Switch Mode

အခန်း (၉၅)

လောကကိုကျော်လွန်သည့်ကျင့်စဉ်

ကူးချိုင်ဝေ့ ထိုသို့ပြောလိုက်သည်မှာ အစဉ်အလာ သဘောအရသာ ဖြစ်လေသည်။ ဆန်းလျန် ကလည်း သဘော မတူနိုင်စရာ မရှိပါ။

“ကျွန်တော် ဆရာသခင်ရဲ့ တပည့်အဖြစ် သဘောတူပါတယ်”

ဆန်းလျန် ခေါင်းညိတ်ရင်းပြောလိုက်လေသည်။

ကူးချိုင်ဝေ့က တစ်ချက် ပြုံးလိုက်သည်။ သူမသည် ယခင်က ဤကဲ့သို့ အစဉ်အလာအတိုင်း တပည့်တစ်ယောက်ကို လက်ခံပေးခဲ့ခြင်းမျိုး မလုပ်ခဲ့ဖူးပေ။ ယခု ဆရာသခင်၏ ကိုယ်စား လုပ်ဆောင် ပေးရသည့်တိုင် သူမက စိတ်ပါဝင်စားစွာ လုပ်ဆောင်နေမိလေသည်။ သူမက လက်တစ်ဖက် ဝှေ့ယမ်း လိုက်သည့် အခါတွင်တော့ အငွေ့များ တထောင်းထောင်း ထနေသည့် လက်ဖက်ရည် ပန်းကန်လေးတစ်လုံး လေထဲတွင် ပေါ်လာလေသည်။ သူမက ထိုလက်ဖက်ရည် ပန်းကန်လေးကို ဆန်းလျန်ထံသို့ ပေးလိုက်ပြီး သူမကို ထိုပန်းကန်လေး ပြန်ပေးရန် လက်ဟန်ခြေဟန်ဖြင့် ပြလိုက်လေသည်။

ဆန်းလျန်မှာ ဘာကြောင့် ထိုသို့ပြုလုပ်မှန်း နားမလည်ပေ။ ချင်းရွှမ် နတ်တံခါးမှာ သဘာဝအတိုင်း ဖြစ်တည်မှုကိုသာ အာရုံစိုက်ပြီး ဤကဲ့သို့သော စည်းကမ်းမျိုး ရှိသည်ဟု မကြားခဲ့ဖူးပေ။ သို့သော် ဂိုဏ်းတူအစ်မ ကူးချိုင်ဝေ့ဆီတွင် ပညာ သင်ကြားရတော့မည် ဆိုမှတော့ သူမ လုပ်ခိုင်းသည့်အတိုင်း လိုက်လုပ်ရန်သာရှိလေသည်။

သူက လက်ဖက်ရည် ပန်းကန်ကို သူမဆီသို့ လေးလေးစားစားဖြင့်ပင် ပြန်ကမ်း ပေးလိုက် လေသည်။ ကူးချိုင်ဝေ့က ထိုလက်ဖက်ရည်ကို သောက်လိုက်လေသည်။

ဆန်းလျန်က ဆရာကို လေးစားသည့် သဘောဖြင့် ဦးညွှတ်ဂါရဝ ပြုလိုက်လေသည်။

“ခုချိန်ကစပြီး မင်းနဲ့အစ်မဟာ ဆရာတစ်ပါးတည်းရဲ့ တပည့်တွေဖြစ်သွားပြီ။ ကျင့်စဉ်လမ်းမှာ အချင်းချင်း ကူညီကြရမယ်”

ကူးချိုင်ဝေ့က ပြောလိုက်လေသည်။

“ဒီပန်းချီကားချပ်က မူရင်း ပန်းချီကားချပ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဆရာဘွားဘွား လီချင်းဆွေ ရေးဆွဲခဲ့တဲ့ မူရင်းပန်းချီကားနဲ့တော့ အနီးစပ်ဆုံး တူညီပါတယ်။ ဆရာဘွားဘွား ကျင့်စဉ်လမ်း အောင်မြင်သွားတော့ ဒီပန်းချီကားကို ရေးဆွဲခဲ့တယ်။ အစ်မတို့ရဲ့ ဆရာက ဒီပန်းချီကားရဲ့ အဓိပ္ပာယ်ကို ဆရာဘွားဘွားကို မေးခဲ့တယ်။ ဆရာဘွားဘွားက ဒီပန်းချီကားဟာ လီချင်းဆွေရဲ့ “ထိုက်ရွှီး” ကျင့်စဉ်ကို သရုပ်ဖော်ထားတာလို့ ပြောခဲ့တယ်။ ဂိုဏ်းတူမောင်လေး ဒီပန်းချီကားကို ဆရာဘွားဘွားက ဘာရည်ရွယ်ချက်နဲ့ ရေးဆွဲခဲ့လဲဆိုတာ မှန်းကြည့်နိုင်မလား”

ကူးချိုင်ဝေ့က ချိတ်ဆွဲထားသည့် ပန်းချီကားကို ညွှန်ပြရင်း မေးလိုက်လေသည်။

ဆန်းလျန်က တစ်ခဏမျှ တွေးလိုက်ပြီး…

“ထိုက်ရွှီးကျင့်စဉ်… ရုပ်ပိုင်းဆိုင်ရာ သဏ္ဌာန်ပေါ့။ ကြည့်ရတာ ဆရာဘွားဘွားက ကျင့်စဉ်လမ်း အောင်မြင်သွားတာ တိမ်တွေ ရေတွေနဲ့များ သက်ဆိုင်နေမလား”

ဆန်းလျန်က ပြန်ဖြေ ပေးလိုက်လေသည်။

“တကယ်တော့ ဒီမေးခွန်းအတွက် အဖြေမရှိပါဘူး။ ဆရာဘွားဘွားက ဒီပန်းချီကားချပ် အကြောင်းကို ရှင်းပြမသွားခဲ့ဘူး။ ဆရာကလည်း အစ်မကို တပည့်အဖြစ် လက်ခံတော့ ဒီလိုမေးခွန်းမျိုး မေးဖူးတယ်။ ဒါကြောင့် အစ်မကလည်း မင်းကို ပြန်မေးတာ။ ဆရာ ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် ကိုးဆင့်လုံး အောင်မြင်ပြီး တက်ရောက်ခဲ့တာ။ ဂိုဏ်းတူအစ်ကို ချန်ကျန့်မေကလည်း အင်မတန်မှ တော်တဲ့သူပါ။ ဒါပေမဲ့ အစ်မတို့ဆရာလောက် မတော်သေးဘူး။ ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကို ကျင့်ကြံတဲ့အခါ အခက်အခဲတွေ ရှိတယ်ဆိုပေမဲ့ ဒီကျင့်စဉ်ဟာ လောကမှာ အကောင်းဆုံး ကျင့်စဉ်ပါပဲ”

ကူးချိုင်ဝေ့က ရှင်းပြ လိုက်လေသည်။

လက်ရှိအချိန်တွင် ချန်ကျန့်မေမှာ ဟိုင်သန်းအဆင့် အောင်မြင်ပြီးသူ ဖြစ်သဖြင့် သူမ၏ ဆရာဦးလေး ဖြစ်သွားပြီ ဖြစ်လေသည်။ သို့သော် သူမက နှစ်ပေါင်းများစွာ နှုတ်ကျိုးနေသဖြင့် ဂိုဏ်းတူ အစ်ကိုဟု ခေါ်လိုက်ခြင်း ဖြစ်လေသည်။

သူမ၏ စကားသံများတွင် ဂုဏ်ယူခြင်းများ ပါဝင်နေလေသည်။

ထိုက်ရွှီးနည်းဗျူဟာကို လေ့ကျင့်ရမည်မှာ ခက်ခဲမည် ဖြစ်ကြောင်း ဆန်းလျန် နားလည် ထားပါသည်။ သို့သော် မည်သည့် ကျင့်စဉ်အပိုင်းတွင် ခက်ခဲမည်ကိုသာ မသိရှိခြင်း ဖြစ်လေသည်။ ချင်းရွှမ်နတ်တံခါးတွင် အရည်အချင်းရှိသူ များစွာရှိပါသည်။ သို့သော် ဟိုင်သန်းအဆင့်သို့ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ဖြင့် တက်ရောက်ခြင်းကိုတော့ ဆရာဘိုးဘိုး ယွမ်ချင်း၊ ဆရာဘွားဘွား လီချင်းဆွေနှင့် လက်ရှိဆရာဖြစ်သည့် ကျိလင်နတ်သမီး သို့မဟုတ် ပိယွင်ကပါ ကန့်သတ် ထားလေသည်။

“ဂိုဏ်းတူအစ်မ ထိုက်ရွှီး နည်းဗျူဟာနဲ့ အခြားကျင့်စဉ် နည်းလမ်းတွေက ဘာများ ကွာခြားလို့လဲ။ ဘာလို့ ထိုက်ရွှီးနည်းဗျူဟာက ခက်ခဲရတာလဲ”

ဆန်းလျန်က မေးလိုက်လေသည်။

ကျင့်စဉ်လမ်း ဆိုသည်က လူတစ်ယောက်ကို မိုးမြေစွမ်းအားများဖြင့် ဆက်သွယ်ပေးခြင်း ဖြစ်ပြီး ထိုသို့ ဆက်သွယ်နိုင်မှုကို နားလည်အောင် လေ့ကျင့်ရခြင်း ဖြစ်လေသည်။ ကျင့်စဉ်လမ်းတွင် အဆင့်ပေါင်း များစွာနှင့် အခက်အခဲပေါင်း များစွာကို ကျော်ဖြတ်ရလေသည်။ သို့သော် ကျင့်ကြံ နိုင်သည့်သူ မရှိလောက်အောင် ခက်ခဲသည့် ကျင့်စဉ်တော့ မရှိပေ။

ဆန်းလျန်၏ မေးခွန်းကြောင့် ကူးချိုင်ဝေ့၏ မျက်နှာမှ နူးညံ့သိမ်မွေ့ခြင်းများ ပျောက်ကွယ် သွားလေသည်။ သူမမျက်နှာက တည်ကြည်လေးနက်သွားပြီး….

“ဒီကျင့်စဉ်က စွမ်းအားကို အာရုံစူးစိုက်ရတဲ့ ကျင့်စဉ်ပဲ။ ဂိုဏ်းတူအစ်ကို ယန့်ပုကွေးရဲ့ “မိုးလေဆင့်ခေါ်ခြင်း ကျင့်စဉ်”၊ ဂိုဏ်းတူအစ်ကို ချန်ကျန့်မေရဲ့ “သဏ္ဌာန်မဲ့ ဓားပညာ”၊ ပြီးတော့ ဆရာဦးလေး ဟုန်ရဲ့ “ကျိဝေ့တုန်း ကျင့်စဉ်အဖြေ” တွေကလည်း ခက်ခဲပင်ပန်းတဲ့ ကျင့်စဉ်တွေပါပဲ”

“သူတို့က လောက အမှန်တရားတွေအကြောင်း သင်ယူကြရတယ်။ ဒါကြောင့် ကျင့်စဉ် အောင်မြင်တဲ့အခါ မသေမျိုးဖြစ်တဲ့ နတ်ဒေဝါတွေ ဖြစ်ကြရတာပေါ့။ ဒါပေမဲ့ မိုးနဲ့မြေမှာ အတုမရှိ ကျင့်ကြံသူ ဖြစ်ချင်ရင်တော့ အဲဒီကျင့်စဉ်တွေက မလုံလောက်နိုင်ဘူး”

“နောက်တစ်ခုက “ထိုက်ရွှီးနည်းဗျူဟာ” ကျင့်စဉ်ကို လေ့ကျင့်မယ်ဆိုရင် မိုးမြေအဆုံး အတုမရှိ ကျင့်ကြံသူ ဖြစ်နိုင်တဲ့အပြင် လောကကိုလည်း ကျော်လွန်နိုင်တဲ့ ကျင့်စဉ်တစ်ခု ဖြစ်တယ်။ ဒီကျင့်စဉ်ရဲ့ ထူးခြားမှုကို စကားနဲ့ ပြောပြလို့ မရနိုင်ဘူး။ အစ်မလည်း ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ် လေ့ကျင့်မှုအပိုင်းမှာ အဆင့်အများကြီး မတက်လှမ်းနိုင်သေးပါဘူး။ ဒါပေမဲ့ ဒီကျင့်စဉ်အကြောင်း မင်းကို ပြောပြ ပေးနိုင်လောက်အောင်တော့ နားလည်ထားပါတယ်”

ကူးချိုင်ဝေ့က ပြောလိုက်လေသည်။

ကျင့်စဉ်ကို ခန်းမထဲတွင် လက်တွေ့ပြသ၍ မရပါ။ မဟုတ်လျှင် ဝရုန်းသုန်းကားဖြစ်ကာ ဆရာသခင်ကို စိတ်ရှုပ်စေလိမ့်မည် ဖြစ်လေသည်။

ခန်းမ အပြင်ဘက်ရှိ ကျောက်နံရံကြီးမှာ ကြီးမားကျယ်ပြန့် လွန်းလေသည်။ ထိုနေရာတွင် လူသူ တစ်ဦးတစ်ယောက်မျှလည်း မရှိပါ။ အသက်ဓာတ် စွမ်းအားများကတော့ နည်းပါးနေလေသည်။ သို့သော် အရာအားလုံးက သူ့ဟာနှင့်သူ အဆင်ပြေပြေ ရှိနေကြလေသည်။

ဆန်းလျန်က ကူးချိုင်ဝေ့နှင့်အတူ ခန်းမအပြင်ဘက်သို့ ထွက်လိုက်သည်။ ကူးချိုင်ဝေ့သည် ကျောက်နံရံ အစွန်းပေါ်တွင် အေးအေးဆေးဆေးပင် ရပ်နေလေသည်။ သူမ၏ အင်္ကျီလက်များမှာ လေထဲတွင် လွင့်မျောနေလေသည်။ သူမ၏ပုံစံကို ကြည့်ရသည်မှာ ကမ္ဘာလောက တစ်ခုလုံးတွင် တစ်ယောက်တည်း ခိုင်မြဲတည်တံ့စွာ ရပ်တည်နေသည့် သူတစ်ယောက်နှင့် တူနေလေသည်။

ကူးချိုင်ဝေ့က အောက်သို့ တစ်ချက် ငုံ့ကြည့်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူမကို ကြည့်ရသည်မှာ လူ့လောကနှင့် မသက်ဆိုင်သည့် နတ်ဒေဝါ တစ်ပါးအလားပင် ဖြစ်လေသည်။

ဆန်းလျန်က ချန်ကျန့်မေ၊ ယန့်ပုကွေးနှင့် တာအိုဆရာ စန်းဝမ့်တို့ သုံးယောက်ကို နှိုင်းယှဉ် ကြည့်လိုက်မိသည်။ ချန်ကျန့်မေ ဟိုင်သန်းအဆင့် အောင်မြင်သွားသည်ကို မြင်တွေ့ရသည့်တိုင် ဆန်းလျန်အတွက် ထူးခြားပြီး ခံစားရခြင်း မရှိပါ။

သို့သော် ကျောက်နံရံထက်ရှိ ကူးချိုင်ဝေ့၏ နတ်ဒေဝါအလား သဏ္ဌာန်ကတော့ ဆန်းလျန်ကို စိတ်လှုပ်ရှား အားကျမှုများ ဖြစ်ပေါ်စေလေသည်။

ကူးချိုင်ဝေ့၏ ဝိညာဉ်စွမ်းအားမှာ ကြံ့ခိုင်မှု သိပ်မရှိကြောင်း ဆန်းလျန် ရိပ်မိလိုက်လေသည်။ ထို့ကြောင့် ဆန်းလျန်နှင့် သူမသာ ယှဉ်ပြိုင်လျှင် သူသာ အနိုင်ရမည်ဟု ဆန်းလျန်တွေးလိုက်မိလေသည်။

“ဂိုဏ်းတူမောင်လေး … မင်းက အင်းနဲ့ မန္တန်ပညာမှာ အင်မတန်တော်တယ်လို့ သတင်းရတယ်။ မင်းရှိသမျှ အားကုန်သုံးပြီး အစ်မကို တိုက်ခိုက်ပါ”

ကူးချိုင်ဝေ့က ပေါ့ပါးသော လေသံဖြင့် ဆန်းလျန်ကို ပြောလိုက်လေသည်။

ဆန်းလျန်ကလည်း တုံ့ဆိုင်းနေခြင်း မရှိပါ။ သို့သော် ကူးချိုင်ဝေ့မှာ မိန်းကလေးတစ်ယောက် ဖြစ်နေသည့်အတွက် အထင်သေးခြင်းလည်း မဖြစ်မိပါ။

သို့သော်… သူကလည်း အစပိုင်းတွင် ကျင့်ကြံမှုများ အောင်မြင်ခဲ့သူပီပီ လေထဲတွင် အင်းချပ် ပုံသဏ္ဌာန် တစ်ခု ရေးဆွဲလိုက်လေသည်။ ထိုအင်းချပ်တွင် အတွင်းအား အပြည့်ပါဝင်လေသည်။ အတွင်းအားက “လေပြင်းတိုက်ခတ်” အင်းချပ်ဖြင့် ဆက်သွယ်သွားပြီး အရှိန်ဖြင့် ကူးချိုင်ဝေ့ထံသို့ လွင့်ပျံ သွားလေသည်။

အင်းချပ်မှာ လေထဲတွင် အစိမ်းရောင် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုဓားတွင် ဆန်းလျန်၏ တန်ခိုးစွမ်းအား ပါဝင်သွားသောကြောင့် ဖြစ်လေသည်။

ကူးချိုင်ဝေ့က လေထဲမှဓားကို မြင်သည်နှင့် သူမ၏ အင်္ကျီလက်ကို တစ်ချက်ဝှေ့ယမ်း လိုက်လေသည်။ ဆန်းလျန်၏ လေထဲမှ ဓားမှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

ဆန်းလျန်မှာ “လေပြင်းတိုက်ခတ်” အင်းချပ်ကို သူ၏ တန်ခိုးစွမ်းအားဖြင့် ပေါင်းစပ်ကာ ဓားအသွင် ပြောင်းထားခြင်း ဖြစ်သည့်အတွက် ဓားပျောက်ကွယ်သွားသည်ကို ချက်ချင်း သိလိုက်လေသည်။ တစ်ချိန်တည်းမှာပင် ကူးချိုင်ဝေ့၏ ဝိညာဉ်စွမ်းအားမှာ သိသိသာသာ ပြောင်းလဲသွားခြင်း မရှိကြောင်းလည်း သတိထားလိုက်မိလေသည်။

ကျောက်နံရံထက်မှ မိုးခြိမ်းသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။ ရုတ်တရက် မြေနှင့်သဲမှုန့်များ စုစည်းသွားပြီး ကောင်းကင်ကို ထိုးဖောက်ကာ ဓားရှည်တစ်ချောင်း ပေါ်လာလေသည်။ ထိုဓားမှ ရောင်ခြည်များ ဖြာထွက်နေလေသည်။

ဆန်းလျန်နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်လေသည်။ ဆန်းလျန်က သူ့ဘဝ တစ်လျှောက်လုံး ကျင့်ကြံခဲ့သည့် ပညာများဖြင့် အကောင်းဆုံးတိုက်ခိုက်လိုက်ခြင်းဖြစ်လေသည်။ သို့သော် ဆန်းလျန် သင်ယူခဲ့သည့် မည်သည့် ကျင့်စဉ်မဆို ကူးချိုင်ဝေ့အပေါ်တွင် သက်ရောက်မှု မရှိပေ။

ဆန်းလျန်မှာ “ရှိခြင်း မရှိခြင်းဓားဝိညာဉ်” ကိုသာ အသုံးပြုရန် ကျန်တော့သည်။

“နတ်သက်ခြွေဓားသိုင်း” ကိုလည်း သူအသုံးမပြုရသေးပါ။ သူက ကူးချိုင်ဝေ့၏ ဝိညာဉ်နှင့် နှလုံးသားကို နာကျင်စေလိုခြင်း အလျင်းမရှိပါ။ ထို့ကြောင့် သူက “နတ်သက်ခြွေ ဓားသိုင်း” ကို အသုံးမပြုခြင်း ဖြစ်လေသည်။

ထို့ပြင် ယခု တိုက်ခိုက်နေသည်မှာ တကယ့်တိုက်ပွဲတစ်ခု မဟုတ်ပါ။ ကူးချိုင်ဝေ့က ထိုက်ရွှီး နည်းဗျူဟာကို ဆန်းလျန်ကို ပြသနေခြင်းသာ ဖြစ်လေသည်။

ဆန်းလျန်၏ နဖူးထက်တွင် ချွေးစလေးများ ထွက်လာလေသည်။ သူ၏ ပညာများအားလုံး ထုတ်သုံး၍ မရနိုင်အောင် ဖြစ်နေရသည် မဟုတ်ပါလား။

သူ၏ အစွမ်းများ အသုံးမပြု နိုင်မီမှာပင် ကူးချိုင်ဝေ့၏ အစွမ်းက တားဆီးထားခြင်း ဖြစ်လေသည်။ထို့ကြောင့် ကျောက်နံရံကြီးထက်တွင် တိုက်ခိုက်သည့် လက္ခဏာကိုပင် မတွေ့ရပေ။

ကူးချိုင်ဝေ့က ရှေ့သို့လျှောက်လာပြီး…

“ဒါတောင် အစ်မက ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ရဲ့ အခြေအဆင့်လောက်ကိုပဲ သိသေးတာ။ မင်းလေ့ကျင့်ခဲ့တဲ့ ကျင့်စဉ်ပညာတွေရော သိုင်းပညာတွေရောက အစ်မကို ဘာမှ ထိခိုက်အောင် လုပ်လို့မရဘူး။ မင်းသာ ထိုက်ရွှီးကျင့်စဉ် ကျင့်ကြံပြီး ဟိုင်သန်းအဆင့်ကို တက်ရောက်နိုင်ရင် ဒီလောက တစ်ခွင်မှာ မင်းကို ယှဉ်နိုင်တဲ့သူ ဘယ်သူမှရှိမှာ မဟုတ်တော့ဘူး”

သူမက ပြောလိုက်လေသည်။

“ထိုက်ရွှီး နည်းဗျူဟာကို ကျင့်ကြံပြီး နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ရင် ဘာတွေ ဖြစ်လာနိုင်သလဲ”

ဆန်းလျန်က သူ့စိတ်ထဲ သိချင်နေသည့် အချက်ကို နှစ်ခါမစဉ်းစားဘဲ မေးလိုက်လေသည်။

ကူးချိုင်ဝေ့က သူ၏ ကျင့်စဉ်တန်ခိုးများ အားလုံးကို တားဆီးထားနိုင်လျှင် ဆန်းလျန်လည်း အတုခိုးပြီး လိုက်လံ ပြုလုပ်နိုင်ရမည် ဖြစ်လေသည်။ သို့သော် သူမက အင်္ကျီ လက်တစ်ဖက်ကိုသာ ဝှေ့ယမ်းလိုက်ခြင်း ဖြစ်ပြီး မည်သည့်ပညာမျှ အသုံးပြုခြင်း မရှိပါ။ အင်းချပ်အသုံးပြုခြင်း ၊ မန္တန် ရွတ်ဆိုခြင်း မည်သည့်အရာကိုမျှ ပြုလုပ်ခြင်း မရှိပေ။ တန်ခိုးစွမ်းအားနှင့် အတွင်းအားကို အသုံးပြုသည်ကိုလည်း မတွေ့ရပါ။ သို့သော် ထိုသို့ လက်တစ်ဖက် ဝှေ့ယမ်းရုံမျှဖြင့် ဆန်းလျန်၏ ကျင့်စဉ် ပညာများနှင့် အင်းချပ် ပညာများအားလုံး အသုံးမဝင် ဖြစ်သွားရလေသည်။

ကူးချိုင်ဝေ့မှာ ဟိုင်သန်းအဆင့်သို့ ရောက်ရှိသူ မဟုတ်သေးပါ။ သို့သော် သူမ ရောက်ရှိနေသည့် အဆင့်ကို ခန့်မှန်းရန် ခက်ခဲနေလေသည်။ ဟိုင်သန်းအဆင့်သာ အောင်မြင်ခဲ့လျှင် သို့မဟုတ် အဆင့်မြင့် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့လျှင် မည်ကဲ့သို့သော အစွမ်းမျိုး ရလာနိုင်မည်လဲဟု ဆန်းလျန် စဉ်းစားနေမိလေသည်။

ကူးချိုင်ဝေ့က ဆန်းလျန်၏ မေးခွန်းကို တိုက်ရိုက် ပြန်မဖြေပါ။

“ပြန်ပြောရမယ်ဆိုရင် ဆရာဘွားဘွား လီချင်းဆွေဟာ ဂုဏ်သတင်းလည်း အရမ်းကြီးသလို ရန်သူလည်း အရမ်းများခဲ့တယ်။ တန်ခိုးစွမ်းအား ကြီးမားတဲ့ အုပ်စုတစ်စုက ဝိုင်းပြီး တိုက်ခိုက် တာကိုတောင် ခံခဲ့ရတယ်။ ဒါပေမဲ့ အဲဒီရန်သူတွေ အားလုံးကို ဆရာဘွားဘွားက တစ်ယောက်တည်းနဲ့ အနိုင်ယူလိုက်တယ်။ အဲဒီအချိန်တုန်းက ဆရာဘွားဘွားဟာ ထိုက်ရွှီးနည်းဗျူဟာကိုတောင် အပြည့်အဝ ကျင့်ကြံအောင်မြင်ခြင်း မရှိသေးဘူး”

ကူးချိုင်ဝေ့က ပြန်ပြောလိုက်လေသည်။

သူမပြောပြပုံ အရဆိုလျှင် ကူးချိုင်ဝေ့မှာ ဆရာဘွားဘွားကို များစွာ လေးစားပုံ ရလေသည်။ သူမကဲ့သို့ နူးညံ့ သိမ်မွေ့ဟန်ရှိသည့် မိန်းကလေးမှာ လောကကို ကျော်လွန်သည့် ကျင့်စဉ်ကို ကျင့်ကြံ အောင်မြင်သွားသည့် ဆရာဘွားဘွားအကြောင်း ပြောပြရသည်ကို များစွာ စိတ်လှုပ်ရှားနေပုံ ရလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset