ချင်းရွှမ်ခန်းမ ဆောင်အတွင်းရှိ ကျင့်ကြံသူများ အားလုံး၏ ခန္ဓာကိုယ်များမှာ တဆတ်ဆတ် တုန်ယင်နေကြလေသည်။ ဖော်မပြနိုင်သည့် ခံစားချက်များက သူတို့နှလုံးသားကို တုန်လှုပ် စေလေသည်။ အားလုံးက ချန်ကျန့်မေကို ငေးမောကြည့်ရှု နေကြလေသည်။
ချန်ကျန့်မေက မတ်တတ် ရပ်နေလေသည်။ သူက မိုးနှင့်မြေကို ကျော်လွန် သွားနိုင်သကဲ့သို့ အားလုံးက ခံစားနေကြ ရလေသည်။
ထိုခံစားချက်များက သိပ်တော့ မကြာလိုက်ပါ။ ခဏအတွင်း ပျောက်ကွယ် သွားလေသည်။
ထိုသို့ ခံစားရသည်မှာ ဆရာဘိုးဘိုး ယွမ်ချင်းမှာ ခန်းမဆောင်အတွင်းသို့ ကြွရောက် လာသောကြောင့် ဖြစ်ကြောင်းကို အားလုံးက သိလိုက်ကြလေသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆရာဘိုးဘိုး ယွမ်ချင်းမှာ မိုးကောင်းကင်တံခါးဝတွင် ရှိနေပြီး ချင်းရွှမ် နတ်တံခါး၏ ကျင့်စဉ်လမ်းများကို လမ်းညွှန်ပြသ ပေးနေဆဲ ဖြစ်ကြောင်းကို သိရှိနိုင်လေသည်။ သူက ချင်းရွှမ်နတ်တံခါးကို ယခုထိတိုင် စောင့်ရှောက်ပေးနေဆဲ ဖြစ်လေသည်။
ချန်ကျန့်မေ၏ မျက်နှာမှာ ပျော်ရွှင်သည့်ပုံ ပေါက်မနေပါ။ ကျင့်စဉ်လမ်းကို လျှောက်လှမ်းခဲ့သူမှာ သူတစ်ယောက်တည်း မဟုတ်ပါ။ သူကဲ့သို့ တစ်ယောက်တည်း အထီးကျန်စွာဖြင့် ကျင့်စဉ်လမ်းကို လျှောက်လှမ်းခဲ့ရသူ အချင်းချင်းသာ သူ၏ ခံစားချက်ကို နားလည်နိုင်မည် ဖြစ်လေသည်။ ဂုဏ်သိက္ခာ ဆိုသည်မှာ ခက်ခဲပင်ပန်းစွာ ကျင့်ကြံခဲ့ရသည့် အချိန်များအတွက် အသိအမှတ် ပြုခံရသည့် အချိန် ခဏတာလေးပင် ဖြစ်လေသည်။
ဟိုင်သန်းအဆင့်ကို ခက်ခဲပင်ပန်းစွာ လေ့ကျင့်ခဲ့ရပြီး များစွာနာကျင် ခံစားခဲ့ကြရသည့်အတွက် သူတို့ ကျင့်စဉ်အောင်မြင် သွားသည့်တိုင် သူတို့ကိုယ်သူတို့ အောင်မြင်သည်ဟု မယုံကြည်နိုင် ဖြစ်နေကြသည်က များလေသည်။
ထို့ကြောင့် ကျင့်ကြံသူ အများစုမှာ ဟိုင်သန်းအဆင့်ကို ကိုယ်ပိုင်စွမ်းအားဖြင့် ရရှိနိုင်သူ များစွာ မရှိကြခြင်း ဖြစ်လေသည်။ သူတို့အများစုမှာ တာအိုဆရာ စန်းဝမ့်ကဲ့သို့ပင် ကျင့်ကြံရင်း သေဆုံး သွားကြရသည့် သူများသာ များပြားလေသည်။
ဟိုင်သန်းအဆင့် အောင်မြင်သွားသည့် ဆရာသခင် အများစုမှာ “ပြင်ပ ပြဒါးရှင်”ပြောင်းလဲသည့် နည်းလမ်းနှင့် “နတ်ဒေဝါ အမြုတေ” ကို စွမ်းအားအဖြစ် ပြန်လည်စုစည်းသည့် နည်းလမ်များဖြင့်သာ အောင်မြင်နိုင်သည့်သူ များလေသည်။ ထိုနည်းလမ်းများမှာ မလွယ်ကူသည့် တိုင်အောင် အနည်းဆုံးတော့ မည်သို့ ကျင့်ကြံရမည်ဆိုသည့် လမ်းကြောင်းကို သိနိုင်လေသည်။ ထို့ကြောင့် စိတ်နှလုံး ဖြူစင်ခြင်းနှင့် ကျင့်စဉ်လမ်းကို ဦးစားပေးသော ချင်းရွှမ်နတ်တံခါး ကဲ့သို့သော နတ်ဘုရား ကျောင်းတော်ကြီးများတွင်ပင် ထိုနည်းလမ်း နှစ်ခုဖြင့်သာ ဟိုင်သန်းအဆင့်သို့ တက်ရောက်နိုင်သည့်သူ များပြားလေသည်။
ယနေ့ ချန်ကျန့်မေ၏ အောင်မြင်မှုကို ကြည့်ပြီးနောက်ပိုင်း ကျင့်ကြံသူ တပည့်များမှာလည်း ကျင့်စဉ်လမ်း အောင်မြင်ပြီး တရားအလင်း ရရန်စိတ်များ ထက်သန်လျက် ရှိကြလေတော့သည်။ သူတို့က ချန်ကျန့်မေကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကာ ကြိုးစားလိုစိတ်များ ဖြစ်ပေါ်လျက် ရှိနေကြလေသည်။ သူတို့အားလုံးတွင်လည်း ဟိုင်သန်းအဆင့် အောင်မြင်အောင် ကျင့်ကြံနိုင်ပြီး ချင်းရွှမ်နတ်တံခါး၏ စစ်မှန်သည့် တပည့်များ ဖြစ်လာရန်အတွက် အခွင့်အရေးများစွာ ရှိနေသည် မဟုတ်ပါလား။ ဟိုင်သန်းအဆင့် အောင်မြင်ပြီး ပိုမိုမြင့်မားသည့် အဆင့်များသို့ တက်လှမ်း နိုင်ရန်အတွက် ပုံပြောင်း အဆင့်ခြောက်ဆင့် အနည်းဆုံး ရရှိရမည် ဖြစ်လေသည်။
လူစောယိနှင့် ပြဿနာဖြစ်ခဲ့သည့် အဖြူရောင်ဝတ် လူငယ် ကျောက်စစ်မင်က တွေးလိုက် မိလေသည်။
“ဒီပုံစံမျိုးဟာ တကယ့် ယောက်ျားကောင်း တစ်ယောက် လျှောက်လှမ်းရမယ့် ပုံစံမျိုးပဲ”
ထိုသို့ တွေးလိုက်မိသောကြောင့် သူက ကျင့်စဉ်လမ်းကို အပြင်းအထန် ကြိုးစားကျင့်ကြံ ချင်သည့်စိတ်များ ဖြစ်ပေါ် လာလေတော့သည်။
ကျင့်စဉ်လမ်းတွင် နေထိုင်ပြုမူ မှုများကလည်း များစွာ အရေးပါလေသည်။ ချင်းရွှမ်ခန်းမ ဆောင်ထဲတွင် ရှိနေကြသည့် ကျင့်ကြံသူ တပည့်များတွင် မတူညီသည့် ပင်ကိုယ်စရိုက် နေထိုင် ပြုမူမှုများ ရှိကြလေသည်။ သို့သော် ကျင့်ကြံသူများ ဖြစ်သည့်အတွက် သူတို့ မျက်နှာများကတော့ တည်ငြိမ်အေးချမ်း နေကြလေသည်။
***
ချန်ကျန့်မေ ဟိုင်သန်းအဆင့် အောင်မြင်သွားပြီးနောက် သုံးရက် ကြာခဲ့ပြီ ဖြစ်လေသည်။ ထိုက်ယီတောင်တွင် ယောက်ယက်ခတ် သွားလာနေကြသည့် ကျင့်ကြံသူများမှာလည်း တဖြည်းဖြည်း နည်းပါးသွားကြ လေသည်။ ချန်ကျန့်မေမှာ ဟိုင်သန်းအဆင့် အောင်မြင် သွားပြီးနောက် ထိုက်ယီတောင်နှင့် ကျီဖူတောင်တွင် နေထိုင်ရန် မရွေးချယ်ခဲ့သည်မှာ အံ့သြစရာ ကိစ္စတစ်ခု ဖြစ်ခဲ့လေသည်။ သူက ချင်းရွှမ်နတ်တံခါးမှ ထွက်ခွာသွားရန် ရွေးချယ်ခဲ့လေသည်။
ဆရာသခင် ကျန်းရော့ရွှီးက အကန့်အသတ် မရှိသည့် လောကမ္ဘာ အကြောင်းကို ချန်ကျန့်မေကို ရှင်းပြခဲ့လေသည်။ သို့သော် ထိုကမ္ဘာ လောကကြီးဆီသို့ ချန်ကျန့်မေ ခြေဆန့်မည့် ကိစ္စကိုတော့ တားမြစ်စရာအကြောင်း မရှိတော့ပါ။
ဆန်းလျန်ကတော့ ချန်ကျန့်မေ ချင်းရွှမ်နတ်တံခါးမှ ထွက်ခွာသွားခြင်း၏ နောက်ကွယ်တွင် အခြားသော အကြောင်းအရာများ ရှိနိုင်သေးသည်ဟု တွေးနေမိလေသည်။ ထိုနောက်ကွယ်မှ အကြောင်းအရာကို ဆရာသခင် ကျန်းရော့ရွှီး သိနိုင်လေသည်။ သို့သော် ဆန်းလျန် မေးမြန်းလျှင် တောင်မှ ဆရာသခင် ကျန်းရော့ရွှီးက ပြောပြလိမ့်မည် မထင်ပါ။
ချန်ကျန့်မေ ဘယ်နေရာသို့ သွားမည်ကို စိတ်ပူနေရန်အတွက် ဆန်းလျန်မှာလည်း အချိန်မရှိပါ။ သူက “ပြင်ပ ပြဒါးရှင်” အကြောင်းကို လွန်စွာမှ စိတ်ဝင်စားနေမိလေသည်။
ကျီဖူတောင်ထိပ်သို့ ဆန်းလျန် ရောက်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော် ချင်းရွှမ်နတ်တံခါး၏ ကျင့်စဉ်နည်းလမ်းများနှင့် နတ်ဘုရားအဆင့် အောင်မြင်သူများ၏ ပုံတူ ပန်းချီကားများကို ကျီဖူတောင်ရှိ ထိုက်ဝေ့ထိုင် ခန်းမဆောင်တွင် သိမ်းဆည်း ထားသောကြောင့် ဖြစ်လေည်။ စွမ်းအားမြင့်မားပြီး နားလည်ရ ခက်သည့် တာအိုဆရာ အဘိုးအို တစ်ယောက်က ထိုက်ဝေ့ထိုင်ကို ထိန်းသိမ်းစောင့်ရှောက် ပေးနေလေသည်။
ဆန်းလျန်မှာ ကျီဖူတောင်ရှိ ကျင့်စဉ်အဆောင် တစ်ခုတွင် ရောက်နေလေသည်။ ထိုအဆောင်မှာ ကျောက်နံရံများ ကာရံထားသည့် အဆောင်တစ်ခု ဖြစ်သည့်အတွက်ကြောင့် အဆောင်ဟု ပြောရမည်ထက် ခန်းမတစ်ခုဟု ပြောလျှင် ပိုမှန်နိုင်မည် ဖြစ်လေသည်။
ထိုခန်းမထဲတွင် ပုံတူပန်းချီကား တစ်ချပ်ကို ချိတ်ဆွဲထားလေသည်။ ထိုပန်းချီကားထဲတွင် ကြည်လင်သည့် ရေများဖြင့် ပြည့်နေသည့် ရေကန်တစ်ခုကို တွေ့မြင်နိုင်လေသည်။ တိမ်ဖြူများ လွင့်မျော နေသည်ကိုလည်း မြင်နိုင်လေသည်။ အနီးကပ် လေ့လာကြည့်မည် ဆိုလျှင် ရေကန်ထဲမှ ရေများက ငြိမ်သက်နေပြီး တိမ်များကလည်း ရွေ့လျားနေမည်ကို တွေ့ရမည် ဖြစ်လေသည်။ ဤသည်မှာ ကျင့်စဉ်လမ်း၏ ငြိမ်သက်ခြင်းနှင့် ရွေ့လျားပြောင်းလဲခြင်း သဘောတရားကို ပြသနေခြင်း ဖြစ်လေသည်။
ထိုပန်းချီကားကို ကြည့်ပြီး လူတစ်ယောက်က တစ်စုံတစ်ရာကို သိမြင်သွားမည်ဟု အခြား တစ်ယောက်က ထင်နိုင်ဖွယ် ရှိလေသည်။ နက်နက်နဲနဲ စဉ်းစား ချင့်ချိန်ပြီးသည့် အခါတွင်တော့ မည်သည့်အရာကိုမျှ နားမလည်နိုင်သေးကြောင်း သိရှိရလေသည်။
မိန်းကလေး၏ ဦးဆောင်မှုနောက်သို့ ဆန်းလျန် လိုက်လာကာ ခန်းမအတွင်းသို့ ဝင်လိုက်လေသည်။ ထိုမိန်းကလေးမှာ ချန်ကျန့်မေ ဟိုင်သန်းအဆင့် အောင်မြင်သည့် နေ့တွင် ချင်းရွှမ်ခန်းမ ဆောင်ထဲတွင် တွေ့ရသည့် ဆန်းလျန်၏ ဂိုဏ်းတူအစ်မ ဖြစ်လေသည်။ သူမ၏ နာမည်မှာ ကူးချိုင်ဝေ့ ဖြစ်လေသည်။ ဆရာသခင် ကျန်းရော့ရွှီးက ကူးချိုင်ဝေ့အား သူမ၏ ဆရာသခင်ကိုယ်စား တပည့်အဖြစ် လက်ခံပေးရန် ပြောဆိုခဲ့လေသည်။ ကူးချိုင်ဝေ့၏ ဆရာသခင်မှာ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာခန့်က ကျင့်စဉ်လမ်းတွင် လမ်းမှားခဲ့လေသည်။ ထိုဆရာသခင်မှာ ဆန်းလျန် ကျွန်းပေါ်သို့ ရောက်ရောက်ချင်း ဆုံတွေ့ခဲ့ရသည့် ခရမ်းရောင်ဝတ် နတ်မိမယ်ပင် ဖြစ်လေသည်။
ခရမ်းရောင်ဝတ် နတ်မိမယ်မှာ ပြီးခဲ့သည့် မျိုးဆက်မှ နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ သူမ၏ နတ်ဘုရားနာမည်မှာ “ကျိလင်” ဖြစ်လေသည်။ သူမက မိုးကောင်းကင် တရားစီရင်မှု တစ်ခုဖြင့် ရင်ဆိုင်ခဲ့ရပြီး လူသားအဖြစ် ပြန်ဝင်စားကာ ကျင့်စဉ်လမ်းသို့ ဝင်ခဲ့ရလေသည်။ ထို့ကြောင့် သူမကို ဆရာသခင် ကျန်းရော့ရွှီးက ဆရာဦးလေးဟု ခေါ်ခြင်း ဖြစ်လေသည်။
ချင်းရွှမ်နတ်တံခါးတွင် အချင်းခေါ်ဝေါ်သည့် ဆရာတပည့် အခေါ်အဝေါ်များကို များစွာ အသုံးပြုကြခြင်းတော့ မရှိပေ။
ဟိုင်သန်းအဆင့်ထက် နိမ့်သည့် ကျင့်ကြံသူများကတော့ ဟိုင်သန်းအဆင့်နှင့် အထက် အောင်မြင်သည့် ကျင့်ကြံသူများကို ဆရာဦးလေးဟု ခေါ်ကြလေသည်။ မသေမျိုး ဖြစ်သွားသည့် နတ်ဘုရားများကိုတော့ ဆရာဘိုးဘိုးဟု ခေါ်ကြလေသည်။ ဤသည်မှာ ချင်းရွှမ်နတ်တံခါး၏ ယေဘုယျ အခေါ်အဝေါ်များပင် ဖြစ်လေသည်။
ဟိုင်သန်းအဆင့် အောင်မြင်သွားသည့် ဆရာသခင်များနှင့် အဆင့်မြင့် နတ်ဘုရားများမှာ အခြားသူများကို ဒေသနာဟောကြား သင်ပြပေးနိုင်သည့် အရည်အချင်း ရှိလေသည်။ ထို့ကြောင့် နတ်ဘုရား ကျောင်းတော်များမှာ အခေါ်အဝေါ်များ အပေါ်တွင် သိပ်ပြီး အရေးမထားကြခြင် းဖြစ်လေသည်။
ယခုတော့ ဆန်းလျန်မှာ ဆရာသခင် ကျိလင်ထံမှ “ထိုက်ရွှီး နည်းဗျူဟာ” ကို သင်ယူရမည် ဖြစ်လေသည်။ ထိုနည်းဗျူဟာ ကျင့်စဉ်မှာ ချင်းရွှမ်နတ်တံခါး စတင်တည်ထောင် ခဲ့စဉ်ကပင် တည်ရှိခဲ့သည့် ကျင့်စဉ် ဖြစ်လေသည်။ ထိုကျင့်စဉ်ကို ကျင့်ကြံပြီး နတ်ဘုရားအဆင့်ထိ တက်လှမ်းနိုင်သူ ဟူ၍ နှစ်ပေါင်း တစ်သောင်းတွင် နှစ်ဦးသာ ရှိလေသည်။ ထိုနှစ်ယောက်တွင် တစ်ဦးမှာ ခရမ်းရောင်ဝတ် ကျိလင်နတ်သမီး ဖြစ်လေသည်။
သို့သော် သူမ၏ မျိုးဆက်တွင် ထိုက်ရွှီး နည်းဗျူဟာကို ကျင့်ကြံပြီး နတ်ဘုရား ဖြစ်ခဲ့သူမှာ သူမ တစ်ဦးတည်းသာ ရှိလေသည်။
ထို့ကြောင့် ထိုကျင့်စဉ်ကို သင်ပြပေးမည့် ဆရာသခင်ထံတွင် တပည့်ခံမည် ဆိုပါက အသေးစိတ် ရှင်းပြပြီးမှသာ တပည့်အဖြစ် လက်ခံခိုင်းလေသည်။
ထိုအကြောင်းအရာများ အားလုံးကို ဆန်းလျန်မှာ သိရှိပြီး ဖြစ်ပါသည်။ သို့သော် သူက ထိုက်ရွှီး ကျင့်စဉ်ကို ကျင့်ကြံရန် ရွေးချယ် ခဲ့လေသည်။
ဆန်းလျန်အနေဖြင့် ထိုကျင့်စဉ်ကို ကျင့်ကြံ နိုင်ပါမည်လားဟု သူ့ကိုယ်သူ သံသယ ဝင်မိသည့်တိုင် ဆရာသခင် ကျန်းရော့ရွှီး ကိုယ်တိုင်က ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည့်အတွက် သူက ဆရာသခင် အပေါ်တွင် ယုံကြည်မှု ရှိလေသည်။ ထို့ပြင် ဆရာသခင် ကျန်းရော့ရွှီးမှာ ကျင့်စဉ်လမ်းနှင့် ပတ်သက်လျှင် အထူး ကျွမ်းကျင်သူတစ်ဦး ဖြစ်လေသည်။ ထို့ထက် ပိုသည့် အချက်မှာ ဆရာသခင်က ရွေးချယ်ပေးခြင်း မရှိလျှင် သူလည်း မည်သည့်ကျင့်စဉ် ကျင့်ရမှန်း မသိသည့် အနေအထား ဖြစ်နေသောကြောင့် လက်ခံလိုက်ခြင်းလည်း ဖြစ်လေသည်။
ဆန်းလျန်မှာ ကျင့်စဉ်လမ်းနှင့် ပတ်သက်လျှင် တိကျပြတ်သားသူ တစ်ဦး ဖြစ်လေသည်။ ကူးချိုင်ဝေ့ကလည်း ထိုအချက်ကို သဘောတူလေသည်။ ကူးချိုင်ဝေ့မှာ ဆရာသခင် ကျန်းရော့ရွှီးကို သူမ၏ ရင်ထဲ နှလုံးသားထဲမှ လေးစားသူဖြစ်ကြောင်း ဆန်းလျန် ရိပ်မိလေသည်။
သူမတင် မဟုတ်ပေ။ တာအိုဆရာ စန်းဝမ့်နှင့် ချန့်ကျန့်မေ အပါအဝင် ရှယွမ့်အဆောင်မှ ဂိုဏ်းတူ ညီအစ်ကိုများ အားလုံးမှာလည်း ဆရာသခင် ကျန်းရော့ရွှီးကို လေးစားကြသည်ပဲ ဖြစ်လေသည်။ ယခုအချိန်ထိ အတူတကွ ဖြတ်သန်းခဲ့ကြသည့် အချိန်များအတွင်း ဆန်းလျန် ကိုယ်တိုင်မှာလည်း ဆရာသခင် ကျန်းရော့ရွှီးကို များစွာ လေးစားခဲ့သူ ဖြစ်လေသည်။ ကျန်းရော့ရွှီးကြောင့်သာ မဟုတ်လျှင် ချင်းရွှမ် နတ်တံခါးသို့ မရောက်မီ ကျင့်ကြံခဲ့သည့် ကျင့်စဉ်များအတွက် စိတ်ပူနေရဦးမည် ဖြစ်လေသည်။
ဆန်းလျန်က ခန်းမထဲတွင် ချိတ်ဆွဲထားသည့် ပန်းချီကားကို သေချာ အာရုံစိုက်ကာ ကြည့်နေ လေသည်။ ကြည့်နေရင်းဖြင့် ကျင့်စဉ်လမ်းကို သူစတင် လျှောက်လှမ်းခဲ့သည့် အချိန်မှစပြီး ယနေ့အထိ သူဖြတ်သန်း ခဲ့ရသည့် အတွေ့အကြုံများကို ရုတ်တရက် ပြန်စဉ်းစား သွားမိလေသည်။
ခဏအကြာတွင် ပစ္စည်းတစ်ခုကို ကိုင်ပြီး ကူးချိုင်ဝေ့ ပြန်ရောက်လာလေသည်။ ထိုပစ္စည်းမှာ သားမွေး အင်္ကျီတစ်ထည် ဖြစ်ပြီး ဖုန်များပင် တက်နေလေသည်။ အသုံးမပြုဘဲ ထားသည်မှာ ကြာပြီဖြစ်ပုံ ရလေသည်။
“အစ်မတို့ ဆရာဆီမှာ ယောက်ျားလေးတပည့် မရှိတာကြာခဲ့ပြီ။ ဒီဝတ်ရုံက ဆရာ့ရဲ့ နောက်ဆုံး ယောက်ျားလေး တပည့်ဖြစ်တဲ့ အစ်မတို့ရဲ့ ဂိုဏ်းတူအစ်ကို ဝတ်ဆင်ခဲ့တဲ့ ဝတ်ရုံပေါ့။ မင်း ဝတ်ကြည့်ပါလား…”
ကူးချိုင်ဝေ့က ပြုံးပြီး ပြောလိုက်လေသည်။
သူမ၏ ဆရာကိုယ်စား ဆန်းလျန်ကို တပည့်အဖြစ် သတ်မှတ်ရသည့်တိုင် အစဉ်အလာ များကိုတော့ လိုက်နာရမည် ဖြစ်လေသည်။
ကူးချိုင်ဝေ့မှာ ဝတ်ရုံကို ဆန်းလျန်ထံသို့ ပေးလိုက်ပြီး ဆန်းလျန်ကို ကျောခိုင်း ထားလိုက် လေသည်။ သို့သော် သူမကြိတ်ပြီး ရယ်လိုက်သည့် အသံကို ဆန်းလျန် ကြားလိုက်ရလေသည်။ ဆန်းလျန်ကတော့ သူ၏ ဂိုဏ်းတူအစ်မမှာ ရယ်စရာအကြောင်း ရှိ၍သာ ရယ်ခြင်း ဖြစ်မည်ဟု တွေးလိုက်မိလေသည်။
ကူးချိုင်ဝေ့မှာ ဆန်းလျန်ကို ကျောခိုင်းလိုက်သည့်တိုင် သူမအတွက်က ထူးခြားမှု မရှိပေ။ သူမသာ ဆန်းလျန် အင်္ကျီလဲသည်ကို ကြည့်ချင်သည်ဆိုလျှင် အခန်းအပြင်ဘက်သို့ ထွက်နေသည့် တိုင်အောင် ကြည့်နိုင်သည့် စွမ်းအား ရှိလေသည်။
ဆန်းလျန်မှာလည်း ကူးချိုင်ဝေ့ ရှိနေသည့်အတွက် စိတ်အနှောင့်အယှက် မဖြစ်မိပါ။ ခေတ်ပေါ် ကမ္ဘာတွင် သူနေထိုင်ခဲ့စဉ်က အရေးအကြောင်းဆိုလျှင် လူများအကြားတွင်ပင် အင်္ကျီ လဲရသည်ပဲ ဖြစ်လေသည်။
ဆန်းလျန် ဝတ်ရုံကို ဝတ်ပြီးသည်နှင့် သူ၏ တန်ခိုးစွမ်းအားကို အသုံးပြုရန် ကြိုးစား လိုက်လေသည်။ သားမွေးဝတ်ရုံမှာ ကျင့်စဉ်လမ်းနှင့် ဆိုင်သည့် ပစ္စည်းတစ်ခု ဖြစ်မှန်း ဆန်းလျန် ရိပ်မိလိုက်လေသည်။ သူ၏ တန်ခိုးစွမ်းအားများ ဝတ်ရုံအတွင်းသို့ စီးဝင်သွားသည်နှင့် သစ်ရွက်လေး တစ်ရွက်လို ပေါ့ပါး သွားလေသည်။ ထို့ပြင် အင်္ကျီလက်များမှာလည်း အလွန် ပွယောင်း နေလေသည်။ လက်ဝှေ့ယမ်းလိုက်လျှင် ငှက်တစ်ကောင် ပျံသန်းသကဲ့သို့ ဖြစ်နေလေသည်။
သို့သော်…. သူက ပျံသန်းဖို့တော့ မကြိုးစားမိပါ။ ကူးချိုင်ဝေ့မှာ ဆန်းလျန်ကိုကြည့်ပြီး ရယ်မောလိုက်လေသည်။
ဆန်းလျန်က ဝတ်ရုံမှ ဖုန်မှုန့်များကို ခါထုတ်လိုက်လေသည်။ သူတစ်ကိုယ်လုံး သန့်ရှင်း သွားလေသည်။
“ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်ကို စတင် ဖန်တီးခဲ့တဲ့ သူကတော့ အယောက် နှစ်ဆယ်မြောက် အဆင့်မြင့် နတ်ဘုရား လီချင်းဆွေပါ။ အဲဒီကျင့်စဉ်က ချင်းရွှမ်နတ်တံခါးက ကျင့်စဉ် တစ်ရာ့ရှစ်ခု အနက် ထိပ်တန်းကျင့်စဉ် သုံးဆယ့်ခြောက်ခုမှာ တစ်ခုအပါအဝင် ဖြစ်တယ်။ ဒီကျင့်စဉ်ကို လေ့ကျင့်မယ် ဆိုရင် အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ဒီနေ့တော့ ဆရာသခင် ကျိလင် နတ်သမီးကိုယ်စား မင်းကို ဆရာ့ရဲ့ တပည့်အဖြစ် တရားဝင် အသိအမှတ် ပြုလိုက်ပြီ။ ဒါကို မင်း သဘော တူပါသလား”
ဟု ကူးချိုင်ဝေ့က တည်ကြည်လေးနက်သော အသံဖြင့် ပြောလိုက်လေတော့သည်။
***