လူငယ်၏ ပုံပန်းသဏ္ဌာန်မှာ ဝင့်ဝင့်ကြွားကြွား ရှိလေသည်။ ရော့ရှီလေးက နူးညံ့လှပသည့် ပုံစံမျိုးလေး ဖြစ်ပြီး ဆန်းလျန်ကတော့ လွတ်လပ်သည့် ဟန်ပန်နှင့် ကျက်သရေရှိစွာ ချောမောသူ ဖြစ်လေသည်။ ဤသည်မှာ ဆန်းလျန်နှင့် ရော့ရှီကို လူငယ်နှင့် နှိုင်းယှဉ်ကြည့်ခြင်းပင် ဖြစ်လေသည်။
လူငယ်က ဆေးခန်းထဲသို့ ဝင်လာပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်လေသည်။ လူငယ်၏ မျိုးနွယ်မှာ “ကျောက်” ဖြစ်ပြီး အမည်မှာ “ရှန့်” ဖြစ်လေသည်။ “ကျောက်ရှန့်” ဟု အမည်ရလေသည်။ သူက ဆန်းလျန်၏ အမည်ကိုလည်း မေးလေသည်။ သူမေးသည့်ပုံမှာ ယဉ်ကျေးနှိမ့်ချသည့် ပုံစံဖြင့် မေးခြင်း ဖြစ်သောကြောင့် မည်သူမဆို သူ့ကို နှစ်သက်မိကြမည် ဖြစ်လေသည်။
ဆန်းလျန်က မသိသည့်သူကို လေ့လာ စူးစမ်းတတ်သည့် အလေ့အကျင့် ရှိလေသည်။ လူငယ်ဆီမှ ခရမ်းရောင် စွမ်းအားများ စီးထွက်နေသည်ကို ဆန်းလျန် သတိပြုလိုက်မိသည်။ ထိုစွမ်းအားများကို သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်ပါ။ စိတ်စွမ်းအားဖြင့် ခံစားကြည့်မှသာ မြင်နိုင်မည် ဖြစ်လေသည်။
ထိုစွမ်းအားများမှာ “ဘုရင့်စွမ်းအား” ဟု ပြော၍ရလေသည်။
တိုင်းပြည်များ စတင်တည်ထောင်ကြသည့် ဘုရင်များတွင် ထိုကဲ့သို့သော စွမ်းအား အငွေ့အသက်မျိုး ရှိကြလေသည်။ သူတို့မှာ နယမင်းမျိုးမင်းနွယ် မဟုတ်သလို အခွင့်အာဏာများ မရှိကြလျှင် တောင်မှ လူများက သူတို့ကို အလိုလို ဦးညွှတ်ကြလေသည်။
ဆန်းလျန်၏ အာရုံခံ စွမ်းအားမှာ အတုမရှိ မြင့်မားလွန်းလေသည်။ သူ၏ စိတ်ဝိညာဉ်မှာ လွန်စွာ စူးရှထက်မြက် လေသည်။ လူငယ်ထံတွင် မကောင်းသည့် အရိပ်အငွေ့တော့ မတွေ့ရပါ။ သို့သော် တာအို ကျင့်စဉ်ကဲ့သို့ စိတ်ကို ကြည်လင်စေသည့် အငွေ့အသက်မျိုးကိုတော့ တွေ့ရလေသည်။
ဆန်းလျန်က လူတစ်ယောက်ကို အကောင်းအဆိုး မသိဘဲ ရန်လိုတတ်သည့် သူတစ်ယောက် မဟုတ်ပါ။ ထို့ကြောင့် သူတို့နှစ်ယောက်ကြားတွင် နှစ်လိုဖွယ်ကောင်းသည့် ခံစားချက်များသာ ဖြစ်ပေါ် လာခဲ့လေသည်။
ဆန်းလျန်က ကျောက်ရှန့်မှာ မင်းမျိုးမင်းနွယ် တစ်ပါး ဖြစ်ရမည်ဟု ကောက်ချက်ချလိုက် လေသည်။ ထို့ကြောင့် ခရမ်းရောင် နဂါးစွမ်းအားကို တွေ့မြင်ရခြင်း ဖြစ်လေသည်။
ဤသည်မှာ ကျောက်ရှန့် အပေါ်တွင် တွေ့တွေ့ချင်း ဆန်းလျန် ဝေဖန်သုံးသပ်မိခြင်း ဖြစ်လေသည်။ ကျောက်ရှန့်ထံမှ ခရမ်းရောင်စွမ်းမှာ အလွန် အားကောင်းခြင်းတော့ မရှိပါ။ သို့သော် စွမ်းအားမှာ တည်ငြိမ်ပြီး စိမ့်ထွက် နေလေသည်။
ကြိုတင် သိမြင်နိုင်ခြင်း မရှိသည့် စွမ်းအားအချို့ကိုလည်း သူ့ထံတွင် တွေ့ရလေသည်။
ယနေ့ ကျောက်ရှန့်က ဆန်းလျန်ကို လာရောက်ရှာဖွေခြင်းမှာ တာအိုကျင့်စဉ် လမ်းအကြောင်း ဆွေးနွေးရန် ဖြစ်လေသည်။ တာ့ဝေ့တိုင်းပြည်တွင် တာအိုဝါဒနှင့် ဗုဒ္ဓဘာသာ နှစ်မျိုးစလုံး ကိုးကွယ် ယုံကြည်ကြသည့်တိုင် ဘုရင်မကြီးက ဗုဒ္ဓဘာသာကို ပို၍ သက်ဝင်ယုံကြည်လေသည်။ ကိုယ်ရေး ကိုယ်တာအရ ကိုးကွယ်ယုံကြည်သည့်အပြင် နိုင်ငံရေး ကိစ္စများအတွက်လည်း ကိုးကွယ် ဆည်းကပ်ခြင်း ဖြစ်လေသည်။
ယခုတော့ ဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ရှစ်ခုအပြင် နောက်ထပ် ကျောင်းတော်နှစ်ခုပင် ထပ်မံ ပေါ်ပေါက်လာပြီ ဖြစ်လေသည်။ ကျင်းတုကျောင်းတော်နှင့် ဖော်ရှင်းကျောင်တော် နှစ်ခုဖြစ်လေသည်။
ဖော်ရှင်းကျောင်းတော်မှာ ဗုဒ္ဓဘာသာ ကျောင်းတော်ဆိုသည့်တိုင် သင်ကြားပြသ ပေးမှုများမှာ တာအို ကျင့်စဉ်များနှင့် နီးစပ်လေသည်။ လက်ရှိ အချိန်ကာလမှာလည်း တာအိုဝါဒရော ဗုဒ္ဓဘာသာပါ ထွန်းတောက်နေသည့် ခေတ်ဖြစ်သောကြောင့် ဖော်ရှင်းကျောင်းတော်မှာ တာအိုဝါဒ ကိုးကွယ်သူများ အတွက်လည်း ကြွယ်ဝမှုနှင့် သြဇာအာဏာကို ပေးစွမ်းလေသည်။
ကျောက်ရှန့်က ခက်ခဲနက်နဲသည့် ကျင့်စဉ်များ အကြောင်းကို ဆန်းလျန်နှင့် ဆွေးနွေးလေ့ ရှိလေသည်။ ဆန်းလျန်မှာလည်း ကျင့်စဉ်လမ်းကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သည့် သူတစ်ယောက် ဖြစ်သည့်အတွက် ခက်ခဲနက်နဲသည့် ကျင့်စဉ်များကို ပြန်လည်ဆွေးနွေး ပေးနိုင်လေသည်။ ထို့ပြင်သူက ရှေးဟောင်း အတွေးအခေါ် ပညာရှင်ကြီးများ၏ အယူအဆများကိုပါ ကိုးကားဆွေးနွေး လေသည်။ သူက ဟိုတစ်စဒီတစ်စ ပြန့်ကျဲနေသည့် ကျောက်ရှန့်၏ ကျင့်စဉ်လမ်း အယူအဆများကို တစ်စုတစ်စည်း တည်း ပေါင်းစပ် မိသွားအောင် ပါရမီရှင် ပီသစွာ လမ်းပြပေးနိုင်လေသည်။
သူတို့ သုံးရက်ခန့် ဆွေးနွေးနေခဲ့ ကြလေသည်။ ကျောက်ရှန့်က မနက်စောစော ရောက်လာလေ့ရှိပြီး နေမွန်းမတည့်ခင် ပြန်သွားတတ်လေသည်။
ကျောက်ရှန့်မှာ သူ၏ သရုပ်မှန်ကို ဆန်းလျန်ကို ပြောပြခြင်း မရှိသေးပါ။ သို့သော် ကျောက်ရှန့်မှာ အလွန်မှ စိတ်ရှည်သူ တစ်ယောက်ဖြစ်ကြောင်း ဆန်းလျန် ရိပ်မိထားလေသည်။
ယနေ့တွင်တော့ ကျောက်ရှန့်က ဆန်းလျန်ကို တစ်စုံတစ်ခု တောင်းဆိုခဲ့လေသည်။
ထိုတောင်းဆိုမှုကြောင့်ပင် ဆန်းတုမြို့တော်တွင် ဆန်းလျန် ပထမဆုံး ဆေးကုသပေးရမည့် လူနာ တစ်ယောက် ရရှိခဲ့လေသည်။
ဘုရင့်မြို့ နေပြည်တော်တွင် နက်နဲသိမ်မွေ့မှုများ ရှိသလို အနှစ်သာရ ကင်းမဲ့မှုများလည်း ရှိလေသည်။ ဆန်းလျန် သမိုင်း စာအုပ်များကို လေ့လာထားခဲ့ခြင်းက မင်းမျိုးမင်းနွယ်များဖြင့် ပတ်သက် ဆက်နွယ် လာသည့်အခါ အသုံးဝင်လာလေသည်။
မင်းကြီးဟွမ်တီက ကွမ်းချန်ကျိထံတွင် တာအိုဝါဒအကြောင်း မေးမြန်းခဲ့သည်။ ဟန်တိုင်းပြည် ဘုရင်မင်းမြတ်ကို တာအိုဆရာ ကျန်းလျန်က ကူညီခဲ့သည်။ လျိုပန်း၊ ကျိုးထျန်နှင့် ကျန်းဆန်းဖုန်း တို့မှာလည်း “မင်” မင်းဆက်နှစ်ဆက်လုံးကို ကူညီခဲ့ဖူးလေသည်။
နာမည် ကျော်ကြားမှုကို မလိုချင်ကြသည့် ထိုတာအို ဆရာများမှာ အဘယ်ကြောင့် မင်းမျိုး မင်းနွယ်များနှင့် ပတ်သက်ရသည်ကို ဆန်းလျန် သေချာ နားမလည်နိုင်ပါ။
မိုးမြေ စွမ်းအားများ ပြောင်းလဲသွားခြင်းက တိုင်းပြည် အပြောင်းအလဲကို ဦးတည်စေလေသည်။ ဘုရင့်အမိန့်ကို နာခံရန်၊ ကံတရားအတိုင်း လက်ခံရန်မှာ လောကတွင် အရေးပါသည့် အချက်များ ဖြစ်လေသည်။
ဆန်းတုမြို့တော်၏ ဖုန်းဆွေဖွဲ့စည်းပုံမှာ သဘာဝအတိုင်းပင် အဆင့်မြင့်မား လွန်းလေသည်။ စွမ်းအားအလွှာလိုက် တည်ရှိနေသည်မှာလည်း လူများ နားလည်နိုင်စွမ်းထက် သာလွန်လေသည်။ ထိုသို့ ဖုန်းဆွေ ဖွဲ့စည်းပုံမျိုးမှာ တစ်နေ့နေ့ တစ်ချိန်ချိန်တွင်တော့ မြို့တော်ကို သက်ရောက်မှုရှိမည် ဖြစ်လေသည်။ ထိုသို့ဖွဲ့စည်းပုံ အဆင့်မြင့်မှုကြောင့် သဘာဝတရားကို ဆုပ်ကိုင်နိုင်ပြီး ဒြပ်စင်စွမ်းအား ရှစ်ခုမှာ ဟန်ချက်ညီစွာ တည်ရှိနေရခြင်း ဖြစ်လေသည်။
ဆန်းလျန်ထံသို့ ကျောက်ရှန့်တစ်ယောက် ရောက်လာသည့် အချိန်မှစပြီး ထိုစွမ်းအားများကို လေ့လာရန် အခွင့်အရေး ရခဲ့လေသည်။ ဆန်းလျန်အနေဖြင့် တာအိုဆရာ ကျန်းလျန်က ဟန်တိုင်းပြည် ဘုရင်မင်းမြတ်ကို ကူညီခဲ့သလို ကျောက်ရှန့်အတွက်လည်း မကူညီနိုင်စရာ အကြောင်းမရှိပါ။
ထို့ပြင် ရော့ရှီလေးမှာ ကျောက်မျိုးနွယ် အနွယ်တော် မင်းသားတစ်ပါး ဖြစ်သည့် ချင်းဟယ်ကျွမ်းဝမ်၏ သမီးလေး ဖြစ်နေသောကြောင့် ရော့ရှီလေး၏ သွေးထဲတွင်လည်း ကျောက်မျိုးနွယ်သွေးများ စီးဆင်းနေသည် မဟုတ်ပါလား။
ဆန်းလျန်က စိတ်ထဲတွင် ထိုသို့ ရည်ရွယ်ထားသော်လည်း နှုတ်က ထုတ်ဖော် ပြောကြားခြင်းတော့ မရှိပါ။
ကျောက်ရှန့်က ဆန်းလျန်၏ ဗျပ်စောင်းကို ခဏယူကာ တီးခတ်လေသည်။ လူငယ်မှာ ခန့်ညားလှသလို တီးခတ်သည့် “ချင်” သံစဉ်မှာလည်း အလွန်မှ နားထောင်၍ ကောင်းလေသည်။ မြင့်မြတ်သည့် ရာဇသွေးဟန် အပြည့်ပင် ဖြစ်လေသည်။
ရော့ရှီလေးကတော့ ဗျပ်စောင်းသံမှာ နားထောင်၍ ကောင်းသည်ဟု မထင်မိပါ။ အဘယ်ကြောင့်ဆိုသော် သူမက ကျောက်ရှန့်ကို သဘောမကျသောကြောင့် ဖြစ်လေသည်။
သို့သော် … ကျောက်ရှန့်ကတော့ ရော့ရှီလေးကို ချစ်ခင်ပါသည်။ သူ ဆန်းလျန်ဆီသို့ လာရောက် လည်ပတ်သည့် အခါတိုင်း ရော့ရှီလေးအတွက် လက်ဆောင်များ ယူလာလေ့ ရှိလေသည်။
ကျောက်ရှန့် တီးခတ်နေသည့် “ချင်” သံစဉ်မှာ အနည်းငယ် ရှုပ်ထွေးသွားပြီး ဗျပ်စောင်းမှ ကြိုးတစ်ချောင်း ပြတ်တောက်သွားရလေသည်။
ကျောက်ရှန့်က ဆန်းလျန်ကို တောင်းပန်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ အဘယ်ကြောင့် စိတ်ရှုပ်ထွေးပြီး စောင်းကြိုးပြတ်သည်အထိ ဖြစ်ရသည်ကို ဆန်းလျန်များ မေးခွန်း ထုတ်လေမည် လားဟု သူမျှော်လင့်နေမိသည်။
သို့သော် … ကျောက်ရှန့် မျှော်လင့်ထားသလို ဆန်းလျန်က မည်သည့် မေးခွန်းမျှ မထုတ်ခဲ့ပါ။
နွေရာသီက ခြစ်ခြစ်တောက် ပူပြင်းနေလေသည်။ သို့သော် … ဆန်းလျန်၏ ခြံဝန်းလေးမှာတော့ အေးမြ နေလေသည်။ ကျောက်စိမ်းရောင် ကျီထန်းရှိုပင်များကိုလည်း စိုက်ပျိုးထားသောကြောင့် လွန်စွာမှ မျက်စိပသာဒ ဖြစ်ရလေသည်။ ကျောက်ရှန့်မှာ ဆန်းလျန်၏ ခြံဝန်းအတွင်းသို့ ရောက်လာတိုင်း အခြား နေရာများနှင့်မတူ ထူးခြားမှုကို ခံစားရလေသည်။
ထို့ကြောင့်ပင် ဆန်းလျန်မှာ သူ့ကို ကူညီနိုင်မည့်သူ ဖြစ်လိမ့်မည်ဟု ပို၍ပို၍ ခံစားနေမိ လေတော့သည်။
“စောင်းကြိုးလေး ပြတ်တာပဲ။ စိတ်ထဲ ထားမနေပါနဲ့”
ဆန်းလျန်က ပြုံးရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။
ကျောက်ရှန့်မှာ စောင်းကြိုးပြတ်ရသည့် အကြောင်းရင်းကို ဆန်းလျန်မေးလျှင် ဖြေရန် အသင့်ပြင်ထား လေသည်။ သို့သော် ဆန်းလျန်က ထိုသို့ ပြောလိမ့်မည်ဟုတော့ မျှော်လင့် မထားခဲ့ပေ။
သို့သော် … ဆန်းလျန်၏ မျက်နှာနှင့် မျက်ဝန်းများတွင် နောက်ပြောင်လိုသည့် အရိပ်အယောင်များကို တွေ့လိုက်ရလေသည်။ ဆန်းလျန်မှာ လွန်စွာမှ ဉာဏ်ကောင်းသူ ဖြစ်ပြီး ကျောက်ရှန့်က သူ့အား မေးခွန်း မေးစေချင်နေသည်ကို အစကတည်းက ကြိုတင် သိနှင့်နေပြီးသား ဖြစ်လေသည်။ ထို့ကြောင့် တမင်သက်သက် ကျောက်ရှန့် ဖြစ်ချင်သည့်ဆန္ဒ ဖြစ်မလာအောင် လုပ်လိုက်ခြင်း ဖြစ်လေသည်။
“ချင်းရှ တကယ်ဆိုရင် စောင်းကြိုးပြတ်သွားတာ ဘာကြောင့်လဲဆိုတာ မင်းမေးသင့်တာပေါ့”
ကျောက်ရှန့်မှာ တိကျပြတ်သားသူ တစ်ယောက် ဖြစ်လေသည်။ သူက တိုက်ရိုက် အကူအညီ တောင်းလိုက်လျှင် ဆန်းလျန်က ကူညီမည်မဟုတ်ဟု တွေးထင်ထားလေသည်။ မကူညီသည့်အပြင် အခြေအနေပင် ဆိုးသွား နိုင်လေသည်။
ခုတော့ အခြေအနေတွေက ပြောင်းလဲသွားခဲ့ပြီ။ အနှေးနှင့်အမြန် ဆုံးဖြတ်ချက် ချရတော့မည် ဖြစ်လေသည်။
ကျောက်ရှန့် ခေါ်လိုက်သည့် “ချင်းရှ” ဆိုသည့် နာမည်မှာ ဆန်းလျန် အသုံးပြုသည့် အခြား နာမည်တစ်ခု ဖြစ်လေသည်။ ထိုနာမည်က သူနေထိုင်ခဲ့သည့် ချင်ပြည်နယ် မြို့တော်မှ “ချင်းရှ” တောင်ကို အမှတ်ရစေ လေသည်။
“ဒါဖြင့် ဘာအကြောင်းများ ရှိလို့လဲဗျာ”
ဆန်းလျန်က သူ့အကျင့်အတိုင်း တည့်တည့်ပင် မေးလိုက်လေသည်။
“ကျုပ်ဖခင် နေမကောင်း ဖြစ်နေတာကြာပြီ။ ရောဂါကလည်း ထူးဆန်းတယ်။ သမားတော်တွေလည်း စုံနေပြီ။ သူ့ရောဂါကို မကုသနိုင်ကြဘူး။ ပြီးတော့ သူ့အခြေအနေက တစ်နေ့တခြား ဆိုးဝါးလာတယ်။ မင်းများ သူ့ကို ဆေးကုပေးနိုင်မလားလို့”
ကျောက်ရှန့်က နောက်ဆုံးတော့ ဝန်ခံလိုက်ရလေသည်။
သို့သော် သူ၏ဖခင် ခံစားနေရသည်မှာ မည်သည့်ရောဂါ ဆိုသည်ကိုတော့ ပြောပြခြင်း မရှိပါ။ ဆန်းလျန်က သမိုင်းတင်လောက်အောင် တော်သူတစ်ဦး ဖြစ်သည့်အပြင် “သေသူကိုပင် အသက် ပြန်သွင်းပေးမည်” ဟု ဝင့်ကြွားနိုင်သည်အထိ သူ၏ပညာကို ယုံကြည်မှု ရှိလေသည်။ ယခုတော့ သူ၏ ကံတရားအတွက် ရွေးချယ်ခြင်း ပြုလုပ်ရမည့်အချိန် တန်ခဲ့ပြီ။
ကျောက်ရှန့်မှာ ဆန်းလျန်အကြောင်းကို တိတ်တဆိတ် စုံစမ်းခဲ့လေသည်။ သို့သော် ဆန်းလျန်မှာ လေထဲမှ ရုတ်တရက် ဘွားကနဲ ပေါ်လာသူ တစ်ယောက်ပမာ နောက်ကြောင်းကို ခြေရာခံမရ ဖြစ်နေရ လေသည်။ ရွှမ်းမင်ခရိုင်တွင် လွန်ခဲ့သည့် ဆယ့်ခြောက်နှစ်က ဆန်းလျန်အကြောင်း အမှုတွဲတစ်ခု ရှိခဲ့ဖူးသော်လည်း ထိုအမှုတွဲကို ဆန်းလျန် ကိုယ်တိုင်က ဖျောက်ဖျက် ပစ်ခဲ့ပြီးလေပြီ။
လူတစ်ယောက်မှာ မည်သူမည်ဝါ ဖြစ်သည်ဆိုသည့် ဇာစ်မြစ်ကတော့ ရှိရမည် ဖြစ်လေသည်။ သို့သော် ဆန်းလျန်၏ ဇာစ်မြစ်ကတော့ မည်သို့မျှ ရှာမရ ဖြစ်နေရလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်မှာ အလွန်ထူးဆန်းသူ ဖြစ်သည်ဟု ကျောက်ရှန့် ကောက်ချက် ချလိုက်လေသည်။
ဆန်းလျန်၏ ဆေးပညာ အရည်အချင်းကိုတော့ ကျောက်ရှန့် မြင်တွေ့ဖူးခြင်း မရှိပါ။ သို့သော် သူက ဆန်းလျန်ကို ယုံကြည်နေမိလေသည်။ ထို့ပြင် သူ၏ ဖခင်မှာလည်း သမားတော်တိုင်းက လက်လျှော့ရသည့် အခြေအနေသို့ ရောက်နေပြီ မဟုတ်ပါလား။
“ဒါဖြင့် မင်းက “မျှော်လင့်ချက် မရှိတော့မှ မြက်တစ်ပင်လှမ်းဆွဲ” တဲ့ သဘောပေါ့။ မင်းရဲ့ ဖခင်ကို ကယ်နိုင်သည်ဖြစ်စေ မကယ်နိုင်သည် အရေးမကြီးဘူးပေါ့”
ဆန်းလျန်က ရယ်မောရင်း ပြောလိုက်လေသည်။ ကျောက်ရှန့်၏ ရည်ရွယ်ချက်ကို သနား ညှာတာမှု ကင်းမဲ့စွာ ဖော်ပြလိုက်ခြင်း ဖြစ်လေသည်။
ကျောက်ရှန့်မှာ မျက်နှာတစ်ချက် ပျက်သွားရပြီး …
“ကျုပ် သည်းမခံ နိုင်တော့ဘူး”
ဟု ပြောလိုက်လေတော့သည်။
ဆန်းလျန်က …
“ကျုပ် ဒီဆေးခန်းဖွင့်ထားတာ လူတွေအသက် ကယ်ပေးဖို့ပါ။ မင်းအဖေကို ဒီကို ခေါ်လာမယ် ဆိုရင်တော့ ကျုပ် ဆေးကုပေးပါ့မယ်”
“ဒါတော့ မဖြစ်နိုင်ဘူး။ မင်းကျုပ်အိမ်ကို လိုက်ခဲ့လို့ မရဘူးလား။ ကျုပ်ဖခင်က ဒီကိုလာနိုင်ဖို့ ခက်ခဲမယ် ထင်တယ်”
ကျောက်ရှန့်၏ အကြည့်များတွင် ဝမ်းနည်းရိပ်များ သန်းနေလေသည်။
“သာမန် လူတစ်ယောက်က နန်းတော်ထဲကို ဝင်ခွင့် မရှိဘူးလေ။ ဒါကြောင့် ကျုပ်က မသွားလိုတာပါ။ ဒါကြောင့် မင်းကပဲ မင်းရဲ့ဖခင်ဖြစ်တဲ့ အိမ်ရှေ့စံမင်းသားကို ဒီကိုလာဖို့ ပြောကြည့်ပေါ့”
ဆန်းလျန် တည်ငြိမ်အေးချမ်းစွာ ပြောလိုက်သည့် စကားက ကျောက်ရှန့်၏ အရှိုက်ကို တန်းထိ သွားလေသည်။ ဆန်းလျန်မှာ ကျောက်ရှန့် မည်သူမည်ဝါ ဖြစ်သည်ကို သိနေနှင့်သည် မဟုတ်ပါလား။
ဆန်းလျန် အတွက်တော့ သုံးရက်ဆိုသည့် အချိန်က လူတစ်ယောက်သည် မည်သူမည်ဝါ ဖြစ်ကြောင်းကို အာရုံခံနိုင်ရန် လုံလောက်လေသည်။
ကျောက်ရှန့်က ကြိုးစားပြီး ပြုံးလိုက်သည်။
“ချင်းရှက ကျုပ် ဘယ်သူဘယ်ဝါ ဆိုတာ သိနေလိမ့်မယ်လို့ ထင်မထား ခဲ့မိဘူး။ ကျုပ် မင်းကို အပြစ်မတင်ပါဘူး။ ဒါပေမယ့် ဘယ်လိုလုပ် ကျုပ်အကြောင်းကို သိသွားရတာလဲ”
ကျောက်ရှန့်က ဆန်းလျန်ကို သူ မည်သူမည်ဝါ ဖြစ်ကြောင်း ပြောပြရန် တွေးထား မိသော်လည်း ဆန်းလျန်က သိနှင့် နေမည်ဟုတော့ ထင်မထားမိပေ။ ယခုတော့ ဆန်းလျန်က သူ့ကို အိမ်ရှေ့မင်းသား၏ သားတော်ဖြစ်ကြောင်း သိနေသည့်တိုင် ပြောဆိုဆက်ဆံပုံ မပြောင်းလဲခဲ့ပေ။ ရှားမှရှားသည့် ဆန်းလျန်ပင် ဖြစ်လေသည်။
အိမ်ရှေ့မင်းသားဖြစ်သူ သူ၏ဖခင်မှာ ကြောက်မက်ဖွယ်ရာ အခြေအနေဆိုးနှင့် ရင်ဆိုင် နေရသည့်တိုင် သူက ဘုရင့်မျိုးနွယ်တစ်ပါး ဖြစ်နေသေးသည်။ ကူဟွေ့ ဆရာတော်ပင်လျှင် သူ့ကို ထိုသို့ မဆက်ဆံရဲပေ။
***