“ကျုပ်အသက်ကို ကယ်တာ ကျေးဇူးတင်ပါတယ်”
လူငယ်က မြေပြင်ပေါ်တွင် လဲကျနေရင်းမှ ပြောလိုက်လေသည်။ သွေးအိုင်ထဲတွင် လဲကျနေပြီး အားတင်းကာဖြင့် ကျေးဇူးတင်စကား ပြောလိုက်ရခြင်း ဖြစ်လေသည်။
မည်သည့် တုံ့ပြန်သံမှ မကြားရပါ။ သို့သော် ရယ်သံ သဲ့သဲ့ကိုသာ ကြားလိုက်ရလေသည်။ လရောင်အောက်တွင် လေနှင့် လွင့်မျောသွားသည့် လူရိပ်တစ်ရိပ်ကိုသာ မြင်လိုက်ရလေသည်။ ထိုလူရိပ်မှာ မိန်းကလေးငယ်လေး တစ်ယောက်ကိုလည်း ပွေ့ချီ ထားသေးသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုလူရိပ်က ပျောက်ကွယ် သွားလေတော့သည်။
လူငယ်လေးမှာ လမ်းပေါ်တွင် ဒယိမ်းဒယိုင်ဖြင့် လမ်းလျှောက်ရင်း ထိုလူရိပ်အကြောင်းကို စဉ်းစားနေမိ လေသည်။ ထိုလူရိပ်သာ တိတ်တဆိတ် မကူညီခဲ့လျှင် အနက်ရောင်ဝတ် လူများကို တိုက်ခိုက်နိုင်မည် မဟုတ်ပါ။
သို့သော် ထိုလူရိပ်ကို ရှာဖွေနိုင်ဖို့ သူ့တွင် အချိန်မရှိသေးပါ။
***
ဆန်းလျန်က ထိုလူငယ်လေးအား ကြုံ၍ ကူညီလိုက်ခြင်း ဖြစ်လေသည်။ သူ့ဘဝက သူအသက် ငယ်စဉ်က စိတ်ကူး ယဉ်ခဲ့သည့်အတိုင်း ဖြစ်လာသည့်အတွက်လည်း ကျေနပ်နေမိလေသည်။
ဆယ်ကျော်သက်အရွယ်တွင် ကောင်းကင်တွင် ပျံသန်းပြီး တန်ခိုးစွမ်းအားများ ရရှိမည်ဟု စိတ်ကူးယဉ်မိ ခဲ့လေသည်။ ယခုတော့ စိတ်ကူးအိပ်မက်များ တကယ်ဖြစ်လာ ခဲ့လေပြီ။ သို့သော် ထိုသို့ အိပ်မက်များ တကယ် ဖြစ်လာရန်အတွက် ဆယ်ကျော်သက် အရွယ်တွင်ပင် မနေမနား ကြိုးစား ခဲ့ရလေသည်။
သူက ဆေးခန်းထဲသို့ ဖြည်းညင်းစွာ ဝင်လိုက်ပြီး ရော့ရှီလေးကို အိပ်ရာပေါ် တင်ပေးကာ စောင်ခြုံ ပေးလိုက်လေသည်။
ဆန်းလျန်ကတော့ အခန်းထဲတွင် ကြိုးတစ်ချောင်း တန်းလိုက်ကာ ထိုကြိုးပေါ်တွင် ကိုယ်တစောင်း လဲလျောင်း လိုက်လေသည်။
အမှန်တော့ သူက ခေတ်ပေါ်ကမ္ဘာမှ သူ၏ ဘဝဟောင်းအတိုင်း ရှင်သန်ခြင်းပင် ဖြစ်လေသည်။ ခေတ်ပေါ်ကမ္ဘာတွင် သူ၏ စိတ်နေစိတ်ထားမှာ ကြည်လင်ပြီး စိတ်ထားဖြူစင်သူ တစ်ယောက် ဖြစ်လေသည်။
ရှုပ်ထွေးလှသည့် လူ့လောကသို့ ရောက်လာပြီး ကတည်းက တရားလည်း မထိုင်ဖြစ်သလို အတွင်းအားလည်း မလေ့ကျင့်ဖြစ်ခဲ့ပေ။ ထို့ကြောင့် သူက ကြိုးတန်းပေါ်တွင် အိပ်ကြည့်ရန် စိတ်ကူး ရခဲ့လေသည်။
အစပိုင်း စိတ်ဝိညာဉ် ငြိမ်းအေးခြင်း အဆင့်သို့ မရောက်မီတိုင်အောင် သူ၏ ရုပ်ခန္ဓာကို စိတ်ဖြင့် ထိန်းချုပ် ထားရလေသည်။
တဖြည်းဖြည်းနှင့် ကျင့်သား ရလာသည့် အခါတွင်တော့ ထိုသို့ ထိန်းချုပ်နေစရာ မလိုတော့ပေ။ သူက ဟန်ချက်ညီခြင်းကို လေ့ကျင့်ထားသည့်အတွက် သူ၏ ခန္ဓာကိုယ်ကို မြေဆွဲအား ဗဟိုချက်တွင် မပြောင်းမလဲ တည်ရှိအောင် ထားနိုင်လေသည်။
လေထဲတွင် ဟန်ချက်ထိန်းရင်း ”စိတ်ဝိညာဉ် ငြိမ်းအေးခြင်း” အဆင့်သို့ သူရောက်ရှိ သွားလေသည်။ သူ၏ ဝိညာဉ်စွမ်းအားမှ ”ယင်” ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲ သွားလေသည်။ အတုအယောင် မဟုတ်ဘဲ အစစ်အမှန် ပြောင်းလဲသွားခြင်း ဖြစ်လေသည်။
ဝိညာဉ်ငွေ့များကဲ့သို့ မဟုတ်သော်လည်း သူ၏ ပုံရိပ်မှာ ဝိုးတဝါး ဖြစ်လာလေသည်။
သူပိုပြီး အာရုံစူးစိုက်မိလေ မြေအောက်မှ ခေါ်သံတစ်ခုကို ခံစားမိလေ ဖြစ်လေသည်။ ထိုခေါ်သံမှာ မြေအောက် လောကမှလည်း မဟုတ်ပါ။ အမည်မသိ လောကတစ်ခုမှ ခေါ်သံလိုမျိုး ဖြစ်နေ လေသည်။ ထိုနေရာတွင် မှောင်မိုက်နေပြီး ရေစီးသံကို ကြားနေရလေသည်။ အနိမ့်အမြင့် မရှိသည့် ငိုကြွေးသံကဲ့သို့သော အသံကို အချိန်နှင့်အမျှ ကြားနေရလေသည်။
ထိုအသံက သူ့ကို အနှောင့်အယှက် မဖြစ်စေပါ။ သေသူများ၏ လောကတွင်းသို့ သူ၏ စိတ်က ဝင်ရောက် သွားသည့်အတွက် တိတ်ဆိတ်ငြိမ်သက် သွားသည့် အချိန်တွင် ထိုအသံများ ကြားရခြင်းလည်း ဖြစ်နိုင်လေသည်။
သူကြုံတွေ့နေရသည့် အခြေအနေမှာ ကျင့်စဉ်လမ်း အဆင့်ကိုးဆင့်မှ ချူးစန်းအဆင့် နိမိတ် လက္ခဏာများနှင့် ဆင်တူနေသည့်တိုင် ချူးစန်းအဆင့်၏ နိမိတ် လက္ခဏာများ မဟုတ်သည်ကို သူကောင်းကောင်း သိလေသည်။
ဤအခြေအနေမှာ ”မြေအောက်ကမ္ဘာနှင့် ဆက်သွယ်ခြင်း” အခြေအနေ ဖြစ်ကြောင်း ယေဘုယျအားဖြင့် ဆန်းလျန် နားလည်ထားလေသည်။ သို့သော် သေသေချာချာ မသိသေးသည့်အတွက် ဆန်းလျန် အတည် မပြုနိုင်သေးပါ။
ထိုသို့သော အခြေအနေနှင့် ပတ်သက်ပြီး ချင်းရွှမ် နတ်တံခါးရှိ ထိုက်ဝေ့ထိုင် ခန်းမဆောင်တွင် ရေးသားထားသည့် စာအုပ် စာတမ်းများကိုလည်း မတွေ့ရပေ။
“စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်၏ ကြောက်စရာအပိုင်းတွင် ရေးသားထားသည်မှာ ကျင့်ကြံခြင်း တပြေးညီ ဖြစ်နေစဉ်တွင် နောက်တစ်ဆင့်ထိ တိုင်အောင် ရှောရှောရှူရှူ ဆက်သွား နေလိမ့်မည်ဟု ပါရှိလေသည်။ နောက်တစ်ဆင့်သို့ ရောက်သည့် အခါတွင်တော့ လွယ်ကူခြင်းလည်း ရှိနိုင်သလို ခက်ခဲခြင်းလည်း ရှိနိုင်ပေမည်။ တိတိကျကျ မပြောနိုင်ပေ။ တစ်ဆင့်ခြင်း လေ့ကျင့်သွားရန်သာ လိုအပ်ပြီး တစ်နေ့တွင်တော့ ပင်လယ်ထဲသို့ စီးဝင်သည့် မြစ်ရေပမာ သေခြင်း ကင်းမဲ့ရာ အရပ်သို့ ရောက်ရှိမည် ဖြစ်လေသည်။
သို့သော် … လွယ်မလိုနှင့် ခက်နေသည့် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကြောင့်သာ ဆန်းလျန်မှာ အခက် တွေ့နေရခြင်း ဖြစ်လေသည်။ သူ့မှာ အဆုံးသတ်ကိုပင် မမြင်မစမ်း စမ်းတဝါးဝါး ဖြစ်နေရသည်။ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းများ မရှိသည့် တည်ရှိမှု တစ်ခုကဲ့သို့ ဖြစ်နေလေသည်။ ဤသည်မှာ သူ ရယူလိုသည့် နတ်ဘုရားတစ်ပါး၏ ဘဝမျိုး မဟုတ်ပေ။
“စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” ကျင့်စဉ်များနှင့် ”ထိုက်ရွှီးနည်းဗျူဟာ” ကျင့်စဉ်တို့မှာ
သူ့ဘဝတွင် ဝိရောဓိ ဖြစ်နေလေတော့သည်။
ထိုအချက်ကြောင့်ပင် သူက လူ့လောကနှင့် ကင်းကွာနေသူ တစ်ယောက်ပမာ ဖြစ်နေရ လေသည်။
ကလေးငယ်များမှာ စောစောအိပ်ကြပြီး စောစောလည်း ထတတ်ကြလေသည်။ အရုဏ် တက်သည်နှင့် ရော့ရှီလေးမှာ အိပ်ရာမှ နိုးလာပြီး မျက်နှာသစ်နေလေသည်။ ဆန်းလျန်မှာတော့ အိပ်သည့်သူ မဟုတ်သည့်အတွက် သူမအရင် စောစီးစွာပင် နိုးထနေပြီ ဖြစ်လေသည်။
ဆန်းလျန်က သူမ နေ့စဉ်လုပ်ရမည့် အလုပ်များကို ကူညီ လုပ်ကိုင်ပေးခြင်း မရှိပါ။ မနက်မှ ညအထိ ကလေးတို့ သဘာဝအတိုင်း ကိုယ့်အသိစိတ်နှင့်ကိုယ် လုပ်ရန် လွှတ်ထားပေးလေသည်။ အလွန်ခက်ခဲသည့် ကိစ္စများတွင်သာ ဆန်းလျန်က ကူညီပေးလေသည်။
ကျင့်ကြံသူတစ်ယောက် ရှာဖွေနေသည်မှာ မသေမျိုး ဖြစ်သည့် နတ်ဘုရားတစ်ပါး သွားရာလမ်းစဉ် ဖြစ်လေသည်။ ထိုလမ်းကို လျှောက်လှမ်းနိုင်ရန်အတွက် အသက်ရှင်သန်ဖို့ လိုအပ်လေသည်။ အဘယ်ကြောင့်ဆိုသော် လုပ်စရာ အလုပ်များက မရေမတွက်နိုင်အောင် ရှိနေသလို နားလည် သိမြင်စရာ များကလည်း မရေမတွက် နိုင်အောင် ရှိနေသည် မဟုတ်ပါလား။
ဘဝကို တန်ဖိုးထားရန်နှင့် ချစ်မြတ်နိုးရန် လိုအပ်လေသည်။ သို့မှသာ ကျင့်စဉ်လမ်းကို ဆက်လက် လျှောက်လှမ်းရန်အတွက် အားအင်အသစ်များ ရရှိမည် ဖြစ်လေသည်။
ဆန်းလျန်က ထိုကဲ့သို့ပင် ခံယူထားလေသည်။ သူ၏ ကျင့်စဉ်လမ်းမှာ ခြောက်သွေ့ပြီး ပျင်းရိ ငြီးငွေ့စရာ ကာင်းနေသည့်တိုင် ရရှိလာမည့် အကျိုးကျေးဇူးကို သူ မည်သည့်အခါမှ မမေ့ခဲ့ပေ။
သာမန်လူသားဘဝမှာ ဆန်းလျန်အတွက်တော့ ပုရွက်ဆိတ်လေးများနှင့် တူလေသည်။ သစ်ပင်တစ်ပင်၏ အောက်ခြေတွင် ရွေ့လျားနေကြသည့် ပုရွက်ဆိတ်လေးများကို မည်သူမျှ အရေးလုပ်မည် မဟုတ်ပေ။ ဘဝဦးတည်ချက် ဆိုသည်က အမှန်တရားကို ရှာဖွေရန်ပင် ဖြစ်လေသည်။
ဗျပ်စောင်းသံက ခြံဝန်းထဲတွင် လွင့်ပျံ နေလေသည်။ ရော့ရှီမှာ ဗျပ်စောင်းသံစဉ်ထဲတွင် ပါဝင်သည့် ”လူများ ခမ်းနားစွာ လှံတံများဖြင့် ချီတက်နေကြသည့်” အဓိပ္ပာယ်ကို မခံစားတတ်ပါ။ သူမက သူမ၏ကိုကို ရှိနေလျှင် သူမဘဝ အန္တရာယ် ကင်းနေသည်ဟုသာ ရိုးရှင်းစွာ ယုံကြည်ထားလေသည်။
ဂီတသံစဉ် အဆုံးသတ်သွားသည်နှင့် ဆန်းလျန်က ပြောလိုက်လေသည်။
“ဒီနေ့ သမီးကို ကျင့်စဉ်နည်းလမ်းတွေ သင်ပေးမယ်။ ချင်းရွှမ်နတ်တံခါးရဲ့ စည်းကမ်းအရ ကိုကို့မှာ တပည့်မွေးခွင့် မရှိသေးဘူး။ ဒါပေမယ့် ကျင့်စဉ်လေး နည်းနည်းတော့ သင်ပေးလို့ ရပါတယ်”
ရော့ရှီလေး၏ အပြစ်ကင်းစင်သည့် မျက်ဝန်းများမှာ စိတ်ရှုပ်ထွေးသည့်ပုံ ဖြစ်သွားလေသည်။ ကျင်ကြံသူတို့ လမ်းစဉ်ကို နားလည်သည့် သူများသာဆိုလျှင် ဆန်းလျန်ထံမှ ပညာသင်ယူ နိုင်ရေးအတွက် အချင်းချင်း သတ်ကြဖြတ်သည်အထိ ဖြစ်ကြ ပေလိမ့်မည်။ သို့သော် ရော့ရှီလေး ကတော့ ဘာမှ နားမလည်ရှာပါ။
သူမ၏ကိုကိုမှာ နတ်ဘုရား ကျင့်စဉ်လမ်းကို လျှောက်လှမ်းရန်အတွက် ဆန်းအိမ်တော်ကို ကျောခိုင်းခဲ့ပြီး အလွန်ဝေးကွာသည့် အရပ်မှ ချင်းရွှမ်နတ်တံခါးသို့ ရောက်အောင် သွားခဲ့သည် ဆိုသည့် အချက်ကိုပင် သူမက သိရှိခဲ့ခြင်း မရှိပါ။
ကျင့်စဉ်လမ်းအတွက် အခြေခံ ကျင့်စဉ်များကပင် လွယ်ကူခြင်း မရှိပါ။ ထို့ပြင် လင်ချုန်းရှောင်ကဲ့သို့ ကျင့်စဉ်လမ်းသို့ လိုက်လျှောက်ရန် ကုသိုလ်ကံ မရှိပါကလည်း မည်သို့မျှ မတတ်နိုင်ပါ။ တစ်ဘဝလုံး စိတ်ပျက်ရမည်သာ ဖြစ်လေသည်။
“ကျင့်စဉ် နည်းလမ်းတွေဆိုတာ ဘာကိုပြောတာလဲ”
ရော့ရှီလေးက မေးလိုက်လေသည်။
ကလေးတစ်ယောက်၏ အပြစ်ကင်းစင်သည့် မေးခွန်းမှာ လူကြီးများကိုပင် တစ်ခါတရံ အံ့သြမိစေလေသည်။
ရော့ရှီလေး၏ မေးခွန်းကြောင့် ဆန်းလျန် မပြုံးမိဘဲ မနေနိုင် ဖြစ်ရလေသည်။
“သမီးက ဒီလိုမေးတော့ ကိုကိုက ဘယ်လို ရှင်းပြရမလဲတောင် မသိတော့ဘူး”
ဆန်းလျန်၏ စကားကြောင့် ရော့ရှီလေးက ”အိုး” ဟုပင် ရေရွတ်လိုက်လေသည်။ သူမက သူ၏ ကိုကိုက ”မသိဘူး” ဟု ပြောသည့်အတွက် မကျေမနပ် ဖြစ်သွားရလေသည်။ ထို့ပြင် သူမ၏ ကိုကိုမှာ အရာအားလုံးကို သိမြင်ခြင်းမရှိဟု တွေးလိုက်မိသည့်အတွက် စိတ်လည်း ပျက်သွားရလေသည်။
အစ်ကိုမှာ အစ်ကိုသာဖြစ်ပြီး စံပြပုဂ္ဂိုလ် မဟုတ်ပါ။ ထို့ကြောင့် ဆန်းလျန်အပေါ် စံပြ ထားနေသည့် ကလေးမလေး၏ ခံစားချက်မှာ ပျက်စီးသွားရလေသည်။
“ဒီကလေးမက အရမ်းငယ်သေးတယ်။ သူ့ကို အများကြီး ပြောပြလိုက်ရင် စိတ်ရှုပ် သွားလိမ့်မယ်။ ပြောနေမယ့်အစား သင်ပေးလိုက်တာပဲ ကောင်းမယ်”
ဟု ဆန်းလျန်က တွေးလိုက်မိလေသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်မှာလည်း ဗောဓိဿကျ မဟုတ်သလို ရော့ရှီမှာလည်း မျောက်တစ်ကောင် မဟုတ်ကြောင်း သိမြင်နိုင်လေသည်။ သူမ၏ စိတ်နှလုံးဖြူစင်မှုနှင့် ခန္ဓာကိုယ် တည်ဆောက်ပုံမှာ ကျင့်စဉ်လမ်းသို့ လိုက်ရန် သင့်တော်လှလေသည်။
ရော့ရှီလေးမှာ အခြားသော သာမန်လူများထက် အလားအလာ ရှိသည့်တိုင် စိတ်တည်ငြိမ်ရန် အတွက် စာလုံးရေးသည်ကတော့ လေ့ကျင့် နေရလေသည်။ ထို့ပြင် သူမ၏ အတွင်းအားအခြေအနေ မည်သို့ ရှိသည်ကိုလည်း အပြည့်အဝ နားလည်နိုင်သေးသူ မဟုတ်ပေ။
သို့သော် … မျောက်ပဲဖြစ်ဖြစ်၊ ပါရမီရှင် ချန်ကျန့်မေ ကဲ့သို့သော လူပဲဖြစ်ဖြစ် ကျင့်စဉ်လမ်းသို့ လိုက်နိုင်သည့်သူမှာ ရှားပါးလွန်းလှ ပါသည်။
လဝက်ခန့် အကြာတွင်တော့ သူမ၏ကိုကို သင်ပြပေးသည့် အတွင်းအား ဆိုသည့်အရာကို ရော့ရှီလေး ခံစားနားလည်မိပြီ ဖြစ်လေသည်။ သို့သော် ဆန်းလျန်က နားလည်ရုံ အထိသာ ခွင့်ပြုထားပြီး အခြား မည်သည့် အရာကိုမျှ လုပ်ဆောင်ခိုင်းခြင်း မရှိပေ။
ရော့ရှီလေး နောက်ထပ် လုပ်ရသည့် အလုပ်မှာ ”ယုန့်” ဆိုသည့် စာလုံးကို ရေးရခြင်း ဖြစ်လေသည်။ ဆန်းလျန် ရေးပြသည့် ”ယုန့်” ဆိုသည့် စာလုံးမှာ သိပ်ပြီး မရိုးရှင်းလှပေ။
ဆေးခန်းထဲတွင် သူမက အိမ်စာကို အလေးအနက်ထားကာ လုပ်နေလေသည်။
ထိုအချိန် …
ဆေးခန်းအတွင်းသို့ လူငယ်တစ်ယောက် ဝင်လာလေသည်။ ထိုလူငယ်ကို သူမ မှတ်မိလေသည်။ သူမရေနှင့် ပက်လိုက်မိသူ၏ ဘေးတွင် ရှိနေသည့် လူငယ်ပင် ဖြစ်လေသည်။
ထိုလူငယ်မှာ သူမ၏ ကိုကိုလောက် ချောမောလှပခြင်း မရှိဟု ရော့ရှီလေးက တွေးလိုက် မိလေသည်။ အမှန်တော့ ထိုလူငယ်မှာ ဆန်းလျန်လောက် ချောမောလှပခြင်း မရှိသလို ရော့ရှီလောက်လည်း ချောမောလှပခြင်း မရှိပေ။
***