Switch Mode

အခန်း (၁၀၁)

နဂါးငွေ့တန်းဆီသို့

ညအချိန်ဖြစ်လေသည်။ ရော့ရှီနှင့် ဆန်းလျန်မှာ ဆေးခန်းခေါင်မိုးထက်တွင် အတူတူ ထိုင်နေ ကြလေသည်။ နွေရာသီရောက်ပြီ ဖြစ်သောကြောင့် မိုးသားများကင်းစင်ကာ ကြယ်စင်များက တောက်ပ နေလေသည်။ သိပ်မဝေးသည့် နေရာတွင် စီးဆင်းနေသည့် မြစ်တစ်စင်းကိုလည်း မြင်နိုင်ပေသည်။

ဆန်းလျန်က မြစ်ကို ငေးကြည့်နေမိလေသည်။ ရှေးဟောင်းတာအိုကျင့်စဉ်စာအုပ်များတွင်”မြစ်” ကို”နဂါးငွေ့တန်း” ဟု တင်စားပြောဆိုကြလေသည်။

လွန်လေခဲ့သည့် မျိုးဆက်တွင် နဂါးငွေ့တန်းသို့ ကံကောင်းစွာဖြင့် ရောက်ရှိသွားသည့် နတ်ဘုရား တစ်ပါး ရှိခဲ့လေသည်။ သူက နဂါးငွေ့တန်းဓားသိုင်းကို တီထွင်ခဲ့ပြီး တာအိုဂိုဏ်း တစ်ဂိုဏ်းကို တည်ထောင်ခဲ့လေသည်။ ထိုခေတ်ထိုအခါက တစ်ချိန်တည်းမှာပင် အဆင့်မြင့် နတ်ဘုရားငါးပါး ပေါ်ထွက်ခဲ့သည့် အချိန်ဖြစ်လေသည်။ လွန်စွာမှ နတ်ဘုရားတို့ ထွန်းကားခဲ့သောခေတ်ဟု ဆိုနိုင် လေသည်။

သို့သော် …

မည်သည့် အကြောင်းကြောင့်မှန်း မသိရဘဲ နတ်ဘုရားအချင်းချင်း သဘောထား မတိုက်ဆိုင်မှုများ ဖြစ်ပွားခဲ့ပြီး အဓိက တာအိုကျောင်းတော်ကြီး လေးခု ကျဆုံးသွားခဲ့ရလေသည်။ ထိုကျောင်းတော်ကြီးများမှ မျိုးဆက်များ ကျန်ရှိနေသေးသည်လား မရှိတော့ဘူးလား ဆိုသည်ကိုတော့ မည်သူမျှ မသိကြပါ။

နဂါးငွေ့တန်း ဓားသိုင်းမှာ မူလကျင့်စဉ်ပညာ တစ်ခုဖြစ်ပြီး မည်သူမျှ ထိုဓားသိုင်းကို လက်ဆင့်ကမ်း ဆက်ခံသွားနိုင်ခြင်း မရှိခဲ့ပေ။ ပြောရမည်ဆိုလျှင် နဂါးငွေ့တန်း ဓားသိုင်းမှာ ချန်ကျန့်မေ၏ သဏ္ဌာန်မဲ့ ဓားသိုင်းထက် အဆင့်မြင့်မားလေသည်။ အဘယ်ကြောင့်ဆိုသော် နဂါးငွေ့တန်း ဓားသိုင်းကို တီထွင်ခဲ့သူမှာ စကြဝဠာ နေရာအနှံ့ သွားရောက်နိုင်သည့် နတ်ဘုရားတစ်ပါး ဖြစ်သောကြောင့်ပင်။ ထိုနတ်ဘုရားမှာ လောကတွင် အတော်ဆုံး နတ်ဘုရားတစ်ပါး ဖြစ်လေသည်။

“ကိုကို ပုံပြင်နားထောင်ချင်တယ်”

ရော့ရှီက ပူဆာလိုက်လေသည်။

“ဒါဖြင့် ဒီနေ့ ဘာပုံပြင် နားထောင်ချင်လဲ”

ဆန်းလျန်က နူးညံ့စွာ မေးလိုက်သည်။

“ကောင်းကင်ပေါ်က မြစ်တွေအကြောင်း နားထောင်ချင်တာ …”

ရော့ရှီလေးက မိုးပေါ်သို့ လက်ညှိုးညွှန်ပြရင်း ပြောလိုက်လေသည်။

ဆန်းလျန်က တစ်ချက်ပြုံးလိုက်ပြီး …

“ကောင်းပြီလေ … ပြောပြမယ်။ ဟိုးရှေးရှေးတုန်းက လီလို့ခေါ်တဲ့ နွားကျောင်းသားလေး တစ်ယောက် ရှိသတဲ့။ သူငယ်ငယ်ကတည်းက မိဘတွေ မရှိကြတော့ဘူး။ လူတွေက သူ့ကို လီအော်ဝါး လို့ခေါ်ကြတယ်။ သူ့မှာ မိဘတွေ အမွေပေးခဲ့တဲ့ နွားထီးကြီးတစ်ကောင် ရှိတယ်တဲ့”

“သူ့မှာ အစ်ကိုတစ်ယောက်လည်း ရှိသေးတယ်။ သူ့အစ်ကိုမှာ မိန်းမရှိတယ်။ သူ့အစ်ကိုရဲ့ မိန်းမက လီအော်ဝါးကို ကြည့်မရဘူး။ ဘယ်တော့မှ ထမင်းလည်းဝအောင် မကျွေးဘူး။ အိပ်ရင်လည်း နွားတင်းကုတ်ထဲမှာပဲ အိပ်ခိုင်းတယ်”

“တစ်နေ့ကျတော့ သူ့အစ်ကိုရဲ့ မိန်းမက သူ့ကို နှင်ထုတ်လိုက်တော့ သူအမွေ ရထားတဲ့ နွားကြီးနဲ့အတူ အိမ်ကနေ ထွက်သွားရရှာသတဲ့။ လီအော်ဝါးက သူ့နွားကြီးကို မရောင်းချင်ဘူး။ အဲဒါနဲ့ သူက နွားကြီးကိုပြောတယ်တဲ့။ ‘အစ်ကိုနွားကြီးရေ ငါတော့မင်းကို မရောင်းချင်ဘူး။ မင်းကို ရောင်းလိုက်ရင် အခြားသူတွေက မင်းကို သတ်စားကြလိမ့်မယ်။ ဒါကြောင့် မင်း ဒီနေရာကနေ ထွက်ပြေးတော့နော်’ တဲ့”

ဆန်းလျန်က ပြောရင်း ခဏနားလိုက်သည်။ ရော့ရှီလေးမှာ သူမပြောခိုင်းသည့် မြစ်များအကြောင်း ပုံပြင်ထဲတွင် မပါသည့်တိုင် ပုံပြင်ကို စိတ်ဝင်တစား နားထောင်နေလေသည်။

“ကိုကို နွားကြီးထွက်သွားတော့ နွားကျောင်းသားလေး ဘာဖြစ်သွားလဲဟင်။ သူ့အစ်ကိုနဲ့ သူ့အစ်ကိုရဲ့ မိန်းမကရော သူ့ကို မချစ်ကြဘူးလားဟင်”

ရော့ရှီလေးက သိချင်စိတ်ဖြင့် ခပ်မြန်မြန် မေးလိုက်လေသည်။

နောင်တစ်ချိန် သူမ၏ကိုကို အိမ်ထောင်ကျသွားပါက ထိုမိန်းကလေးက သူမကို သဘောမကျဘဲ နှိပ်စက်ကာ အိမ်မှ နှင်ထုတ်မည်ကို သူမက စိတ်ပူပန်နေခြင်း ဖြစ်လေသည်။

“အဲဒီအချိန်မှာပဲ သူမွေးထားတဲ့ နွားထီးကြီးက လူစကားပြောတယ်တဲ့။ ‘မင်းနဲ့ငါက ခွဲလို့မရဘူး။ ငါကလည်း မင်းကိုထားပြီး စွန့်ပစ်သွားမှာ မဟုတ်ဘူး’ တဲ့။ နွားကြီးက လူစကားပြောတော့ နွားကျောင်းသားလေးလည်း အရမ်းလန့်သွားတာပေါ့။ ဒါပေမယ့် သူက နွားကြီးနဲ့ အတူနေတာ ကြာပြီဆိုတော့ နွားကြီးက မိစ္ဆာတစ်ကောင် ဖြစ်နေရင်တောင် သူက မကြောက်ပါဘူး”

“အမှန်တော့ နွားကြီးက တန်ခိုးကြီးတဲ့ နတ်မိစ္ဆာတစ်ပါးပဲ။ သူက လီအော်ဝါးကို နတ်ဘုရား ကျင့်စဉ်အချို့ သင်ပေးခဲ့တယ်။ ဒါပေမယ့် သိပ်မကြာပါဘူး။ နတ်ဘုရားတစ်ပါး ရောက်လာပြီး နွားကြီးကို ဖမ်းခေါ်သွားရောတဲ့”

“အဲဒီအချိန်မှာ လီအော်ဝါးက မိုးပေါ်ပျံတဲ့ပညာကို သင်ယူပြီးနေပြီ။ အဲဒါကြောင့် သူက သူ့ရဲ့နွားကြီးကို ဖမ်းသွားတဲ့ နတ်ဘုရားနောက်ကို လိုက်တာပေါ့။ ဟိုနတ်ဘုရားက လိုက်လာမှန်းသိလို့ လက်တစ်ဖက် ဝှေ့ယမ်းလိုက်တာနဲ့ လီအော်ဝါးဟာ ပူလောင်လာရောတဲ့။ အဲဒီအချိန် ကောင်းကင်ပေါ်မှာ နဂါးငွေ့တန်းတစ်ခု ပေါ်လာတယ်တဲ့။ အဲဒီနဂါးငွေ့တန်းဟာ ကြီးမားလွန်းလို့ တစ်ဖက်ကမ်းကိုတောင် မမြင်ရဘူးတဲ့။ သူက ခြေကုန်လက်ပန်း ကျတဲ့အထိ နဂါးငွေ့တန်းထဲမှာ ပျံသန်းနေရင်း နောက်ဆုံးတော့ မပျံနိုင်တော့ဘဲ ပြုတ်ကျ သွားပါလေရော”

ဆန်းလျန်က ပုံပြင်ကို ဆက်ပြောပြ လိုက်လေသည်။

“ပြီးတော့ ဘာဖြစ်သွားလဲဟင်။ အဲဒီနွားကျောင်းသားလေး နဂါးငွေ့တန်းကို ပြုတ်ကျ သွားပြီးတော့လေ”

ရော့ရှီလေးမှာ ပုံပြင်နားထောင်ရင်း လွန်စွာမှ စိတ်လှုပ်ရှားနေလေသည်။ သူမက ပုံပြင်များကို အမြဲတမ်း စိတ်ဝင်တစား နားထောင်တတ်သူ ဖြစ်လေသည်။

ဆန်းလျန်က ဆက်ပြောလိုက်သည်။

“သူက နဂါးငွေ့တန်းထဲ ကျသွားပေမယ့် နစ်မြုပ်မသွားဘူး။ အနီရောင် ငါးကြီးတစ်ကောင်က သူ့ကို ကယ်လိုက်တယ်။ နောက်ကျ အဲဒီငါးကြီးက နတ်သမီးတစ်ပါး ဖြစ်သွားရောတဲ့။ သူက အဲဒီ နတ်သမီးလေးနဲ့ လက်ထပ်လိုက်ပြီး လူ့လောကကို ပြန်လာခဲ့တယ်”

“ဒါဖြင့် နွားကြီးကရော ဘာဖြစ်သွားလဲဟင်။ နွားကျောင်းသားလေးက သူ့ကို သွားမကယ် တော့ဘူးလား။ အဲဒီနွားကြီးကို ဟိုနတ်ဘုရားက စားပစ် လိုက်သလားဟင်။ နတ်ဘုရားတွေက အသား စားတတ်လို့လား”

ရော့ရှီမှာ နွားကြီးအတွက် အမှန်ပင် စိတ်ပူပန်ကာ မေးလိုက်မိလေသည်။

“နွားကျောင်းသားလေးကတော့ နတ်သမီးလေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေသွားကြပြီး နွားကြီးကို တဖြည်းဖြည်း မေ့သွားမှာပေါ့။ နွားကြီးကတော့ မိုးကောင်းကင်တံခါးမှာ သူ့ကိုများ လာကယ်မလား ဆိုပြီး နွားကျောင်းသားလေးကို စောင့်ချင် စောင့်နေမှာပေါ့။ ဘယ်သိနိုင်မလဲလေ”

ဆန်းလျန်က ရော့ရှီလေးကို ကျောပြင် သေးသေးလေးကို သပ်ပေးရင်း ပြောလိုက်လေသည်။

“ဒါဖြင့် နောက်ဆုံးတော့ ဘာဖြစ်သွားရောလဲ”

ဆန်းလျန်က ပြုံးလိုက်ရင်း …

“ကိုကိုလည်း အဆုံးသတ်ကို မသိပါဘူး။ နွားကြီးက သူ့ကိုလာကယ်မယ့် အချိန်ကို စောင့်နေမှာပေါ့ကွယ်”

ထိုပုံပြင်မှာ တစ်ဝက် မှန်လေသည်။ နဂါးငွေ့တန်းထဲသို့ ကျသွားသည့် တာအိုဆရာ ဆိုသည်မှာ တကယ့် အဖြစ်အပျက်ဖြစ်ပြီး နွားကြီးနှင့် နတ်သမီးလေးကတော့ ဆန်းလျန် ဖန်တီးထားခြင်း ဖြစ်လေသည်။

“ကိုကို သမီးမှာ ပြောစရာတစ်ခု ရှိတယ်”

ရော့ရှီက ဆန်းလျန်၏ မျက်နှာကိုကြည့်လိုက်ပြီး တည်ကြည်လေးနက်သည့် လေသံဖြင့် ပြောလိုက်လေသည်။

“ဘာများ မေးမလို့လဲ”

ဆန်းလျန်က ပြန်မေးလိုက်သည်။

ကလေးငယ်များမှာ ပေါက်ပေါက်ရှာရှာ မေးခွန်းများကို လွန်စွာမှ မေးတတ်ကြလေသည်။ သို့သော် ဆန်းလျန်က ကလေးများအပေါ် အမြဲတမ်း စိတ်ရှည်ရှည်ဖြင့် ဖြေကြားပေးလေ့ ရှိလေသည်။

“ကိုကို မိန်းမ မယူရဘူးနော်။ သမီးကြီးလာရင် ကိုကိုနဲ့ လက်ထပ်မယ်။ ဒါဆို ကိုကို့မိန်းမက သမီးကို သဘောမကျဘဲ နှိပ်စက်ပြီး နှင်ထုတ်တာမျိုး မခံရတော့ဘူးပေါ့”

သူမမှာ တကယ်ပင် ဝမ်းနည်းနေပုံရပြီး မျက်ဝန်းတောက်တောက် လေးများတွင် မျက်ရည်များပင် ဝဲနေလေသည်။

ဆန်းလျန်က သူမနှာခေါင်းလေးကို လိမ်ဆွဲလိုက်ပြီး …

“ဒီကလေးမလေးကတော့ ပေါက်ကရတွေ တွေးပြန်ပါပြီ။ မနက်ဖြန် စာလုံးတွေရေးတာ လေ့ကျင့်ရဦးမယ်နော်”

ရော့ရှီလေးက ဆန်းလျန်၏ အင်္ကျီလက်ကို ဆွဲလိုက်ပြီး …

“ကိုကို သမီးကို ကတိပေးလေ”

ရော့ရှီလေးမှာ သူမလိုချင်သည့် အဖြေမရသောကြောင့် မကျေမနပ် ဖြစ်နေပုံ ရလေသည်။

“ကောင်းပါပြီ။ ဘယ်သူမှ သမီးကို နှင်မထုတ်စေရဘူးလို့ ကိုကို ကတိပေးပါတယ်။ ဟုတ်ပြီလား”

ဆန်းလျန်က အမှုမဲ့ အမှတ်မဲ့ဖြင့်ပင် ကတိပေးလိုက်လေသည်။

ဒီကလေးမလေးသည် ခြေခြေမြစ်မြစ် မဟုတ်သည့် ပုံပြင်လေး တစ်ပုဒ်အပေါ်တွင် အဘယ်ကြောင့် အလေးအနက်ထားကာ ခံစားနေရ ပါသနည်း။ ထို့ပြင် ဆန်းလျန်မှာလည်း ကျင့်စဉ်လမ်း အတွက်သာ ကိုယ်ရောစိတ်ပါ နှစ်မြှုပ်ထားသည့်အတွက် လက်ထပ်ဖို့အတွက် အချိန် မပေးနိုင်ပေ။ သူက ခေတ်ပေါ်ကမ္ဘာနှင့် လက်ရှိကမ္ဘာတွင်ပင် တစ်ယောက်တည်း အချိန်အကြာကြီး အသက်ရှင် နေထိုင်ခဲ့ပြီ ဖြစ်လေသည်။ သာမန်လူ တစ်ယောက်ဆိုလျှင်တော့ အချစ်စစ်ကို ရှာဖွေပြီး မိသားစုဘဝဖြင့် ပျော်ရွှင်စွာ နေထိုင်ရင်း ဘဝကို အဆုံးသတ်သွားမည် ဖြစ်လေသည်။

ရော့ရှီလေးမှာတော့ အစ်ကိုဖြစ်သူ၏ ဇနီးက သူမကို မနှိပ်စက်ရေးက အဓိက ဖြစ်နေလေသည်။ အသက်ကြီးလာပြီး သူမ၏ကိုကို ကို သူမ ပြန်လက်ထပ်မည့် ကိစ္စက နောက်ကိစ္စ ဖြစ်လေသည်။

သူမ တဖြည်းဖြည်း အိပ်ငိုက်လာပြီး ဆန်းလျန်၏ ရင်ခွင်ထဲတွင်ပင် အိပ်ပျော်သွားရှာ လေတော့သည်။

ညလေအေးက တိုက်ခတ်နေလေသည်။

ထိုညလေအေးကို ဖြတ်သန်းလာသည့် ဓားသံအချို့ကို ကြားလိုက်ရလေသည်။ လျင်မြန်ပြီး တိုတောင်းသည့် အသံဖြစ်လေသည်။

ဆန်းလျန်မှာ မအိပ်ဘဲနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ထို့ပြင် အတွင်းအားလေ့ကျင့်ရန်လည်း ပျင်းနေခဲ့လေသည်။ သူက ခုတလောတွင် အချိန်များ အလဟဿ ဖြုန်းတီးနေမိ လေသည်။ ထို့ကြောင့် ယခုတော့ သူက တိုက်ပွဲတစ်ပွဲလောက် ကြည့်ခွင့် ရတော့မည်ဟု တွေးလိုက်မိလေသည်။

သူက ကလေးမလေးကို ပွေ့ချီထားရသည့်တိုင် သူ၏ ခန္ဓာကိုယ်မှာ ငှက်မွေးလေးအလား ပေါ့ပါးနေဆဲ ဖြစ်လေသည်။ သူက အိပ်ပျော်နေသည့် ရော့ရှီလေးကို နိုးမသွား စေချင်သောကြောင့် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုပ်ကာ ဓားသံကြားရာ အရပ်သို့ ထွက်ခွာလာလိုက် လေသည်။

မဟူရာ ကောင်းကင်အောက်တွင် လရောင် ဝိုးတဝါးဖြင့် လူရိပ်တစ်ရိပ်ကို တွေ့လိုက် ရလေသည်။ ထိုလူရိပ်က လေထဲတွင် တစ်ချက်ခုန်လိုက်ပြီး လမ်းပေါ်သို့ ရောက်သွားလေသည်။

လမ်းပေါ်တွင် လူသူ တိတ်ဆိတ်လျက် ရှိလေသည်။ ညအချိန် ဖြစ်သည့်အတွက် အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေလေသည်။

လမ်းပေါ်မှ လူရိပ်မှာ လူငယ်လေးတစ်ယောက် ဖြစ်ပြီး သူ့နောက်မှ အနက်ရောင် ဝတ်ဆင်ထားသူ ငါးယောက် လိုက်လာကြလေသည်။

လူငယ်၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာငါးချက် ရှိနေပြီး နှစ်ချက်မှာ ကျောပေါ်တွင် ဖြစ်ပြီး ကျန်သုံးချက်မှာ ညာဘက်လက်တွင် ဖြစ်လေသည်။

လူငယ်က သူ၏ ဓားရှည်ကို ဘယ်လက်ဖြင့် ကိုင်ထားပြီး နောက်ဆုံးအကြိမ်အဖြစ် အပြင်းအထန် တိုက်ခိုက် လိုက်လေသည်။

လူငယ်မှာ အဖြူရောင် ဝတ်ဆင်ထားပြီး ဂုဏ်သရေရှိ သခင်လေးတစ်ပါး၏ ပုံစံမျိုး ဖြစ်လေသည်။

အနက်ရောင်ဝတ်လူတစ်ယောက်က…

“ကောင်လေး။ စမ်းရေဓားကျမ်းကို ထုတ်ပေးစမ်း။ မဟုတ်လို့ကတော့ တစ်စစီဖြစ်ပြီး အသက် ထွက်သွားမယ်”

ဟု ပြောလိုက်လေသည်။

“မပေးနိုင်ဘူး”

လူငယ်က မေးကြောများ ထောင်လာသည်အထိ အံတစ်ချက်ကြိတ်ရင်း ပြောလိုက်လေသည်။

နောက်ထပ် အနက်ရောင်ဝတ် လူတစ်ယောက်က …

“ဆရာ သူနဲ့ အပိုတွေ ပြောမနေနဲ့တော့။ သူ့ကိုဖမ်းပြီးမှ ရှာကြည့်ကြတာပေါ့”

ဟု ပြောလိုက်လေသည်။

အနက်ရောင်ဝတ်လူ ငါးယောက်မှာ ဓားများကို ကိုင်ထားကြပြီး သူတို့အသုံးပြုသည့် သိုင်းမှာ ငါးယောက် စုပေါင်း တိုက်ခိုက်ရသည့် သိုင်းကွက် ပုံသဏ္ဌာန်မျိုး ဖြစ်လေသည်။ သူတို့၏ တိုက်ခိုက်ပုံမှာ အပြစ်ဆိုစရာ မရှိအောင် သပ်ရပ်ကောင်းမွန် လေသည်။

အဖြူရောင်ဝတ် လူငယ်မှာတော့ လှောင်အိမ်ထဲတွင် ပိတ်မိနေသည့် သားရဲတစ်ကောင်အလား ဖြစ်နေ လေတော့သည်။

“ယား …”

အသံနှင့်အတူ လူငယ်၏ ပတ်ဝန်းကျင်တွင် ပိတ်ဆို့နေသည့် လေထုမှာ တစ်စစီ ခွဲဖြာထွက်သွား လေသည်။

ရုတ်တရက်ပင် လူငယ်က ရှေ့သို့ ခုန်ဝင်လိုက်ကာ တိုက်ခိုက် လိုက်လေသည်။ အနက်ရောင်ဝတ် လူငါးယောက်မှာ ခဏမျှ တုံ့ဆိုင်း သွားကြလေသည်။ သူတို့က လူငယ်ကို အရှင်ဖမ်းလိုခြင်း ဖြစ်လေသည်။ သို့မှသာ သူတိုလိုချင်သည့် လျှို့ဝှက်သိုင်းကြမ်းကို ရရှိနိုင်မည် ဖြစ်လေသည်။

အနက်ရောင်ဝတ် လူငါးယောက် တုံ့ဆိုင်းသွားချိန်တွင် လူငယ်က ရုတ်တရက် ခုန်ဝင်လိုက်ပြီး ဓားရှည်ကို စက်ဝိုင်းပုံသဏ္ဌာန် ဝှေ့ယမ်းကာ ထိုလူငါးယောက်ဆီသို့ ထိုးစိုက် ချလိုက်လေသည်။

လူငယ် အသုံးပြုလိုက်သည့် သိုင်းကွက်မှာ သာမန်သိုင်းကွက် တစ်ကွက်မျှသာ ဖြစ်လေသည်။ သို့သော် အနက်ရောင်ဝတ် လူနှစ်ယောက်မှာ ထိုဓားချက်ကို မရှောင်နိုင် ဖြစ်သွားရလေသည်။

ထိုဓားချက်မှာ အနက်ရောင်ဝတ် လူနှစ်ယောက်၏ ချီမန် သွေးကြောစုံချက်ကို ထိခိုက်သွားခြင်း ဖြစ်လေသည်။ ထိုသွေးကြောဆုံချက်မှာ လူသားခန္ဓာ ကိုယ်ပေါ်ရှိ အရေးကြီးသည့် ဆုံချက်တစ်ခု ဖြစ်ပြီး ထိုနေရာကို တိုက်ခိုက်ခံရပါက လူတစ်ကိုယ်လုံး ပျော့ခွေကျသွားမည် ဖြစ်လေသည်။

လူငယ်က ဓားကိုဝှေ့ယမ်းကာ ထပ်မံတိုက်ခိုက် လိုက်ပြန်သည်။ လူငယ်၏ ဓားပညာမှာ သာမန်မျှသာဖြစ်ပြီး ထူးခြားမှုမရှိပါ။ သို့သော် အနက်ရောင်ဝတ် လူများ၏ အင်္ကျီများတွင် ဓားရာများ အထင်းသား ပေါ်လွင်နေပြီး လဲကျ သွားကြလေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset