မိန်းကလေးငယ်လေးမှာ ဖုံများသဲများ ပေကျံနေသော်လည်း မျက်ဝန်းလေးများကတော့ ကြယ်စင်အလား တောက်ပ နေကြလေသည်။ တောက်ပဖြူစင်သည့် မျက်ဝန်းလေးများပင်။ မိန်းကလေးငယ်လေးက ဆန်းလျန်ကို ကြည့်လိုက်ရင်း …
“ကိုကိုကလည်း ဟိုလူဆိုးတွေလိုပဲ သမီးကို ဖမ်းဖို့ လာတာလား။ သမီးကို စားမပစ်ပါနဲ့နော်။ သမီးက တအားကို ညစ်ပတ်တာ”
ဟု ပြောလိုက်လေသည်။ သူမပုံစံလေးမှာ ကြောက်ရွံ့တုန်ယင် နေလေသည်။
ဆန်းလျန် ကလေးမလေးကို ကြည့်ကာ ရယ်ချင်မိသော်လည်း မရယ်ရက်ခဲ့ပါ။ ကလေးမလေး၏ မျက်ခုံး မျက်လုံးများမှာ ဆန်းရော့ရှီနှင့် လွန်စွာ ဆင်တူလေသည်။ ထို့အတူ ဆန်းလျန်နှင့်လည်း ဆင်တူလေသည်။ သူတို့မောင်နှမ နှစ်ယောက်မှာ ရုပ်ချင်းဆင်ကြသည် မဟုတ်ပါလား။
ဆန်းလျန်က ခေါင်းကို ငုံ့လိုက်ပြီး မိန်းကလေးငယ်လေးကို လက်ကမ်း ပေးလိုက်သည်။ ကလေးမလေးမှ ဆန်းလျန်၏ လက်ကို ဆုပ်ကိုင်လိုက်သည့်တိုင် ကြောက်ရွံ့နေသေးသည်။
“ကိုကိုက လူဆိုးမဟုတ်ပါဘူး။ ဒါနဲ့ သမီးကရော ဒီနေရာကို ဘယ်လိုလုပ် ရောက်နေတာလဲ”
ဆန်းလျန်က နူးညံ့စွာ မေးလိုက်လေသည်။
ဆန်းလျန်မှာ ရန်သူတစ်ယောက် မဟုတ်ကြောင်း မိန်းကလေးငယ်၏ စိတ်တွင်းမှ ခံစားမိနေ လေသည်။
“ဦးလေးပိုင်က သမီးကိုခေါ်လာတာ”
“သူအခု ဘယ်မှာလဲ”
“လူဆိုးတွေ အများကြီးပဲ သမီးကို လိုက်ဖမ်းနေကြတာ။ ဦးလေးပိုင်က လူဆိုးတွေကို မျှားခေါ် သွားမယ်ဆိုပြီး ထွက်သွားတာ။ ဒါပေမယ့် သူပြန်မလာတော့ဘူး။ ကိုကိုက ဦးလေးပိုင်ကို ရှာပေးပါလား ဟင်”
မိန်းကလေးငယ်က ဆန်းလျန်၏လက်ကို လှုပ်ယမ်းလိုက်ရင်း တောင်းပန်သည့်ပုံစံဖြင့် ပြောလိုက်လေသည်။ ဆန်းလျန်မှာ သူမကို ဖမ်းဆီးရန်လာသည့် သူမဟုတ်ကြောင်း သူမ သိနေလေသည်။ ဆန်းလျန်က သူမနဖူးထက်မှ ဆံပင်လေးများကို အသာပွတ်သပ် ပေးလိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။
***
မိန်းကလေးငယ်လေးမှာ မည်သူဆိုသည်ကို ဆန်းလျန် သိရှိသွားပြီ ဖြစ်လေသည်။ ဆန်းရော့ရှီမှာ ဘုရင့်အနွယ်တော် မင်းသား ချင်းဟယ်ကျွမ်းဝမ်နှင့် လက်ဆက်ခဲ့ခြင်း ဖြစ်လေသည်။ ချင်းဟယ်ကျွမ်းဝမ်တို့ မိသားစုမှာ အနောက်မြောက်ပိုင်းတွင် အချမ်းသာဆုံး မိသားစု ဖြစ်လေသည်။ ထို့ကြောင့် ချင်းဟယ်ကျွမ်းဝမ်က ပုန်ကန်သည့် အခါတွင် ဆန်းအိမ်တော်ကပါ အလိုတူအလိုပါ ဖြစ်ရ လေတော့သည်။
ဆန်းရော့ရှီနှင့် ချင်းဟယ်ကျွမ်းဝမ်တို့၏ မင်္ဂလာကိစ္စကို စီစဉ်သူမှာ ဆန်းသခင်ကြီး မဟုတ်ပါ။ ဆန်းသခင်ကြီးမှာ ဆန်းလျန် ထွက်ခွာသွားပြီး နောက်တစ်နှစ်တွင် ဆုံးပါးသွားခဲ့ လေသည်။ လေးစားစရာ ကောင်းသူတစ်ဦးသည် အသက်အရွယ် ကြီးရင့်လာပြီး ကံတရားကို မလွန်ဆန်နိုင်ခဲ့ပေ။ သူ့ဘဝတွင် ရရှိခဲ့သည့် အောင်မြင်မှုနှင့် ငွေကြေးချမ်းသာ ကြွယ်ဝသည်များကို တစ်လက်မမျှပင် သယ်ဆောင် သွားနိုင်စွမ်း မရှိခဲ့ရှာပေ။
ဆန်းသခင်ကြီးမှာ လူကောင်းတစ်ယောက် ဟူ၍တော့ ပြော၍မရပေ။ အဘယ်ကြောင့်ဆိုသော် ဆန်းအိမ်တော်၏ ပိုင်ဆိုင်သည့် ငွေကြေးများတွင် မသန့်ရှင်းသည့် ငွေများလည်း ပါသောကြောင့် ဖြစ်လေသည်။ သွေးစွန်းသော ငွေများလည်း ပါဝင်လေသည်။
သူသည် ဖခင်ကောင်း တစ်ယောက်လည်း ဖြစ်ချင်မှ ဖြစ်ခဲ့ပေလိမ့်မည်။ သို့သော် သူ မကွယ်လွန်မီ အချိန်လေးတွင်တော့ “အန်း” တည်းခိုရိပ်သာသို့ မကြာခဏ သွားလေ့ရှိပြီး ဆန်းလျန် နေထိုင်သည့် အခန်းထဲတွင် နေထိုင်တတ်လေသည်။ သူကွယ်လွန်သည့် အခါတွင်လည်း ဆန်းလျန်၏ အခန်းထဲတွင်ပင် ကွယ်လွန်ခဲ့ခြင်း ဖြစ်လေသည်။
ဆန်းအဘိုးအို အနေဖြင့် ဆန်းလျန်ကို ချစ်ခင်သည့် အတွက်ကြောင့် ထိုသို့ ပြုလုပ်ခြင်း ဖြစ်နိုင်သလို ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးခဲ့ရသည့် သမီးဖြစ်သူ၊ ဆန်းလျန်၏ မိခင်ကို သတိ ရသောကြောင့်လည်း ထိုသို့ ပြုလုပ်ခြင်း ဖြစ်နိုင်လေသည်။
လွန်ခဲ့သည့် ဆယ့်နှစ်နှစ်ခန့်က ဆန်းရော့ရှီမှာ ချင်းဟယ်ကျွမ်းဝမ်နှင့် လက်ဆက် ခဲ့လေသည်။ လက်ထပ်ပြီး ခုနစ်နှစ်ကြာမှ သူမတွင် ကိုယ်ဝန်ရှိလာပြီး မိန်းကလေးငယ်လေးကို မွေးဖွားခဲ့ခြင်း ဖြစ်လေသည်။ သို့သော် … ဆန်းရော့ရှီမှာ မီးတွင်းထဲမှာပင် အသက်ဆုံးခဲ့ရ ရှာလေသည်။ ထို့ကြောင့် မိန်းကလေးငယ်လေးမှာ ချင်းဟယ်ကျွမ်းဝမ်၏ တစ်ဦးတည်းသော သမီးလေး ဖြစ်လေသည်။ ချင်းဟယ်ကျွမ်းဝမ်သည် ဆန်းရော့ရှီကို လွန်စွာမှ ချစ်ခင်ကြင်နာ လေသည်။ ထိုသို့ ချစ်ခင်သည်မှာလည်း ငွေတွင်းကြီးသဖွယ် ကြွယ်ဝချမ်းသာသည့် ဆန်းအိမ်တော်၏ မျက်နှာကြောင့် ဖြစ်လေသည်။
ထို့နောက် ချင်းဟယ်ကျွမ်းဝမ်က ဘုရင်မကြီးကို စတင်ပုန်ကန်ရန် စီစဉ်ခဲ့လေသည်။ သို့သော် … ပုန်ကန်မှု အရေးနိမ့်ခဲ့ရပြီး သူ၏တပ်များကို ချင်ပြည်နယ်သို့ ပြန်လည်ဆုတ်ခွာ လာခဲ့လေသည်။ ထိုသို့ဆုတ်ခွာ လာသည့် အချိန်တွင်ပင် သူ၏ တပ်တွင်းမှာပင် သစ္စာဖောက်မှု ဖြစ်ပွားခဲ့ပြီး ချင်ပြည်နယ် မြို့တော်သို့ မရောက်မီမှာပင် သစ္စာဖောက် လက်အောက်ငယ်သား တစ်ဦး၏ ခေါင်းဖြတ်သတ်ခြင်းကို ခံခဲ့ရ လေသည်။ ဆန်းအိမ်တော်မှ လူများအားလုံးလည်း ထိုသို့ပင် အသတ်ခံခဲ့ရ လေသည်။ ဆန်းလျန်၏ မိတ်ဆွေ သူတော်စင်စောရ “ပိုင်ယွိဖေး” ကယ်တင်ပေးခဲ့သည့် ချင်းဟယ်ကျွမ်းဝမ်၏ သမီးလေးမှာ တစ်ဦးတည်းသော အသက်ရှင် ကျန်ရစ်သူ ဖြစ်လေသည်။
ပိုင်ယွိဖေးမှာ ဆန်းအိမ်တော်အကြောင်း အတွင်းသိအစင်းသိ တစ်ယောက် ဖြစ်လေသည်။ ထို့ပြင် မိန်းကလေးငယ်မှာ ဆန်းအိမ်တော်၏ နောက်ဆုံးမျိုးဆက် ဖြစ်လေသည်။
ဆန်းလျန်က ဒဏ်ရာအပြင်းအထန် ရနေသည့် ပိုင်ယွိဖေးကို ကယ်တင်ရင်း ထို အကြောင်း အရာများ အားလုံးကို သိခဲ့ရခြင်း ဖြစ်လေသည်။ ဆန်းလျန်က ပိုင်ယွိဖေး၏ ဒဏ်ရာများကို ကုသ ပေးခဲ့လေသည်။
မိန်းကလေးငယ်လေးကို ရှာတွေ့သွားသူမှာ ဆန်းလျန် ဖြစ်နေသည့်အတွက် ပိုင်ယွိဖေးမှာ စိတ်အေးသွားရ လေသည်။ သူ့တွင် နတ်ဘုရားကျင့်စဉ်လမ်း လျှောက်လှမ်းရန်အတွက် ပါရမီ မရှိကြောင်း ပိုင်ယွိဖေး နားလည်သည့်အပြင် သူ၏ လက်ကျန်ဘဝကိုလည်း ငြိမ်းငြိမ်းချမ်းချမ်းပင် ဖြတ်သန်းချင်မိ လေသည်။ ထို့ကြောင့် သူက ဆန်းလျန်ကို နှုတ်ဆက်စကားပြောကာ လမ်းခွဲ ခဲ့လေသည်။ နေရာအသစ်တွင် စိတ်သစ်လူသစ်ဖြင့် ဘဝအသစ် ပြန်စရန် သူက စဉ်းစားထားလေသည်။
ပိုင်ယွိဖေး ထွက်ခွာသွားသည့် ညတွင်ပင် ဆန်းလျန်က ကိုယ်ကျိုးအတွက် သခင်အပေါ် သစ္စာပျက်ခဲ့သည့် သူပုန်တပ်မှ သစ္စာဖောက်ကို လိုက်လံရှာဖွေကာ သုတ်သင်ခဲ့လေသည်။ ဆန်းမိသားစု တစ်ခုလုံးကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့ သူမှာလည်း ထိုသူပင် ဖြစ်လေသည်။
ထိုသူအား လက်စား ချေပြီးသည့်တိုင် ဆန်းလျန်ရင်ထဲတွင် မကျေနပ်နိုင်ပါ။ သို့သော်လည်း
သစ္စာဖောက်မှုတွင် ပါဝင် ပတ်သက်ခဲ့သည့် အခြားသူများကိုတော့ ဆန်းလျန်က လွှတ်ပေးခဲ့လေသည်။
ချင်းဟယ်ကျွမ်းဝမ်နှင့် ဆန်းရော့ရှီတို့၏ သမီးဖြစ်သူ မိန်းကလေးငယ်လေး၏ အမည်မှာလည်း “ရော့ရှီ” ဟူ၍ပင် ဖြစ်လေသည်။ သူမ၏မိခင် ဆန်းရော့ရှီ၏ နာမည်ကိုပင် ပြန်ပေးထားခြင်း ဖြစ်လေသည်။
ရော့ရှီလေးမှာ ဆန်းလျန်က သူမ၏ဦးလေး ဖြစ်သည်ဆို၍ အံ့သြနေရ လေသည်။ အဘယ်ကြောင့်ဆိုသော် ငယ်ရွယ်နုပျိုမှုကို ထိန်းထားသည့် ဆန်းလျန်မှာ သူမ၏ အစ်ကိုအရွယ် ဖြစ်နေသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့်သူမက ဆန်းလျန်ကို “ကိုကို” ဟုပင် ခေါ်လေသည်။
သူမ၏ ဦးလေးပိုင်က ဆန်းလျန်နှင့်သာ အတူရှိနေလျှင် မည်သူ့ကိုမျှ ကြောက်စရာ မရှိတော့ကြောင်း မှာကြားသွားခဲ့လေသည်။ သို့သော် ကလေးမလေးမှာ သူမ၏ ဖခင်ဖြစ်သူ သခင်ကြီးနှင့် အဘိုးအဘွားများကို လွမ်းဆွတ်သတိရ နေမိလေတော့သည်။
ဦးလေးပိုင်က ဆန်းလျန်မှာ နတ်ဘုရားတစ်ပါး ဖြစ်သည်ဟု ပြောကြား သွားခဲ့လေသည်။ ထို့ကြောင့် သူမကို ဖခင်ဖြစ်သူထံ ခေါ်ဆောင်သွားပေးဖို့ ဆန်းလျန်ကို တောင်းဆို ကြည့်လေသည်။
သို့သော် ဆန်းလျန်က “ထိုသို့ပြုလုပ်နိုင်စွမ်း သူ့တွင်မရှိ” ဟု ပြောခဲ့လေသည်။ ရော့ရှီလေး နားလည်ထားသည်က နတ်ဘုရားဆိုသည်မှာ မြေလျှိုးမိုးပျံနိုင်ပြီး သွားလိုသည့် နေရာတိုင်းကို သွားနိုင်သည် ဟူ၍ဖြစ်လေသည်။
ရော့ရှီလေးမှာ နတ်ဘုရားကိုကိုက သူ့ကို လိမ်ပြောသည်ဟု ထင်နေမိလေသည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်မှာ ကောင်းကင်ထက်တွင် ပျံသန်း နိုင်သော်လည်း သူမကို ဖခင်ဖြစ်သူထံ ခေါ်သွား မပေးသည့်အတွက် ဖြစ်လေသည်။
သို့သော် နတ်ဘုရားကိုကိုမှာ ထူးဆန်းသောသူ ဖြစ်ကြောင်း သူမ သတိပြုမိ လေသည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်မှာ အရာဝတ္ထုများကို ဖန်ဆင်းနိုင်စွမ်း ရှိကြောင်း သူမ သိခဲ့ရလေသည်။ ထိုသို့ ဖန်ဆင်းသည်ကို သူမဘဝတွင် တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။
တဖြည်းဖြည်းနှင့် ဆန်းလျန်နှင့်အတူ နေရသည်ကို ရော့ရှီလေး သဘောကျ လာလေတော့သည်။
သူမက ဖခင်ဖြစ်သူ၏ အိမ်တော်နှင့် အဘိုးဖြစ်သူ၏ ဆန်းအိမ်တော်တွင် နေသည်က များလေသည်။ သူမက ပြင်ပလောကသို့ တစ်ခါမျှ မရောက်ခဲ့ဖူးပါ။ သူမက မျက်လှည့်ပြပွဲများကို သဘောကျသည့်အတွက် သူမ၏ဖခင်က သူမကို ဖျော်ဖြေရန်အတွက် မျက်လှည့်အဖွဲ့ တစ်ဖွဲ့ ငှားထား ပေးလေသည်။ သို့သော် သူမက မျက်လှည့်ပွဲထက် စိတ်လှုပ်ရှား ခံစားရသည်ကို သဘောကျခြင်း ဖြစ်လေသည်။ သူမကိုထိန်းသည့် ကလေးထိန်း အဒေါ်ကြီးက သူမကို အိမ်တော်အပြင်ဘက်သို့ ခိုးပြီး ခေါ်သွားဖူးလေသည်။ သူမက ပြင်ပလောကကြီးကို အလွန် သဘောကျလေသည်။ သွားလာဆူညံ နေကြသည့် လူအုပ်ကြီးကို သူမ သဘောကျလေသည်။ သူမ၏ ဖခင်ဖြစ်သူ၏ အိမ်နှင့် အဘိုးဖြစ်သူ၏ ဆန်းအိမ်တော်မှာ ကြီးမားလှပြီး သူမအတွက် အထီးကျန်ဆန်လွန်းလေသည်။
သို့သော် … သူမကို အပြင်သို့ ခိုးပြီး ခေါ်သွားသည့် ကလေးထိန်း အဒေါ်ကြီးကို ထိုနေ့ကတည်းက မတွေ့ရတော့ပါ။ သူမလည်း အပြင်သို့ ထွက်ခွင့် မရတော့ပေ။
နတ်ဘုရားကိုကိုနှင့်အတူ လိုက်ပါသွားရခြင်းက သူမအတွက် နေ့စဉ်နေ့တိုင်း လူပေါင်း များစွာဖြင့် ကြုံတွေ့ရလေသည်။ လူထူထပ်ပြီး ဆူညံသည့် နေရာများသို့လည်း သွားနိုင်သလို မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လျှောက်သွား ဆော့ကစား၍ ရလေသည်။
တစ်နေ့တွင်တော့ နတ်ဘုရားကိုကိုက သူမကို “ဆန်းတု” ဆိုသည့် မြို့တစ်မြို့သို့ ခေါ်ဆောင် သွားလေသည်။ ထိုမြို့မှာ အလွန်မှ လူစည်ကားသည့် မြို့တစ်မြို့ဖြစ်လေသည်။
ဆန်းတုမြို့တော်မှာ ကြီးမားပြီး လူနေထူထပ် လေသည်။ ပျော်ရွှင်စရာများလည်း များစွာ ရှိလေသည်။ လှပသည့် အဝတ်အထည် များစွာလည်း ရှိလေသည်။ သူမ သဘောအကျဆုံးမှာ “ထန်ဟူလူ” ဟု ခေါ်သည့် တုတ်ထိုးမုန့်များပင် ဖြစ်လေသည်။
သို့သော် … နတ်ဘုရားကိုကိုက သူမကို တစ်နေ့တစ်ခုသာ ဝယ်ကျွေးလေသည်။
ထို ဆန်းတုမြို့တော်တွင် သူတို့ အခြေချ နေထိုင်ပြီး ဆေးခန်းလေးတစ်ခု ဖွင့်လိုက်လေသည်။
ဆေးခန်းဆိုသည်မှာ နေမကောင်းသည့် သူများကို ဆေးကုသပေးသည့် နေရာမှန်း သူမ သိပါသည်။ သို့သော် … ဆေးခန်း ဖွင့်ထားသည့်တိုင် မည်သူမျှ ဆေးလာရောက် ကုသခြင်း မရှိပေ။ လူအများ ပြောနေသံ ကြားသည်မှာ ဆန်းလျန်မှာ သမားတော်တစ်ယောက် ဖြစ်ရန်အတွက် အလွန် ငယ်ရွယ် နေသေးသည်ဟူ၍ ဖြစ်လေသည်။
ထိုစကားများကြောင့် ရော့ရှီလေးမှာ ဒေါသ ထွက်ရသော်လည်း သူမ၏ နတ်ဘုရားကိုကို ကတော့ စိတ်ဓာတ်ခိုင်မာပြီး အစွမ်းထက်သူ ဖြစ်လေသည်။ ထိုသူများက သူမ၏ နတ်ဘုရားကိုကို၏ အစွမ်းများကို မသိခြင်းသာ ဖြစ်လေသည်။
“သူမဖခင်ဆီ လိုက်မပို့နိုင်” ဟု လိမ်ပြောခြင်းနှင့် သူမကို ထန်ဟူလူ တုတ်ထိုးမုန့် ဝယ်မကျွေးခြင်း ကြောင့်သာလျှင် သူမက ဆန်းလျန်ကို မကျေနပ်ခြင်း ဖြစ်လေသည်။
လက်ရှိအချိန်တွင်တော့ သူမက စာပေသင်ယူနေရပြီး စာရေးသားခြင်းကို လေ့ကျင့် နေလေသည်။
စာပေ သင်ယူရခြင်းကို သူမ အလွန်မုန်းတီး လေသည်။ စာရေးသားရခြင်းကိုလည်း သူမ သဘောမကျပါ။ သူမ၏ ဖခင်ဖြစ်သူကို သတိရနေမိပြီး ကျန်သည့် အချိန်များတွင် သူမက စားဖို့နှင့် ကစားဖို့သာ စဉ်းစားနေသူ ဖြစ်လေသည်။
ဆန်းလျန် စိတ်ဆိုးမည်ကိုတော့ သူမကြောက်လေသည်။ သို့သော် … ဆန်းလျန်က သူမ ဖခင်ကဲ့သို့ စိတ်ဆိုးဒေါသ ထွက်တတ်သူ တစ်ယောက် မဟုတ်ပါ။
သူမ ရေးသားနေသည့် စာလုံးများမှာ မှတ်ရလွယ်လေသည်။ တစ်ချက် ကြည့်ရုံဖြင့်ပင် သူမ မှတ်မိလေသည်။ သူမ စာလုံးများကိုလည်း ကူးရေးနိုင်လေသည်။ သို့သော် ဆန်းလျန်က သူမရေးသည့် စာလုံးများကို မှားသည်ဟုပင် ပြောနေလေသည်။
နောက်ဆုံးတွင်တော့ သူမကို စာလုံးများ မရေးခိုင်းတော့ပေ။ စာလုံး တစ်လုံးတည်းကိုသာ ရေးခိုင်းလေသည်။ “ထာဝရ” ဟု အဓိပ္ပာယ်ရသည့် “ယုန့်” ဆိုသည့် စာလုံး ဖြစ်လေသည်။
ဆန်းလျန် ရေးပြသည့်အတိုင်း သူမက လိုက်ရေးရခြင်း ဖြစ်လေသည်။
သူမက “ယုန့်” ဆိုသည့် စာလုံးကို စာရွက်ဖြင့် အပြည့်ရေးပြီး ဆန်းလျန်ကို ပြလိုက်လေသည်။
ဆန်းလျန်က သူမရေးသားထားသည့် စာလုံးများကို သေချာစစ်ဆေး ပေးပြီးသည့်နောက် စာရွက်မှာ ပျောက်ကွယ်သွားလေသည်။
ရော့ရှီလေးမှာ အံ့သြမနေတော့ပါ။ သူမက ဆန်းလျန်၏ တန်ခိုးစွမ်းအားများဖြင့် ကျင့်သား ရနေပြီ ဖြစ်လေသည်။
ဆန်းလျန်က သူမ ရေးသားထားသည့် စာလုံးများအပေါ်တွင် ဘာမှဝေဖန် ပြောကြားခြင်း မရှိပေ။ ထို့ကြောင့် ရော့ရှီလေးမှာ စိတ်ပျက်သွားရလေသည်။
ရော့ရှီလေးမှာ သူမ၏ မိခင်နှင့် ရုပ်ချင်းဆင်သည်ဟု ဆန်းလျန် တွေးမိလေသည်။ သို့သော် မျက်လုံး မျက်ခုံးများကတော့ သူမ၏ မိခင်နှင့်သာမက ဆန်းလျန်နှင့် အလွန်ပင် ဆင်တူလေသည်။
ရော့ရှီလေးက ဆန်းလျန်ကို “ကိုကို” ဟုသာ ခေါ်သကဲ့သို့ အခြားသောသူများကလည်း သူတို့ နှစ်ယောက်ကို မောင်နှမဟုပင် ထင်မှတ်နေကြ လေသည်။
ဆန်းလျန်ကလည်း ရှင်းပြ မနေတော့ပါ။ ရော့ရှီခေါ်နေသည့် “ကိုကို” ဆိုသည်ကိုလည်း ပြင်ပေး၍ မရတော့ပေ။ ထို့ကြောင့်ပင် ဆန်းလျန်လည်း အရာအားလုံး ထိုအတိုင်းပင် ရှိစေတော့ဟု ဆိုကာ ထားလိုက် လေတော့သည်။
ဆန်းအိမ်တော်အတွက် တာဝန်မကျေသလို ခံစားနေရသည့်အတွက် ရော့ရှီလေးကို လူလားမြောက်အောင် စောင့်ရှောက်မည်ဟု ဆန်းလျန် စိတ်ပိုင်းဖြတ် ထားလိုက်လေတော့သည်။
***