Switch Mode

အခန်း (၄၀၉)

မိုးကောင်းကင် လှုံ့ဆော်ခြင်းဟူသော အရာ

” မြို့တော်သခင်ဝမ်က ကောင်းကင်တာအိုကျောင်းရဲ့ ဓမ္မလက်နက်အဆောင်ကနေ ဘွဲ့ရခဲ့တာဆိုတော့ မိုးကောင်းကင်လှုံ့ဆော်ခြင်းကို အာရုံခံနိုင်စွမ်း ရှိနေပြီလား ” အမျိုးသမီး ပုံရိပ်ယောင်မှာ ဝမ်ပေါင်လဲ့အားကြည့်ကာ ရုတ်တရက် မေးလိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပြီး ခဏအကြာတွင် ကျင့်သိုမင်တစ်ယောက် အံ့သြမှင်တက်နေသည်ကို သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် ကြယ်တာရာရင်းမြစ်တောင်ကြီးကို ကြည့်လိုက်ပြီးနောက် ကျင့်သိုမင်မှာ ၎င်း၏ အတွင်းထဲ၌ ရှိနေသော အရာအား အာရုံခံနိုင်စွမ်း မရှိကြောင်း သိလိုက်ရတော့သည်။

အမျိုးသမီး ပုံရိပ်ယောင်၏ စကားကြောင့် ဝမ်ပေါင်လဲ့မှာ ထို ကြယ်တာရာရင်းမြစ်ထဲ၌ မည်သည့်အရာ ရှိနေသည်ကို ချက်ချင်းပင် သဘောပေါက်သွား၏။

” ဓမ္မလက်နက်လား ” ဝမ်ပေါင်လဲ့က တိုးတိုးလေး မေးလိုက်၏။

” ဒီ ကြယ်တာရာရင်းမြစ်ထဲမှာ နဝမအဆင့် ဓမ္မလက်နက်သုံးခုရှိတယ်။ ကြယ်တာရာရင်းမြစ်ကြီးထဲမှာ ပိတ်ထားတာမလို့ အမြုတေအဆင့် ကျင့်ကြံသူတွေတောင်မှ အဲဒီလက်နက်တွေကို အာရုံမခံနိုင်ဘူး။ ဓမ္မလက်နက်တွေကို သန့်စင်နိုင်စွမ်းရှိတဲ့ ဓမ္မလက်နက်ကျင့်ကြံသူတွေနဲ့ မိုးကောင်းကင်လှုံ့ဆော်ခြင်း အစိတ်အပိုင်းတွေကို အာရုံခံနိုင်တဲ့ လူတွေကပဲ ဒီလက်နက်တွေကို အာရုံခံနိုင်စွမ်း ရှိတာ ” အမျိုးသမီး ပုံရိပ်ယောင်မှာ ထိုကဲ့သို့ ရှင်းပြရင်း မျက်တောင်တဖျတ်ဖျတ် ခပ်ကာ ဝမ်ပေါင်လဲ့အား ကြည့်နေ၏။ ဝမ်ပေါင်လဲ့မှာ အသက်ငယ်ငယ်လေးသာ ရှိသေးသည့်တိုင်အောင် မိုးကောင်းကင်လှုံ့ဆော်ခြင်းအား အာရုံခံနိုင်စွမ်းရှိနေသည့် အဆင့်သို့ ရောက်နေခြင်းကြောင့် သူမမှာ အံ့ဩတုန်လှုပ်သွားရ၏။

အခြားတစ်ဖက်တွင်မူ ကျင့်သိုမင်မှာလည်း ပို၍ပင် အံ့အားသင့်နေရပြီး မျက်လုံးများပြူးကာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော အမူအရာဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေ၏။ ဝမ်ပေါင်လဲ့မှာ သူ ဓမ္မလက်နက်တစ်ခု သန့်စင်ရန် ကြိုးစားနေသည့်အကြောင်းကို မည်သူ့ကိုမှ မပြောပြထားသောကြောင့် ထိုအကြောင်းကို သိရှိထားသူမှာ မရှိသလောက် နည်းပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူကိုယ်တိုင်ပင် သတိမထားမိဘဲ ဓမ္မလက်နက်သန့်စင်ခြင်း ပညာရပ်၌ မြင့်မားသော အဆင့်တစ်ခုသို့ ရောက်နေပြီ ဖြစ်သည်။

” ဘာလို့ ဓမ္မလက်နက်တွေကို ကြယ်တာရာရင်းမြစ်ထဲမှာ ထည့်ထားရတာလဲ။ ဝိညာဉ်ဆန့်ကျင်ဗုံးတွေနဲ့များ ပတ်သတ်နေတာလား ” ဝမ်ပေါင်လဲ့မှာ ကျင့်သိုမင်၏ မျက်နှာအမူအရာအား ဂရုမစိုက်ဘဲ သူသိလိုသည်များကို ချက်ချင်းပင် မေးမြန်းလိုက်၏။

သူသည် ဤ လေ့လာရေးစက်ရုံထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် ကြယ်တာရာရင်းမြစ်အား ‌တွေ့မြင်လိုက်ရပြီး ၎င်း၏အတွင်းထဲ၌ ဓမ္မလက်နက်များ ရှိနေသည်ကို သိလိုက်ရချိန်တွင် သူ ရှင်းရှင်းလင်းလင်း နားလည်ထားခြင်းမရှိသော မိုးကောင်းကင်လှုံ့ဆော်ခြင်းဆိုသည့် အရာနှင့်ပတ်သတ်သည့် အကြောင်းအရာများကို ဤစက်ရုံထဲ၌ ပို၍ သိရှိနားလည်သွားနိုင်ခြေရှိကြောင်း ရုတ်တရက်ဆိုသလို သဘောပေါက်သွား၏။

အကယ်၍ အခြားတစ်ယောက်ယောက်သာ ထိုမေးခွန်းအား မေးခဲ့သည်ဆိုပါက ထိုအမျိုးသမီး ပုံရိပ်ယောင်မှာ ပြန်‌မဖြေလောက်ပေ။ ဝမ်ပေါင်လဲ့နှင့် ကျင့်သိုမင်တို့မှာ ဝင်ခွင့်ရရှိထားသည့် လူများ ဖြစ်သည့်တိုင်အောင် သူမသည် ထိုမေးခွန်းအား ပြန်ဖြေမည် မဟုတ်ချေ။ သို့သော် သူမမှာ အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်ချိန်တွင် သူသည် အခက်အခဲတစ်ခုနှင့် ကြုံနေရသဖြင့် အဆင့်မတက်နိုင်ဘဲ ဖြစ်နေရသည်ကို ရိပ်မိသွားသည့်ပုံပင်။ ထို့ကြောင့် သူမမှာ သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်ကာ ဆိုလိုက်တော့သည်။

” ဝိညာဉ်ဆန့်ကျင်ဗုံးနဲ့ ဓမ္မလက်နက်ကြားက ဆက်နွယ်မှုကို မပြောပြခင် အဲဒီ ဓမ္မလက်နက်က ဘာလဲဆိုတာ အရင်ဆုံးသိထားဖို့လိုတယ် ” အမျိုးသမီး ပုံရိပ်ယောင်မှာ ထိုသို့ဆိုလိုက်ပြီး သူမ၏ ညာဘက်လက်ကိုမြှောက်ကာ ညွှန်ပြလိုက်၏။ ထိုအခါ အနက်ရောင် ကြယ်တာရာရင်းမြစ် တောင်ကြီးမှာ ချက်ချင်းပင် မှုန်ဝါးဝါးဖြစ်သွားပြီး တဖြည်းဖြည်းနှင့် အကြည်ရောင်အဖြစ်သို့ ပြောင်းလဲသွားသောကြောင့် ၎င်း၏ အတွင်းထဲ၌ ရှိနေသော နဝမအဆင့် ဓမ္မလက်နက်ကိုးခုကို မြင်လိုက်ရတော့သည်။

” ဒါတွေက ဓမ္မလက်နက်တွေပဲ ” ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် လှမ်းကြည့်လိုက်၏။ ၎င်းတို့အား‌ ‌ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် သူ၏ သူငယ်အိမ်များမှာ ကျဉ်းမြောင်းသွားရတော့သည်။ နဝမအဆင့် ဓမ္မလက်နက်တစ်ခုကို မြင်ဖူးထားသော ကျင့်သိုမင်ပင်လျှင် သူ၏ရှေ့၌ မြင်နေရသော အရာများကြောင့် အံ့ဩတုန်လှုပ်သွားရတော့သည်။

ယခုတွင် ထို အကြည်ရောင် ကြယ်တာရာရင်းမြစ်ထဲ၌ တမူထူးခြားသော ဓမ္မလက်နက်များ ရှိနေပြီဖြစ်သည်။ ထိုသုံးခုမှာ လက်မောင်းတစ်ဖက် အရွယ်အစားခန့်ရှိသော အနက်ရောင်နဂါးတစ်ကောင်၊ ရွှေရောင်မီးတောက်များ ဖုံးလွှမ်းနေပြီး ရွှေရောင်အလင်းရောင်များ ထုတ်လွှတ်နေသည့် မီးငှက်တစ်ကောင်နှင့် မိုးကြိုးသွားတစ်ခုကို လက်ထဲ၌ ကိုင်ထားသော ကျောက်တုံးလူသားကြီး တစ်ယောက်တို့ပင် ဖြစ်သည်။

အနက်ရောင် နဂါးကြီးဖြစ်စေ၊ မီးငှက်ကြီးဖြစ်စေ၊ ၎င်းတို့ဆီမှ ဖိနှိပ်စွမ်းအားတစ်ခု ထွက်ပေါ်နေ၏။ ထို့အပြင် မိုးကြိုးသွားတစ်ခု ကိုင်ဆောင်ထားသော ကျောက်တုံးလူသားကြီးကဲ့သို့ပင် ၎င်းတို့၏ ခန္ဓာကိုယ်များထဲမှ အံ့ဩမှင်တက်ဖွယ် အငွေ့အသက်တစ်မျိုးလည်း ထွက်ပေါ်နေသေးသည်။ ၎င်းမှာ ကြယ်တာရာရင်းမြစ်၏ တားဆီးပိတ်ဆို့ခြင်းကို ခံထားရပါသော်လည်း နတ်ဘုရားများ နိုးထလာသကဲ့သို့ အရပ်မျက်နှာအနှံ့သို့ တုန်ခါမှုလှိုင်းများ ပျံ့နှံ့သွားဆဲပင်။

” ဒါတွေအကုန်လုံးက အဆောင်ဝိညာဉ်တွေလား။ မဖြစ်နိုင်တာ။ သူတို့က အဆောင်ဝိညာဉ်တွေ မဟုတ်ဘူး ” ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာ၏။ ထို့နောက် သူသည် ဓမ္မလက်နက်များနှင့် ပတ်သတ်၍ သူလေ့လာခဲ့သမျှ အရာအားလုံးမှာ တစ်ခုခု မှားယွင်းနေခဲ့သည်ဟု ရုတ်တရက် ခံစားလိုက်ရတော့သည်။

တာအိုကျောင်းလေးကျောင်း၏ သင်ကြားမှုများအရဆိုလျှင် ဓမ္မလက်နက်မှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို ပေါင်းစည်းပေးပြီး အဆောင်ဝိညာဉ်တစ်ခုအား ၎င်းထဲ၌ ထည့်သွင်းပြီးနောက် ဖြစ်ပေါ်လာသည့် ထိပ်သီးအဆင့် ဓမ္မရတနာတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့်လည်း ၎င်းအား ” ဓမ္မလက်နက် ” ဟု ခေါ်တွင်ကြခြင်း ဖြစ်သည်

ဓမ္မလက်နက်ဆိုသောအရာမှာ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီး၏ အကျိုးအပဲ့ အပိုင်းအစများပေါ်၌ မှတ်တမ်းတင်ထားသော သန့်စင်ခြင်းပညာရပ်များမှတစ်ဆင့် အခြေပြု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ရတနာများ သန့်စင်သည့် မျိုးနွယ်စုများ ပေါ်ထွန်းလာခဲ့ပြီးနောက် ရတနာသန့်စင်ခြင်းပညာရပ်နှင့် ဆက်နွယ်နေသည့် အကျိုးအပဲ့ အပိုင်းအစများကို ထပ်မံရှာဖွေတွေ့ရှိခဲ့ကြသဖြင့် ထိုအဖွဲ့အစည်း တစ်ခုချင်းစီမှ ဓမ္မလက်နက် ကျင့်ကြံသူများ ပေါ်ထွက်လာခဲ့ကြ၏။ တစ်ချိန်ထဲမှာပင် ရှေးဟောင်းအစိမ်းရောင်ကြေးဓားကြီး၏ အကျိုးအပဲ့ အပိုင်းအစများပေါ်၌ မှတ်တမ်းတင်ထားသည့် အမည်ပေးစနစ်ကို ဆက်လက် အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။

” ပြည်ထောင်စုကြီးက သင်ပေးနေတဲ့ ဓမ္မလက်နက်နဲ့ ပတ်သတ်တဲ့ ပညာရပ်တွေကို မှားတယ်လို့ ပြောလို့မရပါဘူး။ ဒါပေမဲ့ အဓိကကျတဲ့ အခြေခံသဘောတရားတစ်ခု မပါဘူးဖြစ်နေတာ။ ပြည်ထောင်စုကြီးကလည်း မသိတာတော့ မဟုတ်ဘူး။ သူတို့က ဒီပညာရပ်တွေကို မစဉ်းစားမဆင်ခြင်ဘဲ မဖြန့်ဝေနိုင်အောင်လို့ စည်းမျဉ်း‌တွေ ထုတ်ထားတာ။ သတ္တမအဆင့်နဲ့ အဋ္ဌမအဆင့် ဓမ္မလက်နက်တွေကို သန့်စင်ချင်ရင်က အဲဒီ အခြေခံသဘောတရားကို မသိထားလည်း ကိစ္စမရှိဘူး။ နဝမအဆင့် ဓမ္မလက်နက်တစ်ခုခုကို သန့်စင်ချင်တဲ့ အချိန်မှပဲ အဲဒီ သဘောတရားကို နားလည်ထား‌ဖို့ လိုတာ ” အမျိုးသမီး ပုံရိပ်ယောင်မှာ အေးစက်စက် ဖြစ်နေသည်ဟု ထင်ရသော လေသံဖြင့် ရှင်းပြလိုက်၏။ သို့သော် သူမသည် ထိုကဲ့သို့ တမင်တကာ လုပ်ပြောနေခြင်း မဟုတ်ဘဲ အလိုလို ပြောမိသွားသည့်ပုံပင်။

” လူကြီးမင်း အခု မြင်နေရတာက အဆောင်ဝိညာဉ် မဟုတ်ဘူး။ နဝမအဆင့် ဓမ္မလက်နက်တစ်ခုရဲ့ အမြုတေတစ်ခုပဲ။ တကယ့်လက်တွေ့မှာ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စွမ်းအားဆိုတဲ့ အရာက အရာဝတ္ထုပစ္စည်း တစ်ခုချင်းစီတိုင်းရဲ့ စိတ်ဆန္ဒတွေ ပေါင်းစည်းရာကနေ ဖြစ်တည်လာတာ။ အဲဒီ အရာတွေထဲမှာ ‌ရှေးခေတ်ကတည်းက ရှိနေခဲ့တဲ့ ဒဏ္ဍာရီလာ သတ္တဝါ‌တွေ အကုန်လုံးလည်း ပါတယ်။ သူတို့တွေက သေဆုံးသွားပြီးတဲ့နောက်ပိုင်းမှာ ပျောက်ကွယ်သွားကြတာ မဟုတ်ဘဲ မိုးကောင်ကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စိတ်ဆန္ဒထဲကို ပေါင်းစည်းဝင်ရောက်သွားကြတာ ”

” ဒါပေမဲ့ သူတို့ရဲ့ စိတ်ဆန္ဒတွေက ရှေးဦးဝိညာဉ်ခေတ် မရောက်ခင်ကတည်းက ရှိနေခဲ့တာဆိုပေမဲ့ အရင်တုန်းက အဲဒီစိတ်ဆန္ဒတွေကို အာရုံခံနိုင်စွမ်းလည်း မရှိခဲ့သလို အသုံးပြုနိုင်စွမ်းလည်း မရှိခဲ့ဘူး။ ရှေးဦးဝိညာဉ်‌ခေတ်ကို ရောက်လာပြီး ကျင့်ကြံခြင်း လူနေမှုအဖွဲ့အစည်း တိုးတက်လာတဲ့ အချိန်ရောက်မှ အဲဒီ စိတ်ဆန္ဒတွေကို အာရုံခံနိုင်စွမ်း ရှိလာပြီးတော့ အသုံးပြုခွင့် ရလာခဲ့တာပဲ ”

” ဓမ္မလက်နက် သန့်စင်ခြင်းပညာရပ်ထဲက မိုးကောင်းကင်လှုံ့ဆော်ခြင်းဆိုတဲ့ ပညာရပ်က တကယ်တမ်းတော့ မိုးကောင်ကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ကြားမှာရှိတဲ့ ဒဏ္ဍာရီလာ သတ္တဝါကြီးတွေရဲ့ စိတ်ဆန္ဒတွေကို အာရုံခံပြီးတော့ အဲဒီ စိတ်ဆန္ဒ‌တွေကို ဓမ္မလက်နက်ထဲ ထည့်သွင်းပြီး ပုံစံပြောင်းရတာပဲ။ အဲဒီ သတ္တဝါကြီးတွေက သူတို့ရဲ့ စိတ်ဆန္ဒတွေအတွက် အဆောင်ဝိညာဉ်ကို ကြားခံနယ်တစ်ခုလို အသုံးပြုကြတာမလို့ သူတို့တွေက အတိုင်းအတာတစ်ခုအထိ ပြန်လည်မွေးဖွားလာကြပြီး ဆက်လက်ရှင်သန်နေတယ်လို့ သတ်မှတ်လို့ရတာပေါ့ ”

” ဒါက ဓမ္မလက်နက်တစ်ခုရဲ့ အမြုတေတစ်ခုပေါ့ ” ကျင့်သိုမင်မှာ အမျိုးသမီး ပုံရိပ်ယောင်၏ ပြောစကားများကြောင့် ဇဝေဇဝါ ဖြစ်နေရပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ သူမ၏ စကားများကြောင့် ဦးခေါင်းတည့်တည့် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ အသိစိတ်များ ယောက်ယက်ခတ်သွားရတော့သည်။ သူ၏ အသက်ရှူသံများပင်လျှင် တစ်ခဏမျှ ရပ်တန့်သွားရ၏။

သူသည် မျက်လုံးများ ပို၍ပြူးကျယ်လာရပြီး မိုးကောင်ကင်လှုံ့ဆော်ခြင်းအား လေ့လာစမ်းသပ်ခဲ့သည့် အချိန်တုန်းက ကြုံတွေ့ခဲ့ရသည့် ခံစားချက်များမှာ ယခုတွင် သူ၏အသိစိတ်ထဲ၌ ပြန်ပေါ်လာတော့သည်။ ထိုစဉ်အခါတုန်းက သူ၏ ကျရှုံးမှုများအတွက် အဖြေတစ်ခု ပေါ်ပေါက်လာသည့် ပုံပင်။ နောက်ဆုံးတွင် သူ ကြုံတွေ့ခဲ့ရသည့် ခံစားချက်များအားလုံးအတွက် သဲလွန်စတစ်ခု ထွက်ပေါ်လာပြီ ဖြစါသည်။

” လတ်စသတ်တော့ ဒီလိုကိုး ” ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်များနှင့် ပတ်သတ်၍ မရှင်းမလင်းဖြစ်နေခဲ့ရသည့် ခံစားချက်များ ပျောက်ကွယ်သွားသဖြင့် ရှေ့ဆက်လျှောက်ရမည့် လမ်းကို ခပ်ရေးရေးခန့် လှမ်းမြင်နိုင်စွမ်း ရှိသွားပြီ ဖြစ်သည်။ ဤ လေ့လာရေးစက်ရုံသို့ အလည်အပတ်ခရီးမှာ ယခုချက်ချင်း ပြီးဆုံးသွားလျှင်တောင် သူ့အတွက် အကျိုးကျေးဇူးများစွာ ကျန်ရစ်ခဲ့ပြီဟု ဆိုနိုင်ပေသည်။

ဝမ်ပေါင်လဲ့ နားလည်သွားပြီဖြစ်ကြောင်း သိလိုက်သောအခါမှ အမျိုးသမီး ပုံရိပ်ယောင်မှာ အေးစက်စက်လေသံကြီးဖြင့် ထပ်၍ ပြောလိုက်ပြန်သည်။

” ကမ္ဘာဦးအစကတည်းက အသက်ရှင်သန် နေထိုင်ခဲ့တဲ့ ဒဏ္ဍာရီလာ သတ္တဝါတွေ အများကြီးရှိတယ်။ ပြီးတော့ သူတို့ရဲ့ အစွမ်းတွေက တစ်ခုနဲ့တစ်ခု မတူကြဘူး။ အဲ့တာမလို့ သတ္တမအဆင့် ဓမ္မလက်နက်တစ်ခုကို သန့်စင်နိုင်ဖို့က တော်တော်လေး လွယ်တယ်လို့ ပြောလို့ရတယ်။ ကံကောင်းရင် အဋ္ဌမအဆင့် ဓမ္မလက်နက်တစ်ခုကိုပါ သန့်စင်ရင် သန့်စင်နိုင်တယ်။ ဒါပေမဲ့ ရှေးခေတ်ကတည်းကနေ အခုအထိ နဝမအဆင့် ဓမ္မလက်နက်တစ်ခုကို ဖန်တီးပေးနိုင်တဲ့ စိတ်ဆန္ဒတွေဆိုတာ မရှိသလောက်ကို ရှားတာ ”

” ပြီးတော့ အသုံးပြုဖို့လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း‌တွေနဲ့ အဆောင်ဝိညာဉ်တွေကလည်း အရမ်းများတာ။ အဲဒီ အချက်တွေကြောင့် လက်ရှိမှာ သာမန်ပြည်သူတွေ အပါအဝင် ပြည်ထောင်စုကြီးထဲက အဖွဲ့အစည်းတွေ အားလုံးပေါင်းဆီမှာ ရှိတဲ့ နဝမအဆင့် ဓမ္မလက်နက်အရေအတွက်က အခုသုံးဆယ်တောင် မပြည့်ဘူး ”

” ဓမ္မလက်နက်နဲ့ ဝိညာဉ်ဆန့်ကျင်ဗုံးရဲ့ကြားက ဆက်နွယ်မှုနဲ့ ပတ်သတ်လို့က…. ဝိညာဉ်ဆန့်ကျင်ဗုံးတစ်လုံးရဲ့ စွမ်းအားကို နဝမအဆင့် ဓမ္မလက်နက်တစ်ခု ပေါက်ကွဲပြီးတဲ့အချိန် ထွက်ပေါ်လာတဲ့ ပြင်းအားနဲ့ အတိုင်းအတာတစ်ခုအထိ ယှဉ်လို့ရတယ်လို့ရတယ်…. ”

” ဒီအပိုင်းမှာကျ ဓမ္မလက်နက်သန့်စင်ခြင်းပညာရပ်ရဲ့ အခြေခံသဘောတရားဖြစ်တဲ့ နတ်ဘုရားတွေရဲ့ စိတ်ဆန္ဒတွေကို သယ်ဆောင်ရတဲ့ နည်းလမ်း ပါလာပြီ။ ဒါပေမဲ့ အဲ့တစ်ခုတည်းနဲ့လည်း ပြီးမသွားသေးဘူး။ ဝိညာဉ်ချုပ်တည်းခြင်းနဲ့ ဆန့်ကျင်ရုပ်ဒြပ်တွေရဲ့ ရိုက်ခတ်မှုတွေလည်း ပါနေသေးတယ် ” အမျိုးသမီး ပုံရိပ်ယောင်မှာ ထိုသို့ဆိုလိုက်ပြီးနောက် စကားဆက်မပြောတော့ပေ။ အမှန်တွင် သူမ ယခုလို ထိပ်တန်းအဆင့် လျှို့ဝှက်ချက်များအား ထုတ်ပြောခဲ့သည့် အကြောင်းအရင်းမှာ ထိုသို့ထုတ်ပြောခွင့်ရှိကြောင်း သူမအား အသိပေးလိုက်သည့် အကြောင်းကြားစာတစ်ခုကို ရရှိခဲ့သောကြောင့် ဖြစ်သည်။

ထို အချက်အလက် တစ်ခုတည်းနဲ့တင် ဝမ်ပေါင်လဲ့မှာ အကျိုးကျေးဇူးများစွာ ရရှိသွားခဲ့၏။ သူသည် ဆန့်ကျင်ရုပ်ဒြပ်များနှင့် ရိုက်ခတ်မှုအကြောင်းကို ကြားလိုက်ရသောအခါ မည်သည့်အကြောင်းကြောင့်မှန်းမသိ သူ၏အသိစိတ်ထဲ၌ ပထမဆုံးပေါ်လာသည့် အတွေးမှာ ဝိညာဉ်ချီနှင့် အမှောင်ချီဟုခေါ်သော အနုတ်ဝိညာဉ်ချီများ အတူတကွ ရိုက်ခတ်နေကြခြင်းပင် ဖြစ်သည်။ ထိုရိုက်ခတ်မှုမှလည်း အံ့သြမှင်တက်ဖွယ်ရာ ပြင်းအားတစ်မျိုးကို ထုတ်လွှတ်ပေးနိုင်မည်လားဟု သူက သိချင်နေတော့သည်။

သို့သော် သူ ယခုလက်ရှိရောက်နေသည့်နေရာတွင် ထိုအရာကို စမ်းသပ်ကြည့်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် ထိုအတွေးအား မှတ်ဉာဏ်ထဲ၌ သိမ်းဆည်းထားလိုက်ပြီး အမျိုးသမီး ပုံရိပ်ယောင် ထွက်ခွာသွားသောအခါ သူသည်လည်း နောက်မှလိုက်သွားရင်း ကြယ်တာရာရင်းမြစ် တောင်ကြီးအား ရံခါဖန်ခါဆိုသလို လှည့်၍ ကြည့်နေမိတော့သည်။ သူသည် မည်သည့်အချိန်၌ သူ၏ကိုယ်ပိုင် ကြယ်တာရာရင်းမြစ်တစ်ခုကို ပိုင်ဆိုင်နိုင်ရပါမည်နည်းဟု တွေးတောနေ၏။ ၎င်းမှာ သူ့အတွက် နဝမအဆင့်ဓမ္မလက်နက်တစ်ခုအား သန့်စင်ရန်လိုအပ်သည့် အဓိကသော့ချက်တစ်ခု ဖြစ်နေနိုင်ကြောင်း သူက ခန့်မှန်းလိုက်၏။

ကျင့်သိုမင်မှာ ထိုကိစ္စအကြောင်းကို ရေရေရာရာ နားမလည်ပါသော်လည်း ဝမ်ပေါင်လဲ့၏ အမူအရာများနှင့် သူ အတွေးထဲ၌ နစ်မျောနေခဲ့သည်ကို မြင်ခဲ့ရ၏။ ထို့နောက် သူသည် ဤခရီးစဉ်မှာ ဝမ်ပေါင်လဲ့အတွက် အကျိုးကျေးဇူးများစွာ ရှိနေလောက်ပြီဖြစ်ကြောင်း ရိပ်မိသွား၏။ ထို့ကြောင့် သူသည် စဉ်းစားတွေးတောလိုက်ပြီးနောက် အနာဂတ်တွင် ဝမ်ပေါင်လဲ့ဘက်မှ ပို၍ရပ်တည်ရန် လိုအပ်သည်ဟု ဆုံးဖြတ်လိုက်တော့သည်။

ထိုသို့ဖြင့် အတွေးကိုယ်စီနှင့် ထိုနှစ်ယောက်မှာ အမျိုးသမီး ပုံရိပ်ယောင်၏ နောက်မှ လိုက်သွားကြပြီး အခန်းနံပါတ်နှစ်ထဲမှ ထွက်ခွာလာကြတော့သည်။ သူတို့မှာ စင်္ကြံလမ်းအတိုင်း ဆက်လက်လျှောက်လှမ်းသွားပြီး သူတို့ခရီးစဉ်၏ နောက်ဆုံးပန်းတိုင်ဖြစ်သော ကျောက်ပင်ဖန်ရှိနေသည့် အခန်းနံပါတ်သုံးထဲသို့ ဝင်သွားလိုက်ကြတော့သည်။

လေ့လာရေးစက်ရုံထဲတွင် အခန်းမြောက်မြားစွာ ရှိနေသည့်တိုင်အောင် တစ်ချက်မျှကြည့်လိုက်ရုံနှင့် ဝမ်ပေါင်လဲ့နှင့် ကျင့်သိုမင်တို့မှာ ၎င်းတို့ထဲမှ အနည်းဆုံး အခန်းဆယ်ခန်းကျော်အား ဝင်ရောက်ကြည့်ရှုခွင့်ရမည် မဟုတ်ကြောင်း သိရှိနိုင်ပေသည်။ ကျောက်ပင်ဖန်ရှိနေသည့် အခန်းနှင့် ယှဉ်ကြည့်လိုက်မည်ဆိုပါက သူတို့နှစ်ယောက်မှာ အများဆုံး အခန်းသုံးခန်းအထိသာ ဝင်ရောက်ကြည့်ရှုခွင့် ရမည်ဖြစ်ကြောင်း သိနိုင်ပေသည်။

အခန်းနံပါတ်သုံးမှာ အရှေ့မှ အခန်းနှစ်ခန်းနှင့် မတူပေ။ သူတို့မှာ ထိုအခန်းထဲသို့ ရောက်သွားသည်နှင့် ပစ္စည်းကိရိယာများ၊ ကြယ်တာရာရင်းမြစ်တောင်များနှင့် ဝန်ထမ်းများ ရှိမနေသော စမ်းသပ်ခန်းကြီးတစ်ခန်းမှာ ဝမ်ပေါင်လဲ့၏ရှေ့၌ ပေါ်လာတော့သည်။ ၎င်းမှာ စမ်းသပ်ခန်းတစ်ခုနှင့်ပင် မတူဘဲ သာမန်ဂူတစ်လုံးနှင့်သာ ပို၍ ဆင်တူနေသည်ဟု ဆိုနိုင်ပေသည်။

သို့သော် ဂူနံရံများပေါ်တွင် အာကာသကြီး၏ နံရံဆေးရေးပန်းချီတစ်ခုကို ရေးဆွဲထား၏။ ထိုဆေးရေးပန်းချီထဲတွင် ညကောင်းကင်ယံကြီးထဲ၌ ကြယ်ပေါင်းမြောက်မြားစွာ ရှိနေကြပြီး ၎င်းတို့၏ကြားတွင် မီးခိုးရောင် ဂြိုဟ်တစ်လုံး ရှိနေ၏။ ထိုဂြိုဟ်ကြီးမှာ သက်တမ်းကုန်တော့မည့်ပုံ ပေါက်နေပြီး လက်ရှိတွင် တစ်စစီ ပြိုကွဲစ ပြုနေပြီဖြစ်သည်။ ထို ပျက်စီးယိုယွင်းနေသော ဂြိုဟ်ကြီးထဲမှ ဝေဒနာပြင်းထန်စွာ ခံစားနေရသည့်ပုံ ပေါက်နေသော ဝိညာဉ်ပေါင်း မြောက်မြားစွာ ထိုးထွက်လာကြပြီး စမ်းချောင်းလေးတစ်ခုထဲ၌ စုဝေးနေကြ၏။

ဝမ်ပေါင်လဲ့မှာ ၎င်းတို့ကို အာရုံမစိုက်နိုင်ပေ။ သူ ထိုအခန်းထဲသို့ ရောက်သွားသည်နှင့်တပြိုင်နက် သူနှင့် ကျင့်သိုမင်တို့ နှစ်ယောက်စလုံးမှာ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ သူတို့အား ကျောပေးထားသည့် သက်လတ်ပိုင်းလူကြီးအား စိုက်ကြည့်မိလိုက်ကြ၏။ ထိုလူကြီးမှာမူ ထိုနံရံဆေးရေးပန်းချီနှင့် ဝိညာဉ်စီးကြောင်းကြီးကို စိုက်ကြည့်နေခြင်းဖြစ်သည်။

ပညာရှင်တစ်ယောက်နှင့်တူပြီး ငွေရောင် မြစ်တစ်စင်းနှင့် ဆင်တူသည့် ဆံပင်များ တစ်ခေါင်းလုံးပေါက်နေသည့် အပြာရောင်အင်္ကျီနှင့် လူကြီးတစ်ယောက်မှာ ‌တောင်ကြီးတစ်လုံးကဲ့သို့ မားမားမတ်မတ် ရပ်တည်နေ၏။ သူသည် နောက်သို့လှည့်မလာသည့်တိုင်အောင် သူ၏ ခန္ဓာကိုယ်ထဲမှ ဖိနှိပ်အားတစ်မျိုး ထွက်ပေါ်နေပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေ၏။

သူသည် ဝိညာဉ်လေ့လာရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး အင်္ဂါဂြိုဟ်ဘုရင်ခံ၏ တာအိုလက်တွဲဖော်ဖြစ်သော ကျောက်ပင်ဖန် ဖြစ်ပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset