အသက် လေးဆယ်ကျော်ခန့် ရှိပြီဖြစ်သည့် အိမ်ရှေ့စံမင်းသားသည် သူ၏ အချစ်ရဆုံးသော သားငယ် ကျောက်ရှန့်ကို တစ်ချက်ကြည့်လိုက်လေသည်။
“အဲဒီဆေးစာက ကဗျာတစ်ပုဒ် ရေးထားတာပါကွယ်”
သူက သားဖြစ်သူ မေးသည့်မေးခွန်းကို ဖြေလိုက်သည်။ ကျောက်ရှန့်မှာ ထိုစကားကြောင့် အံ့သြသွားရသည်။ ဆန်းလျန်ပေးလိုက်သည့် ဆေးစာမှာ ကဗျာတစ်ပုဒ်တဲ့လား။ သို့သော် … သူ့ဖခင်၏ အကြည့်နှင့် လေသံက တစ်ခုခု ထူးခြားနေလေသည်။
သူက ထပ်မံစကားပြောဖို့ ကြိုးစားလိုက်သော်လည်း ဖခင်ဖြစ်သူက မျက်စိမှိတ်ကာ အနားယူနေပြီ ဖြစ်သည့်အတွက် ထိုအကြောင်းကို စကားပြောခွင့် မရတော့ချေ။
သူ၏ ဖခင်မှာ ဆေးညွှန်းစာရွက်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည့်အတွက် လက်မှ သွေးကြောများပင် ထောင်နေလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ဖခင် မည်မျှ စိတ်အနှောင့်အယှက် ဖြစ်နေသည်ကို သိနိုင်လေသည်။
***
ဘုရင့်နန်းတော်ကို တာ့မင် နန်းတော်ဟုလည်း ခေါ်ကြလေသည်။ ဘုရင်မကြီး နန်းတက်ပြီး နောက်ပိုင်းတွင်မှ အမည် ပြောင်းလဲလိုက်ခြင်း ဖြစ်လေသည်။ အမည် ပြောင်းရခြင်း အကြောင်းရင်းမှာ နေရောင်နှင့် လရောင်အောက်တွင် အရာအားလုံးကို လင်းလက်တောက်ပစွာ မြင်တွေ့စေလိုသည့် အဓိပ္ပာယ်ပင် ဖြစ်လေသည်။ ဆိုလိုသည်မှာ ဘုရင်မကြီး၏ ဘုန်းတန်ခိုး အာဏာအောက်တွင် တောင်တန်းနှင့် မြစ်ချောင်းအင်းအိုင်များပင် ဦးညွှတ်ရမည် ဆိုသည့် အဓိပ္ပာယ်ပင်။
ထိုသို့ အမည်ပြောင်းခြင်းမှာ လှည့်စားခြင်း သက်သက်မျှသာ မဟုတ်ပေ။ ဘုရင်မကြီးမှာ ယခင့်ယခင် ဘုရင်များထက်ပင် အတွေးအခေါ် ကျယ်ပြန့်သူ ဖြစ်လေသည်။ သို့သော် အတွေးအခေါ် ကျယ်ပြန့်ခြင်း ဆိုသည်က သည်းခံစိတ် ရှိခြင်းနှင့်တော့ လားလားမျှ မဆိုင်ပါ။
ဘုရင်မကြီးမှာ သူမ၏ ရန်သူများအပေါ်တွင် အကြင်နာတရား ကင်းမဲ့စွာ ရက်စက်တတ်ပြီး ဆောင်းကြမ်းကြီးကဲ့သို့ အေးစက်လေသည်။ သို့သော်… သူမကို ထောက်ခံသည့်သူများ အပေါ်တွင်တော့ နွေးထွေးသည့် အကြင်နာ တရားများကို ပြသလေ့ ရှိလေသည်။
ဘုရင်မကြီးမှာ စွေ့လျန်ခန်းမဆောင်တွင် ရောက်ရှိနေလေသည်။ ထိုခန်းမဆောင်မှာ မြို့တော်ကို ရှုမြင်နိုင်သည့် အကောင်းဆုံးနေရာ ဖြစ်လေသည်။ ထိုနေရာမှ ကြာပန်းများကိုလည်း ကြည့်ရှု နိုင်သောကြောင့် စိတ်နှလုံးကို သာယာကြည်နူး စေလေသည်။
ဘုရင်မကြီးမှာ အသက်ခြောက်ဆယ် ရှိပြီဖြစ်လေသည်။ သို့သော် သူမကို ကြည့်ရသည်မှာ အသက် သုံးဆယ်ခန့်မျှသာ ထင်ရလေသည်။ သူမသည် သားတော်ဖြစ်သူ အိမ်ရှေ့စံ မင်းသားဖြစ်သူ “ကျောက်ရွှမ်” ထက်ပင် ငယ်ရွယ်သည်ဟု ထင်ရလေသည်။
သားတော်ငါးပါးနှင့် သမီးတော်နှစ်ပါးကို မွေးဖွားထားသည့် မယ်တော်ကြီးဟု ပြောလျှင် မည်သူမျှ ယုံကြမည် မဟုတ်ပေ။ လေပြေလေးက တိုက်ခတ်လာလေသည်။ ကြာကန်ထဲတွင် ရောင်ပြန် ဟပ်နေသည့် လရောင်ကို ခန်းမဆောင်ထက်မှ လှမ်းမြင် ခံစားနိုင်လေသည်။
ဘုရင်မတစ်ပါး အနေဖြင့် ရာနှင့် ထောင်နှင့်ချီသည့် တောတောင်ရေမြေ၊ မြစ်ချောင်း အင်းအိုင်များကို သူမပိုင်းစိုးနိုင်လေသည်။ သို့သော် ထိုပိုင်ဆိုင်မှုများမှာ ကမ္ဘာလောကကြီး တစ်ခုလုံးနှင့် ယှဉ်လျှင် လွန်စွာမှ နည်းပါးနေလေသည်။
ထို့ကြောင့်ပင် သူမက ကမ္ဘာတစ်ခွင် နယ်မြေများ ချဲ့ထွင်နိုင်ရန် စီစဉ်နေခဲ့လေသည်။
သူမက ခန်းမဆောင်ထက်တွင် မတ်မတ် ရပ်နေလေသည်။ လရိပ်က သူမမျက်ဝန်းဆီတွင် ထင်ဟပ်နေလေသည်။
ထိုစဉ် …
ခန်းမဆောင်ထက်ဆီမှ အသံတစ်သံ ကြားလိုက်ရလေသည်။
“ဆရာတော်ကူဟွေ့ ဒီနေ့ ကျွန်မ စိတ်ဝင်စားစရာကောင်းတဲ့ ကဗျာတစ်ပုဒ် ရလာတယ်။ အဲဒါ ဆရာတော်ကို လျှောက်ထားလိုတယ်”
ဘုရင်မ၏ စကားသံ ဖြစ်လေသည်။
ဘုရင်မကြီးသည် သူမ၏ နဂါးဝတ်ရုံကို ဝတ်ဆင်ထားခြင်း မရှိပါ။ သာမန်မျှသာ ဝတ်ဆင် ထားလေသည်။ သူ၏ အသံသည် ခက်ထန်မာကျော နေလေသည်။ အမြဲတမ်း အာဏာရှင်ဆန်ဆန် အမိန့် ပေးတတ်သူ ဘုရင်မကြီးသည် မည်သည့်အခါမှ ကျရှုံးခြင်း ဆိုသည်မှာ မရှိခဲ့။
သူမအနားတွင် သက်တော်စောင့်များစွာ မရှိသည့်တိုင် မည်သူမျှ သူမကို လုပ်ကြံသတ်ဖြတ်ခြင်း မပြုနိုင်ပေ။ သူမကို လုပ်ကြံသူများမှာ အမြဲတမ်း ဖမ်းဆီးသတ်ဖြတ် ခံရသည်ချည်းပင် ဖြစ်လေသည်။ သူမ၏ မိသားစုဝင်များကိုပင် သူမက အလွတ်မပေးခဲ့ပေ။
ကူဟွေ့ဆရာတော်မှာ ဘုရင်မကြီးနှင့် ဆယ်ပေခန့် အကွာတွင် မတ်တတ် ရပ်နေလေသည်။ သူ၏ သင်္ကန်းဝတ်ရုံမှာ လေထဲတွင် လွင့်မျောနေလေသည်။ လရောင်အောက်တွင် ဆရာတော်၏ မုတ်ဆိတ် ဖြူဖြူများက ငွေရောင် တောက်ပနေသည်။ သူက ဘုရင်မကြီးကို တစ်ချက် အရိုအသေ ပေးလိုက်ပြီး …
“ဘုရင်မ ဘာကိစ္စများ ဖြစ်ခဲ့လို့လဲ။ ကျုပ်ကို ကျေးဇူးပြုပြီး ပြောပြပါဦး”
ကူဟွေ့ဆရာတော်က မေးလိုက်လေသည်။
“ဒီနေ့မနက် အစောပိုင်းလောက်က ကျောက်ရွှမ်က မြို့ထဲကိုသွားပြီး ဆေးကုသမှု ခံယူတယ်။ ပြန်လာတော့ သူ့ပုံကို ကြည့်ရတာ အတော် သက်သာနေပြီ။ သူက သမားတော်ဆီကနေ ဆေးစာတစ်စောင် ယူလာတယ်။ အဲဒီဆေးစာက အတော် စိတ်ဝင်စားဖို့ ကောင်းတာပဲ”
ဘုရင်မက ပြောလိုက်သည်။
ပြောရင်းသူမက ဟက်ခနဲ တစ်ချက် ရယ်မောလိုက်လေသည်။ သို့သော် ရယ်မောသည် မမည်ပေ။ သူမ၏ မျက်ဝန်းများမှာ အေးစက်နေပြီး ခံစားချက် ကင်းမဲ့နေလေသည်။
ကူဟွေ့ဆရာတော်က သူမ၏စကားကို ဖြတ်ပြောခြင်း မပြုပါ။ ဘုရင်မ ဆက်ပြောလာမည့် စကားကိုသာ နားထောင်ရန် စောင့်နေလေသည်။
“အဝါရောင် လှေကားထစ်လေးတွေ နံဘေးမှာ … ဖရဲသီးပင်တွေ စိုက်ထားတယ် … ဖရဲနွယ်ပင်တွေက နေရာအနှံ့မှာ အပြည့်ပဲ …. ဖရဲသီးတစ်လုံးကို ခူးလိုက်ရင် နွယ်ပင်တွေ ရှင်သန် ကြီးထွားလာမယ် … ဖရဲသီးနှစ်လုံးကို ခူးလိုက်ရင် နွယ်ပင်တွေ အားနည်း ကျဲပါးသွားမယ် … ဖရဲသီးသုံးလုံးကို ခူးလိုက်ရင်တော့ ဖရဲသီးသုံးလုံး ကျန်နေဦးမယ် … ဖရဲသီးအားလုံးကို ခူးလိုက်မယ် ဆိုရင်တော့ … နွယ်ပင်တွေပဲ ကျန်ခဲ့လိမ့်မယ် …”
ဘုရင်မကြီးက ကဗျာကို ခံစားချက် ကင်းမဲ့စွာဖြင့် ဖတ်ပြလိုက်လေသည်။
အဝါရောင် လှေကားထစ်များ ဆိုသည်မှာ နန်းတော်တွင်းရှိ မျှော်စင် အမြင့်ကြီးကို ပြောခြင်း ဖြစ်လေသည်။ သို့သော် ထိုမျှော်စင်ဘေးတွင် မည်သည့် ဖရဲသီးပင်မှ စိုက်ပျိုးထားခြင်း မရှိပေ။
“ဒီကဗျာက တကယ်ပဲ စိတ်ဝင်စားစရာ ကောင်းတယ်လို့ မထင်မိဘူးလား”
ဘုရင်မကြီးက ထပ်ပြောလိုက်လေသည်။
“ကျုပ် ဘာထင်မြင်ချက်မှ မပေးရဲပါဘူး”
ဟု ကူဟွေ့ဆရာတော်က ပြောလိုက်လေသည်။
ဘုရင်မကြီးမှာ သာမန်ပုဂ္ဂိုလ် မဟုတ်ပါ။ ထို့ကြောင့် သူမကို စကားပြောသည့် အခါတွင် လွန်စွာမှ သတိထားရလေသည်။
သူမက အောက်သို့တစ်ချက် ငုံ့ကြည့်လိုက်ပြီး ကြာရွက်လေးများပေါ်တွင် တင်နေသည့် ရေစက်လေးများကို ကြည့်နေလေသည်။ ဘုရင်မကြီး၏ မျက်နှာမှာ ယောကျ်ားလေး ဆန်သည့်အတွက် ချောမောလှပသည် ဟုတော့ မဆိုသာပါ။ သို့သော် … သူမက လွန်စွာမှ ဆွဲဆောင်မှု ရှိလေသည်။
“အဲဒီကဗျာက ကျွန်မကို အကြင်နာတရားမရှိ လူတွေ လျှောက်မသတ်ဖို့ ရေးထားတာ မဟုတ်လား။ ဘယ်လောက်ဆိုးတဲ့ ကျားဖြစ်ဖြစ် ကိုယ့်သားသမီးကိုတော့ ပြန်စားရိုးထုံးစံ မရှိဘူး။ ဒါပေမယ့် ကျွန်မက ကိုယ့်သားသမီးတွေကို ပြန်သတ်နေတဲ့သူလို့ ဆရာတော် ထင်သလား”
ဘုရင်မက ပြောလိုက်လေသည်။
လေပြည်လေးက ကြာကန်ကို ဖြတ်သန်းတိုက်ခတ် သွားလေသည်။ ရေကန်တွင် လှိုင်းရိပ်လေးများ ဖြတ်သန်းသွားသည်မှာ အိပ်မက် ဆန်လွန်းသည်။
“အခြားသူတွေရဲ့ ပြောစကားကိုသာ ဂရုစိုက်နေမယ်ဆိုရင် ဘုရင်မတစ်ပါး အနေနဲ့ လောကမှာ ဘယ်ရပ်တည် နိုင်တော့မှာလဲ”
ကူဟွေ့ဆရာတော်က ပြောလိုက်လေသည်။
ကူဟွေ့ဆရာတော် စကားကြောင့် ဘုရင်မကြီးက တုန်လှုပ်ခြင်းမျိုး မရှိပါ။
“မနက်ဖန် ချီးဝမ်မင်းသားကို ဝန်ကြီးရာထူးကနေ ဖယ်ရှားလိုက်မယ်။ ဒါဆို ကျောက်ရွှမ်လည်း စိတ်သက်သာရာ ရသွားမယ်။ ဒီကဗျာကို ရေးတဲ့သူကိုလည်း သုံးရက်အတွင်း တွေ့ချင်တယ်။ လိုအပ်တာတွေ အားလုံးလုပ်ဖို့ စီစဉ်ပေးမယ်”
ဘုရင်မက ပြောပြီး ကဗျာစာရွက်လေးကို ကူဟွေ့ဆရာတော်ရှေ့တွင် လွှတ်ချလိုက်လေသည်။ ကူဟွေ့ဆရာတော်က ကဗျာစာရွက်လေးကို ဖမ်းယူလိုက်သည်။ စာရွက်လေးကို ထိလိုက်မိသည်နှင့် သူ၏ နှလုံးသားမှာ လှုပ်ရှားသွားရလေသည်။ ကြာကန်ထဲတွင် ထင်နေသည့် လရိပ်ကဲ့သို့ အတိတ်သည် ရေးရေး ပေါ်လာလေသည်။
“မင်းလူ့လောကကို ပြန်ရောက်လာပြီပဲ”
ကူဟွေ့ဆရာတော် တွေးလိုက်မိလေသည်။
သူ အတိတ်အကြောင်းများကို တွေးတောနေသည်ကို ဘုရင်မကြီးများ ထွင်းဖောက်သိမြင် နေမည်လားဟု ဆရာတော်က တွေးလိုက်မိသေးသည်။
ဘုရင်မကြီးမှာ ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်တိုင် ကူဟွေ့ ဆရာတော်ကတော့ ကြောက်ရွံ့ခြင်း မရှိပါ။ သို့သော် … သူမ၏ ကျင့်စဉ်လမ်းမှာ မည်မျှအထိ ပေါက်ရောက်နေပြီလဲ ဆိုသည်ကို ခန့်မှန်း၍ပင် မရနိုင်ပေ။
ကူဟွေ့ဆရာတော်က ဘုရင်မကြီးကို အရိုအသေ ပေးလိုက်ရင်း …
“အမိန့်အတိုင်းပါ ဘုရင်မ”
ဟု ပြောလိုက်လေသည်။
ရေးသားထားသည့် စာလုံးများ၏ စုတ်ချက်တိုင်းသည် အတိတ်ကို ပြန်ပြောင်း သတိ ရစေလေသည်။ မိန်းမောတွေဝေ သွားစေသည့် စာလုံးနှစ်လုံးကတော့ “ဆန်းလျန်” ဟူ၍ ဖြစ်လေသည်။ ထိုအမည်နာမနှင့်အတူ လာသမျှ အခက်အခဲတိုင်းကို အေးဆေးတည်ငြိမ်စွာ ကျော်ဖြတ် သွားနိုင်သည့် ချောမောလှပသည့် လူငယ်လေးတစ်ဦးအား ဆရာတော်၏ မျက်ဝန်းထဲတွင် မြင်ယောင်လာမိလေသည်။
***
ရှင်သန်ခြင်း မရဏဆေးခန်း …
ရော့ရှီလေးမှာ အိပ်ရာထက်တွင် ရှိနေပြီး သူမ၏ လက်လေးများက စောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။ သူမ၏ မျက်နှာထက်တွင် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့ နေသည့်ပုံကို မြင်တွေ့ နိုင်လေသည်။
သူမ အော်ငိုချင်မိလေသည်။ သို့သော် … ဆန်းလျန်က အတွင်းအား လေ့ကျင့်သည့် အချိန်တွင် သူ့ကို မနှောင့်ယှက်ရန် သေသေချာချာ မှာထားလေသည်။
ဤနေ့ရက်များတွင် သူမ၏ကိုကို မည်သည့် သိုင်းပညာကို လေ့ကျင့်နေမှန်း သူမ မသိပါ။ သူမ
မှာလည်း ယခုဆိုလျှင် ကျင့်စဉ်လမ်းကို စတင် သဘောပေါက်လာခဲ့ပြီ ဖြစ်လေသည်။
လွန်ခဲ့သည့် တစ်နာရီခန့်က ဆန်းလျန်ဆီမှ ကြီးမားသည့် စွမ်းအားများ ထွက်လာပြီး ဆန်းလျန်၏ ကြုံးဝါးသံကိုလည်း ကြားလိုက်ရလေသည်။ ရော့ရှီလေးမှာ လှုပ်ပင် မလှုပ်ရဲပါ။
မိုးမြေ စွမ်းအားကဲ့သို့ သဏ္ဌာန်မဲ့ စွမ်းအားမျိုးမဟုတ်ဘဲ အနီရောင်၊ ရွှေရောင်၊ အဝါရောင်၊ အဖြူရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ ခရမ်းရောင်နှင့် အနက်ရောင်ဟူ၍ အရောင်ရှစ်မျိုး ကွဲနေသည့် စွမ်းအားစုများ ဝင်ရောက်လာခြင်း ဖြစ်လေသည်။
အခန်းထဲတွင် ရောင်ခြည်များ ဖြာထွက်နေလေသည်။ ဝတ်ကျောင်းတော်ထဲမှ ဗုဒ္ဓရုပ်ပွားတော် ရောင်ခြည်တော် လွှတ်သည်နှင့်ပင် ဆင်တူလွန်းသည်။
အရောင်ရှစ်မျိုးမှာ အစီအစဉ်တကျမရှိ ရွေ့လျား နေလေသည်။
ဆန်းလျန်ကို ကြည့်ရသည်မှာ လွန်စွာမှ နာကျင်ခံစား နေရပုံ ရလေသည်။ သူ၏ မျက်နှာမှာ ရှုံ့မဲ့နေပြီး ချွေးများ စီးကျနေလေသည်။
သူ၏ ခန္ဓာကိုယ်မှာ တင်ပျဉ်ခွေထိုင်ရက် အနေအထားဖြင့် လေထဲတွင် လွင့်မျောနေပြီး ကြီးမားသည့် စွမ်းအားတစ်ခုက သူ့ကို လေထဲတွင် ရပ်တည်နေစေရန် ထောက်ပံ့ ပေးထားသကဲ့သို့ ဖြစ်နေလေသည်။
စွမ်းအင်ရှစ်မျိုးမှာ ဝဲကတော့ကဲ့သို့ လှည့်လည်ပြီး မြေကြီးအတွင်းသို့ တိုးဝင်သွားလေသည်။ ထိုအခါမှ ဆန်းလျန်မှာလည်း လေထဲမှ တင်ပျဉ်ခွေထိုင်ရက် အနေအထားဖြင့်ပင် အောက်သို့ ညင်ညင် သာသာ ပြန်ကျသွားလေသည်။
အခန်းတွင်းသို့ လရောင်က ဖြာကျနေလေသည်။
“ကိုကို ဘာမှမဖြစ်ပါဘူးနော်”
ရော့ရှီလေးက စိုးရိမ်စွာဖြင့် မေးလိုက်သည်။
ဆန်းလျန်က အသာ မတ်တတ်ရပ်လိုက်ပြီး ရော့ရှီလေး၏ အိပ်ရာထက်တွင် ထိုင်လိုက်ရင်း …
“ကိုကို ဘာမှမဖြစ်ပါဘူး။ ဆက်အိပ်တော့နော်”
ဟု ပြောလိုက်ရလေသည်။
သူက “ထိုက်ရွှီးနည်းဗျူဟာ” ကျင့်စဉ်ကို လျှော့တွက် ခဲ့မိပြီလားဟု ဆန်းလျန် စဉ်းစား နေမိသည်။ သူက နှစ်ပေါင်းများစွာ ထိုကျင့်စဉ်ကို ကျင့်ကြံခဲ့သည့်အတွက် ထိုကျင့်စဉ်က သူ၏ ခန္ဓာကိုယ်ထဲတွင် တဖြည်းဖြည်းနှင့် မသိမသာ အမြစ် တွယ်လာခဲ့လေသည်။ သူက ထိုအရာကို အသုံးမချဘဲ ဖယ်ရှားပစ်ရန် ကြိုးစားခဲ့သည်။
ထိုသို့ အမြစ်တွယ်နေသည့် ကျင့်စဉ်စွမ်းအားက သူ၏ အသက်ဓာတ်နှင့် ပေါင်းစပ်ကာ ကြီးထွားသည်ထက် ကြီးထွားလာခဲ့လေသည်။
သူက ထိုကျင့်စဉ်စွမ်းအားကို ဖိနှိပ် ထားနိုင်သည့်တိုင်အောင် ထိုကျင့်စဉ် စွမ်းအား၏ ဆန်းကျယ်လှသော တန်ခိုးက သူ့ကိုနေ့စဉ် စုပ်ယူစားသုံး နေလေတော့သည်။ သူ၏ ကျင့်စဉ်လမ်းမှာ နောက်ပြန် ဆုတ်နေသကဲ့သို့ ဖြစ်နေပြီး နှစ်ပေါင်း နှစ်ဆယ်အတွင်းပင် ချင်းရွှမ်နတ်တံခါးသို့ ပြန်ရောက်ရန် မဖြစ်နိုင်တော့ပေ။
ရော့ရှီလေးမှာ ယခုမှ အသက် ပြန်ရှူနိုင်လေသည်။ သို့တိုင်အောင် စောင်ကိုတော့ ခပ်တင်းတင်း ဆုပ်ကိုင်ထားဆဲ ဖြစ်လေသည်။
***
good