Switch Mode

အခန်း (၉၆)

ဒီတောင်တွေကြား နေ့ရက်တွေတောင်မမှတ်သားမိတော့

ဆရာဘွားဘွား လီချင်းဆွေကို ဝိုင်းဝန်းတိုက်ခိုက် ကြသည့် တန်ခိုးစွမ်းအား ကြီးမားသည့် အုပ်စုမှာ မည်မျှတန်ခိုး ကြီးမားကြကြောင်း ကူးချိုင်ဝေ့ မသိပါ။ သို့သော် ထိုသူများမှာ ဟိုင်သန်း အဆင့်ထက် မနိမ့်သည့်သူများ ဖြစ်ကြောင်းကိုတော့ သူမကောင်းစွာ သိလေသည်။ ထိုသူများမှာ အဆင့်မြင့် နတ်ဘုရားများ မဟုတ်သည့်တိုင် နတ်ဘုရားများကဲ့သို့ တန်ခိုးစွမ်းအား ကြီးကြသည့် လောက နတ်ဘုရားများ ဖြစ်ကြလေသည်။ ကျင့်စဉ်လမ်းတွင် ကျင့်စဉ်နည်းလမ်းပေါင်း များစွာ ရှိလေသည်။ ထို့ကြောင့် ကျင့်စဉ်လမ်း မတူညီသည့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အချင်းချင်း ပြဿနာ ဖြစ်ကြသည် များကတော့ ရှိစမြဲပင် ဖြစ်လေသည်။ သို့သော် … တစ်ယောက်တည်းဖြင့် အဆင့်မြင့် ကျင့်ကြံသူ များစွာကို နှိမ်နင်းလိုက်လျှင်တော့ ကျင့်စဉ်လမ်း အထွတ်အထိပ် ရောက်ရှိနေသည့်သူ ဖြစ်လေသည်။ ကျင့်စဉ်လမ်းနှင့် ပတ်သက်ပြီး အပြစ်ဆိုစရာ မရှိတော့လောက်အောင် အဆင့် မြင့်နေပြီ ဖြစ်လေသည်။

ထိုသို့သော ကျင့်ကြံသူမျိုးကို မိုးမြေက အသိအမှတ် မပြုဘဲ မနေနိုင်ပေ။

“ဂိုဏ်းတူအစ်မ ထိုက်ရွှီးနည်းဗျူဟာကို ဘယ်လို အသုံးပြုရတာလဲ”

ဆန်းလျန်က မေးလိုက်လေသည်။

“ဂိုဏ်းတူမောင်လေး မင်းအတွင်းအား လေ့ကျင့်တဲ့အခါ ဘာကိုစဉ်းစားပြီး အတွင်းအား လေ့ကျင့်တာလဲ”

ကူးချိုင်ဝေ့က ပြန်မေးလိုက်လေသည်။

သူမ၏ အကြည့်များက ရေကဲ့သို့ ကြည်လင်ပြီး နူးညံ့နေလေသည်။

“ဂိုဏ်းတူအစ်မ ပြောချင်တာက  မိုး၊ မြေ၊ တောင်တန်း၊ ရွှံ့နွံ၊ ရေ၊ မီး၊ လေနဲ့ လျှပ်စီးဆိုတဲ့ သဘာဝ ဒြပ်စင်စွမ်းအား ရှစ်မျိုးကို ပြောချင်တာလား။ အဲဒါတွေက လောကမှာ ဖြစ်တည်နေတဲ့ ဒြပ်စင်တွေပဲ ဖြစ်ပြီး ကျွန်တော်တို့ သိမြင်နိုင်တာပဲ”

ဆန်းလျန်က ပြန်ပြောလိုက်လေသည်။

ထိုဒြပ်စင် စွမ်းအားရှစ်မျိုးကို ရှယွမ့်အဆောင် ဝါးလုံး အိမ်လေးထဲတွင် မိုးမြေ စွမ်းအားများကို လေ့ကျင့်ရင်း ဆန်းလျန်သိရှိ နားလည်ခဲ့ပြီး ဖြစ်လေသည်။ အင်းနှင့် မန္တန်ပညာကို သူဆက်လက် လေ့လာသည့် အခါတွင်တော့ ထိုဒြပ်စင်စွမ်းအား ရှစ်မျိုးကို အတွင်းအားနှင့် ပေါင်းစပ်ကာ အင်းပညာကို အစွမ်းထက်မြက်စွာ အသုံး ပြုနိုင်ခဲ့ခြင်း ဖြစ်လေသည်။

သူ ကူးချိုင်ဝေ့ကို တိုက်ခိုက်ရန်အတွက် အသုံးပြုခဲ့သည့် “လေပြင်းတိုက်ခတ်” အင်းချပ်သည်ပင်လျှင် ထိုဒြပ်စင်စွမ်းအား ရှစ်ခုနှင့် ပေါင်းစပ်ထားခြင်း ဖြစ်လေသည်။ အခြားသော ကျင့်ကြံသူများ၏ တန်ခိုးစွမ်းအား ဆိုသည်မှာလည်း ထိုဒြပ်စင်စွမ်းအား ရှစ်မျိုးကိုပင် အခြေခံ ထားကြခြင်းပင် ဖြစ်လေသည်။

“မင်းက အခုမှ အင်းပညာကို စတင်လေ့လာ ထားတဲ့သူမို့လို့ မင်းနားလည်တာက သာမန်အဆင့်ပဲ ရှိသေးတယ်။ ထိုက်ရွှီးနည်းဗျူဟာရဲ့ ပထမအဆင့်က အဲဒီဒြပ်စင်စွမ်းအား ရှစ်မျိုးကို ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်စေပြီး ကြိုးပမာ ချိတ်ဆက်ပြီး စွမ်းအားကို နားလည်အောင် လေ့ကျင့်ရတာမျိုးပဲ။ ဒီလိုလေ့ကျင့်ခြင်းအားဖြင့် ရုဟွ အဆင့်မှာတင် ဟိုင်သန်းအဆင့် တက်လှမ်းနိုင်ဖို့ အခြေခံကောင်းတွေ ရရှိလိမ့်မယ်”

ကူးချိုင်ဝေ့က ရှင်းပြလေသည်။

ရုဟွအဆင့်သို့ ရောက်ရှိသည့် ကျင့်ကြံသူများသည် ဝိညာဉ်စွမ်းအားကို ကောင်းကောင်း နားလည်ပြီ ဖြစ်လေသည်။ ရုဟွအဆင့်သို့ ရောက်ရှိသည်နှင့် သူတို့၏ ဝိညာဉ်စွမ်းအားက စတင် မြင့်တက်လာပြီ ဖြစ်လေသည်။ ထိုအခြေအနေသို့ ရောက်ရှိလျှင် မည်သည့် ကျင့်စဉ်ကိုမဆို အတားအဆီးမရှိ ကျင့်ကြံနိုင်မည် ဖြစ်လေသည်။

ထို့ကြောင့် ယန့်ပုကွေးမှာ မရှိမှုမှပင် အင်းချပ်တစ်ခုကို ဖန်တီး ရေးဆွဲနိုင်ခြင်း ဖြစ်သလို မီးမရှိဘဲနှင့်လည်း အလင်းကို ဖန်ဆင်းနိုင်ခြင်း ဖြစ်လေသည်။

သို့သော် … အသုံးပြုသည့် နည်းလမ်းကတော့ ကွာခြားလေသည်။ အင်းချပ် အသုံးပြုသည့် သူချင်းအတူတူ ဆန်းလျန်မှာ အင်းချပ်သင်္ကေ တစ်မျိုးတည်းကိုသာ အသုံးပြုနိုင်သည့်တိုင် ယန့်ပုကွေး ကတော့ အင်းချပ်သင်္ကေတ သုံးမျိုး သို့မဟုတ် လေးမျိုးခန့် အသုံးပြုနိုင်မည် ဖြစ်လေသည်။

ရုဟွအဆင့်သို့ ရောက်ရှိသည့် ကျင့်ကြံသူများမှာ အင်းချပ်၊ မန္တန်နှင့် တန်ခိုးစွမ်းအားများကို ကြိုက်သလို အသုံးပြုနိုင်မည် ဖြစ်ပြီး နတ်ဘုရားတစ်ပါး ဖြစ်လာရန်အတွက် ဗီဇ စတင်ရရှိပြီ ဖြစ်လေသည်။

***

ဒီတောင်တွေကြား … နေ့ရက်တွေတောင် မမှတ်သားမိတော့ … အေးခဲမတတ် … တိုက်ခတ်နေတဲ့ လေကိုလည်းဂရုမစိုက် … နှစ်တွေ ဘယ်လောက် ကြာခဲ့ပြီလဲ … နှစ်ပေါင်း ဆယ့်ငါးနှစ်ပင် ကြာခဲ့ပြီ ဖြစ်လေသည်။

ချင်းရွှမ်နတ်တံခါးတွင် တပည့်များအတွက် ငါးနှစ်တစ်ကြိမ် အရည်အချင်းစစ် စာမေးပွဲ ပြုလုပ် ပေးလေသည်။ ထိုအရည်အချင်းစစ် ပွဲတိုင်းတွင် ပထမ၊ ဒုတိယနှင့် တတိယနေရာ ရသူများမှာ ကူးချိုင်ဝေ့၊ ယန့်ပုကွေးနှင့် ဆန်းလျန်တို့ သုံးယောက်သာ ဖြစ်ကြလေသည်။

သို့သော်လည်း ဟိုင်သန်းအဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိသေးသည့် တပည့်များထဲတွင် ဆန်းလျန်မှာ နာမည်အကြီးဆုံး တပည့် ဖြစ်လေသည်။ ထိုသို့ နာမည်ကြီးရခြင်းမှာ သူ၏ ပင်ကိုယ်စိတ်ထား ကောင်းမွန်ခြင်းကြောင့်လည်း ဖြစ်လေသည်။ တံခါးပိတ်ကျင့်စဉ် ကျင့်ကြံနေခြင်း မရှိသည့် အချိန်များတွင် သူ့ကို ကျင့်စဉ်လမ်းနှင့် ပတ်သက်ပြီး အခြားတပည့်များက မေးမြန်းကြလျှင် သူက ပွင့်ပွင့်လင်းလင်းဖြင့်ပင် ကူညီပေးတတ်လေသည်။

စန့်ယွမ့်အဆောင်မှ တပည့်များမှာ ဆရာသခင်များ၏ အနွယ်တော်များ ဖြစ်ကြလေသည်။ သူတို့၏ ကျင့်စဉ်လမ်းနှင့် ပတ်သက်၍လည်း ဆရာသခင်များ၏ ကြပ်မတ်ပေးမှုက အားကောင်း လေသည်။ သို့သော် ဘယ်က ရောက်လာမှန်းမသိ၊ ဘာကောင်မှလည်း မဟုတ်သည့် ဆန်းလျန်က ယခုကဲ့သို့ နာမည် ကြီးနေခြင်းအတွက် မနာလိုဖြစ်နေ ကြသည်ကတော့ အမှန်ပင် ဖြစ်လေသည်။ ဆန်းလျန်မှာ လူမှုဆက်ဆံရေး ပိုင်းတွင် အလွန် တော်သူတစ်ဦး မဟုတ်သည့်တိုင် လူတစ်ဖက်သားကို အထင်သေး အမြင်သေးဖြင့် မဆက်ဆံတတ်သလို ဘက်လိုက်ပြီး အစွဲထားတတ်သည့် သူမျိုးလည်း မဟုတ်ပေ။

ဆန်းလျန်ကို စိန်ခေါ်သည့် တပည့်များ ရှိသော်လည်း ဆန်းလျန်ကပင် အမြဲတမ်း အနိုင် ရခဲ့သည်ချည်းပင် ဖြစ်လေသည်။ သို့သော် ဆန်းလျန်က သူ အနိုင်ရခဲ့သည့် အကြောင်းကို မည်သူ့ ရှေ့တွင်မျှ ကြွားဝါပြီး မပြောတတ်ပေ။

ထိုအကြောင်းကြောင့်ပင် စိန်ခေါ်သည့် တပည့်များမှာ သူတို့၏ လုပ်ရပ်အတွက် အရှက်ရသွား ကြသည်ချည်းပင်။

ထို့ကြောင့်ပင် သူတို့က “စည်းကမ်းဆောင်”သို့ ကိုယ်တိုင်သွားရောက်ကာ အပြစ်ဝန်ခံ တတ်ကြလေသည်။

လူစောယိနှင့် လောင်းကြေးထပ်ခဲ့သည့် အဖြူရောင်ဝတ် လူငယ် ကျောက်စစ်မင်မှာ လူစောယိကို ရှုံးနိမ့် သွားခဲ့လေသည်။

လူစောယိမှာ တစ်ညအတွင်းမှာပင် ကျင့်စဉ်ကို နားလည်သွားကာ ဝိညာဉ်စွမ်းအားများ တိုးတက် လာခဲ့လေသည်။ ယခုဆိုလျှင် လူစောယိမှာ ချူးစန်းအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်လေသည်။ ရုဟွအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် တစ်ဆင့်သာ လိုတော့လေသည်။ လူစောယိမှာ ချန်ကျန့်မေ လောက်တော့ တော်ခြင်း မရှိသည့်တိုင် ဆရာသခင်၏ တပည့်ရင်း ဖြစ်သည့်အတွက် မည်သူကမျှ သူ့ကို ရန်မစရဲကြပေ။

ဆန်းလျန်၊ လူစောယိတို့နှင့်အတူ ဝမ့်ရှင်းလမ်းကို ဖြတ်ကျော်ခဲ့သည့် ပိန်ပိန်ပါးပါး လူငယ်လေး “ရှောင်ဟေး”၊ မီးခိုးရောင်ဝတ် အဘိုးအို ကယ်ယွမ်းက သူ့ကို တပည့်အဖြစ် လက်ခံခဲ့လေသည်။ ထိုလူငယ်လေး၏ နာမည်မှာ ယခု ကျောက်ဝူကျိ ဆိုသည့် နာမည်အသစ်ပင် ရနေပြီ ဖြစ်လေသည်။ သို့သော် … ထိုလူငယ်က မည်သည့် ဂိုဏ်းတူမောင်နှမများနှင့်မှ အဆက်အဆံ မလုပ်သလို သူ ကျင့်ကြံသည့် ကျင့်စဉ်မှာလည်း ချင်းရွှမ်နတ်တံခါးမှ ကျင့်စဉ် တစ်ရာ့ရှစ်မျိုးမှ ကျင့်စဉ်များ မဟုတ်ပေ။ ဆရာသခင် ကယ်ယွမ်းကိုယ်တိုင်ကပင် သူ့ကို အခြားသူများရှေ့တွင် သူကျင့်သည့် ကျင့်စဉ်ကို မဖော်ပြရန်လည်း မှာကြား ထားလေသည်။

ထိုအကြောင်း များကြောင့်ပင် အချို့သော ဂိုဏ်းတူအစ်ကိုများက ကျောက်ဝူကျိနှင့် တိုက်ခိုက်ရန် စိန်ခေါ် ခဲ့ကြလေသည်။ သို့သော် … ဖြစ်ပျက်သွားသည့် အကြောင်းအရာများက အံ့သြစရာ ကောင်းလွန်း လှလေသည်။

သူ့ကို တိုက်ခိုက်ကြသည့် ဂိုဏ်းတူအစ်ကို သုံးယောက်မှာ ကျင့်ကြံထားသည့် ကျင့်စဉ်များ အားလုံး ပျက်စီးတော့မတတ် ခံစားလိုက်ရပြီး ကျောက်ဝူကျိကတော့ မည်သည့် ထိခိုက်မှုမျှ မဖြစ်ခဲ့ပေ။ ထိုကိစ္စကြောင့် အခြားသော ဆရာသခင်နှစ်ပါးက မကျေမနပ် ဖြစ်ကာ ဆရာသခင် ကယ်ယွမ်းဆီသို့ ရောက်လာခဲ့ကြလေသည်။ သို့သော် ဆရာသခင် ကယ်ယွမ်း၏ အစွမ်းကို သူတို့များစွာ အံ့သြခဲ့ကြ ရလေသည်။

မည်သူမှ မသိသည့် အချိန်မှာပင် ဆရာသခင် ကယ်ယွမ်းမှာ မည်သည့်ပစ္စည်း၊ မည်သည့် မန္တန်ကိုမှ အသုံးမပြုဘဲ “ပုရွှီး” အဆင့်ကို အောင်မြင်သွားပြီ ဖြစ်လေသည်။ သူက မြေဆွဲအားကို ဆန့်ကျင်ပြီး လေထဲတွင် ရပ်တည်နိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ သူက ရောက်ရှိလာသည့် ဟိုင်သန်းအဆင့် ဆရာသခင် နှစ်ပါးကို အားပင်မသုံးဘဲ အနိုင် ယူလိုက်လေသည်။

ဆရာသခင် ကယ်ယွမ်းဆီသို့ ရောက်လာကြသည့် ဟိုင်သန်းအဆင့် ဆရာသခင်နှစ်ပါးမှာ “ဟိုင်သန်း” အဆင့်သို့ “ပြင်ပပြဒါးရှင်”ကို အသွင်ပြောင်းသည့် ကျင့်စဉ်ဖြင့် အောင်မြင်ခဲ့ကြ သူများ ဖြစ်လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆရာသခင် ကယ်ယွမ်းမှာ မည်မျှ စွမ်းအားမြင့်မား နေကြောင်းကို သိနိုင်လေသည်။

ဆယ့်ငါးနှစ် ကြာခဲ့သည့် တိုင်အောင် … ချန်ကျန့်မေသည် ချင်းရွှမ်နတ်တံခါးသို့ ပြန်လာခဲ့ခြင်း မရှိတော့ပါ။ သို့သော် ချင်းရွှမ် နတ်တံခါးနှင့် အလွန်ဝေးကွာသည့် အနောက်ဘက် ဒေသတစ်ခုတွင် ဓားတန်ခိုးရှင် တစ်ယောက် ပေါ်ထွက်လာလေသည်။ ထိုဓားတန်ခိုးရှင်က ထိုဒေသရှိ နတ်မိစ္ဆာနှင့် မကောင်းဆိုးဝါးများကို သုတ်သင်နှိမ်နင်းပြီး တာအို ကျောင်းတော်တစ်ခု တည်ထောင်ခဲ့လေသည်။

ထိုကျောင်းတော်၏ အမည်ကို “သေစေခြင်း ကျောင်းတော်” ဟု အမည် ပေးခဲ့သည့်အတွက် အားလုံးမှာ အံ့သြကြရ လေသည်။

ဆရာသခင် ကျန်းရော့ရွှီးကတော့ “သေစေခြင်း ကျောင်းတော်” မှာ ချင်းရွှမ်နတ်တံခါး၏ အနွယ်တော် ဂိုဏ်းခွဲတစ်ခု ဖြစ်သည်ဟု ဝန်ခံခဲ့လေသည်။

ဆယ့်ငါးနှစ်အတွင်းတွင် ထိုကဲ့သို့သော ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည့်တိုင် ဆန်းလျန်က ထိုကိစ္စများကို စိတ်မဝင်စားပါ။

သူ၏ “ဝိညာဉ်စွမ်းအား မြှင့်တင်ခြင်း” ကျင့်စဉ်တွင်လည်း အခက်အခဲ တစ်စုံတစ်ရာ မရှိခဲ့ပါ။သူက ချူးစန်းအဆင့် အောင်မြင်ခဲ့ပြီး ကတည်းက ဝိညာဉ်အလင်းတရားကို ရရှိခဲ့ပြီ ဖြစ်လေသည်။

ထိုသို့ ဝိညာဉ်အလင်းတရား ရရှိခြင်းမှာ ဟိုင်သန်းအဆင့် ဆရာသခင်များသာ ရရှိကြခြင်း ဖြစ်လေသည်။ သို့သော် ဆန်းလျန်ကတော့ “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်မှ ကျင့်စဉ်များကြောင့် ချူးစန်းအဆင့်မှာပင် ကြိုတင်ပြီး ဝိညာဉ်အလင်းတရား ရခဲ့ခြင်း ဖြစ်လေသည်။

ထိုအချက်ကြောင့်ပင် ဟိုင်သန်းအဆင့် မအောင်မြင်သေးသည့် တပည့်များကြားတွင် ဆန်းလျန်က တစ်ပန်းသာ နေခဲ့ခြင်း ဖြစ်လေသည်။

