ထို ဆံပင်ဖြူများ ပေါက်နေသော အပြာရောင်အင်္ကျီနှင့် လူကြီး၏ နောက်ကျောဘက်မှနေ၍ အထက်တန်းလွှာဆန်သော အငွေ့အသက်တစ်မျိုး ထွက်ပေါ်နေ၏။ ထိုအငွေ့အသက်မှာ ကြော့ရှင်းမှုအပြည့်ရှိသလို မာန်မာနထောင်လွှားမှုလည်း အပြည့်ရှိနေသကဲ့သို့ပင်။ သူ၏ ဩဇာတိက္ကမနှင့် ပြည့်စုံမှုကြောင့် သူ၏ရှေ့၍ ရှိနေသည့် မည်သူမဆို မိမိတို့မှာ နိမ့်ကျနေသကဲ့သို့ ခံစားလိုက်ရပြီး ဦးညွှတ်သွားရမည်သာ ဖြစ်သည်။
ကျင့်သိုမင်မှာလည်း ထိုကဲ့သို့ပင်။ သူသည် ကျောက်ပင်ဖန်အား မြင်လိုက်ရသောအခါ ချက်ချင်းပင် တရိုတသေ နှုတ်ဆက်လိုက်၏။
” ကျနော် မင်လေး ဦးလေးကျောက်ကို နှုတ်ခွန်းဆက်သပါတယ် ” ကျင့်သိုမင်က အလောတကြီးနှင့် ဆိုလိုက်၏။ သူ၏ရှေ့တွင်ရှိနေသော လူကြီးမှာ သူ၏ တာအိုလက်တွဲဖော်အား အားကိုး၍ သူ၏လက်ရှိ ရာထူးအဆင့်အတန်းကို ရရှိခဲ့ခြင်းမဟုတ်ကြောင်း သူက သိထား၏။ ကျောက်ပင်ဖန်မှာ ပြည်ထောင်စုကြီးအတွက် အရေးပါလွန်းသောကြောင့် တာအိုလက်တွဲဖော်တစ်ယောက် ရရှိခဲ့ခြင်းဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။ သူသည် တမူထူးခြားသောအရည်အချင်းများကို ပိုင်ဆိုင်ထားရုံသာမက သူ၏ ရာထူးတိုးနှုန်းမှာလည်း ချောမွေ့လွန်းနေခဲ့၏။
သို့သော် အင်္ဂါဂြိုဟ်ဘုရင်ခံနှင့် ယှဉ်လိုက်မည်ဆိုပါက ကျောက်ပင်ဖန်သည် အများပြည်သူများ၏ကြားတွင် သူမလောက် နာမည်မကြီးပေ။ သူသည် အဖွဲ့အစည်းအားလုံး၏ ထိပ်တန်းအလွှာများထဲတွင်သာ ဂုဏ်သတင်းထင်ပေါ်ကျော်စောသည် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာလည်း သူ့အား နှုတ်ဆက်ချင်ပါသော်လည်း ကျင့်သိုမင်တစ်ယောက် သူ့ကိုယ်သူ ” မင်လေး ” ဟု ခေါ်ဆိုသုံးနှုန်းလိုက်သည်ကို ကြားလိုက်ရသောအခါ ကျောက်ပင်ဖန်၏ နောက်ကျောကြောင့် ဖိအားကြီးမားစွာ ခံစားနေရသည့်တိုင်အောင် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ အသံအကျယ်ကြီး အော်ရယ်မိလုမတတ် ဖြစ်သွားရ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ သူ လုပ်စရာရှိသည့် တာဝန်များကို သိထားဆဲ ဖြစ်သောကြောင့် ကျောက်ပင်ဖန်အား ချက်ချင်းပင်နှုတ်ဆက်လိုက်၏။
“ကျနော် လဲ့လေး ဦးလေးကျောက်ကို နှုတ်ဆက်ပါတယ် ”
ဝမ်ပေါင်လဲ့၏ နှုတ်ဆက်စကားကြောင့် ကျင့်သိုမင်မှာ မျက်ခုံးများပင့်သွားရပြီး ဝမ်ပေါင်လဲ့အား ဖျတ်ခနဲ ကြည့်မိလိုက်၏။ သူသည် ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာကို မြင်လိုက်ရပြီး သူ့ကိုယ်သူ ” လဲ့လေး ” ဟု ခေါ်ဆိုသုံးနှုန်းလိုက်သည်ကို ကြားလိုက်ရသောအခါ စကားအများကြီး ပြောမနေတော့ဘဲ ပွဲကြီးပွဲကောင်းတစ်ခု ကြည့်ရန် သူ့ကိုယ်သူ ပြင်ဆင်ထားလိုက်တော့သည်။
ထိုအချိန်တွင် သူတို့အား ကျောပေးကာ နံရံဆေးရေးပန်းချီအား ကြည့်ရှုနေသည့် ကျောက်ပင်ဖန်၏ မျက်နှာအမူအရာမှာ အထူးတဆန်းဖြစ်သွား၏။ သို့သော် သူသည် ချက်ချင်းပင် ဣန္ဒြေပြန်ဆယ်လိုက်ပြီး နောက်သို့ ဖြည်းညင်းစွာ လှည့်လာတော့သည်။
သူ နောက်သို့လှည့်လာပြီး သူ၏ ရုပ်ရည်အား မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်သူ ပြည်ထောင်စုကြီးထဲ၌ ရုပ်အချောဆုံးဟု သတ်မှတ်ထားသော ဝမ်ပေါင်လဲ့ပင်လျှင် အပြစ်ရှိသလို ခံစားလိုက်ရ၏။ ကျောက်ပင်ဖန်မှာ သက်လတ်ပိုင်းအရွယ်သို့ ရောက်နေသည့်တိုင်အောင် သူသည် တမူထူးခြားလောက်အောင် ချောမောသော ရုပ်ရည်တစ်ခုကို ပိုင်ဆိုင်ထားဆဲပင်။ ထို့ကြောင့် သူသည် ငယ်ရွယ်စဉ်အချိန်တုန်းက မိန်းကလေးများဖြင့် ဝိုင်းဝိုင်းလည်နေခဲ့ရမည်မှာ သိသာထင်ရှားပေသည်။
သူသည် သက်လတ်ပိုင်းအရွယ် ရှိနေပြီး တစ်ခေါင်းလုံး ဆံပင်ဖြူများ ပေါက်နေသည့်တိုင်အောင် ကြော့ရှင်းမှုအပြည့် ရှိနေသေးသောကြောင့် သူ၏ ရုပ်ရည်ချောမောမှုမှာ ပို၍ပင် ပေါ်လွင်နေရတော့သည်။
” ဒီမှာရှိတဲ့ လူတွေအကုန်လုံးက ယောက်ျားတွေပါပဲ… ” ဝမ်ပေါင်လဲ့မှာ သူ၏ နှလုံးသားထဲ၌ မနာလိုစိတ်များ ပေါ်ပေါက်လာသဖြင့် သက်ပြင်းချကာ ထိုစိတ်များကို ချက်ချင်းပင် ချုပ်တည်းထားလိုက်ရ၏။ သူသည် ကျောက်ပင်ဖန်ကို မြင်ဖူးနေသည်ဟု ခံစားနေရပါသော်လည်း မည်သည့်အချိန်တုန်းက သူ့အား မြင်ဖူးခဲ့ခြင်းဖြစ်ကြောင်း မမှတ်မိနိုင်ဘဲ ဖြစ်နေ၏။
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အံ့အားသင့်နေရစဉ် နောက်သို့လှည့်လာသော ကျောက်ပင်ဖန်မှာ ကျင့်သိုမင််နှင့် ဝမ်ပေါင်လဲ့တို့အား တည်ကြည်စွာ ကြည့်လိုက်၏။
သူသည် ကျင့်သိုမင်အား တစ်ချက်မျှသာ ဖျတ်ခနဲ ကြည့်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား သေသေချာချာစိုက်ကြည့်ကာ သူ့အား တစ်ခဏမျှ အကဲခတ်နေလိုက်၏။ နောက်ဆုံးတွင်မူ သူသည် နှာမှုတ်လိုက်တော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပြီး နှလုံးသားကြီးတစ်ခုလုံး အေးစက်သွားသလိုခံစားလိုက်ရ၏။ ကျောက်ပင်ဖန်မှာမူ သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းကာ နောက်သို့ပြန်လှည့်သွားပြီး နံရံဆေးရေးပန်းချီအား ပြန်၍ကြည့်နေလိုက်တော့သည်။ အစမှအဆုံးအထိ သူသည် စကားတစ်ခွန်းမှမပြောခဲ့ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် စိုးထိတ်လာရပြီး နေမထိထိုင်မသာ ဖြစ်လာရတော့သည်။ သူသည် လက်ရှိအခြေအနေအား မေးမြန်းလိုသော အကြည့်ဖြင့် ကျင့်သိုမင်ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်၏။ ထိုအခါ ကျင့်သိုမင်မှာလည်း မျက်တောင်တဖျတ်ဖျတ် ခပ်ပြလိုက်ပြီး သူသည်လည်း မည်သည့်အရာများ ဖြစ်ပျက်နေမှန်း သေချာမသိကြောင်း ပြန်၍ အသိပေးလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် တစ်စုံတစ်ခုမှာ လွဲနေပြီဖြစ်ကြောင်း ခံစားလိုက်ရပါသော်လည်း အတိအကျမသိနိုင်ဘဲ ဖြစ်နေရ၏။ ထို့ကြောင့် သူ၏ အသိစိတ်ထဲ၌ ထင်မြင်ယူဆချက် အမျိုးမျိုး ပေါ်ပေါက်လာတော့သည်။
” ဘာလို့ သူက ငါ့ကို စိုက်ကြည့်နေရတာလဲ။ ပြီးတော့ သူက နှာတောင်မှုတ်လိုက်သေးတယ်… မဟုတ်သေးဘူး။ တစ်ခုခုတော့မှားနေပြီ… မဟုတ်မှလွဲရော…. ” ဝမ်ပေါင်လဲ့မှာ ထိုသို့စဉ်းစားတွေတောနေရင်း အတွေးတစ်ခုမှာ သူ၏ ခေါင်းထဲ ဖျတ်ခနဲဆိုသလို ပေါ်ပေါက်လာ၏။ သူသည် ကျောက်ပင်ဖန်မှာ သူ၏ တာအိုလက်တွဲဖော်အတိုင်း သူ့အား သူတို့၏ သားမက်အဖြစ် သတ်မှတ်ချင်နေခြင်း ဖြစ်ရမည်လောဟု တွေးတောမိတော့သည်။
ဝမ်ပေါင်လဲ့တစ်ယောက် စိုးထိတ်နေရသည်ကို မြင်လိုက်ရသောအခါ ကျင့်သိုမင်မှာ ရယ်မောလိုက်ပြီး အခြေအနေကြီးကို ရှင်းပြရန် ကြိုးစားမနေတော့ပေ။ သူသည် ဘေးဘက်တွင်သာ ရိုသေကျိုးနွံမှုအပြည့်ဖြင့် ရပ်နေလိုက်၏။ ကျောက်ပင်ဖန်မှာမူ ဝမ်ပေါင်လဲ့၏ စိုးရိမ်တကြီးဖြစ်နေသော မျက်နှာအမူအရာအား ဂရုမစိုက်ဘဲ နံရံဆေးရေးပန်ချီကို စိုက်ကြည့်နေလိုက်၏။ အချိန်အတော်အတန် ကြာပြီးသွားသောအခါမှသာ သူသည် ပထမဆုံးအကြိမ်အဖြစ် စကားပြောလိုက်တော့သည်။
” မင်းတို့နှစ်ယောက် ဒီနားလာခဲ့ကြ။ ဒီနံရံဆေးရေးပန်းချီထဲမှာ ဘာတွေမြင်ရလဲဆိုတာ ငါ့ကို ပြောပြ ”
ကျောက်ပင်ဖန်၏ တည်ကြည်မှု အပြည့်ရှိသောစကားသံကြီး ထွက်ပေါ်လာသောအခါ ကျင့်သိုမင်မှာ မျက်နှာအမူအရာ ချက်ချင်းပင် တည်ကြည်သွားပြီး ထိုနံရံဆေးရေးပန်းချီကြီးအား အကဲခတ်ကြည့်ရှုလိုက်၏။ ဝမ်ပေါင်လဲ့မှာလည်း သူ၏ ရင်ထဲမှ ခံစားချက်များကို မေ့ပျောက်ထားလိုက်ပြီး ကျောက်ပင်ဖန်၏ ဘေးနားသို့ လျှောက်လှမ်းသွားကာ ခေါင်းမော့၍ ထိုနံရံဆေးရေးပန်းချီကြီးအား စိုက်ကြည့်လိုက်၏။
သူသည် စောစောကတည်းက ထို နံရံဆေးရေးပန်းချီကြီးအား ဖျတ်ခနဲ လှမ်းကြည့်ထားသည်ဖြစ်ပြီ ယခုတွင်မူ အနီးကပ် သေချာကြည့်ရှုနေရပြီ ဖြစ်သည်။ သူသည် ပျက်စီးယိုယွင်းနေသော ဂြိုဟ်ကြီးနှင့် ထိုဂြိုဟ်ကြီးပေါ်၌ သေဆုံးသွားကြသော သတ္တဝါများ၏ ဝိညာဉ်များ မြစ်တစ်စင်းအဖြစ် စုဝေးကာ အာကာသထဲသို့ ပေါင်းစည်းဝင်ရောက်သွားကြသည်ကို ကြည့်ရင်း ထိုနံရံဆေးရေးပန်းချီကြီးမှာ အနည်းငယ်ခန့် ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ ကျောက်ပင်ဖန်တစ်ယောက် သူ့အားကြည့်ခဲ့သည့် အကြည့်ကို ခေါင်းထဲမှ ထုတ်မရနိုင်လောက်အောင် ဖြစ်နေသောကြောင့် ထိုနံရံဆေးရေးပန်းချီကြီးထဲ၌ မည်သည့်အရာများ ဖြစ်ပျက်နေမှန်း မသိနိုင်လောက်အောင် ဖြစ်နေရတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စကားတစ်ခွန်းမှမပြောဘဲ ထိုနံရံဆေးရေးပန်းချီကြီးအား အသေးစိတ်အကဲခတ်ကြည့်ရှုနေသည့်ပုံစံ ဟန်ဆောင်နေလိုက်၏။
သို့သော် ဝမ်ပေါင်လဲ့မှာ ထိုသို့ကြည့်နေရင်း ရုတ်တရက်ဆိုသလို သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ သူသည် စောစောတုန်းက ခပ်လှမ်းလှမ်း၌သာ ရှိခဲ့သောကြောင့် ရှင်းလင်းပြတ်သားစွာ အာရုံမခံမိခဲ့ပါသော်လည်း ယခုတွင်မူ ထိုနံရံဆေးရေးပန်းချီကြီးအား အနီးကပ်ကြည့်ရှုနေရပြီဖြစ်ရာ ၎င်းဆီမှ အငွေ့အသက်တစ်မျိုး ထွက်ပေါ်နေသည်ကို ရုတ်တရက်ဆိုသလို ခံစားလိုက်ရတော့သည်….
ထိုအငွေ့အသက်မှာ အားပျော့လွန်းနေသောကြောင့် အခြားသူများမှာ ၎င်းအား အာရုံခံနိုင်မည်မဟုတ်ပေ။ သို့သော် အမှောင်ပညာရပ်အား လေ့ကျင့်ထားသည့် ဝမ်ပေါင်လဲ့အတွက်မူ ၎င်းမှာ အလွန်ပင်အင်မတန်မှ ရင်းနှီးနေသလို ခံစားရ၏။ ထို့ကြောင့် သူသည် သူ ခံစားနေရသည့် အရာများကို သိရှိနိုင်ရန် ရှေ့သို့တိုးကာ ၎င်းကို တို့ထိလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာ ထိုနံရံဆေးရေးပန်းချီကြီးအား ထိလိုက်မိသည်နှင့် တစ်ပြိုင်နက် အံ့ဩတုန်လှုပ်သွားရ၏။ ထိုနံရံဆေးရေးပန်းချီကြီးထဲမှ ထွက်ပေါ်နေသည့်အရာမှာ အမှောင်ချီဖြစ်ကြောင်း သူက သေချာသွားတော့သည်။
” မင်လေး။ မင်း အရင် ဖြေကြည့် ” ဝမ်ပေါင်လဲ့တစ်ယောက် အံ့ဩတုန်လှုပ်နေရစဉ်တွင် ကျောက်ပင်ဖန်က တည်ကြည်စွာ ဆိုလိုက်၏။
ထိုအခါ ကျင့်သိုမင်မှာ တစ်အောင့်ခန့် စဉ်းစားတွေတောလိုက်ပြီးနောက် ခပ်ဩဩအသံကြီးဖြင့် ချက်ချင်းပင်ပြန်ဖြေလိုက်၏။
” ဦးလေးကျောက်။ ကျနော်ကတော့ ဒီနံရံဆေးရေးပန်းချီကြီးရဲ့ နောက်ကွယ်မှာ လေးနက်တဲ့ အဓိပ္ပါယ်တစ်ခုရှိတယ်လို့ ထင်တယ်။ ကျနော်က ဗဟုသုတ နည်းပါးပေမဲ့ ဒီ နံရံဆေးရေးပန်းချီကြီးထဲမှာ မျှော်လင့်ချက်ပေးချင်တဲ့ စိတ်ဆန္ဒတွေ ကိန်းအောင်နေတယ်လို့ ပြောရဲတယ်။ ဥပမာပြရမယ်ဆိုရင် ဒီကြယ်စင်စုကြီးရဲ့ သေဆုံးမှုနဲ့ ဝိညာဉ်တွေ ထွက်ပေါ်လာတွေ အားလုံးက အလွန်အကြူးဖြစ်နေတဲ့ ခံစားချက်တွေကို ဖော်ပြထားတာပဲ။ အခြေအနေအတွေ တင်းမာလာတဲ့ အချိန်ကျရင် အုံကြွမှုတွေ ပေါ်လာမယ်လို့ ကျနော်ထင်တယ်။ ဒီလို အလွန်အကြူးဖော်ပြမှုကတော့ မျှော်လင့်ချက်တွေနဲ့ ကျနော် နားမလည်နိုင်သေးတဲ့ အခွင့်အရေးတစ်ခုကို ကိုယ်စားပြုနေကောင်း ပြုနေနိုင်ပါတယ် ”
ကျင့်သိုမင်၏ အဖြေကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားရ၏။ သူသည် ထိုနံရံဆေးရေးပန်းချီကြီးအား အပေါ်ယံမျှသာ ကြည့်နေခြင်းမဟုတ်ဘဲ ၎င်းပေါ်၌ ရေးဆွဲထားသည့်ပုံများ၏ နောက်ကွယ်ရှိ လေးနက်သော အဓိပ္ပါယ်များကို သရုပ်ဖော်နေခြင်းဖြစ်သည်။ တစ်ချိန်ထဲမှာပင် ကျောက်ပင်ဖန်မှာ ထိုအဖြေကို ကြားလိုက်ရသောအခါ အသာအယာ ခေါင်းညိတ်သွားသည်ကို ဝမ်ပေါင်လဲ့က မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် သူတို့နှစ်ယောက်ကို စမ်းသပ်နေခြင်းဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ချက်ချင်းပင် ရိပ်မိသွားတော့သည်။
” ထင်ပေါ်ကျော်ကြားတဲ့ လူတွေအားလုံးက တွေ့သမျှလူတိုင်းကို အကဲဖြတ်စစ်ဆေးရတာ သိပ်ကြိုက်ကြတာပဲလား ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချလိုက်ပြီး မည်ကဲ့သို့ ပြန်ဖြေသင့်ကြောင်း ဆင်ဆာတွေတော့နေစဉ်မှာပင် ကျောက်ပင်ဖန်၏ စကားသံကိုကြားလိုက်ရ၏။
” ဝမ်ပေါင်လဲ့။ မင်းအလှည့် ”
” ကျွတ်…. ” ဝမ်ပေါင်လဲ့မှာ မရွှင်မပျဖြစ်နေရပြီဖြစ်သည်။ ကျောက်ပင်ဖန်၏ သူ့အပေါ် ဆက်ဆံပုံမှာ ကျင့်သိုမင်အပေါ် ဆက်ဆံပုံနှင့် မတူညီဘဲကွဲပြားနေသည်ဟု သူက ခံစားနေရ၏။ သူသည် ကျင့်သိုမင်အား မင်လေးဟုခေါ်ကာ နွေးထွေးမှု အပြည့်ရှိသောလေသံဖြင့် စကားပြောခဲ့ပါသော်လည်း သူနှင့် စကားပြောရာတွင်မူ သူ၏နာမည်ကိုသာ ခေါ်လိုက်သည်မဟုတ်ပါလော။ ထို့ကြောင့် ကျောက်ပင်ဖန်မှာ သူ့အပေါ် မလိုမုန်းထားမှုများရှိနေသည့်ပုံ ပေါက်နေတော့သည်။
သူသည် ထိုမလိုမုန်းထားမှုများ မည်သည့်နေရာမှ ပေါ်ပေါက်လာရသည်ကို မသိထားပါသော်လည်း လက်သင့်ခံနိုင်စွမ်း မရှိသောကြောင့် ဒေါသများထွက်လာပြီး ကျောက်ပင်ဖန် ရှိရာဘက်သို့ လှည့်ကြည့်လိုက်တော့သည်။
” ဆရာကျောက်။ ဒီ နံရံဆေးရေးပန်းချီကြီးကြီးကို လူတွေက အဓိပ္ပါယ်အမျိုးမျိုး ဖော်ကြမှာပါပဲ။ မင်လေးက ဒီနံရံဆေးရေးပန်းချီထဲမှာ မျှော်လင့်ချက်တွေ ကိန်းအောင်နေတယ်လို့ ခံစားရပေမဲ့ ကျနော်ကတော့ ရိုးရာဓလေ့တစ်ခုနဲ့ ပိုပြီးတော့ ဆင်တူတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ အတွေးအမြင်တွေ ဘယ်လိုပဲ ကွဲပြားနေစေပါစေ အကုန်လုံးက ခန့်မှန်းချက်တွေပါပဲ။ ကျနော့်ရဲ့ ဒီနံရံဆေးရေးပန်းချီကြီးကို အဓိပ္ပါယ်ဖော်တဲ့ ပုံကလည်း တူမှာမဟုတ်ပါဘူး ”
” ဒီ နံရံဆေးရေးပန်းချီကြီးက အင်္ဂါဂြိုဟ်ပေါ်က နတ်ဘုရားလက်နက် လှိုဏ်ခေါင်းထဲကနေ ရောက်လာတာပါ ” ဝမ်ပေါင်လဲ့၏ ပထမစကားတစ်ခွန်းကြောင့် ကျောက်ပင်ဖန်၏ အမူအရာမှ ပြောင်းလဲသွားခြင်း မရှိပါသော်လည်း ဒုတိယစကားတစ်ခွန်းကြောင့် ကျောက်ပင်ဖန်မှာ ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့ဘက်သို့ လှည့်ကြည့်မိလိုက်တော့သည်။
ယခုအကြိမ်တွင်မူ သူ၏မျက်ဝန်းများထဲ၌ ဝမ်ပေါင်လဲ့အား အကဲခတ်လို့သည့် အရိပ်အယောင်များ ရှိမနေတော့ဘဲ အထူးတဆန်း ဖြစ်နေသည့် အရိပ်အယောင်များကိုသာ အထင်းသားမြင်နေရတော့သည်။
” မင်းက ဘာလို့ အဲလိုပြောနိုင်ရတာလဲ ”
” ကျနော်အလိုလိုသိနေလို့ပေါ့ ” ဝမ်ပေါင်လဲ့မှာ ခေါင်းမော့ကာ လက်နှစ်ဖက်ကို နောက်ပစ်၍ တည်ကြည်စွာဆိုလိုက်၏။
ထိုအခါ ကျင့်သိုမင်မှာ မျက်တောင်တဖျတ်ဖျတ် ခပ်မိသွားပြီး နောက်သို့ဆုတ်သွား၏။ ဝမ်ပေါင်လဲ့မှာ ကျောက်ပင်ဖန်အား ယခုလိုလေသံဖြင့် ပြောဆိုဆက်ဆံနေမည်ဆိုပါက ရိုက်နှက်ခံရမည်သာဖြစ်ကြောင်း သူက မှတ်ယူထား၏။ ကျောက်ပင်ဖန်၏ အမူအရာမှာမူ သိချင်စိတ်များ ပို၍ပြင်းပြလာသည့်ပုံ ပေါက်သွားပြီး သူသည် ဝမ်ပေါင်လဲ့၏ အဖြေအား ကျေနပ်အားရသွားသောကြောင့် သဘောကျထောက်ခံနေသည့်ပုံ ပေါ်နေတော့သည်။ ထို့ကြောင့် ကျင့်သိုမင်တစ်ယောက် တအံ့တသြ ဖြစ်နေရစဉ်တွင် ကျောက်ပင်ဖန်မှာ ရယ်မောကာ ဆိုလိုက်၏။
” ပြည်ထောင်စုကြီးထဲမှာ မင်းထက်အရင် ဒီနံရံဆေးရေးပန်းချီကြီးကို ကြည့်ခဲ့ဖူးတဲ့ လူတွေအများကြီးရှိတယ်။ ဒါပေမဲ့ မင်းက ဒီနံရံဆေးရေးပန်းချီကြီးရဲ့ နောက်ခံဇာတ်ကြောင်းကိုမသိဘဲနဲ့ သူ့ရဲ့ မူလဇာစ်မြစ်အကြောင်းကို ဖော်ထုတ်နိုင်တဲ့ ပထမဆုံးလူပဲ ဝမ်ပေါင်လဲ့ ”
” မင်းက လှိုဏ်ခေါင်းတွေကို ဖိနှိပ်ချုပ်တည်းခဲ့တဲ့ နတ်ဘုရားလက်နက် မြို့တော်အသစ်ရဲ့ မြို့တော်သခင်ရာထူးနဲ့ ထိုက်တန်ပါပေတယ်။ မင်းက ဒီလှိုဏ်ခေါင်းကြီးရဲ့ အကြောင်းကို သေသေချာချာ နားလည်ထားတာမလို့ အခုလို အလိုလိုသိနေရတာပဲ ”
” မင်းရဲ့အဖြေက မှန်တယ်။ ဒီ နံရံဆေးရေးပန်းချီကြီးက တကယ်ပဲ အင်္ဂါဂြိုဟ်ပေါ်က နတ်ဘုရားလက်နက်လှိုဏ်ခေါင်းထဲကနေ ရောက်လာတာပဲ။ လွန်ခဲ့တဲ့နှစ်တွေ အများကြီးတုန်းက ပြည်ထောင်စုကြီးထဲက အဖွဲ့စည်းတွေ အဲဒီ လှိုဏ်ခေါင်းကြီးထဲကို ပထမဆုံးအကြိမ်အဖြစ် စဝင်ခဲ့တဲ့အချိန်မှာ ရှာတွေခဲ့တဲ့ ပစ္စည်းတွေထဲက တစ်ခုပဲ ”
” ဒီ နံရံဆေးရေးပန်းချီကြီးက တမူထူးခြားတယ်။ အမြဲတမ်း ပြောင်းလဲနေတာ။ ပြီးရင် သူ့ပေါ်ကို ကျနေတဲ့ အလင်းရောင်ပေါ်မူတည်ပြီးတော့ တခြား လျှို့ဝှက်ပုံရိပ်တွေကိုပါ မြင်နိုင်တယ် ” ကျောက်ပင်ဖန်မှာ ထိုသို့ဆိုလိုက်ပြီး သူ၏ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ အခန်းနံပါတ်သုံးထဲရှိ အလင်းရောင်များမှာ ချက်ချင်းပင်ပြောင်းလဲသွား၏။ ဘေးပတ်ပတ်လည်ရှိ ဂူနံရံကြီးများမှာလည်း ပျောက်ကွယ်သွားကြပြီး ၎င်းတို့၏ နေရာ၌ အာကာသကြီး အစားထိုးဝင်ရောက်လာတော့သည်။
ထို့ကြောင့် သူတို့ သုံးယောက်စလုံးမှာ အာကာသထဲသို့ ရောက်ရှိသွားကြသည်ပုံပင်။ သူတို့မှာ ကြီးမားကျယ်ပြောလွန်းလှသော အာကာသကြီးထဲ၌ ရပ်နေကြစဉ်တွင် သူတို့၏ ပတ်ဝန်းကျင်ကြီးနှင့် နံရံဆေးရေးပန်းချီတို့မှာ တစ်သားတည်း ဖြစ်သွားကြ၏။ သို့မဟုတ် သူတို့သုံးယောက်မှာ ထို နံရံဆေးရေးပန်းချီကြီး၏ ကမ္ဘာကြီးထဲသို့ ရောက်ရှိသွားသည်ဟုပင် အတိုင်းအတာတစ်ခုအထိ ဆိုနိုင်ပေသည်။
ထိုချိန်တွင် နံရံဆေးရေးပန်းချီကြီးပေါ်မှ ရုပ်ပုံကြီးမှာလည်း ပြောင်းလဲသွား၏။ ဂြိုဟ်ကြီးမှာ ပျက်စီးနေဆဲဖြစ်ပြီး ဝိညာဉ်ပေါင်းမြောက်မြားစွာမှာ မြစ်တစ်စင်းထဲသို့ စီးဝင်နေကြဆဲ ဖြစ်ပါသော်လည်း ထိုဂြိုဟ်ကြီး၏ အပြင်ဘက်၊ ဝိညာဉ်မြစ်ကြီး၏ အဆုံးရှိ အာကာသကြီးထဲ၌ အနက်ရောင် လှေကလေးတစ်စင်း ပေါ်ပေါက်လာ၏။
ထိုအနက်ရောင် လှေကလေးပေါ်တွင် အနက်ရောင်ဝတ်ရုံတစ်ခု ဆင်မြန်းထားသည့် လူကြီးတစ်ယောက် ရပ်နေ၏။ ထိုလူကြီးမှာ သူ၏လက်ထဲတွင် တမူထူးခြားသော လှော်တက်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး ထိုလှော်တက်ပေါ်တွင် မီးအိမ်တစ်ခုကို ချိတ်ဆွဲထား၏။
လှေတစ်စင်း၊ အနက်ရောင်ဝတ်ရုံနှင့် မီးအိမ်လှော်တက်…
ထိုလှေကလေး သွားနေသည့် လမ်းကြောင်းမှာ အလင်းနှင့်အမှောင်အား ခွဲခြားနိုင်စွမ်း ရှိနေသည့်ပုံပင်။ မီးအိမ်လှော်တက်လေး၏ အလင်းရောင်မှာမူ မီးပြတိုက်တစ်ခု၏ လမ်းညွှန်ပြသပေးမှု တစ်ခုကဲ့သို့ ဖြစ်နေ၏။ ထိုအနက်ရောင်ဝတ်ရုံနှင့်လူကြီး ရှေ့သို့လှော်ခတ်သွားချိန်တွင် သူ၏နောက်ဘက်ရှိ ဝိညာဉ်မြစ်ကြီးထဲမှ ဝိညာဉ်များမှာ ဝေဒနာများ မခံစားရတော့သည့်ပုံပင်။ ၎င်းတို့မှာ အေးဆေးတည်ငြိမ်စွာဖြင့် စီးဆင်းရွေ့လျားနေကြတော့သည်။
” မင်းတို့တွေ အမှောင်ဂိုဏ်းအကြောင်းကိုကြားဖူးလား ” အာကာသကြီးထဲတွင် ကျောက်ပင်ဖန်၏ ကြည်ညိုလေးစားမှု အပြည့်ပါသော စကားသံမှာ တိုးတိုးလေး ပဲ့တင်ထပ်သွား၏။ သူသည် မေးခွန်းမေးလိုက်ခြင်းမဟုတ်ဘဲ တစ်ကိုယ်တည်း ရေရွတ်နေခြင်းသာဖြစ်သည်။
👋👋