နောက်တစ်နေ့ နံနက်တွင်တော့ ဆန်းလျန်မှာ ပုံမှန်အတိုင်းပင် ရှိနေလေသည်။ ရော့ရှီလေးမှာ ညက သူမ မြင်တွေ့ခဲ့သည့် အရာများကို အိပ်မက်မက်ခြင်း ဖြစ်မည်ဟု ထင်လိုက်မိလေသည်။
ထိုနေ့ နံနက်တွင်ပင် သူမ၏ ကိုကိုက သူမကို အရာဝတ္ထုများကို ရုပ်လုံးဖော်သည့် ပညာ သင်ကြား ပေးလေသည်။ သူမကို ပုံဖော်ခိုင်းသည့် အရာမှာ အိမ်ရှေ့စံမင်းသား လက်ဆောင်ပေးခဲ့သည့် ပုတီးကြိုးလေးပင် ဖြစ်လေသည်။
ပုတီးကြိုးလေးကို စားပဲပေါ်တွင် တင်ထားပြီး သူမက ပုတီးကြိုးလေးကို စိတ်အာရုံတွင် ပုံဖော်ကာ ပတ်ဝန်းကျင် လေထုထဲတွင် မိုးမြေစွမ်းအားများ စုစည်းနေလေသည်။ သူမက ပုတီ့စေ့ ကိုးလုံးနှင့် ပုတီးကြိုးလေးကို စိတ်အာရုံတွင် နက်နက်ရှိုင်းရှိုင်း ပုံဖော် ကြည့်လိုက်လေသည်။
ထိုသို့ ပြုလုပ်ရသည်မှာ ပျင်းစရာ ကောင်းလွန်းသောကြောင့် သူမ ဆက်မလုပ်ချင်တော့ပေ။ သို့သော် သူမ၏ ကိုကိုမှာ စည်းကမ်းတင်းကျပ်သူ တစ်ယောက် ဖြစ်သည့်အတွက် သူမ ကြိုးစား လေ့ကျင့်ရလေသည်။
“ယုန့်” ဆိုသည့် စာလုံးကို ရေးသား လေ့ကျင့်ရသည်က ယခုကျင့်စဉ်ထက် ပိုပြီး လွယ်ကူ လေသည်။ စုတ်ချက်တိုင်းမှာ ပေါ့ပါးလွန်းသည်။
အမှန်တော့ ကျင့်စဉ်လမ်း အစမှာလည်း ထိုကဲ့သို့ပင် ဖြစ်လေသည်။ အစပိုင်း စတင်လေ့ကျင့် ချိန်တွင် သင်ပြပေးသည့်ဆရာ မရှိသည့်တိုင် ပေါ့ပါး လွယ်ကူလေသည်။ သို့သော် လူသားများက တန်ခိုးစွမ်းအား ရရှိလာသည့် အဆင့်ထိသာ ကျင့်ကြံနိုင်ပြီး သေဆုံး သွားကြသည်က များလေသည်။
ထိုသို့ ဖြစ်ရခြင်းမှာ လူတစ်ယောက် (သို့မဟုတ်) လူတစ်စုသည် မိုးနှင့်မြေကို ကျော်လွန်ပြီး တန်ခိုးစွမ်းအားကိုပင် အလေး ထားသောကြောင့် ဖြစ်လေသည်။ သူတို့၏ စိတ်စွမ်းအားကို အသုံးချပြီး သာမန်ထက် ပိုသော တန်ခိုး စွမ်းအားများကို ရရှိ တတ်ကြလေသည်။
အရာအားလုံး ဆိုသည်မှာ တစ်စုံတစ်ခုမှ စတင် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး တစ်စုံတစ်ခုမှာ မရှိမှုမှ စတင်ခဲ့ရခြင်း ဖြစ်လေသည်။ (အရာရာတိုင်းသည် သုညမှ စရစမြဲ ဖြစ်သည်)
ထို့ကြောင့် ချင်းရွှမ်နတ်တံခါးက …
“အဆင့်မြင့် ကျင့်စဉ်လမ်းကို တက်လှမ်းချင်ပါက စိတ်နှလုံးကို အရင်ဆုံး ပြုပြင်ရမည်”
ဟူသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားခြင်း ဖြစ်လေသည်။
ဝိညာဉ်ဆိုသည်က ရုပ်အပေါ်တွင် မှီခိုနေသည့် စွမ်းအား ဖြစ်လေသည်။ သို့သော် ထိုဝိညာဉ်က အဆင့်အတန်း မြင့်သည့် စွမ်းအားအဆင့် တစ်ခုသို့ ရောက်ရှိသွားသည့်အခါ ရုပ်ကိုပင် ပြန်လည်စေစား နိုင်လေသည်။ ဗောဓိဿကျပင်လျှင် အိပ်မက်များအကြောင်း ဟောကြားခဲ့စဉ်က ကျွမ်းကျိုးနှင့် လိပ်ပြာအကြောင်း ဟောပြောခဲ့သေးသည် မဟုတ်ပါလား။
ရော့ရှီလေးကတော့ ကျင့်စဉ်လမ်း၏ မူဝါဒများကို နားလည်ခြင်း မရှိပါ။ သို့သော် စာလုံးများ စတင်ရေးသည့် အချိန်တွင် သူမက ပျင်းရိခဲ့ရသော်လည်း နောက်ပိုင်းတွင်တော့ ရေးရင်းရေးရင်းနှင့် ပျော်ရွှင် လာခဲ့ရလေသည်။ ထို့ထက်ပိုသည်မှာ ယခင်ကကဲ့သို့ မလုပ်ချင်ဘဲ အတင်း စိတ်ဒုက္ခခံကာ ရေးနေရသည်ဟု မခံစားရတော့ပေ။
“အလုပ်လုပ်နေလျှင် အချိန်ကုန်မြန်သည်”
ဟူသော တရုတ် စကားပုံတစ်ခု ရှိလေသည်။
အလုပ်မရှိလျှင်တော့ ပျင်းရိ ခြောက်သွေ့စွာဖြင့် နေ့တာ ရှည်နေမည် ဖြစ်လေသည်။
အလုပ် လုပ်နေမှသာ အချိန်က ကုန်မှန်းမသိ မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားမည် ဖြစ်လေသည်။
ရော့ရှီက သူမအများကြီး လေ့ကျင့်မှုများ ပြုလုပ်ပြီးပြီဟု တွေးလိုက်မိသော်လည်း အချိန်မှာ နေ့လယ်ခင်း အချိန်ပင် မရောက်သေးပေ။ သူမက စာရေးစားပွဲ ငယ်လေးပေါ်တွင် ခေါင်းတင်ရင်း နားနေစဉ် ထူးဆန်းသည့် ငါးရုပ်တုံး ခေါက်သံတစ်သံကို ကြားလိုက်ရလေသည်။ ထိုအသံမှာ တစ်ခါတစ်ရံ အဝေးမှ လာခြင်းဖြစ်ပြီး တစ်ခါတစ်ရံတွင်တော့ သူမ၏ နားနားတွင် ကပ်ပြီး ခေါက်နေသကဲ့သို့ ဖြစ်လေသည်။ ထိုအသံက သူမကို ချော့သိပ်သလို ဖြစ်နေသောကြောင့် မျက်ခွံများ လေးလံလာပြီး နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့သည်။
