လူ့လောကတွင် အသက်ဓာတ်စွမ်းအားနှင့် မိုးမြေစွမ်းအားများမှာ များစွာ နည်းပါးလေသည်။ ချင်းရွှမ်နတ်တံခါးတွင် နှစ်ပေါင်းများစွာ နေထိုင်ပြီးသည့်နောက် လူ့လောကသို့ ပြန်လာရသည်မှာ လွန်စွာမှ ခက်ခဲလေသည်။ သူ့ရုပ်ခန္ဓာ သန့်စင်ရန် နေ့စဉ်ကျင့်ကြံသည့် အတွင်းအား ကျင့်စဉ်ကိုပင် စွမ်းအား အပြည့်ဖြင့် ကျင့်ကြံရန် ခက်ခဲနေလေသည်။
ထို့ကြောင့် ကျင့်ကြံသူများမှာ လူသားများနှင့်ဝေးရာ တောနှင့်တောင်များတွင်ပင် တရားကျင့်ကြံ အားထုတ်ကြခြင်း ဖြစ်လေသည်။
သို့သော် လူ့လောကမှာ စွမ်းအားကျင့်စဉ်အတွက် မကောင်းသည့်တိုင် စိတ်ကျင့်စဉ် အတွက်တော့ ကောင်းမွန်လေသည်။
ကျင့်စဉ်ဆိုသည်က နှလုံးသားထဲမှ ဉာဏ်ပညာဖြင့် ရရှိလာခြင်း ဖြစ်လေသည်။ လူ့လောကတွင်တော့ စိတ်ကို ထိန်းချုပ်နိုင်ရန်မှာ လွန်စွာမှ ခက်ခဲလေသည်။
ကြီးမား ကျယ်ပြန့်လွန်းသည့် “ယွမ်” တိုက်ကြီးပေါ်တွင် တည်ရှိသည့် တာ့ဝေ့တိုင်းပြည်မှာ ကြီးမားသည့် တိုင်းပြည်တစ်ခု ဖြစ်လေသည်။ တာ့ဝေ့တိုင်းပြည် အနီးအနားတွင် တိုင်းပြည်အချို့လည်း ရှိသေးသည်။ သို့သော် ထိုတိုင်းပြည်များမှာ တာ့ဝေ့ တိုင်းပြည်လောက် မကြီးမားကြပေ။ ထို့ကြောင့် ထိုတိုင်းပြည် ငယ်များကလည်း တာ့ဝေ့တိုင်းပြည်ကိုသာ သစ္စာခံကြ လေသည်။
ကျင့်ကြံသူများမှာ တန်ခိုးစွမ်းအား ကြီးမားကြသည့်တိုင် လူ့လောကရှိ မင်းပြောင်းမင်းလွဲ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိကြပါ။ အာဏာဆိုသည်က လူတို့၏ စိတ်ကို ချည်နှောင်သည့် အရာပင် ဖြစ်လေသည်။ ဘုရင်ဆိုသည်က နဂါးဝိညာဉ်ရှိသူ ဖြစ်လေသည်။ သူပြောသည့် စကား၊ သူလုပ်သည့် အပြုအမူတိုင်းမှာ လေးစားစရာ ကောင်းလေသည်။ ထို့ကြောင့်ပင် …
“ဘုရင်မင်းမြတ်ပေးသည့် ဆုလာဘ်ဖြစ်စေ၊ အပြစ်ဒဏ်ဖြစ်စေ သင့်အတွက် ကံကောင်းခြင်း မင်္ဂလာ ဖြစ်သည်”
ဟု ဆိုရိုးစကား ရှိခြင်းပင် ဖြစ်လေသည်။
နတ်ဘုရား တစ်ပါးကတော့ ရုပ်တုအဖြစ် နှစ်ပေါင်းများစွာ တည်ထားကိုးကွယ်ခြင်း ခံရလေသည်။ ရှင်ဘုရင်ဆိုသည်ကတော့ လူသားတစ်ယောက်၏ နှလုံးသားထဲတွင် တည်ရှိ နိုင်သလောက်သာ ကိုးကွယ်ခြင်း ခံရလေသည်။
သို့သော် ပြည်သူများကို ရင်ဝယ်သားသဖွယ် အုပ်ချုပ်သည့် မင်းကောင်းမင်းမြတ်ကိုတော့ နတ်ဘုရားများကပင် လေးစားကြရလေသည်။
သမိုင်းမှတ်တမ်း စာအုပ်များထဲတွင် ဆန်းလျန် ဖတ်ထားမိသည်မှာ ရှေးခေတ် အချိန်အခါ ကတည်းက အချို့သော ဘုရင်များမှာ မည်သည့် ကျင့်စဉ်လမ်းကိုမျှ မလိုက်ဘဲနှင့် တရားစီရင်ရေး များတွင် ဘုန်းတန်ခိုး ကြီးမားပြီး တန်ခိုးအာဏာဖြင့် ပြည့်ဝကြသည် ဟူ၍ဖြစ်လေသည်။
တာ့ဝေ့တိုင်းပြည် ကဲ့သို့သော တိုင်းပြည်ကြီးတွင် မင်းပြောင်းမင်းလွဲ ဖြစ်သွားသည်မှာ အလွန် အရေးကြီးသည့် ကိစ္စ ဖြစ်လေသည်။ သို့သော် အချို့သော ပြည်နယ် မြို့တော်များမှာတော့ အပြောင်းအလဲ သိပ်မဖြစ်ကြပေ။
တာ့ဝေ့တိုင်းပြည်၏ ဘုရင့်မျိုးနွယ်မှာ “ကျောက်” ဖြစ်လေသည်။ သို့သော် နောက်ဆုံး ဘုရင်မင်းမြတ်မှာ အားနည်းပြီး ကျန်းမာရေး မကောင်းသဖြင့် မိဖုရားခေါင်ကြီးက တိုင်းပြည်ကို စီမံအုပ်ချုပ် လေသည်။ ဘုရင်မင်းမြတ် နတ်ရွာစံသည့် အခါတွင်တော့ မိဖုရားခေါင်ကြီးက ဘုရင်မင်းမြတ် ကိုယ်စား အုပ်ချုပ်လေသည်။ ပြည်သူအများက သူမကို လေးစားသောအားဖြင့် “မြင့်မြတ်သည့် မိဖုရားကြီး” ဟု ခေါ်ကြလေသည်။
“မြင့်မြတ်သည့် မိဖုရားကြီး” မှာ လွန်စွာမှ လောဘကြီးပြီး မည်သည့်အခါမျှ ရောင့်ရဲနိုင်ခြင်း မရှိပေ။ လက်ရှိအချိန်တွင် သူမ၏ သားတော်အရင်းကိုပင် ထီးနန်းချကာ “ဘုရင်မ” အရိုက်အရာကို ရယူ လိုက်လေသည်။ ထို့ကြောင့် တာ့ဝေ့တိုင်းပြည်မှာ တာ့ကျိုးတိုင်းပြည်ဟု အမည်ပြောင်းလဲသွားခြင်း ဖြစ်လေသည်။
ဘုရင်မကြီး တိုင်းပြည်ကို ထိန်းချုပ်နေသည်မှာ နှစ်ပေါင်းသုံးဆယ်ခန့် ရှိပြီ ဖြစ်လေသည်။ မိဖုရားခေါင်ကြီး ရာထူးဖြင့် ထိန်းချုပ်ခဲ့ပြီး ယခုတော့ ဘုရင်မအဖြစ် တရားဝင် အရိုက်အရာ ခံယူကာ ထိန်းချုပ်နေပြီ ဖြစ်လေသည်။ သူမ၏ ကြံရာပါ အပေါင်းအဖော်များမှာ နေရာတိုင်းတွင် ရှိလေသည်။ သူတို့က တိုင်းပြည်တွင် အမြစ် တွယ်နေကြပြီ ဖြစ်လေသည်။ ထို့ကြောင့် တိုင်းပြည်တွင် မင်းပြောင်းမင်းလွဲ ဖြစ်သည့်တိုင် အုတ်အော်သောင်းနင်း ဖြစ်ခြင်းများ မရှိခဲ့ပေ။
သို့သော် ချင်ပြည်နယ် အပါအဝင် အနောက်မြောက်ပိုင်း ပြည်နယ်သုံးခုကတော့ ဘုရင့်မျိုးနွယ် မင်းသားတစ်ပါးမှ ဦးဆောင်ကာ ပုန်ကန်ခဲ့ကြ လေသည်။
အချို့သော တိုင်းပြည်များက “ဘုရင်မ” အုပ်ချုပ်ခြင်းကို လက်မခံပေ။ အချို့သော တိုင်းပြည်များတွင်တော့ ဘုရင်မအုပ်ချုပ်သည့် စနစ်ကို လက်ခံကြလေသည်။ အချို့ တိုင်းပြည် များကတော့ ဘုရင်ရော ဘုရင်မပါ အုပ်ချုပ်ကြလေသည်။
သို့သော် တာ့ဝေ့တိုင်းပြည်တွင် ဘုရင်မ အုပ်ချုပ်ခြင်းကတော့ ပထမဆုံးအကြိမ် ဖြစ်လေသည်။ လွန်ခဲ့သည့် သမိုင်းတွင် ဘုရင်မင်းမြတ် ဆုံးပါးသွားသည့်အတွက် ယာယီထီးနန်းကို ယူရသည့် ဂုဏ်ထူးဆောင် ဘုရင်မများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် နန်းမွေကို အရိုက်အရာ ထံသို့သာ ပြန်လည် လွှဲပြောင်း ပေးခဲ့သည်ချည်းပင် ဖြစ်လေသည်။
ဘုရင်မကြီး နန်းတက်ပြီးနောက် ပုန်ကန်သည့် ဘုရင့် အနွယ်တော်များမှာ သုတ်သင် ခံကြရလေသည်။ သို့သော်လည်း လောကကြီးမှာ ကျယ်ပြန့်လှသည့်အတွက် ထွက်ပြေးလွတ်မြောက် သွားသူများလည်း ရှိလေသည်။
လူသားတိုင်းသည် လူနေမှု အဆင့်အတန်း မြင့်မားလိုကြ လေသည်။ အနောက်မြောက် အရပ်ရှိ ပြည်နယ်သုံးခုမှာ ဘုရင့်နေပြည်တော်နှင့် အလှမ်းဝေးသော နေရာများ ဖြစ်လေသည်။ ထို့ပြင် ဘုရင့် တပ်မတော်နှင့် ပုန်ကန်သူများကို ဦးဆောင်သူမှာ တာ့ဝေ့တိုင်းပြည်ကို တည်ထောင်ခဲ့သည့် မင်းကြီး၏ ညီဖြစ်သူဘက်မှ အနွယ်တော်တစ်ပါး ဖြစ်လေသည်။ သူ၏နာမည်မှာ မင်းသား ချင်းဟယ်ကျွမ်းဝမ် ဖြစ်လေသည်။
ချင်းဟယ်ကျွမ်းဝမ်မှာ ပုန်ကန်မှုကို ဦးဆောင်ပြီး ပုန်ကန်ရန်အတွက် မဲဆွယ်တရားများလည်း များစွာ ဟောပြောလေသည်။
ဘုရင်မကြီးမှာ မိန်းကလေးတစ်ယောက် ဖြစ်သော်လည်း ယောက်ျားလေးများထက် အဆတစ်ရာခန့် ရည်မှန်းချက် ကြီးမားသူ ဖြစ်လေသည်။ သူမက ဘုရင့် နေပြည်တော်တွင် အခြေစိုက်ပြီး ဘုရင့် တပ်မတော်ကြီး သုံးခုကို အမိန့်ပေးနေခြင်း ဖြစ်လေသည်။ တစ်လအတွင်းမှာပင် ချင်းဟယ်ကျွမ်းဝမ် ဦးဆောင်သည့် သူပုန်တပ်များကို တိုက်ခိုက်နှိမ်နင်း နိုင်ခဲ့လေသည်။ ဘုရင်မကြီး အလုပ်လုပ်သည် လျှပ်စီး လက်သကဲ့သို့ လျင်မြန်လွန်းပြီး အစီအစဉ် ကောင်းလွန်းလေသည်။
ဆန်းလျန် ပြန်လာသည့် လမ်းတစ်လျှောက်တွင် ချင်ပြည်နယ်၏ စိတ်ပျက်စရာ အခြေအနေများကိုသာ မြင်တွေ့နေရလေသည်။ တပ်သားများမှာ လူရမ်းကားများကဲ့သို့ သွားလာနေကြ လေသည်။ ထိုသူများမှာ ဘုရင့်တပ်မတော်မှ တပ်သားတွေလား၊ သူပုန်ဘက်မှ တပ်သားတွေလား မသိနိုင်ပါ။ သို့သော်လည်း ထိုတပ်သားများ ရောက်လာလျှင် အပြစ်ရှိရှိ မရှိရှိ ပြည်သူများမှာ များစွာ နာကျင်ခံစား ကြရလေသည်။
ထို့ပြင် သူပုန်စစ်တပ်မှာ အင်အား မများလှသည့်တိုင် အမြစ်ပြတ်ချေမှုန်း နိုင်ရန်မှာလည်း ခက်ခဲလေသည်။ သူပုန်တပ်မှ ပြေးလွှားပုန်းအောင်း နေကြသည့် တပ်သားများမှာလည်း လူများကို အခက်တွေ့ စေလေသည်။ ဆန်းလျန်ရောက်သည့် နေရာတိုင်းတွင် ငိုကြွေးနေသည့် ပြည်သူများကို တွေ့မြင်နေရ လေသည်။
ဆန်းလျန် လုပ်နိုင်သည်မှာ ပြည်သူများကို အနိုင်ကျင့်နေသည့် တပ်သားများကို နှိမ်နင်းခြင်းနှင့် နိုင်ငံရေး အခြေအနေပေါ်တွင် အခွင့်ကောင်းယူကာ ဓားပြ တိုက်နေကြသည့် သူများကို သုတ်သင်ခြင်းပင် ဖြစ်လေသည်။
ဤသည်မှာ ဆန်းလျန်အတွက် ပထမဆုံးအကြိမ် ရည်ရွယ်ချက် ရှိရှိဖြင့် လူသတ်မိခြင်းပင် ဖြစ်လေသည်။ သို့သော် ထိုသို့သော ဆိုးသွမ်းသူများကို သတ်ရသည့်အတွက် သူ မည်သို့မျှ မခံစားရပါ။ သူ၏ ကျင့်စဉ်လမ်းအခြေအနေ တိုးတက်မှုကြောင့် အလောင်းများဖြင့် ပြည့်နေသည့် တောင်နှင့် သွေးပင်လယ်ကို မြင်ရစေကာမူ သူ၏ စိတ်အစဉ်က တည်ငြိမ်နေလေသည်။ သာမန်လူများမှာတော့ လူသတ်မိလျှင် ကြောက်ရွံ့ တုန်လှုပ်ခြင်းနှင့် အိပ်မက်ဆိုး မက်ခြင်းများကို ခံစားရမည် ဖြစ်လေသည်။
ဆန်းလျန် ဖြတ်သန်းလာသည့် လမ်းမကြီးမှာ ကုန်သွယ်ရေး လုပ်ငန်းအတွက် ဆန်းသခင်ကြီး ဖောက်လုပ်ထားခဲ့သည့် လမ်းမကြီး ဖြစ်လေသည်။
ဆန်းလျန်၏ ပုံစံမှာ တည်ငြိမ်အေးဆေး နေသည့်တိုင် သူ လမ်းလျှောက်သည်မှာ လျင်မြန် လွန်းသည့်အတွက် လမ်းမတစ်လျှောက် တိမ်ခိုးမျှသာ အရိပ်ထင်ကျန် ရစ်ခဲ့လေသည်။
သူက လမ်းတစ်လျှောက် အပြစ်မဲ့သူများကို အနိုင်ကျင့်သည့် သူများကို သုတ်သင်ခြင်းကိုလည်း မရပ်မနား လုပ်ဆောင်သွားလေသည်။
ကျင့်ကြံသူ အများစုမှာ ဤကဲ့သို့သော ဖြစ်ရပ်များနှင့် ကြုံလျှင် မသိချင်ယောင် ဆောင်သွားကြသည်က များလေသည်။ လောကကြီးက ကျယ်ပြောလွန်းပြီး မတရားမှုများကလည်း နေရာအနှံ့တွင် များပြားလေရာ မကောင်းမှုမြင်တိုင်း ဝင်ရောက်စွက်ဖက် နေပါက သူတို့၏ အချိန်များကို ဆုံးရှုံး မခံနိုင်သောကြောင့် ဖြစ်လေသည်။
ဆန်းလျန်ကတော့ လိုအပ်၍ လုပ်သည်ဟု ယူဆလေသည်။ သို့သော် တရားမျှတမှုကို ယူဆောင်ပေးသည့်တိုင် သူက မင်းမျိုးမင်းနွယ်တစ်ပါး မဟုတ်ပါ။
ချင်ပြည်နယ် မြို့တော်သို့ ရောက်ရှိလာပြီ ဖြစ်လေသည်။ မြို့တော်မှာလည်း အခြား နေရာများကဲ့သို့ မနှစ်မြို့စရာ ဖြစ်နေပြီး လူများမှာလည်း အခြားနေရာ များကဲ့သို့ပင် ငိုကြွေးနေကြ လေသည်။
သူက မြို့ထဲသို့ တိတ်တဆိတ် ဝင်ရောက်လာပြီး ဆန်းအိမ်တော်သို့ ပြန်လာလေသည်။ သူမြင်တွေ့ လိုက်ရသည့် မြင်ကွင်းမှာ ပြိုကျနေသည့် နံရံများနှင့် ပျက်စီးနေသည့် တိုင်လုံးများသာ ဖြစ်လေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ဆန်းလျန်မှာ စိတ်မသက်မသာ ခံစားလိုက်ရလေသည်။
သူ၏အမွေများ အားလုံးကို ဆန်းလျန်အား ဆက်ခံစေလိုသည့် အဘိုးအို ဆန်းသခင်ကြီး၊ သူ၏ အကြည့် တစ်ချက်ကိုပင် စိတ်မကြည်မသာ ဖြစ်ရရှာသည့် ဆယ်ကျော်သက် မိန်းကလေးငယ် ဆန်းရော့ရှီ အားလုံးမှာ မနေ့တစ်နေ့က အတိုင်းပင် ရှင်းလင်းစွာ အမှတ်ရနေမိဆဲ ဖြစ်လေသည်။
ဆန်းလျန်မှာ ခံစားချက် လုံးဝကင်းမဲ့ နေသောသူ မဟုတ်ရကား သူမြင်ရသည့် မြင်ကွင်းကြောင့် အနည်းငယ် ဝမ်းနည်းခံစား ရသည်ကတော့ အမှန်ပင် ဖြစ်လေသည်။ သူက မိသားစုကို ဂရုမစိုက်ဘဲ အရာအားလုံးကို စွန့်လွှတ်ကာ ကျင့်စဉ်လမ်းကို လျှောက်ရန် ရွေးချယ်ခဲ့သူ ဖြစ်လေသည်။
လမ်းတစ်လျှောက်တွင် အပြစ်မဲ့သူများကို သုတ်သင်ခဲ့သည့်အတွက် သူ့ကိုယ်သူ ဂုဏ်ယူ ခဲ့မိခြင်းမှာ ယခုတော့ ရယ်စရာ ဟာသတစ်ခုကဲ့သို့ ဖြစ်ခဲ့လေပြီ။
သူ့ဘက်က မမှားယွင်းခဲ့သည့်တိုင် ဆန်းအိမ်တော်ကို ကာကွယ်မပေး နိုင်ခဲ့ခြင်းအတွက် အပြစ်ရှိသလို ခံစားနေရ လေသည်။
ဆန်းလျန်က စက္ကူတစ်ရွက် ဖန်ဆင်းလိုက်ပြီး ထိုစက္ကူက သူ၏ ဘယ်ဘက်လက်ပေါ်သို့ ကျလာလေသည်။ သူ၏ ညာဘက် လက်ခလယ်ကို ညာဘက်လက်မမှ လက်သည်းဖြင့် ဖိဖြတ်လိုက်ပြီး သွေးစက်များ ကျလာလေသည်။ သူက သွေးစက်များကို မင်အဖြစ် အသုံးပြုကာ သွေးအင်းသင်္ကေတ တစ်ခုကို စာရွက်ပေါ်တွင် ရေးဆွဲလိုက်လေသည်။
သူ၏ ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး စက္ကူအင်းချပ်လေးကို လေထဲသို့ ပစ်လွှတ် လိုက်လေသည်။ စက္ကူအင်းချပ်လေးမှာ လေထဲတွင် တစ်ပတ်လည်သွားပြီးမှ ဦးတည်ရာသို့ တည့်တည့်မတ်မတ် ရောက်သွားလေတော့သည်။
ထိုအင်းချပ်လေးကို ကြည့်ရင်း ဆန်းလျန် ခန္ဓာကိုယ်မှာ ဆတ်ခနဲ တုန်ခါသွားရလေသည်။ သူက လေထဲသို့ ပျံသန်းသွားသည့်အခါ သူဝတ်ထားသည့် သားမွေး အင်္ကျီလက်များမှာ ငှက်တစ်ကောင်၏ အတောင်ပံအလား ဖြစ်သွားလေသည်။ ဆန်းလျန်က ကြိုးကြာငှက်လေး တစ်ကောင်အလား စက္ကူအင်းချပ် နောက်သို့ ပျံသန်းလိုက်ပါ သွားလေတော့သည်။
ဆန်းလျန် ထိုကဲ့သို့ သွားလာနေသည်ကို သာမန်လူများ မြင်နိုင်စွမ်းမရှိပါ။ အဘယ်ကြောင့် ဆိုသော် အခြားသူများ အာရုံစိုက်မိမည်ကို မလိုလားသောကြောင့် သူက “အမြင်မှား မန္တန်” ကိုသုံးကာ ကိုယ်ဖျောက် ထားသောကြောင့် ဖြစ်လေသည်။
စက္ကူအင်းချပ်လေးမှာ ဆန်းအိမ်တော်မှ အသက်ရှင် ကျန်ရစ်သူများဆီသို့ ဆန်းလျန်ကို ခေါ်ဆောင်သွားခြင်း ဖြစ်လေသည်။ အင်းချပ်ပေါ်တွင် ဆန်းလျန်၏ သွေးဖြင့် ရေးထားသည့်အတွက် သူနှင့် သွေးစပ်သူ အသက်ရှင် ကျန်ရစ်နေပါက ထိုသူ၏ ဝိညာဉ်ကို ရှာဖွေနိုင်မည် ဖြစ်လေသည်။
***
ချင်းရှတောင်မှာ ဆန်းအိမ်တော် ပိုင်ဆိုင်သည့် မြေနေရာများထဲမှ တစ်ခုဖြစ်လေသည်။ ဆန်းလျန် မရှိတော့သည့် နောက်ပိုင်း ချင်းရှတောင်ပေါ်မှ ဆန်းလျန် နေထိုင်ခဲ့သည့် “ချင်းရှ ကျောင်းတော်” ကိုလည်း မည်သူမျှ ဂရုမစိုက် ကြတော့ပေ။
ချင်ပြည်နယ် မြို့တော်တွင် စီးပွားရေး ကောင်းလာခဲ့သည့် အချိန်တွင် ချင်းရှတောင်ခြေတွင် နေထိုင်သည့် ရွာသူရွာသားများမှာလည်း မြို့တော်အတွင်းသို့ ပြောင်းရွှေ့နေထိုင် လာကြလေသည်။ လယ်ယာ စိုက်ပျိုးသည်ထက် မြို့တော်တွင် အလုပ်လုပ်ခြင်းက ငွေကြေးပိုမို ရရှိသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် ချင်းရှ တောင်ခြေမှာလည်း လူသူမရှိ တိတ်ဆိတ်လျက် ရှိလေသည်။
လွန်ခဲ့သည့် နှစ်နှစ်ခန့်က နောက်ဆုံးကျန်ရစ်သည့် မိသားစု ပြောင်းရွှေ့သွားကြ ပြီးသည့် နောက်ပိုင်း မည်သူမျှ မရှိကြတော့ပေ။
ချင်းရှတောင်နှင့် ချင်းရှတောင်ခြေရှိ မြေယာများမှာ ဆန်းအိမ်တော် ပိုင်ဆိုင်သည့် မြေယာများ ဖြစ်ကြောင်း မည်သူမျှ မမှတ်မိကြတော့ပါ။
တောင်ပေါ်သို့ တက်သည့် ကျောက်လှေကား ထစ်လေးများတွင် ရေညှိများ ဖုံးလွှမ်း နေလေသည်။ ထို့ပြင် လှေကားထစ်များမှာ အရင်ကနှင့်မတူဘဲ ပြိုကျပျက်စီးနေပြီ ဖြစ်လေသည်။ တောင်တက် လမ်းတစ်လျှောက် ကျောက်တုံးများသာသာ ဖြစ်နေလေတော့သည်။
တောင်ပေါ်ရှိ တာအိုကျောင်းတော်သို့ သွားသည့် ကျောက်လှေကားလမ်းဟု မည်သူမျှ မှတ်မိတော့မည် မဟုတ်ပေ။
ချင်းရှ ကျောင်းတော်မှာလည်း ပျက်စီးနေပြီ ဖြစ်လေသည်။ လေမိုးတိုက်ခတ် မှုများကြောင့် ကျောင်းတော် ခေါင်မိုးများပင် မရှိတော့ပေ။
စက္ကူအင်းချပ်လေးမှာ ကောင်းကင်ထက်မှ ချင်းရှကျောင်းတော်၏ ပြိုကျနေသည့် နံရံဟောင်းများဆီသို့ ဆင်းသက် သွားလေသည်။ ဆန်းလျန်က ထိုနံရံများဆီသို့ အသာတိုးကပ် သွားလိုက်သည်။ ထို့နောက် သူရပ်တန့်လိုက်လေသည်။ နံရံများနောက်တွင် ဖုံများသဲများ ပေကျံနေသည့် မိန်းကလေးငယ်လေး တစ်ယောက်ကို တွေ့လိုက်ရလေသည်။ သူမသည် နံရံထောင့်တွင် ကပ်ကာ သနားစဖွယ် ငုတ်တုတ်လေး ထိုင်နေလေသည်
***