သို့သော်… ထိုသို့ ဖြစ်ရခြင်းကြောင့် ဆန်းလျန်မှာ ပျော်ရွှင်ခြင်းတော့ မဖြစ်မိပါ။ သူက ယခုအချိန်ထိ ဒြပ်စင်စွမ်းအား ရှစ်မျိုးကို ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းစေသည့် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်၏ ပထမအဆင့်ကိုပင် အောင်မြင်နိုင်ခြင်း မရှိသေးပါ။ ဒြပ်စင်စွမ်းအား ရှစ်မျိုးကို ခန္ဓာကိုယ် အတွင်းသို့ ပေါင်းစည်းစေပြီး တန်ခိုးစွမ်းအား ဖြစ်ပေါ်လာအောင် ကျင့်ကြံရမည် ဖြစ်လေသည်။ ထိုသို့ ကျင့်ကြံသည့်အခါ ခန္ဓာကိုယ်တွင်းတွင် တန်ခိုးစွမ်းအား ရှစ်ခု ပေါ်ထွက်လာမည် ဖြစ်လေသည်။ ထိုတန်ခိုးစွမ်းအား ရှစ်မျိုးတွင် နှစ်မျိုး သုံးမျိုးခန့်မှာ တစ်ခုနှင့်တစ်ခု တွန်းကန် တတ်သောကြောင့် အဆင်မပြေမှုများ ဖြစ်တတ်ကြလေသည်။

ဆန်းလျန်ကျင့်စဉ် မအောင်မြင်နိုင် ဖြစ်နေရခြင်းမှာ သူ၏ ဝိညာဉ်စွမ်းအား နည်းပါးခြင်းကြောင့် မဟုတ်သလို ဒြပ်စင်စွမ်းအားများ တွန်းကန်သောကြောင့်လည်း မဟုတ်ပေ။ သူ့ကိုယ်တွင်းသို့ ဒြပ်စင်စွမ်းအားများ စီးဝင်ပေါင်းစည်း လိုက်သည်နှင့် ဒဏ်ရာအပြင်းအထန် ရလုနီးပါး ဖြစ်သွား တတ်သောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို ကျင့်ကြံသူ များများစားစား မရှိခြင်းဖြစ်လေသည်။

ထို့ပြင် ဒြပ်စင်စွမ်းအား ရှစ်ခုမှာ “ယင်” စွမ်းအားနှင့် “ယွမ်” စွမ်းအား ကွဲပြားနေသေးသည်။ ထို့ကြောင့် “ယင်” နှင့် “ယန်” မညီမျှမှု ဖြစ်ပါက သူ့ခန္ဓာကိုယ် တစ်ခုလုံး မီးရှို့ခံရသကဲ့သို့ ပူလောင်ခြင်းကို ခံစားရလေသည်။ “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်မှ ကျင့်စဉ်များကို ကျင့်ကြံပြီး ပြန်လည် ငြိမ်းချမ်းစေရန် ကြိုးစားသည့်တိုင် အတော်အတန်ကြာအောင် ကြိုးစားရလေသည်။ ထို့ကြောင့် ယခင်ကကဲ့သို့ လွတ်လပ်ပေါ့ပါးမှုများကို သူ မခံစားရတော့ပေ။

ကူးချိုင်ဝေ့မှာ အမြဲတမ်း နူးညံ့သိမ်မွေ့ နေသည်ကို ယခုတော့ ဆန်းလျန် သဘောပေါက်သွားပြီ ဖြစ်လေသည်။ သူမက စိတ်ငြိမ်းချမ်းအောင် အမြဲတမ်း ထိန်းသိမ်းထားခြင်း ဖြစ်လေသည်။ ထိုသို့ ထိန်းသိမ်းထားနိုင်မှသာ သူမကိုယ်တွင်းရှိ တန်ခိုးစွမ်းအားများ အားပြိုင်ခြင်းကို ထိန်းချုပ် ထားနိုင်မည် ဖြစ်လေသည်။

ဆန်းလျန်မှာ ကျင့်စဉ်လမ်းနှင့် ပတ်သက်ပြီး အခြားသူများကို အကြံဉာဏ် ပေးရန်အတွက် မည်သည့်အခါမျှ ပင်ပန်းသည်ဟု မခံစားရပါ။ ကျင့်စဉ်လမ်း ဆိုသည်မှာ စိတ်ကို လေ့ကျင့်ခြင်းပင် ဖြစ်လေသည်။ ထို့ပြင် အခြားသူများ၏ ကျင့်စဉ်များကို သိမြင်ရခြင်းဖြင့် သူ့အတွက်လည်း ပညာ တိုးလေသည်။ ထိုသို့ပညာတိုးလေ ဒြပ်စင်စွမ်းအားရှစ်မျိုး သူ့ကိုယ်တွင်းသို့ စီးဝင်ပေါင်းစပ်နိုင်မည့် နည်းလမ်းကို ရှာဖွေနိုင်မည် ဖြစ်လေသည်။

ကူးချိုင်ဝေ့ကလည်း ဆန်းလျန်အပေါ် ကျင့်စဉ်သင်ကြား ပေးရာတွင် ဆရာစား ချန်ထားခြင်းမျိုး မရှိပေ။ သို့သော် ဒြပ်စင်စွမ်းအားရှစ်ခု ခန္ဓာကိုယ်တွင်းသို့ စီးဝင်ပေါင်းစပ်ခြင်းတွင် တစ်ဦးနှင့်တစ်ဦး ဖြစ်စဉ် မတူညီနိုင်ပေ။ ထို့ကြောင့် ထပ်တူကျအောင် သင်ကြားပေး၍လည်း မဖြစ်နိုင်ပေ။

ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်မှာ ဆန်းလျန်နှင့် သင့်တော်သည်ဟု ဆရာသခင် ကျန်းရော့ရွှီး ပြောခဲ့သည်မှာ မမှားပေ။

ထိုက်ရွှီးကျင့်စဉ် ဆိုသည်မှာ စွမ်းအားများနှင့် ကျင့်စဉ်ကို အတိုချုပ် ထားခြင်းဖြစ်ပြီး လောကကို ကျော်လွန်သည့် ကျင့်စဉ်ဖြစ်လေသည်။

ဆန်းလျန်မှာ “စိတ်ဝိညာဉ် မြင့်တင်ခြင်း” ကျင့်စဉ်ကို အကောင်းဆုံး ကျင့်ကြံထားသူ ဖြစ်လေသည်။ ထို့ကြောင့် မိုးမြေစွမ်းအားများနှင့် ကျင့်စဉ်ပညာကို ကောင်းစွာနားလည်လေသည်။

ဝိညာဉ်မြစ်မှာ ခါတိုင်းကဲ့သို့ပင် တိတ်ဆိတ်စွာ စီးဆင်းနေလေသည်။ ဆန်းလျန်က ဝိညာဉ် မြစ်ထဲတွင် စိမ်နေလေသည်။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်မြစ်ရေတွင် စိမ်နေသည့်အတွက် ဖြစ်ပေါ်လာသည့် စိတ်ဝိညာဉ် နာကျင်မှုက သူ၏ ကျင့်စဉ်လမ်းတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို မေ့ပျောက်စေလေသည်။

ထိုအချိန် … ကမ်းခြေတွင် လူရိပ်တစ်ရိပ်ကို မြင်လိုက်ရလေသည်။

“ဂိုဏ်းတူအစ်မ အစ်မက အသက်ကြီးနေပြီ ဆိုတာတော့ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်က ယောက်ျားလေး၊ အစ်မက မိန်းကလေးလေ။ ကျွန်တော်အင်္ကျီ ဝတ်မထားတဲ့ အချိန်ဆို ကျွန်တော့်ဆီ မလာသင့်ဘူး။ မကောင်းဘူး မဟုတ်လား”

ဆန်းလျန်က ပြောလိုက်လေသည်။

ဆန်းလျန်၏ စကားကြောင့် ကူးချိုင်ဝေ့က ရယ်မောလိုက်သည်။

“ဒါဖြင့် နောက်တစ်ခါ အစ်မရေချိုးတော့ မင်းလာကြည့်လိုက်ပေါ့”

ဟု ပြန်ပြောလိုက်လေသည်။

“ကျွန်တော့ကို မသတ်ဘူးလို့ ကတိပေးလေ”

ဆန်းလျန်က ပြောလိုက်သည်။

“ဒါတော့ ကတိမပေးနိုင်ဘူး။ ဒါနဲ့ ဆယ့်ငါးနှစ်တောင် ကြာခဲ့ပြီနော်။ မင်းဟာ ခုထိ အရူးထ နေနိုင်သေးတာ အံ့သြလို့ မဆုံးဘူး”

ကူးချိုင်ဝေ့က ပြောလိုက်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset