးတစ်ချက် လှစ်ဟ သွားလေသည်။ လေပြည်တစ်ချက် တိုက်ခတ်သကဲ့သို့ပင် ဖြစ်လေသည်။

“ချီးဝမ်က ငါနဲ့အတူ တိုင်းပြည်တာဝန်တွေကို ထမ်းရွက်ချင်တယ်ဆိုမှတော့ ငါ့မှာ တောင်းဆိုစရာတစ်ခု ရှိတယ်။ မင်းလုပ်ပေးနိုင်မလား”

ဟု မေးလိုက်လေသည်။

“မှန်လှပါ ဘုရင်မ”

ချီးဝမ်က တုံ့ဆိုင်းခြင်း မရှိဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။

ဘုရင်မက အိမ်ရှေ့စံမင်းသား ကျောက်ရွှမ်ကို လှမ်းကြည့်လိုက်ပြီး …

“ကျောက်ရွှမ်က အုပ်ချုပ်ရေးပိုင်းမှာ သိပ်ပြီး အတွေ့အကြုံ မရှိဘူး။ ဒါပေမဲ့ ဒါက လေ့ကျင့်ပေးလို့ ရပါတယ်။ ငါက သူ့ကို နိုင်ငံရေး ကိစ္စတွေမှာ ပါဝင်လုပ်ဆောင် စေလိုတယ်။ ဒါပေမဲ့ ဗဟိုမှာလည်း ဝန်ကြီးဌာနတွေက အများကြီး ဖြစ်နေတယ်။ ဒီတော့ ချီးဝမ် မင်းက ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက် ပေးနိုင်မလား”

ဟု ပြောလိုက်လေသည်။

တာ့ကျိုးတိုင်းပြည်တွင် ဝန်ကြီးများစွာ ရှိပါသည်။ ဝန်ကြီးချုပ်ဖြစ်သည့် ချီးဝမ်ကတော့ မင်းမျိုးမင်းနွယ် ဖြစ်သည့် တစ်ပါးတည်းသော ဝန်ကြီးချုပ် ဖြစ်လေသည်။ သူက ဘုရင်မအပေါ်တွင် စကားအောင်သူ တစ်ယောက်ဖြစ်ပြီး အခြားဝန်ကြီးများထက် စာလျှင် ပေါက်ရောက်သူ တစ်ယောက် ဖြစ်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset