ဖူမန်လော် စားသောက်ဆိုင်အတွင်းသို့ ဝင်ရောက်နေသည့် နေရောင်မှာ တဖြည်းဖြည်း မှေးမှိန် သွားလေသည်။ တံခါးဝတွင် ဝါးခမောက်တစ်လုံး ဆောင်းထားသည့် လူတစ်ယောက် ရပ်နေလေသည်။ သူ၏ ဝတ်ရုံတွင် ရွှေပန်းပွင့်များ ထိုးထားလေသည်။ သူ၏ ခန္ဓာကိုယ်မှာ ထွားကျိုင်းသန်မာ လွန်းသောကြောင့် စားသောက်ဆိုင်အတွင်းသို့ ဝင်ရောက်နေသည့် နေရောင်ကို ဖုံးကွယ်သွားရခြင်း ဖြစ်လေသည်။
“ကောင်လေး ပစ္စည်းထုတ်ပေးစမ်း။ မင်းကို အသက်ချမ်းသာပေးမယ်”
သူ၏ အသံမှာ ကြားနိုင်ရုံလောက်သာ ဖြစ်ပြီး အသက်အရွယ် အိုမင်းနေပြီ ဖြစ်ကြောင်း အသံ ကြားရုံဖြင့် သိနိုင်လေသည်။
ပိုင်ရှောက်လျိုက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ အနည်းငယ် ဒယိမ်းဒယိုင် ဖြစ်နေလေသည်။
ထိုသူ၏ သိုင်းပညာမှာ မြင့်မားသည့်အတွက် ပိုင်ရှောက်လျို အနေဖြင့် ယှဉ်နိုင်မည် မဟုတ်ပါ။ ထိုသူ၏ လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့်ပင် သူ့မှာ လွင့်စဉ် ထွက်သွားရသည် မဟုတ်ပါလား။
ချောမောလှပသည့် ဆိုင်ရှင်အမျိုးသမီးက ငွေသိမ်းစားပွဲရှေ့တွင် မတ်တတ် ရပ်နေလေသည်။ သူမ၏လှပသည့် မျက်ဝန်းများ တစ်ချက်မျှ ကျဉ်းမြောင်းသွားသည်ကလွဲ၍ သူမက စကားတစ်ခွန်းမျှ မဆိုသလို ကြောက်လန့်သွားခြင်းလည်း မရှိပါ။
သူမ၏ လှပနူးညံ့သည့် လက်လေးများအကြောင်းကို ဆန်းလျန်သာ သိလေသည်။ ဆန်းတုမြို့တော်တွင် သူမကြောက်သည့်သူ သိပ်မရှိပါ။ ထို့ကြောင့် ဝါးခမောက် ဆောင်းထားသူကိုလည်း သူမ လုံးဝကြောက်လန့်ခြင်း မရှိပေ။
ရော့ရှီလေးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး …
“ကိုကို ဘဲကင်တွေ ညစ်ပတ်ကုန်ပြီ။ သမီး မစားချင်တော့ဘူး”
ဟု အသံသေးသေးလေးဖြင့် ပြောလိုက်လေသည်။
သူမက သူမရှေ့ရှိ ဘဲကင်ပန်းကန်ကို ညွှန်ပြလိုက်သည်။ ဘဲ အရေခွံပေါ်တွင် ဖုန်မှုန့်များ ပေကျံ နေလေသည်။ သို့သော် ဘဲကင်မှာ တစ်ချပ်သာ ကျန်တော့သည်။
ဆန်းလျန်က သူမ၏ ခေါင်းလေးကို အသာ ပုတ်လိုက်လေသည်။ ထို့နောက် ပိုးလက်ကိုင်ပဝါလေး တစ်ထည် ထုတ်ပေးလိုက်ပြီး ပါးစပ်နှင့် လက်များကို သန့်ရှင်းသွားအောင် သုတ်ခိုင်း လိုက်လေသည်။
အခြားဘက်တွင်တော့ ပိုင်ရှောက်လျိုမှာ ဝါးခမောက် ဆောင်းထားသည့် လူကို ကြည့်ကာ ကြက်သေ သေနေလေသည်။ အတန်ကြာမှ …
“မပေးနိုင်ဘူး”
ဟု တစ်လုံးချင်း ပြောလိုက်လေသည်။
ဝါးခမောက်နှင့်လူက သက်ပြင်းတစ်ချက် ချလိုက်ပြီး မည်သည့်စကားမျှ မပြောတော့ပေ။ ထို့နောက် ရှေ့သို့ လှမ်းလာသည့် ခြေသံကို ကြားလိုက်ရလေသည်။ ထိုခြေသံများမှာ လေးလံခြင်း မရှိပါ။ ခြေလှမ်းများက ခပ်နှေးနှေး ဖြစ်သည့်တိုင် ထက်ရှသည့် ဓားသွားတစ်လက်က လူတစ်ဦး ဝမ်းဗိုက်ကို ထိုးခွဲလိုက်သလို ခံစားရလေသည်။
ပိုင်ရှောက်လျို နဖူးထက်တွင် ချွေးစများ ပျံလာလေပြီ။ ဝါးခမောက်နှင့်လူက ခြေသံတွင် ထူးခြားသည့် အတွင်းအားစွမ်းအင် တစ်မျိုး ထည့်သွင်းထားလေသည်။ ထိုသို့ ပြုလုပ်ခြင်းက ပိုင်ရှောက်လျို တစ်ယောက်တည်း အတွက်သာ ပြုလုပ်ခြင်း ဖြစ်လေသည်။ အခြားမည်သည့် လက်နက်မျှ အသုံးပြုခြင်း မရှိသည့်တိုင် ခြေတစ်ချက်လှမ်းတိုင်း ထွက်ပေါ်လာသည့် စွမ်းအားက ပိုင်ရှောက်လျို၏ အတွင်းအားနှင့် သွေးလည်ပတ်မှုကို ရိုက်ခတ်နေလေသည်။ ထိုသို့ ရိုက်ခတ်မှုက သူ၏ အသားကို ဓားဖြင့် မွှန်းနေသကဲ့သို့ နာကျင်ခံစားရလေသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ဝါးခမောက်နှင့်လူမှာ ပိုင်ရှောက်လျိုကို မသတ်ခင်တွင် သူ့ထံသို့ အလိုလို ဝပ်တွားလာအောင် လုပ်ဆောင်နေသည်မှာ ထင်ရှားနေပေသည်။
ရော့ရှီလေးက သူမ၏ ပါးစပ်နှင့်လက်များကို အမြန်သုတ်လိုက်သည်။ ထို့နောက် ရိုရိုသေသေ ဖြင့်ပင် ပိုးလက်ကိုင်ပဝါလေးကို သူမ၏ ကိုကိုထံသို့ ပြန်ပေးလိုက်လေသည်။ ဆန်းလျန်က လက်ကိုင်ပဝါလေးကို ခပ်အေးအေးပင် ပြန်ယူလိုက်ရင်း …
“ရွှေဓားဘုရင် ကျုပ်တို့မတွေ့တာ ဆယ့်ခုနစ်နှစ်ရှိပြီ။ ခုထိ ကလေးတွေကို အနိုင်ကျင့်တတ် တုန်းပဲလား”
ဟု ပြောလိုက်လေတော့သည်။
ဆန်းလျန်၏ အသံမှာ ကျယ်လောင်ခြင်း မရှိပါ။ သို့သော် ဝင်ရောက်လာသည့် ခြေသံကိုတော့ လွှမ်းမိုးသွားနိုင်စွမ်း ရှိလေသည်။ ထိုအသံမှာ အရပ်လေးမျက်နှာသို့ ပျံ့နှံ့ထိုးဖောက် သွားလေသည်။
ဝါးခမောက် ဆောင်းထားသူ၏ ခြေလှမ်းများ ရပ်တန့်သွားလေသည်။ ဆန်းလျန်မှာ သူ့ကို ကျောပေးထားခြင်း ဖြစ်သောကြောင့် သူက ဆန်းလျန်၏ မျက်နှာကို မမြင်ရပါ။ သို့သော် ပြောလိုက်သည့် စကားသံရော မြင်နေရသည့် နောက်ကျောခိုင်း အနေအထားရောမှာ ရင်းနှီးနေသလို ခံစားရလေသည်။ သူသိသည့် တစ်စုံတစ်ယောက်များ ဖြစ်နေမည်လားဟု တွေးမိလိုက်သည့်တဒင်္ဂ … သူ မယုံကြည်နိုင် ဖြစ်သွားရလေသည်။
လူငယ်လေး ပိုင်ရှောက်လျိုမှာတော့ တစ်ကိုယ်လုံး ချွေးများ ရွှဲရွှဲ စိုနေလေပြီ။ ခြေသံ ပျောက်ကွယ်သွားသည့် အခါတွင်တော့ ပိုင်ရှောက်လျိုမှာ ကြမ်းပြင်ပေါ် လဲကျသွားပြီး အသက်ကို မနည်း ရှူနေရ ရှာလေတော့သည်။
ဝါးခမောက်နှင့်လူက လူငယ်လေးကို တစ်ချက် ကြည့်လိုက်ပြီး ဆန်းလျန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူဆောင်းလာသည့် ဝါးခမောက်ကို ဖြည်းဖြည်းချင်း ချွတ်လိုက် လေသည်။ ထိုအခါ ဦးခေါင်းထက်ရှိ ဖြူဖွေးနေသည့် ဆံပင်များနှင့် မျက်နှာထက်ရှိ ငွေရောင် မုတ်ဆိတ်မွေးများကို ရှင်းရှင်းလင်းလင်း မြင်ရလေတော့သည်။ သူ၏ ခန္ဓာကိုယ်ကြီးမှာတော့ ဝက်သစ်ချ ပင်ကြီးကဲ့သို့ ထောင်ထောင်မောင်းမောင်းနှင့် အားကောင်းသန်မာ နေဆဲပင်။
သို့သော် … လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ကိုင်ဆောင်ထားသည့် ဓားကောက်ကြီးကိုတော့ ကိုင်ထားခြင်း မရှိပါ။ သူ ဓားမကိုင်တော့သည်မှာ ကြာပြီ ဖြစ်လေသည်။
ဆယ်စုနှစ်တစ်ခု ကျော်သည့်တိုင် သူ့မျက်နှာမှာ သိသိသာသာ အိုမင်းသွားခြင်း မရှိသလို အရေးအကြောင်းများ ထင်နေခြင်းလည်း မရှိသေးပေ။
“မင်းက ဆန်းလျန်လား”
ရွှေဓားဘုရင်က မေးလိုက်လေသည်။
ရွှေဓားဘုရင်မှာ နားမလည်နိုင် ဖြစ်နေရသည်။ ဆန်းလျန်မှာ ယခုဆိုလျှင် အသက် သုံးဆယ်ကျော်ခန့် ရှိလောက်ပြီ ဖြစ်လေသည်။ သို့သော် … ယခုတွေ့ရသည့် ဆန်းလျန်မှာ လွန်ခဲ့သည့် ဆယ်နှစ်ကျော်က သူတွေ့ခဲ့ရသည့် ဆန်းလျန်နှင့် တစ်ပုံစံတည်း မပြောင်းမလဲ ငယ်ရွယ်နုပျိုနေဆဲ ဖြစ်နေလေသည်။ သူက နှလုံးသားမရှိသည့် လူသားတစ်ယောက် ဖြစ်ခဲ့သည့်တိုင် ဆန်းလျန်အပေါ်တော့ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သူ ဖြစ်လေသည်။
တစ်စုံတစ်ရာကို ရွှေဓားဘုရင် သတိပြုလိုက် မိလေသည်။ သူဓားကို စွန့်လွှတ် ခဲ့ပြီးသည့်နောက် သိုင်းပညာမှ အဆင့်တက်ကာ ကျင့်စဉ်လမ်းကို လိုက်ခဲ့လေသည်။ ကျင့်စဉ်လမ်းသို့ လိုက်ခဲ့ ပြီးနောက်ပိုင်း သူ၏ စိတ်အာရုံများမှာ များစွာထက်မြက် လာခဲ့သလို သိုင်းစွမ်းမှာလည်း ဆယ်ဆခန့်ပိုပြီး အစွမ်း ထက်လာခဲ့လေသည်။
သူ၏ စိတ်တံခါးဝများ ပွင့်လာပြီး စိတ်အာရုံ စူးစိုက်မှုအဆင့်များ မြင့်တက်လာလေသည်။ သို့သော် လူ့လောကတွင် မိုးမြေစွမ်းအားများ နည်းပါးလွန်းသည့်အတွက် နတ်ဘုရား ကျင့်စဉ်များကို ထိရောက်စွာ ကျင့်ကြံနိုင်ခြင်း မရှိ ဖြစ်နေရလေသည်။ သူ့ဘဝတစ်ခုလုံး အထွတ်အထိပ်ဆုံချက်ပွင့်ပြီး တရားအလင်း မရမည်ကို သူက စိတ်ပူနေခဲ့လေသည်။
“စမ်းရေဓားကျမ်း” မှာ သူ၏ မျှော်လင့်ရာ ဖြစ်လေသည်။ ထိုဓားကျမ်းကို အစပိုင်းတွင် လူသိများခြင်း မရှိခဲ့ပါ။ သာမန် သိုင်းသင်တန်း ကျောင်းလေးတစ်ကျောင်းမှ ထိုဓားကျမ်းကို သင်ကြားပေးနေခြင်း ဖြစ်လေသည်။ ရုတ်တရက် ထိုသိုင်းသင်တန်း ကျောင်းမှ ပါရမီရှင် သိုင်းသမားတစ်ယောက် ထွက်ပေါ်လာပြီး စမ်းရေဓားသိုင်းကို အသုံးပြုကာ သိုင်းလောကထိပ်သီး ဆယ့်ရှစ်ယောက်ကို အနိုင်ယူခဲ့လေသည်။ အနိုင်ယူ တိုက်ခိုက်ပြီးသည်နှင့် သူက မိုးပေါ်ပျံကာ ထွက်ခွာသွားမြဲ ဖြစ်လေသည်။
အဘယ်ကြောင့် ထိုကိစ္စမျိုး ဖြစ်ရသည်ကို မည်သူမျှ မသိပေ။ သာမန် သိုင်းသင်တန်း ကျောင်းလေးမှ တပည့်များပင်လျှင် အမှန်တရားကို မသိရှိကြပေ။
လွန်ခဲ့သည့် လအနည်းငယ်ခန့်ကတော့ သတင်းတစ်ခု ပျံ့နှံ့လာလေသည်။ သာမန် သိုင်းသင်တန်း ကျောင်းလေးတစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီး တစ်ယောက်မကျန် သုတ်သင် ခံလိုက်ရသည် ဆိုသည့် သတင်းပင်။ သို့သော် သိုင်းသမား လူငယ်လေး တစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက် သွားလေသည်။
ထိုသိုင်းသင်တန်း ကျောင်းလေးကို အမြစ်ပြတ် သုတ်သင်လိုက်သည်မှာ သိုင်းဂိုဏ်းတစ်ခု ဖြစ်ပြီး ရွှေဓားဘုရင်မှာ ထိုသိုင်းဂိုဏ်းနှင့် ထဲထဲဝင်ဝင် ပတ်သက်မှု ရှိလေသည်။ ထို့ကြောင့် သူက ထိုကိစ္စများနှင့် ပတ်သက်ပြီး အသေးစိတ်ကို သိရှိ ထားလေသည်။
ရွှေဓားဘုရင်မှာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်ပြီး ဝိညာဉ်ဂျင်ဆင်းကိုသာ ကံကောင်း ထောက်မစွာဖြင့် စားသုံးခွင့် မရခဲ့လျှင် ယနေ့ ရောက်ရှိနေသည့် အဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်ပေ။
သူက အသက်ကြီးလာသည်နှင့်အမျှ အခြားသူများက ရန်မူမည်ကို သံသယလွန်နေကာ ဘဝကိုလည်း ပိုပြီး ဖက်တွယ်လာလေသည်။ ထို့ကြောင့် သူက ကျင့်စဉ်လမ်း အောင်မြင်ရန်အတွက် မည်သည့် အရာကိုမဆို လက်မလွှတ်စတမ်း ရယူမည် ဖြစ်လေသည်။
“ကျုပ်ကို မှတ်မိသေးတယ်မလား။ ခင်ဗျား အသက်ကြီးသွားလို့ သတိတွေ မေ့မသွား သေးပါဘူးနော်”
ဆန်းလျန်က ပြောလိုက်လေသည်။
ရွှေဓားဘုရင်မှာ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက် သွားလေသည်။ ပြီးမှ ပိုင်ရှောက်လျိုကို လက်ညှိုးထိုးလိုက်ပြီး ….
“မင်းက ဒီကောင်လေးကို ကာကွယ်ပေးနေတာ ဆိုရင်တော့ ကျုပ်သွားတော့မယ်”
ဟု ပြောလိုက်လေတော့သည်။
လွန်ခဲ့သည့် ဆယ်နှစ်ကျော်ခန့်ကပင် သူက ဆန်းလျန်ကို အနိုင်ရခဲ့သူ မဟုတ်ပေ။ ယခုအချိန်တွင် ဆန်းလျန်၏ အဆင့်မှာ မည်မျှမြင့်မားနေပြီ ဖြစ်ကြောင်း သူ့အနေဖြင့် ခန့်မှန်း၍ပင် မရတော့ပေ။
ထိုင်နေရင်းဖြင့် သူ့ကို ပြုံးပြနေသည့် ဆန်းလျန်၏ မျက်နှာကို မြင်ရသည်မှာပင် သူ့ထက်များစွာ အဆင့်မြင့်သည့်ပုံ ပေါက်နေလေသည်။ သူက ဆန်းလျန်နှင့်ပင် မျက်လုံးချင်း မဆုံရဲလောက်အောင် ဖြုံနေ မိလေသည်။ ဆန်းလျန်ထံမှ ခြိမ်းခြောက်နေသည့် အငွေ့အသက်များကို ခပ်ပါးပါးလေး ခံစား နေရလေသည်။
လွန်ခဲ့သည့် ဆယ့်ခြောက်နှစ်ကပင် ဆန်းလျန်မှာ သိုင်းလောကတွင် ဆရာတစ်ဆူ ဖြစ်လေသည်။ ထိုအချိန်တုန်းက ထိုလူငယ်လေးမှာ အရွယ်ပင် မရောက်သေးပေ။ ယခုအချိန်မှာတော့ မခန့်မှန်း နိုင်လောက်အောင် အဆင့်မြင့်သည့် ပညာရှင်တစ်ယောက် ဖြစ်နေပေပြီ။
“ဒါဖြင့် ခင်ဗျားသွားပေတော့”
ဆန်းလျန်က ပြန်ပြောလိုက်လေသည်။ ရွှေဓားဘုရင်က ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး ပိုင်ရှောက်လျိုကို လှည့်ပင် မကြည့်တော့ပေ။ သူက ဝါးခမောက်ကို ပြန်ဆောင်းလိုက်ပြီး ထွက်ခွာရန် ပြင်ဆင် လိုက်လေသည်။ ထိုအချိန်တွင် ဆိုင်ရှင် အမျိုးသမီးက ဝင်ပြောလိုက်သည်။
“ပျက်စီးသွားတဲ့ စားပွဲကုလားထိုင်ဖိုးတွေရယ် ဒီကောင်လေး ဆေးကုသ စရိတ်ရယ် လျော်ကြေး မပေးရင် ထွက်သွားဖို့တော့ မစဉ်းစားနဲ့နော်”
ရွှေဓားဘုရင်မှာ အနည်းငယ် ဒေါသထွက်သွားပြီး နှာတစ်ချက် မှုတ်လိုက်လေသည်။
“ဒီလောက် ပိုက်ဆံလေးကတော့ ခင်ဗျား တတ်နိုင်ပါတယ်ဗျာ။ သူမက အလျော်တောင်းမှတော့ ပေးလိုက်တော့ပေါ့။ ပြီးတော့ ကျုပ်စားထားတာလေးတွေပါ တစ်ခါတည်း ရှင်းသွားပေးရင် အရမ်း ကောင်းမှာပဲ”
ဆန်းလျန်၏အသံက ထပ်မံထွက်ပေါ်လာလေသည်။
ရွှေဓားဘုရင်မှာ သူ၏ဒေါသများကို မျိုသိပ်ကာ ငွေရှင်းကောင်တာရှေ့သို့ သွားလိုက်ပြီး ငွေတုံး တစ်တုံး ချပေးလိုက်လေသည်။ ငွေတုံးမှာ ကောင်တာထဲတွင် နစ်မြုပ်ဝင်သွား လေသည်။
“ဒီမှာပိုက်ဆံ”
ဟု သူက ရေရွတ်လိုက်လေသည်။
သူ့ဘဝ တစ်လျှောက်လုံးတွင် ဤမျှလောက် တစ်ခါမှ အရှက်မကွဲ ခဲ့ဖူးပေ။
ရွှေဓားဘုရင်ထွက်ခွာသွားသည်နှင့် ဆန်းလျန်က ရော့ရှီလေးကို ကောက်ချီလိုက်ပြီး ထွက်ခွာသွားရန် ပြင်ဆင်လိုက်လေသည်။
ဆိုင်ရှင် အမျိုးသမီးက ဆန်းလျန်ဆီသို့ လျှောက်လာလေသည်။ ရွှေဓားဘုရင် ထားခဲ့သည့် ကောင်တာပေါ်မှ ငွေတုံးလေးကို သူမလက်ထဲတွင် ကိုင်ထားလေသည်။
“ရှင်က တကယ် စိတ်ထားကောင်းတာပဲ သခင်လေး။ အဘိုးကြီး အသက်ကိုတောင် ကယ်လိုက်တယ်”
သူမက ပြောလိုက်လေသည်။
သူမပြောသည့် စကား၏ အဓိပ္ပာယ်ကို ဆန်းလျန် နားလည်လိုက်ပါသည်။ ဆန်းလျန်ကြောင့်သာ မဟုတ်လျှင် သူမက ရွှေဓားဘုရင်နှင့် ကိစ္စရှင်းမည် ဖြစ်လေသည်။ ရွှေဓားဘုရင်မှာ ဆိုင်ရှင် အမျိုးသမီးကို ယှဉ်နိုင်မည် မဟုတ်ပေ။ ထိုအချက်ကို ဆန်းလျန် သိထားလေသည်။
ထို့ကြောင့်ပင် ဆန်းလျန်က ရွှေဓားဘုရင်ကို ပိုက်ဆံ အလျော်ပေးဖို့ ပြောလိုက်ရခြင်း ဖြစ်လေသည်။ ငွေသားတစ်တုံးမှာ လူ့အသက်တစ်ချောင်းက ပိုပြီးတန်ဖိုးရှိသည် မဟုတ်ပါလား။
“ကျုပ်တို့အချင်းချင်း သိကြတဲ့ သူတွေမို့လို့ ဒီလိုမျိုး လုပ်လိုက်တာပါ။ ကျုပ်တို့က နီးစပ်ကြတဲ့ သူတွေပါ။ ခင်ဗျားအတွက် သိပ်ပြီးပြဿနာ မရှိဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ ရပ်တန့် နိုင်သွားမှာပါ ဆိုင်ရှင်အစ်မ”
ဆိုင်ရှင် အမျိုးသမီးမှာလည်း ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်း ဆန်းလျန် သိထားလေသည်။ သို့သော် သူမသည် မည်သည့် နတ်ဘုရား ကျောင်းတော်မှ တပည့်ဖြစ်သည်ကို ဆန်းလျန် မသိပါ။ ထို့အတူ သူမကျင့်ကြံနေသည့် ကျင့်စဉ်ကိုလည်း ဆန်းလျန် မသိပါ။
“ကျွန်မကို ဆိုင်ရှင် အစ်မလို့ မခေါ်ပါနဲ့။ ရှင့်နာမည်က ဆန်းလျန်မလား။ “လျန်” ဆိုတဲ့ စာလုံးက ဘာအဓိပ္ပာယ်လဲဆိုတာ သိခွင့် ရှိနိုင်မလား”
သူမက မေးလိုက်လေသည်။
သူမ၏ မျက်ခုံးလေးများက လှပစွာ တွန့်ချိုးသွားသည့် အခါတွင်တော့ မျက်လုံးထောင့်မှ အရေးအကြောင်း လေးများကို မြင်ရလေသည်။
“ရွှေစင်သတ္တုလို့ အဓိပ္ပာယ်ရတဲ့ “လျန်”ပါ။ ဒါပေမယ့် ကျုပ်ကို ချင်းရှလို့ ခေါ်လို့ရပါတယ်”
ဆန်းလျန်က ယဉ်ကျေးစွာပင် ပြန်ပြောလိုက်လေသည်။
“ကျွန်မ မျိုးရိုးနာမည်က “ကျိုး” ပါ။ ကျိုးမင်းဆက်ရဲ့ ကျိုးမျိုးနွယ်ပေါ့။ နာမည်ကတော့ “လင်” ပါ။ ခွက်ဖလားလို့ အဓိပ္ပာယ်ရတဲ့ “လင်” ပါ”
ဆိုင်ရှင်အမျိုးသမီးက သူမကိုယ်သူမ မိတ်ဆက်လိုက်လေသည်။
ဆန်းလျန်က ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး ရော့ရှီလေးကို ခေါ်ကာ ထွက်ခွာလာခဲ့ လေတော့သည်။ “ကျိုး” မင်းဆက်၏ မျိုးနွယ်မှာ “ကျိုး” ဖြစ်သကဲ့သို့ လက်ရှိ ဘုရင်မကြီး၏ မျိုးနွယ်မှာလည်း “ကျိုး” ဖြစ်သည်ဟု ဆန်းလျန် တွေးနေမိလေသည်။
ပိုင်ရှောက်လျိုမှာ ထိုသူနှစ်ယောက် ပြောနေသည့် စကားများကို နားထောင်နေသည့်တိုင် တစ်လုံးမျှ နားမလည်ပေ။ သို့သော် … ဆန်းလျန်မှာ ထိုညက သူ့ကို ကယ်တင်ခဲ့သည့်သူမှန်း မှတ်မိ သွားလေတော့သည်။
သူက မတ်တတ်ရပ်ရန် ကြိုးစားသော်လည်း မထနိုင် ဖြစ်နေရလေသည်။ သူ့ပါးစပ်များမှာလည်း ခြောက်သွေ့နေပြီး စကားသံလည်း ထွက်မလာနိုင်ပေ။ သူက ဆန်းလျန်နှင့် ရော့ရှီ ထွက်ခွာသွားသည်ကို ငေးကြည့်ရုံသာ တတ်နိုင်ခဲ့လေသည်။ သူ၏ ရင်ထဲတွင်တော့ ဆန်းလျန်အပေါ်တွင် အသက် နှစ်ချောင်းစာ အကြွေးတင်သွားပြီ ဖြစ်ကြောင်း တွေးနေမိလေတော့သည်။