Switch Mode

အခန်း (၁၀၆)

ပြုစားခံရခြင်း

နွေရာသီဖြစ်သည့်အတွက် နေ့တာရှည်လေသည်။

ဆန်းလျန်၏ “ရှင်သန်ခြင်းမရဏ” ဆေးခန်းလေးမှာ လမ်းမရှည်ပေါ်တွင် တည်ရှိလေသည်။ ထိုလမ်းမရှည်ကြီးမှာ ဆန်းတုမြို့တော်တွင် ရှေးအကျဆုံး လမ်းများထဲမှ တစ်ခုဖြစ်သည်။ လက်ရှိ ဘုရင်မကြီးမှာ အမြဲတမ်းရှေ့ကို ကြိုမြင်တတ်သူ ဖြစ်လေသည်။ ထို့ကြောင့် သူမ၏ အုပ်ချုပ်မှုအောက်တွင် ဆန်းတုမြို့တော်မှာ ပြန်လည်တိုးတက် လာခဲ့လေသည်။ လူနေထူထပ်ပြီး သန့်ရှင်းသည့် မြို့တော်ကြီးတစ်ခု ဖြစ်လာခဲ့ရသည်။ ဤလမ်းမကြီးမှာ ဘုရင့်နန်းတော်နှင့် နီးသည့် ရှေးကျသည့် လမ်းမကြီးတစ်ခု ဖြစ်သော်လည်း လူအများမှာ ပြောင်းရွှေ့သွားကြ လေသည်။

ဆန်းလျန်မှာ အခြားလမ်းသို့ ပြောင်းရွှေ့သွားသည့် လူတစ်ဦးထံမှ  ဆေးခန်းလေးကို ဝယ်ယူထားခဲ့ခြင်း ဖြစ်လေသည်။ ပတ်ဝန်းကျင်လည်း ကောင်းသလို လုံခြုံစိတ်ချရသည့် နေရာလေး ဖြစ်လေသည်။

ဆေးခန်းတံခါးမှာ တစ်ဝက်ပိတ်ထားလေသည်။ ညနေခင်း နေရောင်ခြည်မှာ တံခါးပေါ်သို့ ဖြာကျ နေလေသည်။ ပတ်ဝန်းကျင်သည် လွန်စွာမှ တိတ်ဆိတ်နေလေသည်။

လှည်းဘီးသံများက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေသည်။ မြင်းရထားကို မောင်းလာသူမှာ ကျောက်ရှန့် ဖြစ်လေသည်။ ထိုစဉ် တစ်ဖက်က မြင်းလှည်းလိုက်ကာကို ဖွင့်ကြည့်လိုက်လေသည်။ မြင်းလှည်းလိုက်ကာကို ဖွင့်လိုက်သည့်လက်မှာ ပြည့်ပြည့်ဖြိုးဖြိုးနှင့် ကြည့်ကောင်းသော လက်ဖြစ်လေသည်။ လူတစ်ယောက်၏ အကြောင်းကို လက်များမှတစ်ဆင့် သိနိုင်လေသည်။ အလုပ်ကြမ်းများ လုပ်ရခြင်းမရှိသည့် ကြွယ်ဝချမ်းသာသည့် မျိုးရိုးမှ လူများသာလျှင် ထိုကဲ့သို့ ကြည့်ကောင်းသည့် လက်များကို ပိုင်ဆိုင်နိုင်လေသည်။ သို့သော် အလုပ် လုပ်ရသည့်တိုင် လှပနေဆဲ ဖြစ်သည့် ဖူမန်လော်မှ ဆိုင်ရှင် အမျိုးသမီးကတော့ ချွင်းချက်ဖြစ်လေသည်။

ကျောက်ရှန့် လှမ်းမခေါ်မီမှာပင် ဆေးခန်းတံခါး ပွင့်သွားပြီ ဖြစ်လေသည်။ ပန်းနုရောင် အသားအရေရှိပြီး ချစ်စရာ မိန်းကလေးငယ်လေး တစ်ယောက် ထွက်လာလေသည်။ သူမက ကျောက်ရှန့်နှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ကို တွေ့သည်နှင့် အရိုအသေ ပေးလိုက်လေသည်။

“သမီးရဲ့ အစ်ကိုက ဆေးခန်းထဲမှာ ဦးလေးလာတာကို စောင့်နေပါတယ်”

ဟု ပြောလိုက်လေသည်။

ကျောက်ရှန့်က သက်လတ်ပိုင်းအရွယ် လူကြီးကို တစ်ချက် ပြုံးပြလိုက်ပြီး ….

“ခရီးတွေ ဒီလောက်သွားပြီးမှ နောက်ဆုံး ဒီနေရာကို တွေ့တယ်”

ဟု ပြောလိုက်လေသည်။

ဆန်းလျန်ကလည်း သူ၏ ဆေးခန်းသို့ ပထမဆုံး လာရောက်ကုသသည့် လူနာကို ရော့ရှီလေးအား ကြိုဆိုခိုင်းလိုက်ခြင်းပင် ဖြစ်လေသည်။

သက်လတ်ပိုင်းအရွယ် လူကြီး၏ မျက်နှာမှာ သွေးရောင်မရှိ ဖြူဖျော့နေလေသည်။ သူ၏ မျက်နှာပေါက်မှာ ကျောက်ရှန့်နှင့် ဆင်တူသော်လည်း ပိုပြီးနူးညံ့ နွေးထွေးသည့်ပုံ ရလေသည်။

မျက်ကွင်းများ ညိုနေပြီး ကောင်းစွာ အိပ်စက်ရခြင်း မရှိသည့် လက္ခဏာ ဖြစ်လေသည်။ သူ့ကို ကြည့်ရသည်မှာ နွမ်းလျနေလေသည်။

သို့သော် … နွမ်းလျနေသည့်တိုင် သူ၏ပုံစံမှာ အင်မတန်မှ ရည်ရည်မွန်မွန် ရှိလေသည်။

“ဦးလေးတို့ ရောက်လာတာ သမီးရဲ့ အစ်ကိုက ဘယ်လိုများ သိတာလဲကွယ်”

သူ၏အသံကို နားထောင် ကြည့်လိုက်သည်နှင့် အားအလွန် နည်းနေပြီး စကားပြောရန်ပင် မနည်း အားစိုက် နေရသည်မှာ သိသာနေလေသည်။

“သမီးရဲ့ အစ်ကိုက နတ်ဘုရားတစ်ပါးပါ။ ဒါကြောင့်မို့လို့ ဦးလေးတို့ လာမယ်ဆိုတာ ကြိုသိ နေတာပါ”

ရော့ရှီက သူမ၏ ကိုကိုအတွက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ဖြေ လိုက်လေသည်။ ကျောက်ရှန့်ကို ကြည့်မရသည့်တိုင် ဤဦးလေးကိုတော့ သူမ သဘောကျမိလေသည်။ သို့သော် ဤဦးလေးကြီး၏ ပုံမှာ အင်မတန်မှ တုံးအသည့်ပုံ ပေါက်နေသည်ဟု သူမတွေးမိလေသည်။

သက်လက်ပိုင်းအရွယ် လူကြီးက ကိုယ်ကို ရှေ့သို့ ကိုင်းညွှတ်လိုက်ပြီး ….

“သမီးရဲ့ အစ်ကိုက နတ်ဘုရားဆိုတော့ သမီးကရောကွယ် ….”

ရော့ရှီက နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ရင်း …

“သမီးကတော့ နတ်သမီးလေးပေါ့”

ဟု ပြန်ဖြေလိုက်လေသည်။

သွက်လက်သော ကလေးမကို သက်လတ်ပိုင်းအရွယ် လူကြီးက သဘောအကျကြီး ကျသွား လေသည်။

သက်လတ်ပိုင်းအရွယ် လူကြီးက သူ၏ ခါးစည်းကြိုးတွင် ချည်ထားသည့် ပုတီးလေး တစ်ကုံးကို ဖြုတ်လိုက်ပြီး …

“သမီးက ခုန ဦးလေးကို ဂါရဝပြုတာ အင်မတန် ယဉ်ကျေးတာပဲ။ ဦးလေးက ဘာလက်ဆောင်မှ မယူခဲ့မိဘူးကွယ်။ ဒါကြောင့် ဒီပုတီးလေးကိုပဲ လက်ဆောင်အဖြစ် လက်ခံပါနော်”

ဟု ပြောလိုက်လေသည်။

ကျောက်ရှန့်မှာ ထိုအပြုအမူကြောင့် များစွာ အံ့အားသင့်သွားရပြီး တစ်ခုခု ဝင်ပြောရန် ပြင်လိုက် လေသည်။ သို့သော် သက်လတ်ပိုင်းအရွယ် လူကြီးက အကြည့် တစ်ချက်ဖြင့်ပင် ဝင်မပြောရန် တားဆီး လိုက်သည်။ ထိုပုတီးကြိုးလေးမှာ အဘွားဖြစ်သူမှ သူ၏ဖခင်ကို ပေးထားခဲ့သည့် ပုတီးလေးဖြစ်ပြီး သူ၏ဖခင်မှာ ထိုပုတီးလေးကို ကိုယ်နှင့်မကွာ အမြဲတမ်း ဆောင်ထားလေ့ ရှိလေသည်။ ထိုပုတီးလေး လက်ဆောင်ပေးစဉ်က အဓိပ္ပာယ်များစွာ မပါဝင်သည့်တိုင် တန်ဖိုးထားသင့်သည့် လက်ဆောင်တစ်ခု ဖြစ်သည့်အတွက် သူ၏ ဖခင်အနေဖြင့် အခြားသူများကို ပေးမပစ်သင့်ဟု ကျောက်ရှန့် တွေးနေမိသည်။

ရော့ရှီလေးက လက်နှစ်ဖက်ဆုပ် အရိုအသေ ပြုလိုက်ရင်း ဦးခေါင်းကို ခါယမ်းလိုက်သည်။

“သမီး လက်မခံချင်ပါဘူး”

ဟု ပြောလိုက်လေသည်။

သို့သော် ရုတ်တရက်ပင် သူမ စိတ်ပြောင်းသွားရလေသည်။

“သမီးရဲ့ အစ်ကိုက လက်ခံလိုက်ပါလို့ ပြောနေတယ်။ သမီး လက်ခံပါ့မယ်”

ဟု ပြောလိုက်လေသည်။

သူမက ထိုဦးလေးကြီးမှ ပုတီးကြိုးလေးအား သူမခါးစည်းကြိုးတွင် ချည်နှောင်ပေးစေရန်
လက်နှစ်ဖက်ကို ဘေးသို့ ဆန့်တန်းပေးလိုက်လေသည်။

သက်လတ်ပိုင်းအရွယ် လူကြီးမှာ တစ်ချက် ပြုံးလိုက်လေသည်။ သူမက ဆန်းလျန်စကားကို အဘယ်ကြောင့် ထိုမျှ နားထောင်ရသည်လည်း ဆိုသည်ကိုတော့ မေးမနေတော့ပါ။ သူက ပုတီး ကြိုးလေးကို ကလေးမလေး၏ ခါးစည်းကြိုးထက်တွင် ချည်ပေးလိုက်လေသည်။

ပုတီးလေးတွင် ကျောက်စိမ်းရင့်ရောင် ပုတီးစေ့ကိုးလုံး ပါဝင်လေသည်။ ပုတီးစေ့လေးများမှာ တင်းကြပ်နေခြင်း မျိုးမရှိဘဲ အနေအထား မှန်မှန်နှင့် လှပလေသည်။ ပုတီးကြိုးလေးမှာ ရော့ရှီလေး၏ ခါးစည်းကြိုး ထက်တွင် အဆင်ပြေပြေနှင့် လှပစွာ ချည်နှောင်ထားပြီး ဖြစ်သွားလေတော့သည်။

ဆန်းလျန်မှာ ခြံဝန်းထဲတွင် ရှိနေလေသည်။ လက်ဖက်ရည် တစ်အိုးနှင့် လက်ဖက်ရည် ပန်းကန်များ ပြင်ဆင်ထားလေသည်။ သက်လတ်ပိုင်းအရွယ် လူကြီးမှာ ခြံဝန်းထဲသို့ လမ်းလျှောက် ဝင်လာရသည့်အတွက် ချွေးများပင် ထွက်ကာ မောပန်း နေလေသည်။ ကျောက်ရှန့်က သူ၏ဖခင်ကို ထိုင်နိုင်ရန် ကူညီပေးလေသည်။

သက်လတ်ပိုင်းအရွယ် လူကြီးက အားတင်းပြီး မော့ကြည့်ကာ ဆန်းလျန်ကို အကဲ ခတ်လိုက်သည်။ သို့သော် … မည်သူကမျှ စကားစတင် ပြောဆိုခြင်း မရှိကြပါ။

နောက်ဆုံးတွင်တော့ ကျောက်ရှန့်ကသာ စတင် စကားပြောဆို လိုက်ရလေတော့သည်။

“ကျုပ်အဖေ ဘာရောဂါ ခံစားနေရတယ်ဆိုတာ မင်းပြောပြ နိုင်မလား”

“အိမ်ရှေ့စံမင်းသား အမြင်တွေ ဝေဝါးနေမယ်။ မကြာခဏ ခေါင်းမူးမယ်။ အရမ်း အိပ်ချင်ပေမဲ့ အိပ်လို့မပျော် ဖြစ်နေမယ်။ အဲဒီလို ရောဂါလက္ခဏာတွေ ခံစားနေရသလား”

ဆန်းလျန်က အေးဆေးစွာပင် မေးလိုက်လေသည်။

“အမှန်ပါပဲ။ ပထမတော့ သိပ်သတိ မထားမိဘူး။ ရက်တွေကြာလာတော့ အရမ်း သိသာ လာတယ်။ ကျုပ်ဆးနည်းတွေ အများကြီး စမ်းသပ်ကြည့်ပြီးပြီ။ ဒါပေမယ့် တစ်နေ့တခြား ပိုပို ဆိုးလာတာပဲ”

သူ ပြောလိုက်လေသည်။

နန်းတွင်း သမားတော်ကြီးများပင် ရောဂါအဖြေကို ရှာမတွေ့နိုင်ကြပေ။ နောက်ဆုံးတွင်တော့ အိပ်မပျော်သည့် ရောဂါဟုသာ အမည်တပ်လိုက် ကြလေသည်။ နန်းတွင်းပြင်ပမှ သမားတော် များမှာလည်း အဖြေရှာ မရသည့်အတွက် ထိုသို့ပင် အမည်တပ်ကြလေသည်။

အိပ်ဆေးများ သောက်သည့်တိုင် သူ၏ အခြေအနေမှာ တိုးတက်ခြင်း မရှိပေ။ ညဘက်တွင် အိပ်မပျော်နိုင်ဖြစ်ရပြီး နေ့ဘက်တွင် နွမ်းလျနုံးချိ နေရလေသည်။

ထိုကဲ့သို့ ရောဂါဆိုးကို ခံစားနေရသည့်တိုင် သူက တိုင်းပြည်အရေးအတွက် အလုပ်လုပ်နေဆဲ ဖြစ်လေသည်။ သူ၏ အခြေအနေမဟန်မှုကို ဘုရင်မကြီးက သတိပြုမိသည့်တိုင် တစ်ခွန်းမျှ မေးမြန်းခြင်း မရှိခဲ့ပေ။

“ဒီရောဂါ လက္ခဏာတွေ သိရမှတော့ ကျွန်တော် ချက်ချင်း ကုသပေးပါ့မယ်။ နေမကောင်း ဖြစ်ရတဲ့ မူလအကြောင်းအရင်းကို ကုသနိုင်ဖို့အတွက် ဆေးစာအသစ် ရေးပေးလိုက်မယ်။ သုံးချင်သုံး မသုံးချင်လည်း နေပေါ့”

ဆန်းလျန်က သူ၏စရိုက်အတိုင်း နူးညံ့စွာပင် ဆိုလေသည်။

“အမြင်တွေ မကြည်လင်တာနဲ့ ခေါင်းမူးတာ ပျောက်အောင် အရင် ကုသပေးပါလားဗျာ”

သက်လတ်ပိုင်းအရွယ် လူကြီးက ပြောလိုက်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း …

“အဲဒီအတွက် ဆေးက ရှိပြီးသားပါ”

ဟု ပြောလိုက်လေသည်။

သူက အင်းချပ်စာရွက်လေး တစ်ရွက် ထုတ်ယူလိုက်ပြီး အင်းချပ်လေးက ဆန်းလျန်၏ လက်ထဲတွင် အလိုလို မီးလောင်ကျွမ်း သွားလေသည်။ မီးလောင်သွားသည့် အင်းစာရွက်လေး၏ ပြာမှုန့်များကို ဆန်းလျန်က လက်ဖက်ရည် ပန်းကန်လေးအတွင်းသို့ ထည့်လိုက်သည်။ ဆန်းလျန်က လက်ဖက်ရည် ပန်းကန်လေးကို လက်ဝါးပေါ် တင်ကာ လှည့်လိုက်သည်။ လက်ဖက်ရည် ပန်းကန်လေးမှာ ဆန်းလျန်၏ လက်ပေါ်တွင် မွတ်နေအောင် လည်နေသည့်တိုင် လက်ဖက်ရည် တစ်စက်မှ ဖိတ်စင်သွားခြင်း မရှိပေ။

ဆန်းလျန်က လှည့်နေသည်ကို ရပ်တန့်လိုက်သည်နှင့် လက်ဖက်ရည် ပန်းကန်အတွင်းရှိ ရေများမှာလည်း ချက်ချင်းပင် လှိုင်းတစ်ချက် မထဘဲ တည်ငြိမ်သွားလေသည်။ ထိုသို့ ဖြစ်သွားသည်မှာ ရူပဗေဒ သဘောတရားကို လုံးလုံး ဆန့်ကျင်နေလေသည်။ ထိုသို့ ရိုးရှင်းလှသည့် လက်လှည့်ပညာကိုပင် သက်လတ်ပိုင်းအရွယ် လူကြီးမှာ တအံ့တသြ ဖြစ်နေလေသည်။

အင်းချပ်ပြာမှုန့်များမှာ လက်ဖက်ရည်ပေါ်တွင် ပေါလော မျောနေလေသည်။ ဆန်းလျန်က လက်ဖက်ရည် ပန်းကန်လေးကို အိမ်ရှေ့မင်းသားထံသို့ ကမ်းပေးလိုက်လေသည်။

“ဒီအင်းပြာရေကို သောက်လိုက်ပါ”

ဟု ပြောလိုက်လေသည်။

ကျောက်ရှန့်က ….

“ဆန်းလျန် မင်း နောက်မနေနဲ့နော်”

ဟု ပြောလိုက်လေသည်။

သူ၏ဖခင်ကို ခေါ်လာခြင်းမှာ ဆေးကုသရန်အတွက် ဖြစ်ပြီး ဘာမှန်းမသိသော အင်းပြာရည် များကို သောက်ခိုင်းဖို့ မဟုတ်ပေ။

“ဒီအင်းပြာရည်က စိတ်ချရပါတယ်။ မဟုတ်ရင် မင်းရဲ့ နန်းတွင်း သမားတော်တွေကို ခေါ်ပြီး သောက်သင့် မသောက်သင့် စစ်ကြည့်ခိုင်းပြီး လူတစ်ယောက်လောက်ကို စမ်းပြီး သောက်ခိုင်းလိုက်ပါ။ အန္တရာယ် ကင်းတယ်ထင်မှ သောက်ချင်လည်း သောက်ပေါ့လေ”

ဆန်းလျန်က ပြုံးရင်း ပြောလိုက်လေသည်။

ကျောက်ရှန့်မှာ ဆန်းလျန်စကားကြောင့် အိုးတိုးအန်းတန်းပင် ဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သူ့စိတ်ထဲတွင် တွေးနေသည့် အတွေးများအတိုင်း ဆန်းလျန်က အတိအကျ ပြောချ လိုက်သောကြောင့် ဖြစ်လေသည်။

အိမ်ရှေ့မင်းသားက ….

“ဒါက မှော်ဆေးပညာပဲ။ ရှန့်အော် လူတစ်ဖက်သားကို လျှောက်အပြစ် တင်မနေနဲ့”

ဟု ပြောလိုက်လေသည်။

ရှေးခေတ် ရှေးအခါကပင် အင်းနှင့် မန္တန်ပညာကို ဆေးကုသရာတွင် အသုံးပြုခဲ့ ကြလေသည်။ သို့သော် … ယခုကဲ့သို့ နဖူးတွေ့ဒူးတွေ့ ကြုံဖူးသည်မှာ အိမ်ရှေ့စံ မင်းသားအတွက် ပထမဆုံး အကြိမ်ပင် ဖြစ်လေသည်။

သူက ဆန်းလျန်ထံမှ လက်ဖက်ရည် ပန်းကန်ကို ယူလိုက်ကာ တစ်ခွက်လုံး ကုန်သည်အထိ မော့သောက် လိုက်လေသည်။

သူ့ဖခင်၏ ပြတ်သားလှသည့် အပြုအမူကြောင့် ကျောက်ရှန့်မှာ အံ့သြခြင်းမက အံ့သြ နေလေတော့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဖခင်ဖြစ်သူ အိမ်ရှေ့မင်းသားမှာ ဆန်းလျန်အပေါ် မည်မျှ ယုံကြည်ကြောင်း သက်သေ ပြနေလေသည်။

အင်းပြာ လက်ဖက်ရည်ကို သောက်ပြီးသည်နှင့် အိမ်ရှေ့မင်းသားမှာ အသက်နှစ်ချက်မျှ ရှူလိုက် လေသည်။ ထို့နောက် ချက်ချင်းပင် ပျို့တက်လာကာ ကျောက်ရှန့် ရှေ့တွင်ပင် အန်ချလိုက်လေ တော့သည်။ သူသောက်ခဲ့သည့် ရေအနည်းငယ်နှင့်အတူ တွန့်လိမ်ကာ အသက် ရှင်သန်နေသည့် အနက်ရောင် သန်ကောင်တစ်ထွေးကိုပါ အန်ချလိုက်ခြင်း ဖြစ်လေသည်။ ထိုသန်ကောင်များကို ကျောက်ရှန့် ကိုယ်တိုင်လည်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။

အနက်ရောက် သန်ကောင်များမှာ တစ်ချက်ခုန်လိုက်ပြီး အနက်ရောင် အငွေ့များအဖြစ် အငွေ့ပျံ သွား ကြလေသည်။ ဆန်းလျန်က လက်ဖျောက်တစ်ချက် တီးလိုက်တော့ တဝီဝီ မြည်သံများ ထွက်လာကာ အနက်ရောင်အငွေ့များ ပျောက်ကွယ် သွားကြလေသည်။

ကျောက်ရှန့်မှာ ကြက်သေ သေသွားရလေသည်။ သူက ဖခင်ဖြစ်သူကို တစ်ချက်ကြည့်လိုက် ပြီးမှ ဆန်းလျန်ကို လှမ်းကြည့်လိုက်သည်။

“အစ်ကိုဆန်း အဲဒါဘာတွေလဲ”

“ဒါက ပြုစားထားတဲ့ သန်ကောင်တွေပဲ။ ဒီသန်ကောင်တွေကြောင့် အိမ်ရှေ့စံမင်းသားက ရောဂါ ဝေဒနာတွေ ခံစားနေရတာ။ ခုတော့ အားလုံးကောင်းသွားပါပြီ”

ဆန်းလျန်က ပြန်ဖြေလိုက်လေသည်။

အိမ်ရှေ့စံမင်းသားက ပျို့အန်ခြင်း ရပ်သွားလေသည်။ သူက အနည်းငယ် ပြုံးလိုက်ရင်း …

“ပြုစား ခံထားရတယ်လို့ ဘယ်သူထင်မှာလဲ။ နန်းတွင်းသမားတော်တွေ မကုသနိုင်တာ မအံ့သြ တော့ပါဘူး။ ဒါပေမယ့် ဘယ်သူက ဒီလိုမျိုး ပြုစားရဲရတာလဲ”

ဟု အိမ်ရှေ့စံ မင်းသားက ပြောလိုက်လေသည်။

အိမ်ရှေ့စံ မင်းသား၏ မျက်နှာတွင် သွေးရောင် ပြန်လွှမ်းလာလေသည်။ သို့သော် သူက မျက်မှောင် ကြုတ်ထားလေသည်။

ဘုရင့်နန်းတော်တွင် အောက်လမ်းပညာ အသုံးမပြုရန် တားမြစ်ထားလေသည်။ ထို့ပြင် သူ၏မိခင် ဘုရင်မကြီးမှာ ထိုသို့ မကောင်းသောအတတ် သုံးနေသည်ကို ရိပ်မိပါက အဘယ်ကြောင့် အရေးမယူဘဲ နေရပါသနည်း။

***

အိမ်ရှေ့စံမင်းသားနှင့် ကျောက်ရှန့်မှာ သူတို့၏ မြင်းရထားဆီသို့ ပြန်လာကြလေသည်။

အပြင်ဘက်တွင် သူတို့သားအဖ ဘုရင့်နန်းတော်မှ ထွက်လာကတည်းက လျှို့ဝှက်စွာ လိုက်လာကြပြီး စောင့်ကြည့်နေကြသည့် လူတစ်စု ပုန်းကွယ်နေကြ လေသည်။

ကျောက်ရှန့်က ….

“ခမည်းတော် ဆန်းလျန်က ဘာဆေးညွှန်းတွေများ ရေးပေးလိုက်တာလဲ”

ဟု မေးလိုက်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset