Switch Mode

အခန်း (၉၇)

လူ့လောကသို့အပြန်ခရီး

ဆန်းလျန်ရေထဲမှ မတ်တတ် ထရပ်လိုက်သည့် အခါတွင်တော့ ကူးချိုင်ဝေ့က ခေါင်းကို နောက်သို့ လှည့်ထားလိုက်လေသည်။ ကမ်းခြေပေါ်သို့ ရောက်သည်နှင့် ဆန်းလျန်မှာ သားမွေးဝတ်ရုံကို ဝတ်ပြီးသားဖြစ်သွားလေသည်။ ထိုသို့ ပြုလုပ်နိုင်ရန်အတွက် ဂါထာတစ်ခုကို အသုံးပြုထားခြင်း ဖြစ်ပြီး ထိုဂါထာမှာလည်း ထူးခြားသည့် ဂါထာတစ်ပုဒ်တော့ မဟုတ်ပါ။ သူ့ဝတ်ရုံကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ဖြန့်လိုက်သည့်အခါ သူ၏ခန္ဓာကိုယ် ပတ်ဝန်းကျင်တွင် အနက်ရောင် မီးခိုးငွေ့များ ဝန်းရံနေလေသည်။ နောက်မှ လေနှင့်အတူ လွင့်မျောပျောက်ကွယ် သွားလေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဝိညာဉ်မြစ်ရေမှ ရေများ အငွေ့ပျံသွားခြင်း ဖြစ်လေသည်။ ထို အနက်ရောင် အငွေ့များမှာ ဝိညာဉ်ငွေ့များ ဖြစ်လေသည်။

ဆန်းလျန်၏ အသက်မှာ ယခုဆိုလျှင် သုံးဆယ်ရှိပြီ ဖြစ်လေသည်။ သို့သော် သူ၏ပုံစံမှာ ချင်းရွှမ် နတ်တံခါးသို့ စတင်ရောက်ရှိလာသည့် အချိန်ကအတိုင်းပင် ဆယ်ကျော်သက် လူငယ်လေးသဖွယ် နုပျိုနေဆဲ ဖြစ်လေသည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ရာသီအလီလီ ဖြတ်သန်းခဲ့သည့်တိုင် ဆန်းလျန်၏ ပုံစံကတော့ ပြောင်းလဲခြင်း မရှိခဲ့ပါ။

ကူးချိုင်ဝေ့မှာလည်း ပြောင်းလဲခြင်း မရှိပါ။ သို့သော် ဆန်းလျန်ရော ကူးချိုင်ဝေ့ပါ ထာဝရ ရှင်သန်သည့် အသက်တော့ မရရှိသေးကြပါ။ မည်မျှပင် နုပျိုအောင် ကျင့်စဉ်ကျင့်ကြံ ထားပါစေ ကျင့်စဉ်လမ်း အောင်မြင်ခြင်း မရှိလျှင်တော့ နောက်ဆုံးအချိန်တွင် သေဆုံးရကာ အရိုးစုဘဝ ရောက်ရမည် ဖြစ်လေသည်။

ဆန်းလျန် ကိုယ်တိုင်မှာလည်း ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်၏ အခြေခံအဆင့်ကိုပင် မအောင်မြင် နိုင်သေးပေ။ ကူးချိုင်ဝေ့မှာလည်း သူ့ကို မည်သို့မျှ ကူညီနိုင်ခြင်း မရှိပါ။

အခြေခံအဆင့်မှာပင် ဤမျှလောက် ခက်ခဲနေလျှင် ဟိုင်သန်းအဆင့်အထိ တက်ရောက်ရမည် ဆိုပါက မည်မျှခက်ခဲမည် ဖြစ်ကြောင်း တွေးပင် မကြည့်ဝံ့ပေ။

သို့သော် … ဤလမ်းကိုလျှောက်ရန် သူကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည့်အတွက် ဆန်းလျန် အနေဖြင့် မည်သူ့ကိုမျှ အပြစ်မတင်လိုပါ။

ထို့ပြင် သူ့မှာ ဆယ့်ငါးနှစ်ခန့် ဟိုမရောက်ဒီမရောက် ဖြစ်နေရပြီး အခြားသော ကျင့်စဉ် အပိုင်းများတွင်လည်း မတိုးတက်နိုင် ဖြစ်နေရလေသည်။

ချန်ကျန့်မေမှာ ဟိုင်သန်းအဆင့် တက်ရောက်နိုင်ရန်အတွက် နှစ်ပေါင်းလေးဆယ် ကျင့်ကြံ ခဲ့ရလေသည်။ ထိုသို့ ဒုက္ခခံပြီး မဖြစ်မနေ ကျင့်ကြံနေသည်ကို ယခင်က ဆန်းလျန် နားမလည်နိုင်ခဲ့ပေ။ ဆန်းလျန်မှာ ယနေ့ချိန်ထိတိုင် “စိတ်ဝိညာဉ်များကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်မှ ကျင့်စဉ်များကို ဆက်လက် လေ့ကျင့်နေဆဲ ဖြစ်လေသည်။ သူက “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်မှ ကျင့်စဉ်များကို အမြင့်ဆုံးအဆင့်သို့ ရောက်အောင် ဆက်လက်လေ့ကျင့် နေလေသည်။ ထိုသို့ လေ့ကျင့်ခြင်းကြောင့် ယခင်ဆန်းလျန်ကဲ့သို့ သေဆုံးသွားပါကလည်း သူ့ဝိညာဉ်သည် နောက်ထပ် အခြားကမ္ဘာ တစ်ခုသို့ ရောက်ရှိသွားရန်သာ ရှိလေသည်။ ထို့ထက်ပိုပြီး ဘာမှ ဆုံးရှုံးစရာ မရှိတော့ပါ။

သို့သော် သူထိုကျင့်စဉ်များကို နက်နက်ရှိုင်းရှိုင်း လေ့ကျင့်တိုင်း ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း ကင်းလွတ်သည့် ဗလာနယ်တွင်းသို့ ရောက်ရှိသွားလေသည်။ သူခံစားရသည်မှာ တစ်ယောက်တည်း လွင့်မျော နေသကဲ့သို့ ခံစားရလေသည်။

ထိုသို့သော ဗလာနယ်မှ သူ့ကိုယ်သူ ပြန်ဆွဲထုတ်ရန် ကြိုးစားတိုင်း တွန်းကန်သကဲ့သို့ ခံစားရ လေသည်။ သို့သော် သူက ဆက်လက် လေ့ကျင့်နေမြဲ ဖြစ်လေသည်။ ခန္ဓာကိုယ်အတွင်းသို့ ဒြပ်စင် စွမ်းအားရှစ်မျိုး စီးဝင် ပေါင်းစည်းခြင်းကို “စိတ်ဝိညာဉ် မြှင့်တင်ခြင်း” ကျင့်စဉ်ဖြင့် ကျော်လွှားနိုင်မည်ဟု သူယုံကြည် ထားသောကြောင့် ဖြစ်လေသည်။

သူ့အဖြစ်မှာ ဘေးကျပ်နံကျပ် အခြေအနေပင် ဖြစ်လေသည်။ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို အောင်မြင်နိုင်မှသာ ပြဿနာများ အားလုံးကို ဖြေရှင်းနိုင်မည် ဖြစ်လေသည်။

ယခုအချိန်မှ အခြား ကျင့်စဉ်တစ်ခု ပြောင်းလဲ လေ့ကျင့်တော့မည်ဟု ပြောပြန်လျှင်တော့ လွန်စွာမှ ဟာသမြောက်ကုန်မည် ဖြစ်လေသည်။

ကျင့်စဉ်လမ်းတွင် အခက်အခဲနှင့် မကြုံတွေ့ရသည့် ကျင့်စဉ်ဟူ၍ မရှိပေ။ ယခုမှ နောက်သို့ ပြန်ဆုတ်လျှင် နောက်ထပ် အခက်များနှင့် ထပ်မံရင်ဆိုင်ရမည် ဖြစ်လေသည်။ ထို့နောက် မည်သည့် အောင်မြင်မှုမျှ မရရှိတော့ဘဲ အသက်အရွယ် ကြီးရင့်လာကာ သေဆုံးသွားရမည် ဖြစ်လေသည်။

ဆန်းလျန်မှာ သူရင်ဆိုင်နေရသည့် ဘေးကျပ်နံကျပ် အခြေအနေကို ကောင်းစွာနားလည် ထားလေသည်။ ကျင့်စဉ်လမ်းကို စတင်လျှောက်လှမ်း တော့မည်ဟု စတင်ဆုံးဖြတ်ခဲ့သည့် နေ့ကတည်းက ကျင့်စဉ်လမ်းမှာ လွယ်ကူမည် မဟုတ်ကြောင်း သူကောင်းကောင်း သိလေသည်။

လက်ရှိ ရင်ဆိုင်နေရသည့် အခက်အခဲများမှာ သူတွေးထင်ထားသည့် အဆိုးဆုံး အခြေအနေ များဖြင့် ယှဉ်လျှင် တော်သေးသည်ဟု ဆိုရပေမည်။

ကူးချိုင်ဝေ့မှာ ဆန်းလျန်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေလေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူမက ဆန်းလျန်ကို ဆရာဖြစ်သူကိုယ်စား တပည့်အဖြစ် လက်ခံပေးခဲ့ ရခြင်းမှာ ဆရာသခင် ကျန်းရော့ရွှီးက တောင်းဆိုသောကြောင့် ဖြစ်လေသည်။ သူမကလည်း ဆရာသခင် ကျန်းရော့ရွှီးကို လွန်စွာမှ လေးစားသောကြောင့် ဆရာသခင်၏ သဘောအတိုင်း လိုက်နာခဲ့ခြင်း ဖြစ်လေသည်။

သို့သော် … ဆန်းလျန်မှာလည်း ကိုယ်ပိုင်အစွမ်းအစ ရှိကြောင်းကို ကူးချိုင်ဝေ့ သိမြင်ခဲ့ရ လေသည်။ ထိုအစွမ်းအစကြောင့်ပင် အရည်အချင်းရှိပြီး အလားအလာ ကောင်းမွန်သည့် ကျင့်ကြံ သူများထဲတွင် ဆန်းလျန်က ထူးခြားသော သူတစ်ယောက် ဖြစ်နေခြင်းပင် ဖြစ်လေသည်။

ယေဘုယျအားဖြင့် ကျင့်ကြံသူ အများစုမှာ မိုးကောင်းကင် တံခါးဝတွင် နတ်ဘုရား ဖြစ်လိုသည့်အတွက် ကျင့်စဉ်လမ်းကို လျှောက်ခဲ့ကြခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူတို့၏ အချိန်တိုင်းသည် စက္ကန့်နှင့်အမျှ တန်ဖိုးရှိနေသည့်အတွက် အခြားသူများအတွက် အချိန်အကုန် မခံလိုကြပေ။

ထို့ပြင် ဟိုင်သန်းအဆင့်သို့ မတက်ရောက်နိုင်သေးသည့် ကျင့်ကြံသူ တစ်ယောက်အတွက် ဆိုလျှင် သူကြုံတွေ့နေရသည့် ကျင့်စဉ်လမ်း အခက်အခဲများနှင့်ပင် မအားရအောင် ရှိနေသောကြောင့် မလိုအပ်ဘဲနှင့် အခြားသူများ၏ ကျင့်ကြံမှုကို သင်ပြပေးရင်း အချိန်မဖြုန်း ချင်ကြပေ။

အကူအညီ တောင်းခံရသည့်အတွက် မဖြစ်မနေ အခြားသူများကို သင်ကြားပြသ ပေးရလျှင်လည်း သူတို့က ဆရာစားချန်ကာ သင်ပြပေးတတ် ကြလေသည်။ အခြားသူများကို သင်ပြမပေးမီ သူတို့သင်ပြ ပေးရမည့်သူ၏ အရည်အချင်းနှင့် အလားအလာကို လေ့လာပြီးမှ ပညာကုန် မပေးဘဲ နေတတ်ကြလေသည်။

ဆန်းလျန်ကတော့ တစ်ယောက်တည်း တံခါးပိတ် လေ့ကျင့်ခြင်း မရှိသည့် အချိန်များတွင် အခြားသူများ တောင်းသည့် အကူအညီများကို ပေးလေ့ရှိလေသည်။ ဆန်းလျန်က သူ့စိတ်ထဲသိသည့် အရာများကို သင်ပြပေးခြင်းမျိုး မဟုတ်ဘဲ ကျိုးကြောင်း ဆင်ခြင်နိုင်မှုကိုသာ သိရှိအောင် စိတ်ရှည်စွာဖြင့် ပြောပြပေးလေ့ ရှိလေသည်။

သူတို့၏ ကျင့်စဉ်လမ်းနှင့် ပတ်သက်သည့် အတွေ့အကြုံများကိုတော့ ဆန်းလျန်က စိတ်မဝင်စားပါ။ သူက အားလုံးကို ယဉ်ကျေးစွာ ဆက်ဆံတတ်သည့်တိုင် အားလုံးနှင့် ခပ်ကင်းကင်းနေသူ ဖြစ်လေသည်။ သူက သူနှင့်ခင်မင်ရင်းနှီးသည့် လူအနည်းငယ်ဖြင့်သာ ပေါင်းသင်း ဆက်ဆံတတ်သူ ဖြစ်လေသည်။

သူ့ဆီသို့ ကျင့်စဉ်လမ်းနှင့် ပတ်သက်၍ လာရောက် မေးမြန်းသူများတွင် ကျင့်ကြံသူအဆင့် နိမ့်ပါး နေသေးသည့် လူများကိုလည်း သူက အလေးအနက်မထား နှိမ့်ချဆက်ဆံ တတ်ခြင်းမျိုး မရှိပေ။ လေးလေးစားစားဖြင့်ပင် ကူညီတတ်လေသည်။

ထိုအချက်များကို ကြည့်ပြီး ဆန်းလျန်ထံတွင် ဆရာသခင် ကျန်းရော့ရွှီး၏ ပုံရိပ်ကို တွေ့မြင်ရ သကဲ့သို့ ကူးချိုင်ဝေ့ ခံစားရလေသည်။

ဆရာသခင် ကျန်းရော့ရွှီးမှာ ချင်းရွှမ်နတ်တံခါးတွင် အစွမ်းထက်ဆုံး ကျင့်ကြံသူ တစ်ယောက် မဟုတ်ပါ။ ထို့ပြင် တော်လွန်းသည့် ခေါင်းဆောင် တစ်ယောက်လည်း မဟုတ်ပါ။ သို့သော် … ဆရာသခင် ကျန်းရော့ရွှီးမှာ အကောင်းဆုံးသော ခေါင်းဆောင်တစ်ယောက် ဖြစ်လေသည်။

ပျောက်ကင်းနိုင်ခြင်း မရှိသည့် အတွင်းဒဏ်ရာသာ မရခဲ့လျှင် ကျင့်စဉ်လမ်း နောက်ဆုံး အဆင့်ထိတိုင် အောင်မြင်နိုင်မည် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ဆရာသခင် ကျန်းရော့ရွှီးမှာ စိတ်ဝိညာဉ်ပိုင်း ဆိုင်ရာတွင် ပြဿနာမရှိခဲ့ဘဲ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာကြောင့်သာ ကျင့်စဉ်ပိုင်းတွင် အခက်အခဲ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်လေသည်။

“ဂိုဏ်းတူအစ်မ ဘာတွေ စဉ်းစားနေတာလဲ”

ဆန်းလျန်က သိမ်မွေ့စွာ မေးလိုက်သည်။

“ဘာမှ မစဉ်းစားပါဘူး။ ဆရာသခင် ကျန်းရော့ရွှီးက အမှာစကား ပါးလိုက်လို့ပါ”

ခဏတာ တိတ်ဆိတ်နေပြီးမှ ကူးချိုင်ဝေ့က ပြန်ပြောလိုက်လေသည်။

“ဆရာသခင်က ကျွန်တော့်ကို အရေးမစိုက်တာပဲ အချိန်အကြာကြီး ရှိနေပြီ။ ခု ဘာလို့ ခေါ်ရတာလဲ မသိဘူး”

ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်ရင်း ပြန်ပြောလိုက်လေသည်။

“အစ်မ ထိုက်ရွှီးကျင့်စဉ် ပထမအဆင့်ကို အောင်မြင်ခဲ့တာဟာ ဆရာဘွားဘွားပေးခဲ့တဲ့ အခြေခံ အချက်တွေရယ်၊ ပြီးတော့ ဆရာသခင် ကျန်းရော့ရွှီး ပေးခဲ့တဲ့ အကြံဉာဏ်တွေကြောင့်ပဲ။ မင်းက အစ်မထက် အလားအလာ အများကြီး ကောင်းတာပဲ။ ထိုက်ရွှီးကျင့်စဉ် ပထမအဆင့်ကို မအောင်မြင်နိုင် ဖြစ်နေရတာက အစ်မကိုယ်တိုင်က ကျင့်စဉ်နဲ့ ပတ်သက်ပြီး နားမလည်တာတွေ အများကြီး ရှိနေတော့ မင်းကိုလည်း လုံလောက်တဲ့ သင်ပြမှု လုပ်မပေးနိုင်ခဲ့ဘူး။ ဆရာသခင် ကျန်းရော့ရွှီးက ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို ကျင့်ကြံဖူးတဲ့သူ မဟုတ်ပေမယ့် သူက မင်းကို အကြံဉာဏ် နည်းနည်းတော့ ပေးနိုင်မှာပါ။ အစ်မက ထိုက်ရွှီး နည်းဗျူဟာကျင့်စဉ် အကျဉ်းချုပ်နဲ့ အစ်မရဲ့ ကျင့်စဉ်လမ်းတစ်လျှောက် နားလည်ခဲ့တာတွေကို ဆရာသခင်ကို ပြောပြထားတယ်။ ဒါကြောင့် မင်းကြုံတွေ့ နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး တိုက်ရိုက် မဟုတ်ရင်တောင်မှ သွယ်ဝိုက်ပြီးတော့ သင်ပြ ပေးနိုင်ပါတယ်။ အခု ဆရာသခင် ကျန်းရော့ရွှီး မင်းကို ပြောလိုက်တာက “တောင်ပေါ်က ထွက်သွားပါ၊ ဟိုင်သန်းအဆင့် မအောင်မြင်မချင်း ပြန်မလာခဲ့နဲ့” တဲ့”

ဆရာသခင်က ဆန်းလျန်ကို တောင်ပေါ်မှ ဆင်းသွားခိုင်းပြီး ဟိုင်သန်းအဆင့် မအောင်မြင်မချင်း ပြန်မလာနှင့်ဟု ပြောလိုက်သည်မှာ ထူးဆန်းသည်ဟု ကူးချိုင်ဝေ့ ခံစားနေရလေသည်။

ချန်ကျန့်မေ အခက်အခဲနှင့် ရင်ဆိုင်နေရချိန်တွင် ဆရာသခင် ကျန်းရော့ရွှီးက တောင်ပေါ်မှ ဆင်းမသွားရန် တားမြစ်ခဲ့လေသည်။ ချန်ကျန့်မေက တောင်ပေါ်မှ ဆင်းကာ အခြားအတွေ့အကြုံများ ရှာဖွေရင်း ဟိုင်သန်းအဆင့် တက်လှမ်းနိုင်ရန် ရည်ရွယ်ခဲ့သည့်တိုင် ဆရာသခင်က ခွင့်မပြုခဲ့ပေ။

နှစ်ပေါင်းလေးဆယ်ကြာ ခက်ခက်ခဲခဲ ဖြတ်သန်း ခဲ့ပြီးသည့်နောက် အောင်မြင်မှုကို ရရှိခဲ့လေသည်။

ထို့အတူပင် ဆန်းလျန် အခက်အခဲနှင့် ရင်ဆိုင်ရသည့် အချိန်တွင်တော့ ဆန်းလျန်က တောင်ပေါ်တွင်ပင် တိတ်တဆိတ် ကျင့်ကြံချင်သည့်တိုင် ဆရာသခင်က တောင်ပေါ်မှ ဆင်းသွားရန် ပြောခဲ့လေပြီ။

ချန်ကျန့်မေရော ဆန်းလျန်ပါ ဆရာသခင်၏ မတူညီသည့် တုံ့ပြန်မှုများဖြင့် ရင်ဆိုင်ခဲ့ရသူများ ဖြစ်လေသည်။

“ကျွန်တော့်ကိုတောင် မတွေ့ရသေးဘဲနဲ့ ဆရာသခင်က ဘာလို့ ဒီလိုပြောရတာလဲ။ ကျွန်တော် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဆရာသခင် သိသွားလို့လား”

ဆန်းလျန်က သူ့ထင်မြင်ချက်ကို ပြောလိုက်လေသည်။

“မင်း အဲဒီလိုမေးမယ် ဆိုတာလည်း ဆရာသခင်သိပါတယ်။ ဒါကြောင့် ဆရာသခင် ထပ်ပြောလိုက်တာက မင်းရင်ဆိုင်နေရတဲ့ အခက်အခဲတွေက မင်းရဲ့ ကိုယ်တွင်းမှာပဲ ရှိတယ်။ ပြင်ပက လာတာ မဟုတ်ဘူးတဲ့။ ဒါကြောင့် မင်းက တောင်ပေါ်က ဆင်းသွားဖို့ ငြင်းဆန်ခဲ့ရင် အစ်မကိုယ်တိုင် မင်းကို တောင်ပေါ်က ဆင်းဖို့ တိုက်ခိုက်ပြီး မောင်းထုတ်ရမယ်တဲ့”

ကူးချိုင်ဝေ့က ထပ်မံပြောပြ လိုက်လေသည်။

နောက်ဆုံးစကားကို ပြောလိုက်ချိန်တွင် ကူးချိုင်ဝေ့ မျက်နှာမှာ ပြုံးသွားလေသည်။ အမှန်တော့ ဆန်းလျန်မှာ ရုဟွအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။ သို့တိုင်အောင် ကူးချိုင်ဝေ့မှာလည်း ဟိုင်သန်းအဆင့်သို့ တက်ရောက်နိုင်ခြင်း မရှိသေးပေ။ ထို့ပြင် ကူးချိုင်ဝေ့မှ သူမ၏ ဂိုဏ်းတူ မောင်လေးအပေါ်တွင် တိုက်ခိုက်ဖို့ နေနေသာသာ လက်ဖြင့်ပင် မရွယ်ရက်ပေ။ သို့သော် ဆန်းလျန်သာ သူ့ကို ခုခံတိုက်ခိုက်မည် ဆိုပါက ဆန်းလျန်ကို မမေ့နိုင်သည့် အတွေ့အကြုံ တစ်ခုလောက်တော့ ပေးလိုက်မည်ဟု တွေးထားမိလေသည်။

ဆန်းလျန်ကလည်း ကူးချိုင်ဝေ့ စိတ်ထဲ ဘာစဉ်းစား နေသည်ကို တန်းသိလေသည်။ ထို့ကြောင့် သူမဖြစ်ချင်သည့် ဆန္ဒအတိုင်း အကောင်အထည် မဖော်နိုင်အောင် လုပ်မည်ဟု ဆုံးဖြတ် လိုက်လေသည်။

“ဒါဖြင့်လည်း ဆရာသခင်ရဲ့ စကားကို ကျွန်တော် နားထောင်ပါ့မယ်”

ဟု ဆန်းလျန်က ပြောလိုက်လေတော့သည်။

ဆန်းလျန်တွင် ပစ္စည်း များများစားစား မရှိပါ။ သူသွားလေရာ ယူဆောင်သွားသည့် စန္ဒကူး ဓားလေးသာ ရှိလေသည်။ အခြား ထုပ်ပိုးသိမ်းဆည်းစရာ မည်သည့်ပစ္စည်းမျှ မရှိပေ။

သူက ဂိုဏ်းတူအစ်မ ကူးချိုင်ဝေ့ကို နှုတ်ဆက်စကား ပြောလိုက်ပြီး ဆရာသခင် ကျန်းရော့ရွှီးကိုပင် သွားမတွေ့တော့ဘဲ ချင်းရွှမ်နတ်တံခါးမှ ထွက်ခွာလာခဲ့ လေတော့သည်။

ဤသည်မှာ သူ ချင်းရွှမ်နတ်တံခါးမှ ဒုတိယအကြိမ် ထွက်ခွာလာခဲ့ခြင်း ဖြစ်လေသည်။ ပထမအကြိမ်နှင့် မတူညီသည်မှာ ယခုတစ်ခါ ထွက်ခွာသွားရခြင်းသည် မည်သည့်အချိန်မှ ပြန်လာနိုင်မည်လဲ ဆိုသည်မှာ မသေချာလှပေ။ သူ့ဘဝ တစ်လျှောက်လုံး ပြန်လာချင်မှလည်း ပြန်လာ နိုင်ပေတော့မည်။

ဘဝဆိုသည်မှာ ထိုသို့ပင် ဖြစ်လေသည်။ လက်ချည်းဗလာ ဝင်ရောက်လာပြီး လက်ချည်း ဗလာပင် ပြန်လည်ထွက်ခွာ သွားကြရသည် မဟုတ်ပါလား။

ဆန်းလျန်မှာ ပုံမှန်အားဖြင့် သံယောဇဉ် တွယ်တတ်သည့် သူတစ်ယောက် မဟုတ်ပါ။ သို့သော် အကန့်အသတ်မရှိ ကျယ်ပြောသော လူ့လောကကြီးသို့ ပြန်လည်ထွက်ခွာ လာရသည့် အခါတွင်တော့ ချင်းရွှမ်နတ်တံခါးကို လွမ်းမော မိသည်ကတော့ အမှန်ပင် ဖြစ်လေသည်။ ချင်းရွှမ်နတ်တံခါးမှာ အပြစ်ဆိုစရာ မရှိသည့် ပျော်ရွှင်စရာ ကျင့်ကြံသူတို့ နေရာပင် ဖြစ်လေသည်။

ဆန်းလျန် တောင်တွေးမြောက်တွေး တွေးနေသည်များကို ရပ်တန့်လိုက်လေသည်။ ဆန်းလျန် ပထမဆုံး ဆန်းအိမ်တော်ကို သတိရမိလေသည်။ ယခုအချိန်တွင် ဆန်းအိမ်တော်ကို သွားရောက် လည်ပတ်သင့်သည့်အချိန် ဖြစ်လေသည်။ ဆန်းမိသားစုမှာ သူ၏ ဆွေမျိုးသားချင်းများပင် ဖြစ်သည် မဟုတ်ပါလား။

ဆယ့်ခြောက်နှစ် ကြာခဲ့ပြီ ဖြစ်သည့်တိုင် … ပင်လယ်ပြင်ကြီးကတော့ မပြောင်းမလဲ တည်ရှိနေမြဲ ဖြစ်လေသည်။ လူ့လောကအတွက်တော့ ပင်လယ်ပြင်တစ်ခု ပြောင်းလဲရန်မှာ အချိန်များစွာ ကြာမည် ဖြစ်လေသည်။

အကြီးမားဆုံး ပြောင်းလဲမှုမှာ တာ့ဝေ့တိုင်းပြည်မှ တာ့ဝေ့မင်းဆက် ပျက်စီးသွားပြီး ကျိုးမင်းဆက် အုပ်ချုပ်သည့် ခေတ်သို့ ရောက်ရှိသွားပြီ ဖြစ်လေသည်။

လောကကြီးမှာ အဆုံးမရှိ ကျယ်ပြောလှလေသည်။ ချင်းရွှမ်နတ်တံခါးရှိ စာအုပ်တစ်အုပ်ထဲတွင် မိုးမြေစွမ်းအား ကျင့်ကြံသူ တစ်ယောက်သည် သူ၏ဓားကို စီးနှင်က ဦးတည်ရာမဲ့ ပျံသန်း နေခဲ့လေသည်။ နှစ်ပေါင်းတစ်ရာခန့် ပျံသန်းပြီး သွားသည့်အခါတွင်တော့ သူက အိုမင်းပြီး သေဆုံးသွားခဲ့ လေသည်။ သို့တိုင်အောင် သူက ကမ္ဘာလောက အဆုံးထိ ခရီးနှင်နိုင်ခဲ့ခြင်း မရှိပါ။

တာ့ဝေ့တိုင်းပြည်မှာ မိုင်ထောင်ပေါင်းများစွာ ကျယ်ဝန်းသည့် တိုက်ကြီး တစ်တိုက်ပေါ်တွင် တည်ရှိသည့် တိုင်းပြည်တစ်ခု ဖြစ်လေသည်။

ချင်းရွှမ်နတ်တံခါးရှိ စာအုပ်များထဲတွင် ရေးသားထားသည်မှာ ထိုတိုက်ကြီးမှာ “ယွမ်” ဟု အမည်ရသည့် တိုက်ကြီးဟု သိရလေသည်။ ထိုတိုက်ပေါ်တွင် နေထိုင်ကြသည့် လူများမှာ အခြား တိုက်တစ်ခုတွင် နေထိုင်ကြသည့် လူများကို သူတို့ဘဝ တစ်လျှောက်တွင် မြင်တွေ့ဖူးခြင်း မရှိကြပေ။

တန်ခိုးစွမ်းအားရှိသည့် နတ်ဘုရားများသာလျှင် အလှမ်း ဝေးလွန်းသည့် ကုန်းမြေ တိုက်ကြီးများကို ကျော်လွန်ကာ သွားလာနိုင်ကြခြင်း ဖြစ်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset