Switch Mode

အခန်း (၁၀၄)

နက်ရှိုင်းစွာစီးဆင်းနေဆဲရေပြင်

ကျောက်ရှန့်မှာ ဆန်းလျန်ကို အမှန်ပင် အံ့သြမိလေပြီ။ ကျောက်ရှန့်က ဆန်းလျန်ကို လှည့်စားခဲ့မိသည့်အတွက် ရှင်းပြရန် ကြိုးစားလိုက်လေသည်။ သို့သော် သူ မရှင်းပြနိုင်မီမှာပင် ဆန်းလျန်က စကား ဆက်ပြောလိုက်လေသည်။

“ယခင် ဘုရင်မင်းမြတ်မှာ သားတော်ငါးပါး ရှိတယ်လို့ ကြားဖူးတယ်။ သားတော်ငါးပါးမှာ သုံးပါးက အိမ်ရှေ့မင်းသားဖြစ်ဖို့ အလားအလာရှိတယ်။ ပထမဆုံး အိမ်ရှေ့စံက တကယ့်ကို ပါရမီရှင်ပဲ။ ဒါပေမယ့် ထူးဆန်းစွာ သေဆုံးခဲ့ရတယ်။ ဒုတိယ အိမ်ရှေ့စံဖြစ်တဲ့ မင်းရဲ့ ဦးရီးတော်ကလည်း အခုဆို နန်းချ ခံထားရပြီး ထိန်းသိမ်း ခံထားရတယ်လို့ ကြားတယ်။ မင်းရဲ့ဖခင် တတိယ သားတော်ကတော့ ဘုရင်မင်းမြတ်ရဲ့ ချစ်ခင်ခြင်းကို မခံခဲ့ရဘူး။ ဒါပေမယ့် အိမ်ရှေ့မင်းသား အရိုက်အရာအတွက် သူပဲ ကျန်တော့တယ်။ ပြီးတော့ ခုအတိုင်းသာဆိုရင် အိမ်ရှေ့စံ နေရာဟာ ဘယ်လောက်တောင် အန္တရာယ်များတဲ့ နေရာဖြစ်နေပြီလဲ။ မင်းရဲ့ ဖခင်ဟာ အိမ်ရှေ့စံရာထူးကို စွန့်လွှတ် သင့်ပေမယ့် သူက လက်ခံထားဆဲပဲ။ ဒါကြောင့် လမ်းပေါ်မှ ပြောဆိုနေကြတာ ကြားတာတော့ မင်းရဲ့ ဖခင်ဟာ အသုံးမကျ အရမ်း မိုက်မဲတာပဲတဲ့။ မင်းကရော မင်းရဲ့ ဖခင်ကို ဘယ်လိုထင်လဲ”

ကျောက်ရှန့်မှာ ဆန်းလျန်၏ စကားများကြောင့် အသက်ပင် အောင့်ထားမိလေသည်။ သူက ငယ်ငယ်ကတည်းကပင် ရဲစွမ်းသတ္တိရှိပြီး ပြတ်သားသူတစ်ယောက် ဖြစ်လေသည်။ အကြင်နာတရား ကင်းမဲ့သည့် သူ၏ဘွားတော် ဘုရင်မကြီးပင်လျှင် သူ့ကို မလေးစားဘဲ မနေရဲပေ။ ဘွားတော်က သူမ၏ ဖခင်ကို အေးစက်စက် ဆက်ဆံသည့်တိုင် သူ့ကိုတော့ တလေးတစား ရှိခဲ့လေသည်။

သူ၏ဖခင် အိမ်ရှေ့မင်းသားအရာ ရရှိခြင်းမှာ ဘွားတော်က သူ့ကို ချစ်ခင်၍ ဖြစ်သည်ဟုပင် လူအများက ပြောဆိုနေကြ သေးသည်။ သို့သော် … ငယ်စဉ်ကပင် သမိုင်းပညာကို လေ့လာသင်ယူ ခဲ့သူပီပီ နန်းတွင်းအခြေအနေ မည်မျှ ရှုပ်ထွေးနေကြောင်း သူ နားလည်ထားပါသည်။ ထို အရှုပ်အထွေးများထဲသို့ တိုးမဝင်သင့်ကြောင်းလည်း သူနားလည်ထားပါသည်။ သို့သော် … သူ၏ ဖခင်ကတော့ အိမ်ရှေ့မင်းသားအရာ ပေးအပ် ခံရသည့်အခါ မငြင်းဆန်ခဲ့ပါ။ သူက ဝမ်းမြောက် ဝမ်းသာပင် ထိုရာထူးကို လက်ခံခဲ့လေသည်။

