မည်သို့ပင်ဖြစ်စေ စစ်မှန်သည့် တပည့်တစ်ယောက် ဖြစ်လာလျှင် ချင်းရွှမ်နတ်တံခါး၏ အမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ရမည် ဖြစ်လေသည်။
ဟိုင်သန်းအဆင့်ကို ကိုယ်ပိုင်အစွမ်းအစဖြင့် ကျင့်ကြံအောင်မြင်သည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် မိုးမြေ သဘာဝတရားများကို ကိုယ်ပိုင်စွမ်းအားနှင့် နားလည်လေသည်။ ထိုသို့သော သူမျိုးက သူကျင့်ကြံခဲ့သည့် သိုင်းပညာကို အခြေခံပြီး ကိုယ်ပိုင်နတ်ဘုရား ကျောင်းတော်တစ်ခု တည်ထောင်မည် ဆိုလျှင်တောင်မှ တည်ထောင်၍ ရလေသည်။ အငယ်တန်း ကျင့်ကြံသူများကိုလည်း အတွေ့အကြုံ များစွာကို ပြောပြ နိုင်လေသည်။
ထိုကဲ့သို့ အရည်အချင်း ရှိသူမျိုးမှာ အသစ်သော ကျင့်စဉ်လမ်းကြောင်း တစ်ခုလည်း ဖောက်ထွက်နိုင်သလို မတူညီသည့် ကျင့်စဉ်အသစ်များကိုလည်း ဖန်တီးနိုင်လေသည်။
သို့သော် ကျင့်စဉ်အသစ်များ ဖန်တီးရာတွင် အကောင်းဆုံး ဖန်တီးနိုင်သည့်သူ ဟူ၍ မရှိပါ။ ကိုယ်နှင့် ကိုက်ညီသည့် ကျင့်စဉ်ကိုသာ ရွေးချယ် ဖန်တီးကြခြင်း ဖြစ်လေသည်။ လူတိုင်းက မတူညီနိုင်ပါ။ သင်ကြားမှု အထောက်အပံ့ ပစ္စည်းများသည် ပင်လျှင် ကျင့်ကြံသူများ၏ အရည်အချင်းနှင့် လိုက်ပြီး ကွဲပြားနိုင်လေသည်။
ချန်ကျန့်မေမှာ ဟိုင်သန်းအဆင့်ကို အောင်မြင်သွားပြီ ဖြစ်လေသည်။ ထို့ကြောင့် ချင်းရွှမ်နတ်တံခါးမှ ခေါင်းလောင်းထိုးသံ ခုနစ်ချက် ထွက်ပေါ် လာလေသည်။ မသေမျိုးဖြစ်သည့် နတ်ဘုရားတစ်ပါး ဖြစ်သည်အထိ ကျင့်စဉ် အောင်မြင်သွားလျှင်တော့ ခေါင်းလောင်းကိုးကြိမ် တီးခတ် လေသည်။ လူ့လောကမှ မိုးကောင်းကင်တံခါးသို့ သွားတော့မည့် ဆရာသခင်များ အတွက်တော့ ခေါင်းလောင်း လေးဆယ့်ကိုးကြိမ် တီးခတ်လေသည်။
ခေါင်းလောင်းထိုးသံ ကိုးကြိမ် မကြားခဲ့ရသည်မှာ နှစ်အနည်းငယ်ရှိပြီ ဖြစ်လေသည်။ သို့သော် ခေါင်းလောင်းထိုးသံ ခုနစ်ကြိမ် မကြားခဲ့ရသည်မှာတော့ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်လေသည်။
အတိအကျ ပြောရလျှင် ခေါင်းလောင်းထိုးသံ ခုနစ်ချက် မကြားခဲ့ရသည်မှာ နှစ်ပေါင်း တစ်ရာပင် ရှိပြီ ဖြစ်လေသည်။
ထို့ကြောင့် ချင်းရွှမ်နတ်တံခါးမှ တပည့်များမှာ ခေါင်းလောင်းထိုးသံ ထွက်ပေါ်လာသည့် အဓိပ္ပာယ်ကို နားမလည်နိုင် ဖြစ်နေကြလေသည်။ ချင်းရွှမ် နတ်တံခါးတွင် နေသည်မှာ ကြာပြီဖြစ်သည့် တပည့်ကြီးများနှင့် ဆရာသခင်များက သူတို့ကို ပြန်လည်ရှင်းပြ နေရလေသည်။
ထိုခေါင်းလောင်းထိုးသံ ခုနစ်ချက်ကြောင့် ချင်းရွှမ်နတ်တံခါးမှ ဆရာသခင်များနှင့် ကျင့်ကြံသူ တပည့်များအားလုံး ထိုက်ယီတောင်ထိပ်သို့ ရောက်ရှိ လာကြလေသည်။ သူတို့အားလုံး တိုးဝှေ့ရောက်ရှိ လာကြခြင်း ဖြစ်လေသည်။ ဟိုင်သန်းအဆင့်ကို တတိယ နည်းလမ်းဖြစ်သည့် “ရွှေပြဒါး အမြုတေ” ပြီးမြောက်ခြင်း အဆင့်ဖြင့် အောင်မြင်ခဲ့သည့် ကျင့်ကြံသူကို ကြည့်ရှုရန် ထိုက်ယီတောင်ထိပ်ဆီသို့ အလုအယက် ရောက်လာကြလေသည်။
ထိုအချိန်တွင် ဆန်းလျန်မှာ ချင်းရွှမ်ခန်းမ ဆောင်ထဲတွင် ဆရာသခင်နှင့်အတူ ရှိနေလေသည်။ ပထမဆုံး ရောက်လာသည့်သူမှာ မီးခိုးရောင်ဝတ် အဘိုးအိုကယ်ယွမ်း ဖြစ်လေသည်။ အဘိုးအို ကယ်ယွမ်း နောက်တွင် ယောက်ျားပီသစွာ ချောမောသည့် လူငယ်လေးတစ်ယောက် လိုက်ပါ လာလေသည်။ ထိုလူငယ်လေးမှာ ဆန်းလျန်၊ လူစောယိတို့နှင့် အတူတူ ဝမ့်ရှင်းလမ်းကို ဖြတ်ကျော်ပြီး ချင်းရွှမ် နတ်တံခါးကို ဝင်ရောက်နိုင်ခဲ့သည့် ပိန်ပိန်ပါးပါးလူငယ်လေး ရှောင်ဟေးပင် ဖြစ်လေသည်။
ထိုလူငယ်လေးကို မြင်တိုင်း ဆန်းလျန်မှာ လျှို့ဝှက်ချက်တစ်ခု ရှိနေသလို ခံစား နေရလေသည်။ ဆန်းလျန်မှာ သူ့ကို မြင်တွေ့ နေရသော်လည်း သူ၏ တည်ရှိမှုကို မခံစားရပါ။ သူ၏ အာရုံခံစွမ်းအားနှင့် ထို လူငယ်လေးကို အာရုံခံ ကြည့်လိုက်သည့်အခါ မည်သည့် အရာကိုမျှ ခံစား၍ မရပါ။
ရုတ်တရက် အဘိုးအို ကယ်ယွမ်းက ဆန်းလျန်ကို စိုက်ကြည့်လိုက်သည့် အတွက်ကြောင့် ဆန်းလျန် ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားရလေသည်။
အဘိုးအို ကယ်ယွမ်းမှာလည်း ဟိုင်သန်းအဆင့် အောင်မြင်ထားသည့် ဆရာသခင်တစ်ပါး ဖြစ်သောကြောင့် ခန့်မှန်း၍ မရလောက်အောင် တန်ခိုးစွမ်းအား ကြီးမားသူ ဖြစ်လေသည်။ သို့သော် လက်ရှိ ဟိုင်သန်းအဆင့် အောင်မြင်သွားသည့် ချန်ကျန့်မေနှင့်ယှဉ်လျှင် အဆင့်အတန်းမှာ များစွာ ကွာခြားသွားပြီ ဖြစ်လေသည်။
ရှောင်ဟေးမှာ ကျွမ်းကျင်သည့် လူသတ်သမား သူလျှိုတစ်ယောက် ဖြစ်နေခဲ့လျှင် ပြဿနာများ ဖြစ်ကုန်တော့မည်ဟု ဆန်းလျန် တွေးလိုက်မိလေသည်။ အထူးသဖြင့် သူ့ကို ပညာသင်ပေးနေသည့် ဟိုင်သန်းအဆင့် ဆရာသခင်မှာ ပြဿနာ အကြီးအကျယ် တက်မည် ဖြစ်လေသည်။
ဟိုင်သန်းအဆင့် ကျင့်ကြံသူများမှာ အာရုံငါးပါး ဖြန့်ကြက် ခံစားခြင်းထက် ဝိညာဉ်စွမ်းအားကို ပိုပြီး အသုံးပြုကြလေသည်။
ဆန်းလျန်ပင်လျှင် ထိုလူငယ်လေးကို အာရုံခံ၍ မရလျှင် ဟိုင်သန်းအဆင့်သို့ ရောက်ရှိခြင်း မရှိသည့် အခြားသော ကျင့်ကြံသူ တပည့်များမှာလည်း သူ့ကို အာရုံခံ၍ ရနိုင်မည် မဟုတ်ပေ။
ချင်းရွှမ်ခန်းမကြီးမှာ ရောက်ရှိလာသည့် လူအင်အား အရေအတွက်အတိုင်း လိုက်ပြီး ကျယ်ပြန့် သွားလေသည်။ လူများစွာ ရောက်ရှိလာသည့်တိုင် လူအားလုံး ဝင်၍ ရနေသည့်အပြင် နေရာလွတ် အများအပြားပင် ရှိနေသေးသည်။
ခန်းမ တစ်ဖက်တစ်ချက်တွင် တစ်ယောက်ထိုင် ကြမ်းခင်း အဝတ်လေးများ ပေါ်လာလေသည်။
ဆရာသခင်အဆင့် ကျင့်ကြံသူများသာလျှင် ထိုကြမ်းခင်း အဝတ်များအပေါ်တွင် ထိုင်ခွင့် ရှိလေသည်။ စုစုပေါင်း ကြမ်းခင်းအဝတ် ဆယ့်နှစ်ခု ပေါ်လာလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဟိုင်သန်းအဆင့်နှင့်အထက် ကျင့်စဉ်လမ်းကို လျှောက်လှမ်းနေသည့် ကျင့်ကြံသူ ဆရာသခင် ဆယ့်နှစ်ပါး ရှိသည်ဟု ဆိုလိုခြင်း ဖြစ်လေသည်။ သူတို့ ဆယ့်နှစ်ပါးမှာ ချင်းရွှမ်နတ်တံခါးကို ကျောရိုးသဖွယ် ထောက်ပံ့ပေးထားသူများ ဖြစ်ကြလေသည်။
တည်ရှိမှုကို မခန့်မှန်းနိုင်သည့် ဆရာသခင် နှစ်ပါးက ရှေ့ဆုံးတွင် ထိုင်လိုက်ကြလေသည်။ သူတို့နောက်မှ အဘိုးအို ကယ်ယွမ်းနှင့် အဘိုးအို ဟုန်ချန်းယာတို့က ထိုင်လိုက် ကြလေသည်။ အဘိုးအို ဟုန်ချန်းယာက ဆန်းလျန်ကို ပြုံးပြနှုတ်ဆက် လိုက်သည်။ သူက တွေ့စကတည်းကပင် ဆန်းလျန်ကို လေးစားချစ်ခင်သူ ဖြစ်လေသည်။
ချင်းရွှမ်နတ်တံခါးတွင် ကျင့်စဉ်ပေါင်း တစ်ရာ့ရှစ်ခု ရှိလေသည်။ သို့သော် ဆရာသခင်ကတော့ ဆယ့်နှစ်ပါးသာ ရှိလေသည်။ ဆရာသခင်နှင့် ကျင့်ကြံသူတပည့် အရေအတွက်ကို ကြည့်မည်ဆိုလျှင် တပည့်များမှာ မည်သူမျှ ကောင်းကောင်းမွန်မွန် လေ့လာသင်ယူခြင်း မရှိကြဟုပင် ထင်စရာ ရှိနိုင်လေသည်။
ကျင့်စဉ်ပေါင်း တစ်ရာ့ရှစ်ခု ရှိသည့်တိုင် ကျင့်စဉ်အားလုံးကို လေ့ကျင့်နိုင်သည့် ဘက်စုံ ထူးချွန်သည့် ကျင့်ကြံသူမှာ အနည်းငယ်သာ ရှိလေသည်။ အများစုမှာ ကိုယ်နှင့် သင့်တော်သည့် ကျင့်စဉ် တစ်ခုကိုသာ ရွေးချယ် လေ့ကျင့်ကြလေသည်။
ထိုကျင့်စဉ်ပေါင်း တစ်ရာ့ရှစ်ခုလုံးမှာလည်း ဆရာဘိုးဘိုး ယွမ်ချင်း သင်ကြားပေးခဲ့သည့် ကျင့်စဉ်များ မဟုတ်ကြပါ။ အချို့ ကျင့်စဉ်များမှာ အချို့သော ဆရာသခင်များက ဖန်တီးပြီး ထပ်မံ ဖြည့်စွက်ခဲ့ကြသည့် ကျင့်စဉ်များ ဖြစ်လေသည်။
တာအို ကျင့်စဉ်များကို အဆင့်သတ်မှတ်၍ မရပါ။ ကိုယ်နှင့် သင့်တော်လျှင် သင့်တော်သလို တန်ခိုးစွမ်းအား ရသွား ကြသည်ချည်းပင် ဖြစ်လေသည်။
သို့သော် ကျင့်ကြံသူ တစ်ယောက်သည် ကျင့်စဉ်များများ ပိုလေ့ကျင့်လေ ဆင်ခြင်နိုင်မှု စွမ်းအား ပိုများလေ ဖြစ်လေသည်။ သို့သော် ထိုသို့ ဆင်ခြင်နိုင်ရန်မှာလည်း မွေးရာပါ ဉာဏ်ရည် ထက်မြက်မှုရှိရန် လိုအပ်လေသည်။
ထို့ပြင် ကျင့်ကြံသူ တစ်ယောက်သည် ကျင့်စဉ်များများ ပိုလေ့ကျင့်လေ ပြိုင်ဘက်ရန်သူကို တိုက်ပွဲတွင် အနိုင်ရနိုင်ချေ များလေဖြစ်လေသည်။
နောက်ဆုံးတွင်တော့ အမှန်တရားကို ရှာဖွေသည့် ကျင့်စဉ်လမ်းမှာ တန်ဖိုးကြီးမားပြီး အန္တရာယ် များလွန်းလေသည်။ မသေမျိုးဖြစ်သည့် နတ်ဘုရားတစ်ပါး ဖြစ်မလာမချင်း ကျင့်ကြံသူ တစ်ယောက်၏ ဘဝသည် နေရာမကျ ဖြစ်နိုင်လေသည်။
ထို့ပြင် အသက်ရှည်သည့် ကျင့်ကြံသူ ဆိုသည်မှာလည်း ထာဝရ မသေနိုင်သော စွမ်းအားကို မရနိုင်သေးပေ။
ဆရာသခင်တိုင်း၏ နောက်တွင် တပည့်အနည်းငယ်ဆီ လိုက်ပါသွားကြ လေသည်။ ဆန်းလျန်နှင့် လူစောယိမှ လွဲပြီး ရှယွမ့်အဆောင်မှ တပည့်များမှာ သူတို့ ဆရာများနောက်သို့ လိုက်ပါ သွားကြလေသည်။ စန့်ယွမ့်အဆောင်မှ တပည့်များကတော့ အဆင်ပြေသလို ရောနှောနေလိုက် ကြလေသည်။
တည်ရှိမှုကို မခန့်မှန်းနိုင်သည့် ရှေ့ဆုံးမှ ဆရာသခင် နှစ်ပါးအနက် တစ်ပါး၏ နောက်တွင် ယန့်ပုကွေးကို တွေ့ရလေသည်။ ယန့်ပုကွေး၏ ဘေးတွင်တော့ လူစောယိနှင့် စကားများခဲ့သည့် ခပ်ချောချော အဖြူရောင်ဝတ် လူငယ်ကို တွေ့ရလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ယန့်ပုကွေးနှင့် ထိုလူငယ်မှာ ဆရာတစ်ပါးတည်း၏ တပည့်များဖြစ်ကြောင်း သိရှိနိုင်လေသည်။
ထိုဆရာသခင်မှာ ကျောထက်တွင် အနီရောင် ဘူးသီးခြောက် တစ်လုံးကို လွယ်ထားလေသည်။ ထိုအထဲတွင် အရက်များ ထည့်ထားခြင်း ဖြစ်နိုင်သည်ဟု ဆန်းလျန် ခန့်မှန်းကြည့်လိုက် လေသည်။ ထိုဆရာသခင်၏ ပုံစံမှာ ချင်းရွှမ်ခန်းမ ဆောင်အတွင်းသို့ မတတ်သာ၍ ရောက်လာရသည်မှာ ထင်ရှား နေလေသည်။
အရက်အပြည့် ထည့်ထားသည့် ဘူးသီးခြောက်ကို လွယ်ထားသည်ကို ကြည့်ခြင်းအားဖြင့် ယန့်ပုကွေး၏ဆရာ ဖြစ်ရမည်မှာ သေချာလွန်းလေသည်။
နောက်ဆုံး ကြမ်းခင်းအဝတ်နေရာမှာ လူမရှိဘဲ လွတ်နေလေသည်။ ထိုကြမ်းခင်း အဝတ်အရောင်မှာ အစိမ်းရောင်နှင့် ခရမ်းရောင် စပ်ထားလေသည်။ ထိုအခင်းကို ကြည့်ရသည်မှာ ထူးခြား နေလေသည်။ ထိုကြမ်းခင်း အဝတ်ပေါ်တွင် မည်သူမျှ ထိုင်နေခြင်းမရှိပါ။ သို့သော် ထိုကြမ်းခင်း အဝတ်နောက်တွင် မိန်းကလေးတစ်ယောက် ရပ်နေလေသည်။
သူမကို ကြည့်ရသည်မှာ နူးညံ့သိမ်မွေ့သည့်ဟန် ရှိလေသည်။ သူမ၏ မျက်နှာမှာ ချောမောလွန်းသည်ဟု မပြောနိုင်သော်လည်း သူမခန္ဓာကိုယ်မှ ထွက်နေသည့် အငွေ့အသက်များက ထူးခြားလေသည်။
သူမမှာ ရှယွမ့်အဆောင်မှ တစ်ခါမှ တွေ့မြင်ဖူးခြင်း မရှိသည့် ဂိုဏ်းတူအစ်မ ဖြစ်ရမည်ဟု ဆန်းလျန် တွေးလိုက်မိလေသည်။
ဆန်းလျန်မှာ မည်သည့် ဆရာသခင်ကမှ တပည့်အဖြစ် သတ်မှတ်ခံရခြင်း မရှိသေးပါ။ အဘိုးအို ဟုန်ချင်းယာက ဆန်းလျန်ကို တပည့်အဖြစ် လိုချင်ခဲ့သည့်တိုင် ဆရာသခင် ကျန်းရော့ရွှီးက ထိုကိစ္စနှင့် ပတ်သက်ပြီး ပြောကြားခြင်း မရှိခဲ့ပေ။
ဆန်းလျန်မှာ ဆရာသခင် ကျန်းရော့ရွှီး၏ ဘေးတွင် ရပ်နေ၍ မဖြစ်ပါ။ ထိုသို့ ရပ်နေပါက အခြားသူများ အာရုံစိုက်ခြင်းကို ခံရမည် ဖြစ်လေသည်။ ထို့ကြောင့် သူက အဘိုးအို ဟုန်ချင်းယာ အနားသို့သာ သွားနေ လိုက်လေတော့သည်။
အဘိုးအို ဟုန်ချင်းယာ နောက်တွင် ရပ်နေသည့် တပည့်သုံးယောက် ရှိလေသည်။ သူတို့၏ အဆင့်မှာ ချောင့်တုန့်အဆင့်မျှသာ ရှိကြသေးသည်။ သူတို့က ဆန်းလျန်ကို မကြာခဏ ခိုးကြည့်နေကြလေသည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်အကြောင်းကို အဘိုးအို ဟုန်ချင်းယာက မကြာခဏ ပြောသောကြောင့် ဖြစ်လေသည်။
ဆန်းလျန်မှာ သိုသိုသိပ်သိပ်နှင့် ရိုးရိုးရှင်းရှင်းပင် နေတတ်သည့်အပြင် သူ၏ ကျင့်စဉ်များဖြင့် သူ့ဟာသူ အချိန် မအားလပ်နိုင် ဖြစ်နေသောကြောင့် သူတို့မှာ ဆန်းလျန်ကို မြင်ဖူးကြခြင်း မရှိပါ။ ယခုမှသာ မြင်ဖူးကြခြင်း ဖြစ်လေသည်။
လူစောယိနှင့် ကျင်းချင်းတို့မှာ ဆရာသခင် ကျန်းရော့ရွှီး၏ ဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေကြလေသည်။ ချင်းရွှမ်ခန်းမဆောင် အတွင်းရှိ လူအားလုံးမှာ ကျင့်ကြံသူများ ဖြစ်ကြလေသည်။ ထို့ကြောင့် လူ့လောကရှိ လူများ အုပ်စုဖွဲ့လျှင် စကားများ ကြွပ်ကြွပ်ညံအောင် ပြောနေတတ်သော်လည်း ကျင့်ကြံသူများကတော့ တိတ်တိတ်ဆိတ်ဆိတ်နှင့် စည်းကမ်းတကျ စုဝေးနေကြ လေသည်။
နောက်ဆုံးတွင်တော့ ခန်းမထဲတွင် ဓားရောင်တစ်ချက် လက်လာလေသည်။ လက်ခနဲသာ ဖြစ်သွားပြီး ပြန်လည်ပျောက်ကွယ် သွားလေသည်။
ခန်းမဆောင်တံခါးဝတွင် တာအိုဆရာတစ်ပါး မတ်တတ် ရပ်နေလေသည်။ သို့သော် သူ၏ပုံစံက တာအိုဆရာ တစ်ပါးကဲ့သို့ ဝတ်ဆင်ထားခြင်း မရှိပါ။ ဆံပင်ကိုလည်း တာအိုဆရာ တစ်ပါးကဲ့သို့ ထုံးဖွဲ့ ထားခြင်း မရှိပါ။
သူ၏ မျက်ခုံးနှစ်ဖက်မှာ ဓားသွားကဲ့သို့ ထက်ရှနေလေသည်။ သူ၏ မျက်ဝန်းများမှာ ကြယ်စင်ကဲ့သို့ တဖျတ်ဖျတ် တောက်ပနေလေသည်။ သူ၏ လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင် ထားလေသည်။
သူ ခန်းမဆောင်တွင်းသို့ လှမ်းဝင်လာသည့်ပုံမှာ ယုံကြည်ချက် အပြည့်နှင့် ဖြစ်ပြီး ခမ်းနား လွန်းလှလေသည်။ နတ်ဘုရားဓားကို ကိုင်ဆောင်ထားသည့် သူ့ကို ခန်းမအတွင်းရှိ လူအားလုံးက လေးစားစွာဖြင့် ကြည့်နေကြလေသည်။
ထိုသူမှာ ချန်ကျန့်မေပင် ဖြစ်လေသည်။ သူ၏ပုံစံမှာ အေးဆေး တည်ငြိမ်နေပြီး သူက ဆရာသခင် ကျန်းရော့ရွှီးထံသို့ ဖြည်းညင်းစွာ လမ်းလျှောက် လာလေသည်။
ခန်းမအတွင်းရှိ လူအားလုံးမှာ ချန်ကျန့်မေ၏ လက်ထဲမှဓားမှာ သူတို့ထံသို့ ဝင်ရောက် လာတော့မည့်အလား မျက်လုံးများကို မှိတ်ထား လိုက်မိကြလေသည်။ ချန်ကျန့်မေ လက်ထဲမှဓားကို မည်သူမျှ လျစ်လျူ မရှုရဲကြပေ။
သူ့ဘဝ အချိန်တစ်ဝက် အကုန်ခံကာ ရရှိလာခဲ့သည့် အထက်မြက်ဆုံး ဓားတစ်လက် ဖြစ်လေသည်။ ကမ္ဘာလောကကြီးမှ လူများသာ ထိုဓားကို တွေ့မြင်မည်ဆိုလျှင် ထိုဓား၏ ထက်မြက်မှုကို အံ့သြမကုန်၊ ချီးမွမ်းမကုန် ဖြစ်ကြမည်ဖြစ်လေသည်။
ချန်ကျန်းမေက ဆရာသခင် ကျန်းရော့ရွှီးကို ရိုသေစွာဖြင့် ဦးညွှတ်ဂါရဝ ပြုလိုက်လေသည်။ ဤနှစ်များ အတွင်းတွင် သူက ချင်းရွှမ်နတ်တံခါးမှ ထွက်ခွာသွားရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည့်တိုင် ဆရာသခင် ကျန်းရော့ရွှီးက သူ့ကို တားမြစ်ခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် ချန်ကျန့်မေမှာ သူ၏ သဏ္ဌာန်မဲ့ ဓားကို ဆရာသခင် ကျန်းရော့ရွှီးကို ပြရန် အသင့် မဖြစ်သေးကြောင်း ဆရာသခင်က သိမြင်သည့် အတွက်ကြောင့် ဖြစ်လေသည်။
ညပေါင်းများစွာကို သူတစ်ယောက်တည်း ဖြတ်ကျော်ခဲ့လေသည်။ ထိုညများမှာ အထီးကျန် ဆန်လွန်းလှလေသည်။
“သဏ္ဌာန်မဲ့ ဓားသိုင်းပညာ” မှာ ချင်းရွှမ်နတ်တံခါးမှ ကျင့်စဉ် တစ်ရာ့ရှစ်ခုတွင် တစ်ခု အပါအဝင် ဖြစ်လေသည်။
ထို “သဏ္ဌာန်မဲ့ ဓားသိုင်းပညာ” ကို တီထွင်ခဲ့သည့် ဆရာသခင်ပြီးလျှင် အလွှာ ရှစ်လွှာတွင် ချန်ကျန့်မေမှာ ထိုဓားသိုင်းကို ပထမဆုံး ကျင့်ကြံ အောင်မြင်ခဲ့သူ ဖြစ်လေသည်။
ထို့ပြင် သိသာထင်ရှားသည့် အချက်တစ်ခုမှာ ချန်ကျန့်မေမှာ ဟိုင်သန်းအဆင့်ကို အဆင့် အမြင့်ဆုံး ကျင့်ကြံ အောင်မြင်ခဲ့သည့်သူ ဖြစ်လေသည်။ သာမန် ကျင့်ကြံသူများမှာ ဟိုင်သန်း အဆင့်ကို ပုံပြောင်းအဆင့် ငါးခုမျှလောက်ဖြင့်သာ အောင်မြင် ကြသည်ချည်း ဖြစ်လေသည်။
သို့သော်…
မည်သူမျှ ထိုကိစ္စများကို မသိမြင်နိုင်ပါ။ ချန်ကျန့်မေမှာ သူ့ကိုယ်သူ သာမန် တပည့် တစ်ယောက်အဖြစ် ဘယ်တုန်းကမှ ခံယူထားခြင်း မရှိပါ။ သူက အမှန်တကယ် ကြိုးစားခဲ့သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး မည်သူမျှ သူ၏ ကျင့်စဉ်လမ်းကို တားဆီးနိုင်ခြင်း မရှိပေ။
ယခုတော့ ဆရာသခင်များပင်လျှင် သူ့ကို စိန်ခေါ်ရဲမည် မဟုတ်တော့ပေ။
ဓားသိုင်းပညာကို လေ့ကျင့်ခဲ့ကြသည့် သူများအတွက် ယှဉ်ပြိုင်ဘက်ကောင်း မရှိသည့်အတွက် အထီးကျန်ခြင်းကို ခံစားရမည်သာ ဖြစ်ပေသည်။
သဏ္ဌာန်မဲ့ ဓားသိုင်းကို သူ့ဘဝ၏ သက်တမ်းတစ်ဝက် ကျင့်ကြံခဲ့ရလေသည်။ နောက်ဆုံးတော့ အောင်မြင်ခဲ့ပြီ ဖြစ်လေသည်။ ချန်ကျန့်မေ ကိုယ်တိုင်မှ လွဲ၍ မည်သူမျှ သူ၏ ခံစားချက်ကို နားလည်နိုင်မည် မဟုတ်ပါ။ ဆရာသခင် ကျန်းရော့ရွှီးပင်လျှင် နားလည်နိုင်မည် မဟုတ်ပါ။
ဆရာသခင် ကျန်းရော့ရွှီးက လက်ကို ဆန့်တန်းလိုက်ပြီး သူ့ကို ဦးညွှတ်ဂါရဝ ပြုနေသည့် ချန်ကျန့်မေ၏ ဦးခေါင်းကို ပွတ်သပ်လိုက်လေသည်။ ထို့နောက် ဆရာသခင်က သူ၏ ဆံပင်များကို တာအိုဆရာသခင် တစ်ပါးကဲ့သို့ ထုံးဖွဲ့ ပေးလိုက်လေသည်။ ထိုဆံပင်ပုံစံကို ကြည့်ခြင်းအားဖြင့် တရားဒေသနာများ သင်ကြားပြသ ပေးနိုင်သည့် ဆရာသခင်တစ်ပါး ဖြစ်ထိုက်သူ ဖြစ်သွားပြီ ဖြစ်လေသည်။
ဤသည်မှာ ချင်းရွှမ်နတ်တံခါး၏ အစဉ်အလာပင် ဖြစ်လေသည်။
ထို့နောက် ဆရာသခင် ကျန်းရော့ရွှီးက ချန်ကျန့်မေ၏ နဖူးထက်တွင် ထူးဆန်းသည့် အင်းချပ်တစ်ခုကို ရေးဆွဲ ပေးလိုက်လေသည်။ ထိုအင်းချပ် သဏ္ဌာန်မှာ ဓားပုံသဏ္ဌာန် ဖြစ်ပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
ထိုသို့ပြုလုပ် လိုက်ခြင်းအားဖြင့် မိုးကောင်းကင်တံခါးသို့ ရောက်ရှိနေသည့် ဆရာဘိုးဘိုး ယွမ်ချင်း အပါအဝင် အခြားသော နတ်ဘုရားအားလုံးမှာ ချင်းရွှမ်နတ်တံခါးတွင် အသစ်သော စစ်မှန်သည့် တပည့်တစ်ယောက် ပေါ်ထွက်လာသည်ကို သိရှိခံစားနိုင်မည် ဖြစ်လေသည်။
ထို့ပြင် ထိုသို့ ပြုလုပ်လိုက်သည့်အတွက် ဆရာဘိုးဘိုး ယွမ်ချင်းနှင့် ချန်ကျန့်မေတို့မှာ ဆက်သွယ် နိုင်သွားမည် ဖြစ်လေသည်။ ထိုသို့ ဆက်သွယ်ခြင်းမှာလည်း ချန်ကျန့်မေနှင့်သာ သက်ဆိုင်လေသည်။ ဆရာဘိုးဘို ယွမ်ချင်း ဆက်သွယ်လာပါက ထိုသို့ ဆက်သွယ်လာခြင်းကို ချန်ကျန့်မေကသာ ပြောပြခြင်း မရှိလျှင် မည်သူမျှ သိရှိနိုင်မည် မဟုတ်ပေ။
***