ဆန်းလျန်မှာ ကျင့်စဉ်လမ်း အမြင့်ဆုံးအဆင့်သို့ မတက်လှမ်းနိုင်သေးမီ အန္တရာယ်နှင့် ရင်ဆိုင် ရမည်ကို စိတ်ပူပန်မိလေသည်။ နေမင်းသည် အတောက်ပဆုံး မထွန်းလင်း နိုင်သေးသလိုမျိုး သူ ခံစား နေရလေသည်။
သူက သစ်သားငါးရုပ်တုံး ခေါက်သံကို ကြားလိုက်ရသည့် အခါတွင်တော့ သူ၏ ဆေးခန်းလေးမှ ချက်ချင်း ထွက်ခွာလာခဲ့လေသည်။ သူက တစ္ဆေတစ်ကောင်အလား ရိပ်ခနဲ လှုပ်ရှားလိုက်ပြီး တစ်ခဏ အတွင်း၌ပင် မြစ်ကမ်းနံဘေးသို့ ရောက်သွားလေသည်။
ကျယ်ပြန့်လှသည့် အန်းဖင် တူးမြောင်းထဲတွင် လှေများ သွားလာနေကြလေသည်။ သို့သော် … ထိုသို့ လှေများ သွားလာနေခြင်းထက် လှပသည့် ရှုခင်းမှာ မြစ်ကို ဖြတ်ကာ တည်ဆောက်ထားသည့် တံတားကြီး၏ ခမ်းနားသည့် အလှတရားပင် ဖြစ်လေသည်။
တံတားထက်မှ မြစ်ပြင်ကျယ်၏ အလှတရားကို ခံစားနိုင်လေသည်။ ထိုတံတား ရှည်ကြီးမှာ နှစ်ပိုင်းကွဲနေသည့် ဆန်းတုမြို့တော်ကို ဆက်သွယ်ပေးထားသော တံတားကြီး ဖြစ်လေသည်။
တံတားကြီးကို ကျောက်တိုင်ကြီးများဖြင့် အခိုင်အမာ တည်ဆောက်ထားခြင်း ဖြစ်သည်။
ဘုန်းကြီးအိုကြီး တစ်ပါးသည် တံတားပေါ်ရှိ စင်္ကြံလမ်း အဆုံးတွင် မတ်တတ် ရပ်နေလေသည်။ ပတ်ဝန်းကျင် အခြေအနေများကို အရေးမထား တစ်လောကလုံးတွင် သူတစ်ပါးတည်း ရှိသည့်ဟန်ဖြင့် မားမား ရပ်တည်နေခြင်း ဖြစ်လေသည်။
ဆန်းလျန်က ဘုန်းကြီးအိုကြီးထံ လမ်းလျှောက် လာလေသည်။ ခန့်ညားသော လမ်းလျှောက်ဟန်တွင် သူ၏ နောက်ဖက်မှာ ရှုခင်းများမှာ ဝေဝါးပျောက်ကွယ် သွားသကဲ့သို့ ထင်ရသည်။ အမှန်တော့ ရှုခင်းများက ပျောက်ကွယ်သွားခြင်း မဟုတ်ပါ။ ဆန်းလျန်၏ ဝိညာဉ်စွမ်းအား ကောင်းလွန်းသောကြောင့် အမြင်အာရုံ ထင်ယောင်ထင်မှား ဖြစ်ရခြင်း ဖြစ်လေသည်။
မြစ်ရေကို ငေးကြည့်နေသည့် ဆရာတော်၏ အကြည့်က ဆန်းလျန်ထံသို့ ရွှေ့ပြောင်းလာသည်။
ထိုဆရာတော်မှာ ကူဟွေ့ဆရာတော်ပင် ဖြစ်လေသည်။ သူ၏ လက်ထဲတွင် မီးခိုးရောင် သန်းသည့် ငွေရောင် သစ်သားငါးရုပ်လေးကို ကိုင်ထားလေသည်။ ထိုသစ်သားငါးရုပ်လေးကို ဆန်းလျန် ငယ်စဉ်ကပင် မြင်တွေ့ဖူးပါသည်။ သူအားအင် နည်းပါးပြီး စွမ်းအား မပြည့်ဝခင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဖြစ်လေသည်။ ထိုသစ်သား ငါးရုပ်တုံးလေး၏ အမည်မှာ “ထိုက်ဝေ့” ဖြစ်လေသည်။ ထိုနာမည်မှာ ချင်းရွှမ်နတ်တံခါးမှ ထိုက်ဝေ့ထိုင် ခန်းမဆောင်၏ နာမည်နှင့် အတူတူပင် ဖြစ်လေသည်။
ထိုက်ဝေ့မှ ထွက်ပေါ်လာသည့် တုံးခေါက်သံမှာ ဝိညာဉ်ငြိမ်းချမ်းသံစဉ် ဖြစ်လေသည်။ ဝိညာဉ် စွမ်းအားကို နားလည်သူ မဟုတ်လျှင် ထိုသံစဉ်ကို ကြားရမည် မဟုတ်ပါ။ ထိုက်ဝေ့မှာ ချင်းရွှမ် နတ်တံခါးမှ ပစ္စည်းဖြစ်လေသည်။ သို့သော် လွန်ခဲ့သည့် နှစ်များတွင်တော့ လင်ချုန်းရှောင်၏ လက်ထဲတွင် ရှိနေခဲ့သည်။
အလင်းရောင်မရှိဘဲ လောကကြီး တစ်ခုလုံး အမှောင်ကျနေလေသည်။ သို့သော် ထိုလောကမှာ ဝိညာဉ်လောက ဖြစ်လေသည်။ လူ့လောကမှ အလင်းရောင်သည် ဝိညာဉ်လောကကို ထိုးဖောက်နိုင်စွမ်း မရှိပေ။
ဆန်းလျန် မျက်လုံးမှိတ်ကာ အာရုံ ခံလိုက်သည့် အခါတွင်တော့ ဘုန်းကြီးအိုကြီးကို အမှောင်ထဲမှ အလင်းတိုင် တစ်ခုအလား ထင်ရှားစွာ မြင်တွေ့ လိုက်ရလေသည်။
ဗုဒ္ဓဘာသာ ကျမ်းစာထဲတွင် တရားကျင့်ခြင်း ဆိုသည်မှာ အလင်းတရားပင် ဖြစ်လေသည်။ ထိုအလင်းကို ထွန်းညှိလိုက်သည့်အခါ ရုပ်ခန္ဓာကို ကျော်လွန်နိုင်လေသည်။
လူသား ရုပ်ခန္ဓာဆိုသည်က အသက် ကြီးလာသည်နှင့်အမျှ အိုမင်းဆွေးမြေ့ ရလေသည်။ အသက် ကြီးလာလျှင် အတွင်းအားကျင့်စဉ် ကျင့်ကြံရင်း အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဆုံချက်နှင့် အတွေးအမြင်ပိုင်းဆိုင်ရာ ဆုံချက်များ ပွင့်ရန် မလွယ်ကူတော့ပေ။ သို့သော် ဝိညာဉ်စွမ်းအား ကျင့်စဉ်များကိုတော့ မရပ်တန့်သင့်ပေ။
ကျင့်စဉ်လမ်းဆိုသည်က သာမန်အတွင်းအား ကျင့်စဉ်ထက် များစွာ ခက်ခဲလေသည်။ ဗုဒ္ဓဘာသာမှာ စိတ်ကို သန့်စင်အောင် ကျင့်ကြံသည့် ဘာသာဖြစ်လေသည်။ ဗုဒ္ဓဘာသာ ကျင့်စဉ်များမှာ တာအို ကျင့်စဉ်များထက် ရှေးကျသည်ဟုပင် ဆိုနိုင်သည်။
သို့သော် … ဆန်းလျန်မှာ အခြားသော တာအိုကျင့်စဉ် ကျင့်ကြံသူများနှင့် မတူ တစ်မူထူးခြားသူ ဖြစ်လေသည်။ ဆန်းလျန်၏ စွမ်းအား အစစ်အမှန်မှာ သူ၏ ဝိညာဉ်တွင်း၌ တည်ရှိလေသည်။
ဆန်းလျန်နှင့် ကူဟွေ့ဆရာတော် နောက်ဆုံး တွေ့ဆုံခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ ယခု တစ်ကြိမ်တွင်တော့ ဆန်းလျန်မှာ ယခင်ကထက်ပင် ပိုပြီး တည်ငြိမ်နေလေသည်။ ထိုသို့ တည်ငြိမ် လွန်းနေမှုကို နားလည်ရန်ပင် ခက်နေလေသည်။
ဆရာတော်၏ မျက်ဝန်းများနှင့် ဆန်းလျန် မျက်ဝန်းများ ဆုံလိုက်သည့် အခါတွင်တော့ …
လှိုင်းလေငြိမ်သက်နေသည့် ပင်လယ်ပြင် တစ်ခုအလား ကူဟွေ့ဆရာတော် ခံစား လိုက်ရလေသည်။ တစ်ချိန်တည်းမှာပင် ထိုပင်လယ်ပြင်မှ ဝဲကတော့အတွင်းသို့ သူအချိန်မရွေး နစ်မြုပ် သွားတော့မည့်အလား ခံစားလိုက်ရပြန်သည်။
ပတ်ဝန်းကျင်မှ လမ်းသွားလမ်းလာများမှာ သူတို့ နှစ်ယောက်၏ အခြေအနေကို မရိပ်မိပါ။ ကျောက်တိုင်ကြီးအလား တည်ငြိမ်စွာ ရပ်နေသည့် ကူဟွေ့ဆရာတော်၏ အနားသို့ ဆန်းလျန်မှာ လေပွေ တစ်ခုအလား ရိပ်ခနဲ ရောက်လာလေသည်။
“မတွေ့ကြတာ ဆယ့်ခြောက်နှစ်တောင် ရှိခဲ့ပြီနော်”
ဆန်းလျန်က ပြောလိုက်လေသည်။
သူ၏ ပုံစံသာမက သူ၏ အသံမှာပါ လွန်ခဲ့သည့် ဆယ့်ခြောက်နှစ်ကအတိုင်း ငယ်ရွယ်နုပျိုဆဲ၊ တစ်စက်ကလေးမျှ ပြောင်းလဲခြင်း မရှိပေ။
သူ၏ အသံမှာ စီးဆင်းနေသည့် မြစ်ရေအလား ကြည်လင်နေပြီး ကူဟွေ့ ဆရာတော်အပေါ်တွင် ရင်းရင်းနှီးနှီး ရှိလှလေသည်။
“မင်းကျုပ်ကို မှတ်မိမယ်လို့တောင် ထင်မထားဘူး”
ကူဟွေ့ ဆရာတော်က ပြောလိုက်လေသည်။
“အရာအားလုံးကို မှတ်မိနေတာဟာ ကျုပ်ရဲ့ ပင်ကိုယ်စွမ်းရည်ပါပဲ”
ဟု ဆန်းလျန်က ပြောလိုက်လေသည်။
“ဒါဖြင့် မင်း ရဲ့လျိုယွင်ကိုရော မှတ်မိသေးလား”
ကူဟွေ့ဆရာတော်က ပြုံးပြီး မေးလိုက်လေသည်။
“သူက စိတ်ဝင်စားစရာကောင်းတဲ့ သူတစ်ယောက်ပဲ။ အမှန်တော့ သူက ကျုပ်ထက်ပိုပြီး တော်ပါတယ်။ ဒါပေမယ့် ဒီလောကမှာ ကျုပ် ရပ်တည်နေတာက အခြားသူတွေနဲ့ ယှဉ်ပြိုင်ဖို့ မဟုတ်ပါဘူး”
ဆန်းလျန်က ခပ်အေးအေးပင် ပြောသည်။
သူ၏ ဝတ်ရုံမှာ လေထဲတွင် လွင့်မျောနေပြီး သူ့ကို ကြည့်ရသည်မှာ ရုပ်ခန္ဓာ ကင်းမဲ့သည့် လူတစ်ယောက်ကဲ့သို့ မျောလွင့် နေသယောင်ပင်။
ကူဟွေ့ဆရာတော်က ဆန်းလျန်မှာ နောက်ထပ်ဆယ်နှစ်နှင့် ကျင့်ကြံလျှင်ပင် ဘုရင်မကြီးနှင့် ယှဉ်နိုင်မည် မဟုတ်ဟု ထင်ခဲ့မိသည်။ ယခု ဆန်းလျန်နှင့် တွေ့ရသည့် အခါတွင်တော့ သူ့အထင်မှာ လွဲခဲ့ပြီ။
ဆန်းလျန်က အရှုံးသမားတစ်ယောက် မဟုတ်ပါ။ သို့သော် … သူ ကျင့်စဉ်လမ်းကို လိုက်ခဲ့သည်က တာအိုကျင့်စဉ်များကို လေ့ကျင့်ရန်အတွက်သာ ဖြစ်ပြီး အခြားသူများကို တိုက်ခိုက်ရန်မူဖို့ မဟုတ်ပါ။ လောကကြီးမှ လူများအားလုံးသာ ဆန်းလျန်ကဲ့သို့ စိတ်ထားမျိုး ရှိမည် ဆိုပါက ငြိမ်းချမ်း လှပေစွ။
“ဘုရင်မကြီးက သဘက်ခါကျရင် မင်းကို ရှန့်ကျီး ဝတ်ကျောင်းတော်မှာ တွေ့လိုတယ်တဲ့”
နောက်ဆုံးတော့ ကူဟွေ့ဆရာတော်က အမှာစကားကို ကြားဖြတ်ပြောလိုက်လေသည်။
“ဘုရင်မက ရက်စက်တတ်တဲ့ သူတစ်ယောက်ပဲ။ ကျုပ်ကို ဘုရင့်နန်းတော်ကို ဆင့်ခေါ်လည်း ဖြစ်တာပဲကို”
ဆန်းလျန်က ရေရွတ်လိုက်သည်။
ဘုရင့်နန်းတော်မှာ လောဘ၊ ဒေါသ၊ မောဟ များဖြင့် ပြည့်နေသည့်နေရာ ဖြစ်လေသည်။ ဆန်းလျန်ကဲ့သို့ အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်အတွက် ထိုနေရာမှ လေထုမှာ များစွာ ဖိအား သက်ရောက်မှုရှိမည် ဖြစ်လေသည်။
ထုတ်ဖော်ပြခြင်း မရှိသည့်တိုင် ဆန်းလျန်၏ ရင်ထဲဝယ် တစ်ချက်လေးလံ သွားရ လေတော့သည်။
သို့သော် … ဘုရင်မကြီးမှာ ဆန်းလျန်ကို သူ၏ ပိုင်နက်ဖြစ်သည့် ဘုရင့်နန်းတော်သို့ ဆင့်ခေါ်ခြင်းမရှိဘဲ အခြားနေရာတစ်ခုတွင် တွေ့ဆုံရန် ပြောခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဘုရင်မကြီးမှာ သူမ၏ အရည်အချင်းကို မည်မျှ ယုံကြည်ကြောင်း ပြသလိုက်ခြင်း ဖြစ်လေသည်။
“ကြည့်ရတာ မင်းက လောကီရေးရာတွေနဲ့ ကင်းဝေးနေတာ ကြာပြီထင်တယ်။ ဒါနဲ့များ ဘာလို့ ညစ်ပေလွန်းတဲ့ လူ့လောကကို ပြန်လာရသေးလဲ။ ဘုရင်မကြီးဟာ သာမန် ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး။ သူ့အဆင့်နဲ့ဆိုရင် မင်းကို ကောင်းကောင်းယှဉ်နိုင်တယ်။ မင်းကို သတိထားဖို့တော့ အကြံ ပေးချင်တယ်”
ကူဟွေ့ဆရာတော်က ပြောလိုက်လေသည်။
စကား အသွားအလာအရ ကူဟွေ့ဆရာတော်မှာ ဆန်းလျန်ကို ဘုရင်မကြီးနှင့် မတွေ့ဆုံ စေလိုသည့် အရိပ်အယောင်များ ရှိနေလေသည်။ သို့သော် … သူက တိုက်ရိုက်တော့ မပြောပေ။
ဆန်းလျန်နှင့် ဘုရင်မကြီးမှာ အဆင့် အလွန်ကွာခြားပါက သူက ထိုသို့သော အကြံဉာဏ်မျိုး ပေးမည် မဟုတ်ပေ။ သို့သော် … သူတို့နှစ်ယောက်မှာ အဆင့်တူနေဟန် ရှိလေသည်။ မည်သူက ပို၍ သာမည်လဲ ဆိုသည်ကိုတော့ ကူဟွေ့ဆရာတော် မခန့်မှန်းနိုင်ပေ။
သူတို့နှစ်ယောက် တိုက်ခိုက်ကြခြင်းဖြင့် မည်သူမျှ အကျိုး မရှိနိုင်ပေ။ ထို့ပြင် တာ့ကျိုး တိုင်းပြည် အတွက်လည်း အကျိုးမရှိပေ။
တာ့ကျိုးတိုင်းပြည်သာ တစ်ခုခုဖြစ်ခဲ့လျှင် ပြည်သူများသာလျှင် အတိဒုက္ခ ရောက်ကြရမည် ဖြစ်လေသည်။
“ကျုပ်ကို အကြံပေးဖို့ မလိုပါဘူး ဆရာတော်။ ဘုရင်မက ကျုပ်ကို စိတ်ဝင်စားလို့ တွေ့ဆုံဖို့ ဆင့်ခေါ်တာ နေမှာပါ။ သိပ်အရေး မကြီးလှပါဘူး။ ဒါနဲ့ အဲဒီသစ်သား ငါးရုပ်တုံးလေးကို ဆရာတော် ကျုပ်ကိုများ ပေးနိုင်မလား”
“ဒီသစ်သား ငါးရုပ်တုံးလေးကို မင်းကို ပြန်ပေးမလို့ပါပဲ။ မဟုတ်ရင် ကျုပ် ဘယ်ယူ လာလိမ့်မလဲ”
ဆန်းလျန်၏ အမေးကို ကူဟွေ့ဆရာတော်က ပြန်ဖြေလိုက်လေသည်။
ကူဟွေ့ ဆရာတော်က မီးခိုးရောင်သန်းနေသည့် ငွေရောင် သစ်သားငါးရုပ် တုံးလေးကို ဆန်းလျန်ထံသို့ ကမ်းပေးလိုက်လေသည်။ ဆန်းလျန်က ရိုသေစွာ လက်ခံလိုက်သည်။ နောက်ဆုံးတော့ သစ်သားငါးရုပ် တုံးလေးမှာ သူလာရာ အရပ်ဆီသို့ ပြန်ရောက်ခဲ့ရပြီ။ သစ်သားငါးရုပ် တုံးလေးမှာ သာမန် ပစ္စည်းတစ်ခု မဟုတ်ပါ။ ထိုသစ်သားငါးရုပ်တုံးလေး ပျောက်ဆုံးသွားသည့် အချိန်တွင် ချင်းရွှမ်နတ်တံခါးက အဘယ်ကြောင့် လိုက်လံရှာဖွေခြင်း မပြုသည်ကို ဆန်းလျန်စိတ်ထဲ အဖြေရှာမရ ဖြစ်နေရလေသည်။
***