ယခု အချိန်များတွင်တော့ ဘုရင့်နန်းတော်တွင် သူနေထိုင်ရသည့် အနေအထားမှာ ရေခဲ အလွှာပါးလေးပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ အန္တရာယ် များလှလေသည်။ ထို့ပြင် ဖခင်ဖြစ်သူ မှာလည်း ထူးဆန်းစွာ ရောဂါစွဲကပ် လာရသည်။ မည်သည့် သမားတော်မှလည်း ထိုရောဂါကို ကုသ မပေးနိုင်ပေ။

ထို့ပြင် သူ၏ ဘွားတော်မှာလည်း ဖခင်ဖြစ်သူ၏ ကျန်းမာရေး အခြေအနေကို တစ်ခွန်းမျှပင် မေးမြန်းခြင်း မရှိပေ။

သူက ဘုရင့်အနွယ်တော် တစ်ပါး ဖြစ်သည့်တိုင် ငယ်ရွယ်လွန်းသူ ဖြစ်သည့်အတွက် စိတ်ရှုပ်ကာ ဒုက္ခတွေ့နေ ရလေတော့သည်။ ထိုသို့ မဟုတ်လျှင် သူ ဆန်းလျန်ကို လာရှာမိမည် မဟုတ်ပေ။

ဆန်းလျန်မေးသည့် မေးခွန်းကို ဖြေကြားရန်အတွက် … သားတစ်ယောက် အနေဖြင့် ဖခင်ဖြစ်သူကို အပြည့်အဝ နားလည်ထားပါသည်။ သူ၏ ဖခင်မှာ အလွန်ထက်မြက်သူ တစ်ယောက် မဟုတ်သည့်အပြင် သူ၏ မိခင်ရင်းမှ သူ့ကို ချစ်ခင်လာအောင်လည်း ပြုမူ နေထိုင်ခြင်းမျိုး မရှိခဲ့ရှာပေ။ ထို့ကြောင့် ကျောက်ရှန့် ကိုယ်တိုင်ကလည်း လူမသိ သူမသိသာ သွားလာနေထိုင်ခဲ့လေသည်။ သူက နန်းတွင်းတွင် အခြားသူများနှင့် အလိုက်အထိုက်သာ နေထိုင်ခဲ့ပြီး သူ၏ သဘောထား အမြင်များကို ထုတ်ဖော် ပြောဆိုခြင်းမျိုး မပြုလုပ်ခဲ့ပေ။

သို့သော် … ယခုတော့ စဉ်းစားရတော့မည်။ သူတို့ မိသားစုက နှစ်ပေါင်းများစွာ အေးချမ်းစွာ နေခဲ့ကြသည့် မိသားစု ဖြစ်လေသည်။

ကျောက်ရှန့်မှာ ဉာဏ်ကောင်းသူ ဖြစ်သည့်အတွက် ဆန်းလျန်ဆိုလိုသည့် အဓိပ္ပာယ်ကို ကောင်းစွာ သဘောပေါက်လေသည်။ သူက ဆန်းလျန်မှာ ကြောက်ရွံ့သောကြောင့် မကူညီခြင်း ဖြစ်မည်ဟု ရုတ်တရက် တွေးလိုက်မိသော်လည်း တကယ်တမ်း ဆန်းလျန်၏ ပုံစံကို ကြည့်ရသည်မှာ ထိုသို့ မဟုတ်ပေ။ ဆန်းလျန်၏ ပုံစံမှာ လူတိုင်းက ရှိန်ရလောက်အောင် စွမ်းအားပြည့်ဝပြီး ဗဟုသုတလည်း ကြွယ်ဝလွန်းလေသည်။ ဆန်းလျန်ရင်ထဲမှ အတွေးများကို မည်သူ ခန့်မှန်း နိုင်မည်လဲလေ။

သို့သော် … သူက သူ့ရင်ထဲမှ မရေရာမှုများကို ဆန်းလျန်ကို ထုတ်မမေးတော့ဘဲ မျိုသိပ် ထားလိုက်လေသည်။ သူ့မျက်နှာတွင် မည်သည့် ခံစားချက်မှ မပေါ်အောင် ထိန်းသိမ်း ထားလိုက်သည်။

သူတို့ ခဏတာ စကားစမြည် ပြောဆို ကြပြီးနောက် ကျောက်ရှန့် ပြန်သွားလေသည်။

ကျောက်ရှန့် ထွက်ခွာသွားသည်ကို ဆန်းလျန် ကြည့်နေပြီးမှ သူ့အကြည့်ကို ဘုရင့် နန်းမြို့တော်ဆီသို့ ကူးပြောင်းလိုက်သည်။ ကြွယ်ချမ်းသာခြင်းနှင့် ဂုဏ်အသရေများမှာ လေးလံ လွန်းလှပေစွ။

“ကိုကို သမီး ဗိုက်ဆာတယ်”

သူ့နောက်မှ ရော့ရှီ၏ အသံလေး ထွက်လာလေသည်။

ဆန်းလျန်က သူမကို ကောက်ချီလိုက်ရင်း ရယ်မောလိုက်လေသည်။

“ဒီနေ့တော့ အပြင် လျှောက်သွားပြီး မုန့်ဝေတဲ့ နေရာတွေက မုန့်တွေ သွားမယူတော့ဘူးလား”

“သမီးကို ဒီနေ့ စားကောင်းတာ တစ်ခုခု ဝယ်ကျွေးပါလား”

ရော့ရှီလေးက ပြောရင်းနှင့်ပင် ဆန်းလျန်၏ မေးဖျားလေးကို ကိုင်လိုက်ရင်း…

“ရှီအော်ရဲ့ ကိုကိုက သိပ်ချောပြီး ကြည့်ကောင်းတာပဲ”

ဟု ထပ်ပြောလိုက်လေသည်။

“ဟုတ်ပါပြီ။ ဒါဖြင့်လည်း “ဖူမန်လော်” မှာ ဘဲကင် သွားစားကြမယ်လေ။ ပြီးတော့ အရက်ရော သောက်ချင်သေးလား”

ဆန်းလျန်က မေးလိုက်လေသည်။

“ရှီအော်က အရမ်းငယ်သေးတယ်။ အရက်သောက်လို့ မရဘူး။ ကိုကိုလည်း မသောက်ရဘူးနော်”

ရော့ရှီလေးက ဆန်းလျန်ဆံပင်များကို စည်းနှောင်ထားသည့် ကြိုးကို လှမ်းဆွဲရင်း ပြောလိုက်လေသည်။

***

ဖူမန်လော်တွင် သီးသန့်အခန်း မရှိပါ။ ဖူမန်လော်မှာ ဆန်းလျန်တို့နေသည့် နေရာနှင့် တစ်လမ်းထဲတွင် တည်ရှိလေသည်။ လမ်းနံဘေးတွင် စီးဆင်းနေသည့် မြစ်တစ်စင်းကို တွေ့နိုင်သည်။ ထိုမြစ်ကို အန်းဖင်တူးမြောင်းဟု ခေါ်လေသည်။ ထိုမြစ်မှာလည်း ဆန်းတုမြို့တွင် အကြီးဆုံး မြစ်ဖြစ်ပြီး ပေနှစ်ရာခန့် ကျယ်ပြန့်လေသည်။

အမှန်တော့ ထိုမြစ်မှာ မြစ်အစစ် မဟုတ်ပါ။ ဘုရင်မကြီး အမိန့်ဖြင့် တူးဖော်ထားသည့် မြစ်ဖြစ် လေသည်။ ထိုမြစ်မှ မြို့တော် အပြင်ဘက်ရှိ စိုက်ခင်းများကို ရေပေးဝေရန် ဖြစ်လေသည်။ ထိုမြစ် မတူးဖော်ခင်က မြို့တော်တွင် ဆန်ဈေး ကြီးမြင့်ပြီး ရပ်တည်ရ ခက်ခဲလေသည်။ အန်းဖင်တူးမြောင်း ဖောက်လုပ်ပြီးသည့် နောက်ပိုင်း ဘုရင်မကြီးက သူ၏ လူများကို ဆန်မျိုးကောင်း မျိုးသန့်များ ရရှိအောင် စိုက်ပျိုးရန် ညွှန်ကြားလေသည်။ ထို့နောက်ပိုင်းတွင်တော့ ဆန်းတုမြို့တော်တွင် ဆန်ဈေးမှာ သိသိသာသာ ကျဆင်း သွားရလေသည်။

ဘုရင်မကြီး လုပ်ခဲ့သည့် ပြုပြင် ပြောင်းလဲမှုများမှာ များစွာရှိသေးသည်။ ဘုရင်မကြီး ပြုလုပ်ခဲ့သည့် အရာများမှာ သာမန် လူများအတွက်တော့ ကျေနပ်စရာ ရှိလောက်ပေသည်။

ဖူမန်လော်မှာ စားသောက်ဆိုင်တစ်ဆိုင် မဟုတ်ပါ။ အန်းဖင်တူးမြောင်း နံဘေးတွင် ဖွင့်လှစ်ထားသည့် တည်းခိုရိပ်သာတစ်ခု ဖြစ်လေသည်။

တည်းခိုရိပ်သာ ပိုင်ရှင်မှာ ချောမောလှပသည့် အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦး ဖြစ်လေသည်။ သူမ၏ အလှကို ခဏတာ မြင်ရဖို့အတွက် ဖူမန်လော်တွင် လာရောက် စားသောက်ကြသည့် လူများလည်း ရှိလေသည်။

လူအများ ပြောကြသည်ကတော့ သူမက မုဆိုးမတစ်ယောက် ဖြစ်ပြီး သူမက ပျော်ရွှင်စရာ မိသားစု ဘဝလေး တည်ဆောက်ချင်ခဲ့သူ ဖြစ်လေသည်။ သူက ဖူမန်လော် တည်းခိုရိပ်သာကိုလည်း ဖူမန်လော် စားသောက်ဆိုင်လေးအဖြစ် ပြောင်းလဲ ဖွင့်လှစ်ချင်နေသူ ဖြစ်လေသည်။

ဖူမန်လော်မှာ အမြဲတမ်းတော့ လူပြည့်မနေပါ။ ပိုင်ရှင် အမျိုးသမီးအပေါ် အသားယူရန် လာကြသည့် သူများမှာလည်း သူမကို ထိ၍ မရကြောင်း သိသွားသည့် နောက်ပိုင်း လာရောက် စားသောက်ခြင်း မရှိကြတော့ပေ။

သို့သော် ပိုင်ရှင်အမျိုးသမီးမှာ ချောမောလှပရုံသာမက အချက်အပြုတ်လည်း တော်သူ ဖြစ်လေသည်။ ထို့ကြောင့်ပင် စားသုံးသူ ဧည့်သည်များကို ထိန်းထားနိုင်ခြင်း ဖြစ်လေသည်။ သို့သော် သူမ၏ ဆိုင်တွင် ဧည့်သည်မမြဲပေ။ အဘယ်ကြောင့်ဆိုသော် သူမချက်သည့် အစားအသောက်များမှာ ကောင်းသည့်အခါ ကောင်းသလို ဆိုးသည့် အခါလည်း ဆိုးသောကြောင့် ဖြစ်လေသည်။

သူမ လက်ရာကောင်းလျှင် ဘုရင့် စားဖိုမှူးထက်ပင် သာလေသည်။ သူမလက်ရာ ဆိုးလျှင်တော့ ဝက်စာလောက်ပင် အရသာမရှိပေ။

သူမချက်သည့် ဟင်းများ၏ ပုံသဏ္ဌာန်ကို ကြည့်ပြီး ကောင်းမည် မကောင်းမည်ကိုလည်း ခန့်မှန်း၍ မရပေ။ စားကြည့်မှသာ အကောင်းအဆိုး သိနိုင်လေသည်။

လွန်ခဲ့သည့် နှစ်လခန့်က ဖူမန်လော်တွင် ဆန်းလျန်လာရောက် စားသောက်ဖူးလေသည်။ ဆန်းလျန်မှာ ကံကောင်း၍ ဖြစ်မည်ထင်သည်။ ထိုနေ့က စားရသော ဘဲကင်အရသာမှာ လွန်စွာမှ ထူးကဲ ကောင်းမွန်လေသည်။ ယနေ့ တိုင်အောင်တောင် ဆန်းလျန်မှာ မမေ့နိုင်သေးပေ။

ယခု တစ်ကြိမ် ဖူမန်လော်သို့ ရောက်လာသည့် အခါတွင်တော့ ဆန်းလျန်မှာ အံ့သြ သွားရလေသည်။ အဘယ်ကြောင့်ဆိုသော် ဆိုင်တွင် ဧည့်သည်တစ်ယောက်မှ မရှိသောကြောင့် ဖြစ်လေသည်။

ပိုင်ရှင်အမျိုးသမီးမှာ အသက်သုံးဆယ်ခန့် ရှိပြီဖြစ်ပြီး ကျက်သရေရှိစွာ လှပနေဆဲ ဖြစ်လေသည်။ ဆန်းလျန်ကို တွေ့သည့်အခါ ဝမ်းသာအားရဖြင့် ကြိုဆိုလိုက်လေသည်။ သူမ၏ သေးသွယ်သည့် ခါးလေးမှာ လေထဲမှ ကျူပင်လေးအလား ယိမ်းနွဲ့နေလေသည်။ သူမ၏ သွယ်လျသည့် ခန္ဓာကိုယ်မှာ လွန်စွာမှ လှပလေသည်။

“ဘာများသုံးဆောင်ချင်ပါသလဲ သခင်လေး”

သူမက မေးလိုက်သည်။

ဆန်းလျန်မဖြေမီ ရော့ရှီက ဝင်ပြောလိုက်လေသည်။

“ဘဲကင် နှစ်ကောင်ပေးပါ။ အရက် မယူဘူးနော်”

ပိုင်ရှင် အမျိုးသမီးက ရယ်မောလိုက်လေသည်။ သူမက ရော့ရှီလေးကို သဘောကျသွားပြီး ဆန်းလျန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဆန်းလျန်က သဘောတူသည့် အနေဖြင့် ခေါင်းညိတ် ပြလိုက်လေသည်။

“ရှောင်ပိုင် စားပွဲအမြန် လာသုတ်ပေးစမ်း။ ငါ သွားပြီး ချက်ပြုတ်လိုက်ဦးမယ်”

ပိုင်ရှင် အမျိုးသမီးက အော်ပြောလိုက်လေသည်။

ထိုသို့ ပြောပြီးသည်နှင့် သူမက မီးဖိုချောင်အတွင်းသို့ တန်းဝင်သွားလေသည်။

ဆိုင်ထောင့် တစ်ထောင့်တွင် အိပ်ငိုက်နေသည့် ရှောင်ပိုင်ဆိုသည့် စားပွဲထိုးလေးမှာ ဆိုင်ပိုင်ရှင်၏ အသံကြောင့် ခေါင်းထောင် ကြည့်လိုက်လေသည်။

ရှောင်ပိုင်မှာ လူငယ်လေးတစ်ယောက် ဖြစ်လေသည်။ သို့သော် မျက်နှာထားကတော့ တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေသကဲ့သို့ တင်းမာခက်ထန် နေလေသည်။ သူက ဆန်းလျန်ကို မြင်တော့ အနည်းငယ် တုံ့ဆိုင်းသွားသည်။ သို့သော် ဆန်းလျန်ကတော့ မည်သည့် တုံ့ပြန်မှုမျှ မရှိပါ။

ရှောင်ပိုင်မှာ အမှောင်ည တစ်ညတွင် လမ်းပေါ်၌ အနက်ရောင်ဝတ် လူတစ်စု ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံခဲ့ရစဉ်တွင် ဆန်းလျန် ကူညီပေးခဲ့သည့် အဖြူရောင်ဝတ် လူငယ်လေး ဖြစ်လေသည်။

သူ၏ နာမည်အရင်းမှာ ပိုင်ရှောက်လျို ဖြစ်လေသည်။ ထိုနေ့ညက သူက ဒဏ်ရာ အပြင်းအထန်ရပြီး ဖူမန်လော် တည်းခိုရိပ်သာရှေ့တွင် သတိလစ် မေ့မျောသွားခဲ့ခြင်း ဖြစ်လေသည်။ သူ့ကို ပိုင်ရှင်အမျိုးသမီးက ကယ်တင်ထားခဲ့ခြင်း ဖြစ်လေသည်။

ပိုင်ရှောက်လျို၏ စိတ်ထဲတွင် ဆန်းလျန်ကို ရင်းနှီးသလို ဖြစ်နေမိလေသည်။ သို့သော် သူက ဆန်းလျန်ကို မမှတ်မိပါ။ ထိုနေ့ညက ဖြစ်ခဲ့သည့် အဖြစ်အပျက်များမှာ ဝိုးတဝါး ဖြစ်နေသည့်အတွက် ဆန်းလျန်ကို မမှတ်မိနိုင် ဖြစ်နေရလေသည်။

ခဏကြာသည့် အခါတွင်တော့ ဘဲကင်များ ပြင်ဆင်ပြီး စားပွဲပေါ်သို့ ရောက်လာလေသည်။ ဘဲကင် အချပ်လေးများမှာ ညီညာနေလေသည်။ သာမန်လူကတော့ လှပစွာ တည်ခင်းထားသည်ဟု မြင်မည်ဖြစ်သော်လည်း ဆန်းလျန်၏ မျက်ဝန်းထဲတွင်တော့ သပ်ရပ်သည့် ဓားသိုင်း ကျွမ်းကျင်မှု တစ်ခုဟု မြင်မိလေသည်။

ဘဲကင်ကို အလွန်သပ်ရပ်စွာ ပြင်ဆင်ထားပြီး အရိုးများ အသားများကို ညီညာစွာ ပိုင်းဖြတ် ထားလေသည်။

အမှန်တော့ လူအများ သတိမထားမိသည်မှာ ဆိုင်ပိုင်ရှင် အမျိုးသမီး၏ လက်လေးများပင် ဖြစ်လေသည်။ သူမ၏ လက်များမှာ ဖြူစင်ပြီး နူးညံ့ချောမွေ့ နေလေသည်။

ဆိုင်ပိုင်ရှင် အမျိုးသမီးက ထူးခြားသည့်တိုင် ဆန်းလျန် ဆိုင်ကိုလာသည်ကတော့ အစားအသောက် စားရန်အတွက်သာ ဖြစ်လေသည်။ အခြား အကြောင်းထူးကိစ္စ မရှိပေ။

ပန်းကန်ထဲရှိ ဘဲကင်များ ကုန်သွားသည့်တိုင် သူထပ်ပြီး စားချင်စိတ် ဖြစ်နေမိလေသည်။

ယခု တစ်ခေါက်ဘဲကင်မှာ ယခင် တစ်ခေါက်ကထက်ပင် ပိုပြီး စားကောင်းနေသေးသည်။ ပိုင်ရှင် အမျိုးသမီးကလည်း သူမနေရာတွင် စားသောက်နေလေသည်။ ပိုင်ရှောက်လျိုကတော့ တံခါးကိုမှီပြီး နေပူစာ လှုံနေလေသည်။ ဧည့်သည်များကိုလည်း အရေးမလုပ်ပေ။ ဆိုင်ပိုင်ရှင် အမျိုးသမီးကလည်း သူ့ကို ဘာမှပြောကြားခြင်း မရှိပေ။

နေ့ခင်းအချိန် ဖြစ်သည့်တိုင် မြစ်ရေပြင်ဆီမှ အေးမြခြင်းကို ခံစားနေရလေသည်။

ဆန်းလျန်ကလည်း ဤလမ်းပေါ်တွင်ပင် ဆေးခန်း ဖွင့်ထားခြင်းဖြစ်ပြီး သူ၏ ဆေးခန်းက ဤ စားသောက်ဆိုင်ထက်ပင် ပို၍ နေရာကျသေးသည်။

ရော့ရှီမှာ အမှန်တကယ် စားသုံးသူ ဖြစ်လေသည်။ သူမက ဘဲကင် တစ်ချပ်ပြီးတစ်ချပ် အငမ်းမရ စားနေပြီး ဆန်းလျန်ထက်ပင် ပိုစား နိုင်နေသေးသည်။

ရုတ်တရက် …

ပိုင်ရှောက်လျိုမှာ ဆိုင်အတွင်းသို့ လွင့်စဉ်လာလေသည်။ သူလွင့်စဉ် လာသည်မှာ
ဆန်းလျန်၏ စားပွဲ တည့်တည့်ဆီသို့ ဖြစ်လေသည်။

ကံကောင်းသည်မှာ ပိုင်ရှောက်လျိုက သူ့ခန္ဓာကိုယ်ကို အချိန်မီ ထိန်းလိုက်နိုင်သည့် အတွက် ဆန်းလျန်တို့ ထိုင်နေသည့် စားပွဲသို့ မရောက်ခင် ဘေးနားရှိ စားပွဲပေါ်သို့ ပြုတ်ကျ သွားရလေသည်။

ရော့ရှီလေးမှာတော့ သူမ၏ ဘဲကင် ပန်းကန်အတွင်းသို့ ဖုန်မှုန့်များ လွင့်စဉ်လာသည့်အတွက် မကျေမနပ် ဖြစ်သွားရလေတော့သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset