Switch Mode

အခန်း (၁၀၀)

အစီအစဉ်တကျ ရေးဆွဲထားခြင်း

ဆန်းလျန်မှာ ဆန်းအိမ်တော်အတွက် တာဝန်ရှိသည်ဟု ခံစားနေရသလို သူ၏ ကိုယ်ထဲတွင် စီးဆင်းနေသည်ကလည်း ဆန်းမိသားစု၏ သွေးများ ဖြစ်လေသည်။ သူက သံယောဇဉ်များ အားလုံးကို ဖြတ်တောက်နိုင်သူ ဖြစ်နေလျှင်တော့ မည်သည့် အရာကိုမျှ သံယောဇဉ်ထားမိမည် မဟုတ်ပေ။ သို့သော် … သူက အသည်းမာနိုင်သူ တစ်ယောက် မဟုတ်ခဲ့ပါ။ ထို့ကြောင့်ပင် သူက သူ၏ သွေးသားရင်းချာကို စောင့်ရှောက်ပေးနေခြင်း ဖြစ်လေသည်။

ယခုတော့ ချင်းရွှမ်နတ်တံခါးတွင် စန့်ယွမ့်အဆောင် ထားရှိရခြင်းကို သဘောပေါက်သွားပြီ ဖြစ်လေသည်။ ကျင့်စဉ်လမ်းတွင် အောင်မြင်သွားသည့် ဆရာသခင်များသည် သူတို့၏ ချစ်ခင်ရသော အနွယ်တော်များကို မဖြတ်တောက် နိုင်သည့်အတွက် စောင့်ရှောက်ရန် ခေါ်ထားခြင်း ဖြစ်လေသည်။ သူတို့၏ ချစ်ခင်ရသူ အနွယ်တော် ဆွေမျိုးသားချင်းများကို သူတို့က ကျင့်စဉ်များ သင်ကြား ပေးလေသည်။ သူတို့ ဟိုင်သန်းအဆင့်သို့ မတက်ရောက် နိုင်ခဲ့လျှင်တော့ ကံတရားအတိုင်းသာ ဖြစ်လေသည်။ တဖြည်းဖြည်းနှင့် အသက်သေဆုံးကာ မြေမှုန့်ဘဝ ရောက်သွားရမည် ဖြစ်ပေသည်။

ဟိုင်သန်းအဆင့် မတက်ရောက်နိုင်သူများကို ချင်းရွှမ်နတ်တံခါးက တပည့် အစစ်အမှန်အဖြစ် သတ်မှတ်ခြင်း မရှိပါ။ မဟုတ်ပါက ချင်းရွှမ်နတ်တံခါးကို အကာအကွယ်ယူပြီး ပတ်သက်ရာ ပတ်သက်ကြောင်း မိသားစုဝင်များကို အားလုံးက ခေါ်လာကြလိမ့်မည် ဖြစ်လေသည်။

“ပြင်ပပြဒါးရှင်” သို့မဟုတ် “နတ်ဒေဝါ အမြုတေ” ဖြင့် ဟိုင်သန်းအဆင့်သို့ တက်ရောက် နိုင်လျှင်တောင်မှ နတ်ဘုရားတစ်ပါး ဖြစ်လာရန်အတွက် အာမခံချက် မရှိလှပေ။ ထိုအရာများမှာ ရရှိရန်လည်း ခက်ခဲလှပေသည်။

စနစ်တစ်ခု ဆိုသည်က အားနည်းချက် ရှိစမြဲပင် ဖြစ်လေသည်။ ချင်းရွှမ် နတ်တံခါးကို စတင်တည်ထောင် ခဲ့စဉ်က မိသားစုဝင်များကိုပါ လက်ခံသည့် ဥပဒေကို ကျင့်သုံးခဲ့လေသည်။ သို့သော် အချိန် ကြာလာသည်နှင့်အမျှ ထိုသို့ ပြုလုပ်ခြင်းက အလုပ်မဖြစ်ကြောင်း သိလာရလေသည်။

“သမီးရဲ့ လက်မှာ မင်တွေပေနေပြီ … ရေဆေးလိုက်ဦး”

ဆန်းလျန်က ချင်းရွှမ်နတ်တံခါး အကြောင်း စဉ်းစားနေရင်းမှ ပြောလိုက်လေသည်။

ဆန်းလျန်က ပြောရင်းဖြင့်ပင် သူတို့အနားတွင် ရှိသည့် ရေဇလုံလေးကို အင်းသင်္ကေတတစ်ခု အသုံးပြုကာ ရေဖြည့် ပေးလိုက်လေသည်။

ယခုတစ်ကြိမ်လည်း ရော့ရှီလေးက အံ့သြ မနေတော့ပါ။ ဆန်းလျန်က သူမ၏ အင်္ကျီ လက်လေးများကို အသာခေါက်တင် ပေးလိုက်သည့်အခါ သူမက ရေဇလုံထဲတွင် လက်များကိုနှစ်ကာ မင်များအားလုံး သန့်ရှင်းသွားအောင် ဆေးကြောလိုက်လေသည်။

ရေဇလုံတွင်းမှ ကြည်လင်သည့် ရေများမှာ မင်များကြောင့် အနက်ရောင် ပြောင်းသွားလေသည်။ သူမက ရေဇလုံကို အပြင်သို့ ယူသွားပြီး သွန်ပစ်လိုက်လေသည်။

အရင် အချိန်များကတော့ သူမလက်ဆေးသည့် ရေဇလုံကို သူမကိုယ်တိုင် သွားသွန်စရာ မလိုပေ။ အစေခံ မိန်းကလေးများက သွန်ပေးကြသည်ချည်းပင် ဖြစ်လေသည်။ သို့သော် ဆန်းလျန်ကတော့ သူမကို ထိုသို့ပြုလုပ်ပေးပြီး မဖျက်ဆီးလိုပေ။

အစပိုင်းတွင်တော့ ဆန်းလျန်အပေါ် သူမ အထင်လွဲနိုင်လေသည်။ နောက်ပိုင်းတွင်တော့ စည်းကမ်းဖြင့် အသားကျသွားမည် ဖြစ်လေသည်။

သူမက ရေကို အပြင်သို့ သွန်လိုက်လေသည်။ ရုတ်တရက် အော်သံတစ်သံကို ကြားလိုက်ရ လေသည်။ အသံမှာ ခပ်သြသြ အသံတစ်ခု ဖြစ်လေသည်။

“ဒီကောင်မစုတ်လေးကတော့ နင့်မှာ မျက်လုံး မပါဘူးလား”

ထို့နောက်တွင်တော့ ကျာပွတ်သံတစ်ချက် ကြားလိုက်ရလေသည်။

သို့သော် ကျာပွတ်က ရော့ရှီလေး၏ ကိုယ်ပေါ်သို့ မကျရောက်မီ လူငယ်လေး တစ်ယောက်က ကျာပွတ်ကို ဖမ်းယူလိုက်လေသည်။

ထိုလူငယ်လေးမှာ ဆန်းလျန်ပင် ဖြစ်လေသည်။ သူက ရော့ရှီလေးအနားသို့ ရောက်လာ လေသည်။ ဆန်းလျန်ကို တွေ့လိုက်ရသည့်အတွက် ရော့ရှီလေးမှာ ကြောက်ရွံ့ခြင်း မရှိတော့ပါ။ သူ့ထံကျာပွတ်ဖြင့် ရိုက်သည့်လူကို ခပ်တည်တည်ပင် စိုက်ကြည့် ပစ်လိုက်လေသည်။

ထိုသူမှာ လူရည်သန့်တစ်ဦး ဖြစ်ပြီး မြင်းတစ်ကောင်ကို စီးထားလေသည်။ သူ၏ ဖိနပ်များတွင် ရေများ စိုနေလေသည်။

သူ့ဘေးနားရှိ နောက်ထပ် မြင်းတစ်ကောင်ပေါ်တွင် ရဲစွမ်းသတ္တိရှိပုံ ရသည့် လူငယ်တစ်ယောက် ရှိနေလေသည်။

“ဒီအရိုင်းအစိုင်းမလေးက မင်းအမျိုးလား”

ထိုသူက အသံသြသြဖြင့် မေးလိုက်လေသည်။

“သူက ကလေးပဲ ရှိသေးတာ။ ဘာနားလည်မှာလဲ။ ဘာလို့ ဒီလောက်ဒေါသ ထွက်နေရတာလဲ”

ဆန်းလျန်က ထိုလူကို တစ်ချက်ကြည့်လိုက်ပြီး ပုံမှန်လေသံဖြင့် ပြောလိုက်လေသည်။ သူ့လက်ထဲတွင် ကျာပွတ်ကို ကိုင်ထားဆဲ ဖြစ်လေသည်။ ဆန်းလျန်က ကျာပွတ် အဖျားလေးကို လက်ချောင်း နှစ်ဖက်ဖြှင့် ညှပ်ပြီး အသာလေး ကိုင်ထားခြင်း ဖြစ်လေသည်။

ထိုလူက သူ၏ မြင်းရိုက်ကျာပွတ်ကို ဆန်းလျန်၏ လက်ထဲမှ ပြန်ဆောင့်ဆွဲကာ ယူလိုက်သော်လည်း အရာမထင်ပေ။ သူက ကျာပွတ်ကို လွှတ်ချရန် ကြိုးစား လိုက်သော်လည်း ကျာပွတ်က သူ့လက်တွင် ကော်နှင့် ကပ်ထားသကဲ့သို့ ဖြစ်နေလေသည်။ ကျာပွတ်လက်ကိုင်မှာ သံနှင့် ပြုလုပ်ထားခြင်း ဖြစ်သော်လည်း သူမည်သို့ပင် ကြိုးစားပြီး လွှတ်ချပါစေ သူ့လက်တွင် ကပ်နေမြဲ ဖြစ်လေသည်။

သူ၏ နဖူးဆီမှာ ချွေးသီးချွေးပေါက်များ ကျလာလေသည်။ သူ စကားတစ်လုံးမျှ မပြော နိုင်တော့ပါ။

ရဲစွမ်းသတ္တိ ရှိသည့်ပုံရသည့် လူငယ်လေးမှာ သူတို့ ရင်ဆိုင်နေရသည်မှာ ပညာရှင် တစ်ယောက်မှန်း သိလိုက်လေသည်။

“ညီငယ်လေး ကျုပ်ရဲ့ အစေခံက ရိုင်းစိုင်းမိပါတယ်။ သူ့ကိုယ်စား ကျုပ်ကပဲ တောင်းပန်ပါတယ်။  ဒီကိစ္စကို ထားလိုက် ကြရအောင်ပါဗျာ”

သူက ဆန်းလျန်ကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးရင်း ပြောလိုက်လေသည်။

ဆန်းလျန်က ကျာပွတ်ကိုင်ထားသည့် လူကို တစ်ချက် ကြည့်လိုက်ပြီးမှ ရဲစွမ်းသတ္တိ ရှိပုံရသည့် လူငယ်ကို ပြုံးပြလိုက်ပြီး ကျာပွတ်ကို လွှတ်ပေးလိုက်လေသည်။

လူငယ်လေးက ဆန်းလျန်၏ ဆေးခန်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီး….

“ညီငယ်လေးက ဆေးခန်း ဖွင့်ထားတာလား။ ဆေးခန်းနာမည်က “ရှင်သန်ခြင်း မရဏ” ဆိုပဲ။ စိတ်ဝင်စားစရာ ကောင်းလိုက်တာ”

ဆန်းလျန်မှာ သူ၏ ဆေးခန်းအမည်ကို “ရှင်သန်ခြင်း မရဏ” ဟု အမည်ပေးထားလေသည်။

“သေလုမြောပါး ရောဂါတွေအတွက် ဆေးကုသပေးမည် … ကံမကုန်သေးတဲ့ သူကတော့ ရှင်သန်နိုင်မည်”

ဟူသော ကဗျာလေး နှစ်ကြောင်းကိုလည်း ရေးစပ်ထားလေသည်။

ဆန်းတုမြို့တွင် လူများစွာမှာ အတုအယောင်များ ဖြစ်လေသည်။ ဆန်းလျန်၏ ပုံစံမှာ အလွန် ငယ်ရွယ်သည့်ပုံ ပေါက်နေသည့်အပြင် မြို့ထဲတွင် အခြားသော ဆေးခန်းများလည်း များစွာ ရှိကြသောကြောင့် ဆန်းလျန်၏ ဆေးခန်းတွင် ဆေးကုသသည့်သူ တစ်ယောက်မျှ မရှိပေ။

ဖျားနာ ခေါင်းကိုက်ခြင်းကြောင့် ရောက်လာကြသည့် အိမ်နီးချင်း တစ်ယောက် နှစ်ယောက်သာ ရှိလေသည်။ သူတို့က မောင်နှမနှစ်ယောက်ကို အားပေးသည့် သဘောဖြင့်သာ လာရောက် ကုသကြခြင်း ဖြစ်လေသည်။ သို့သော် ဆန်းလျန်က ထိုသို့သော ရောဂါ အသေးအမွှားလေးများကို ကုသပေးရန် ငြင်းဆန် လိုက်လေသည်။

ထိုသို့ ငြင်းဆန်လိုက်ခြင်းက သူ့ကို သမားတော် တစ်ယောက်မဟုတ်ဟု ပိုပြီး သံသယ ဝင်လာစေလေသည်။

ထိုသတင်းက ပျံ့နှံ့သွားသည့်အခါ ဆေးကုသရန် လာရောက်စုံစမ်း မေးမြန်းသည့်သူပင် တစ်ယောက်မျှ မရှိတော့ပေ။

ထို့ပြင် ဆန်းလျန်၏ ဆေးခန်းလေးမှာ မြို့လယ်ခေါင်တွင် တည်ရှိခြင်း မဟုတ်ပါ။ သေသေချာချာ အာရုံ မစိုက်မိပါက ဆေးခန်းကို သတိပြုမိမည်ပင် မဟုတ်ပါ။

ဆန်းလျန်က ထွေရာလေးပါး စကားများကို ပြောချင်စိတ် မရှိပါ။ ထို့ကြောင့် သူက ရော့ရှီလေးကို အိမ်ထဲသို့ ပြန်ခေါ်လာလိုက်လေသည်။

ရဲစွမ်းသတ္တိ ရှိပုံရသည့် လူငယ်လေးက ဆန်းလျန်ကို နှောင့်ယှက်မနေတော့ပါ။

“သွားကြရအောင်”

သူက သူ၏အစေခံကို ပြောလိုက်လေသည်။

အစေခံဖြစ်သူမှာ သင်ခန်းစာကောင်းကောင်း ရသွားပြီ ဖြစ်လေသည်။ သူက ယခုချိန်ထိ အသက်ကို ပြင်းပြင်း ရှူနေရသေးသည်။

လူငယ်လေးမှာ အသိဉာဏ် ကင်းမဲ့သည့်သူ တစ်ယောက်မဟုတ်ပါ။ ဆန်းလျန်မှာ သာမန် လူတစ်ယောက် မဟုတ်ကြောင်း သူရိပ်မိလိုက်လေသည်။ ထို့ပြင် သူက ဤကိစ္စနှင့် ထပ်မံ မပတ်သက်လိုတော့ပါ။ သူက ပြဿနာ မဖြစ်ချင်သူ တစ်ယောက် ဖြစ်လေသည်။

“ဒီဆန်းတုမြို့တော်ကတော့ တကယ့်ကို ဝပ်နေတဲ့ကျားတွေ၊ ပုန်းနေတဲ့ နဂါးတွေနဲ့ ပြည့်နေတော့တာပဲ”

လူငယ်က ပြောရင်း ထွက်ခွာသွားလေတော့သည်။

“သခင်လေး အဲဒီလို လူမျိုးတွေ ကျွန်တော်တို့ လိုအပ်နေတာမလား။ ခုနကောင်လေးက တကယ် တော်တာပဲ။ ကျော်ကြားတဲ့ ကူဟွေ့ဆရာတော်ရဲ့ တပည့်တွေတောင်မှ ကျွန်တော့်ကို ဒီလိုဖြစ်အောင် မလုပ်နိုင်ဘူး။ ကျွန်တော် သူ့နောက်ကြောင်းကို စုံစမ်းကြည့်ပြီး ကျွန်တော်တို့အတွက် အလုပ် လုပ်ပေးမလားဆိုတာ စုံစမ်းကြည့်သင့်တယ်။ သူကတကယ် အသုံးဝင်မှာပဲ”

အစေခံဖြစ်သူက လူငယ်လေးကို အကြံပေးလိုက်လေသည်။

“ခုန ဒီလိုမျိုး ဖြစ်ပျက်ခဲ့တာတောင် မင်းက ဒီလိုအကြံမျိုး ပေးနိုင်တာ။ ကျုပ်တကယ် ဝမ်းသာတယ်။ ဒါပေမယ့် ကျုပ်တို့ ဆန်းတုမြို့တော်မှာ လူမသိ သူမသိနေတာပဲ ကောင်းတယ်။ ဒါနဲ့ ချီးဝမ်မင်းသားက ဒီနေ့ ကျုပ်တို့ကို ညစာစားပွဲ ဖိတ်တာကို မင်း ဘယ်လိုသဘောရလဲ။ သူက ကျုပ်တို့ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်မလို့များလား”

လူငယ်လေးက မဲ့ပြုံး တစ်ချက်ပြုံးရင်း ပြောလိုက်လေသည်။

***

ဆန်းလျန်က သူ့ရှေ့တွင် ရပ်နေသည့် ရော့ရှီလေးကို ကြည့်လိုက်သည်။

“သမီးဘာမှ ကြောက်နေစရာ မလိုတော့ဘူးနော်။ ကြည့်ပါဦး သမီးက ခုတလော သိပ်ကို ထွားလာတယ်”

ဟု ဆန်းလျန်က ပြောလိုက်လေသည်။

“ကိုကိုသာရှိရင် သမီး ဘာကိုမှ မကြောက်ပါဘူး”

ရော့ရှီလေးက ဆန်းလျန်ကို မော့ကြည့်ရင်း ပြောလိုက်လေသည်။

ဆန်းလျန်က သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

“ကိုကိုက ဘဝတစ်လျှောက်လုံး သမီးကို ပြုစုစောင့်ရှောက် သွားဖို့က မဖြစ်နိုင်ဘူးကွယ်”

ထိုစကားကို ဆန်းလျန်စိတ်ထဲမှ ပြောလိုက်ခြင်း ဖြစ်လေသည်။ သို့သော် … သူ့ပါးစပ်ကတော့ ထုတ်မပြောမိပါ။ ထိုစကားများက မိန်းကလေးငယ်လေးကို နာကျင်သွားစေမည် မဟုတ်ပါလား။

သူက ဖုန်းဆွေပညာဖြင့် ကြည့်လိုက်သည့်အခါ ခရမ်းရောင်အငွေ့များ လူငယ်ထံမှ ထွက်ပေါ် နေသည်ကို တွေ့လိုက်ရလေသည်။ ထိုလူငယ်မှာ အရေးပါသည့် မျိုးရိုးမြင့်သည့် လူငယ်တစ်ယောက် ဖြစ်ပြီး သူ့အကြောင်းကို လူမသိအောင် ဖုံးကွယ်ထားသူ တစ်ယောက်ဖြစ်ကြောင်း ဆန်းလျန် ရိပ်မိလိုက်လေသည်။

ဆန်းတုမြို့တော်တွင် နေ့ခင်းပိုင်းတွင်ပင် ဘုရင်မကြီး၏ နဂါး အရိပ်အငွေ့များမှာ ပြင်းထန်စွာ ပေါ်ထွက်လျက် ရှိလေသည်။ သို့သော် နဂါးအရိပ်အငွေ့တွင် စိတ်ဓာတ်ကျသည့် အရိပ်အယောင်များ ပါဝင်နေပြီး အထွတ်အထိပ်ရောက်မှ ပြန်လည်အားပျော့ သွားတတ်လေသည်။

ဆန်းလျန်မှာ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်နှင့် ပတ်သက်ပြီး ဆက်လက် ကျင့်ကြံနိုင်ခြင်း မရှိသေးပါ။ သူက ကျင့်စဉ်လွယ်ကူ ချောမောစေရန်အတွက် အခြေခံတွေးခေါ် ဆင်ခြင်မှုများကို ပြုလုပ် နေလေသည်။

အမှန်တော့ ဆန်းတုမြို့မှာ  ဘုရင့်နေပြည်တော် မြို့တော်ဖြစ်လေသည်။ ထို့ကြောင့် တန်ခိုး စွမ်းအားများနှင့် ပြည့်နေလေသည်။ ထိုတန်ခိုး စွမ်းအားများမှာ မိုင်တစ်ထောင် ပတ်လည်သို့တိုင်အောင် ရောက်လေသည်။

တာ့ကျိုးတိုင်းပြည်၏ ပထဝီ အနေအထားအရ အလယ်ဗဟိုကျသော ဆန်းတုမြို့တော်မှာ တန်ခိုး စွမ်းအားများဖြင့် ပြည့်ဝလေသည်။ စွမ်းအားစုများမှာ ထိုနေရာတွင် လာစုံခြင်း ဖြစ်လေသည်။ သို့သော် မြေစွမ်းအားက အရပ်လေးမျက်နှာမှ စွမ်းအားများ ဆန်းတုမြို့သို့ အပြင်းအထန် ဝင်ရောက်လာမည်ကို တားမြစ်ထားလေသည်။ တစ်ချိန်တည်းမှာပင် ထိုမြေစွမ်းအားက ဂရုတစိုက် အစီအစဉ်တကျ ဖြစ်နေ ပြန်လေသည်။

တစ်စုံတစ်ယောက်က ထိုသို့ဖြစ်အောင် အစီအစဉ်တကျ ရေးဆွဲထားခြင်း ဖြစ်လေသည်။ လျှို့ဝှက်စွာဖြင့် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ထားခြင်း ဖြစ်ပုံရသေည်။

မြစ်နှင့်တောင်များကဲ့သို့ သဘာဝတရားကို ကြိုးကိုင် ခြယ်လှယ်နိုင်သည့် လူဆိုသည်မှာ မြင့်မြတ်သည့် နတ်ဘုရား တစ်ပါးပင် ဖြစ်မည်ဟု ဆန်းလျန် တွေးလိုက်မိလေသည်။

အသိဉာဏ် ကွန့်မြူးစေရန်အတွက် ထိုနောက်ကွယ်မှ အကြောင်းအရာများကို သိအောင် စုံစမ်းရန် ဆုံးဖြတ်လိုက်လေသည်။ ထိုအကြောင်းအရာများကို သိရှိပါက သူ၏ ကိုယ်ထဲသို့ ဒြပ်စင်စွမ်းအား ရှစ်မျိုးကို အစီအစဉ်တကျ ရောက်ရှိသွားအောင် ကျင့်ကြံကောင်း ကျင့်ကြံနိုင်မည် ဖြစ်လေသည်။ ဒြပ်စင်စွမ်းအားများ ခန္ဓာကိုယ်ထဲတွင် အချင်းချင်း တိုက်ခိုက် ကြသည်များကို ဖြေရှင်းနိုင်မည်ဟု မျှော်လင့်မိလေသည်။

ဤသည်မှာ ဆန်းတုမြို့တော်တွင် ဆန်းလျန်လာရောက် နေထိုင်ရသည့် အကြောင်းရင်းပင် ဖြစ်လေသည်။ ထို့ပြင် ဘုရင်မကြီးမှာ ဗုဒ္ဓဘာသာကို လွန်စွာမှ သက်ဝင်ယုံကြည်သူ ဖြစ်ပြီး ကူဟွေ့ ဆရာတော်မှာ ဆန်းတုမြို့တော်တွင် အလွန် ကျော်ကြားသည့် ဆရာတော်တစ်ပါး ဖြစ်လေသည်။

“မနက်ဖန် သမီးကို အတွင်းအားကျင့်စဉ် စပြီး သင်ပေးမယ်။ သမီးကို ချင်းရွှမ် နတ်တံခါးက ကျင့်စဉ် တစ်ရာ့ရှစ်မျိုးကို သင်မပေးနိုင်ပေမဲ့ သမီးအနေနဲ့ ကျင့်စဉ်လမ်းကို လျှောက်ဖို့ အဆင်သင့် ဖြစ်ပြီဆိုရင် ကိုကိုလည်း တောင်ပေါ်ကို ပြန်တော့မယ်။ ဒါကြောင့် သမီးအတွက် အနာဂတ်မှာ အခြေခံကောင်း ရအောင် စပြီးတည်ဆောက် ပေးထားရမယ်”

ဆန်းလျန်က ပြောလိုက်လေသည်။

ဆန်းလျန်၏ စကားများမှာ သူ့ကိုယ်သူ အားပေးနေခြင်းမျှသာ ဖြစ်လေသည်။ ထို့ကြောင့် ရော့ရှီလေးမှာ တစ်လုံးမှ နားမလည်နိုင် ဖြစ်နေရ လေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset