Switch Mode

အခန်း (၉၂)

တစ်ကြိမ်ကျင့်စဉ် အောင်မြင်ခြင်း

ဆန်းလျန် ပြုံးလိုက်လေသည်။

“ဒီကျင့်စဉ်က နတ်ဘုရားတစ်ပါးဖြစ်ဖို့ ဒီလောက်တောင် မြန်တယ်ဆိုရင် နတ်ဆိုးတွေကို အုပ်စုလိုက်မွေးပြီး စွမ်းအားတွေ စုပ်ယူလို့ရတာပဲ။ အဲဒီ နတ်ဆိုးတွေ ဆိုတာက မကောင်းတဲ့ သူတွေပဲ မဟုတ်ဘူးလား”

ဆန်းလျန် ပြောလိုက်လေသည်။

ဆရာသခင် ကျန်းရော့ရွှီးက ဆန်းလျန်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်သည်။

“နတ်ဆိုးတွေကို အုပ်စုလိုက်မွေးပြီး သတ်ဖြတ်တာနဲ့ အခြား သက်ရှိတွေကို အုပ်စုလိုက် မွေးပြီး သတ်ဖြတ်တာဟာ အတူတူပါပဲ။ အားလုံးဟာ အသက်တွေပဲလေ။ အဲဒီ ကျင့်စဉ်ဟာ အရမ်းကို လွယ်ကူလွန်းတယ်။ ဘာလို့လဲဆိုတော့ အခြားသူတွေရဲ့ သွေးနဲ့ အတွင်းအားကို စုပ်ယူတာနဲ့ ကျင့်စဉ်လမ်း အဆင့်တက်နိုင်လို့ပဲ။ ဒါပေမယ့် အဲဒီကျင့်စဉ်ကို ကျင့်တဲ့ သူဟာ လောကဓမ္မနဲ့ ဆန့်ကျင် သွားလိမ့်မယ်။ သွေးအေးအေးနဲ့ လူသတ်နိုင်ဖို့ ဆိုတာ ဘယ်လွယ်မှာလဲ။ မိုးကောင်းကင်က တရား မစီရင်ဘူး ဆိုရင်တောင်မှ အဲဒီလို လူသတ်သမားဟာ စိတ်ဖောက်ပြန်သွားမှာပဲ။ စိတ်ဖောက် ပြန်မသွားဘဲနဲ့ ကြံ့ကြံ့ခံပြီး နတ်ဘုရားတစ်ပါး ဖြစ်လာရင်လည်း မိုးကောင်းကင်က အပြစ်ပေးတာကို ခံရမှာပဲ”

ကျန်းရော့ရွှီးက ပြောပြလိုက်လေသည်။

“ဆရာသခင်။ ဘာလို့ ဒီအကြောင်းတွေ ကျွန်တော့်ကို အသေးစိတ် ရှင်းပြနေရတာလဲ။ အဲဒီလမ်းကို ကျွန်တော် လျှောက်လှမ်းမိမှာကို ဆရာသခင် စိတ်ပူနေတာလား”

ဆန်းလျန်က မေးလိုက်လေသည်။

“မင်းက ဒီလိုပြောမှတော့ လူ့စိတ်နေ သဘောထားဆိုတာ မှန်းဆရခက်တယ်။ တစ်ခါတလေမှာ ဖြစ်ချင်တဲ့ ဆန္ဒတွေ ကြီးမားလာရင် လူသားဆန်မှုတွေ ပျောက်ဆုံး သွားတတ်တယ်။ မင်းက စွမ်းအား အရမ်းမြင့်မားတဲ့ တပည့်တစ်ယောက်ပဲ။ မင်းလမ်းမှားကို ရောက်သွားမှာ ကျုပ်စိုးရိမ်မိတယ်”

ဆရာသခင်က သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်လေသည်။

ချင်းရွှမ်နတ်တံခါး၏ ယခင်မျိုးဆက်မှ ဆရာသခင်ကသာ ယခုကဲ့သို့ သေချာရှင်းပြမည် ဆိုလျှင် ထိုသူသည် လမ်းမှားသို့ ရောက်မည်မဟုတ်ပေ။ ထိုသို့လမ်းမှားသို့ မရောက်လျှင် ချင်းရွှမ် နတ်တံခါးမှာလည်း လွန်ခဲ့သည့် နှစ်ပေါင်း တစ်ရာခန့်က သွေးချောင်းစီး သတ်ဖြတ်ခံရမည် မဟုတ်ပေ။

ဆန်းလျန် တိတ်ဆိတ်ငြိမ်သက် နေလေသည်။ ဆရာသခင်သည် သူ၏ စိတ်နေသဘောထားကို လုံးဝဥဿုံ နားလည်နိုင်မည်ဟု ဆန်းလျန် မျှော်လင့်မထားပါ။ သူက သွေးဓားကျင့်စဉ် အကြောင်းကို မေးမြန်းခြင်းမှာ သိချင်သောကြောင့်သာ ဖြစ်လေသည်။ သူက လူသတ်သည့် နည်းလမ်းဖြင့်တော့ ကျင့်စဉ်လမ်းကို လျှောက်လှမ်းမည့်သူ တစ်ယောက် မဟုတ်ပါ။

လက်ရှိ အခြေအနေ အတွက်တော့ ဆန်းလျန် အာမခံချက် ပေးနိုင်မည် ဖြစ်လေသည်။ သို့သော် အနာဂတ်ဆိုသည်က မည်သို့ ဖြစ်လာမည်လဲ ဆိုသည်ကို မည်သူမျှ မသိရှိနိုင်ပါ။ အရာအားလုံးက ကံတရား အတိုင်းပင် ဖြစ်လာမည်ဖြစ်ပြီး မသိမှုများဖြင့်သာ ပြည့်နှက်နေသည် မဟုတ်ပါလား။ အရာရာသည် မိုးကောင်းကင်၏ ဆန္ဒအတိုင်းသာ ဆိုလျှင်တော့ အရာအားလုံး ဖြစ်ပျက် မလာခင် ကြိုတင်တားဆီး နိုင်မည်ပဲ ဖြစ်လေသည်။

ဤလောကတွင် နေထိုင်သည့် သက်ရှိ သတ္တဝါများ အားလုံးမှာ အားကြီးသူက အားနည်းသူကို အနိုင် ကျင့်တတ်ကြစမြဲပင် ဖြစ်လေသည်။ သို့သော် တစ်ယောက်နှင့် တစ်ယောက် အမြဲတမ်း အပြန်အလှန် သတ်ဖြတ်နေကြမည် ဆိုလျှင်တော့ နောက်ဆုံးတွင် လောကကြီး တစ်ခုလုံး ပျက်သုဉ်း သွားရမည် ဖြစ်လေသည်။ စီးဆင်းစရာ မြစ်တစ်စင်းပင် ကျန်မည် မဟုတ်တော့ပေ။

ကျင့်ကြံသူ အစစ်အမှန် ဆိုသည်မှာ သန့်စင်သည့် မိုးမြေ စွမ်းအားများကို စုပ်ယူပြီး စကြ၀ဠာ အဆုံးထိ သွားနိုင်အောင် ကျင့်ကြံသူသာ ဖြစ်လေသည်။ ထိုသို့ ကျင့်စဉ်အဆင့် မှန်ကန်စွာ သွားခြင်းသည်သာ စစ်မှန်သည့် နည်းလမ်းဖြစ်ပြီး “သွေးဓားကျင့်စဉ်” မှာတော့ လေ့ကျင့်ရန် မသင့်တော်သည့် ပညာရပ်တစ်ခု ဖြစ်ကြောင်း ဆန်းလျန်ကောင်းစွာ နားလည်ထားပါသည်။

“တပည့်မှာ ပြောစရာ စကားတစ်ခွန်း ရှိပါတယ်။ ယောက်ျားကောင်းဆိုတာ လောကမှာ အောင်မြင်မှုကို ရှာဖွေဖို့ထက် ကိုယ့်အနားက မိန်းကလေး တစ်ယောက်ကို စောင့်ရှောက် ပေးရပါတယ်”

ဆန်းလျန်က ကိုယ်ကိုမတ်လိုက်ရင်း ဆရာသခင်ကို တရိုတသေဖြင့် ဦးညွှတ် လိုက်လေသည်။ ဆရာသခင် ကျန်းရော့ရွှီးက သူ့ကို ချစ်ခင်သည်ကို သိသည့်အတွက် ထိုသို့ ဦးညွှတ်ကာ အရိုအသေ ပေးလိုက်ခြင်း ဖြစ်လေသည်။ ထို့ပြင် ဆရာသခင်ကို သူ၏ လူသားဆန်မှုကို ပြသ ချင်သောကြောင့်လည်း ဖြစ်လေသည်။

ယောက်ျားကောင်း ဆိုသည်မှာ လောကတွင် အောင်မြင်မှုကို ရှာဖွေဖို့ထက် အနာဂတ်တွင် လူအများ လေးစားစရာ လုပ်ရပ်ကိုသာ လုပ်ဆောင်ရမည် ဖြစ်လေသည်။ ထိုသို့ လုပ်ဆောင်ခြင်းမှာ တွန့်ဆုတ်ခြင်း မဟုတ်ပါ။ ကျင့်စဉ်လမ်းကို ဒုက္ခဆင်းရဲ ခံပြီးတော့သာ လျှောက်လှမ်းချင်ပါသည်။ သို့သော် ရှိနေသည့် စွမ်းရည်များကိုတော့ ထိန်းချုပ်ထားရန် မလိုအပ်ပါ။

ဆရာသခင် ကျန်းရော့ရွှီးမှာ ဆန်းလျန်ကို ငေးကြည့် နေမိလေသည်။ သူ့အနေဖြင့် ဆန်းလျန်အပေါ် ကျေနပ်သည်လား၊ မကျေနပ်သည်လား ဝေခွဲ၍ မရပေ။ ဆန်းလျန်၏ စွမ်းအားမှာ သူ့ကို ထောက်ပြရန် ခက်ခဲသည့် စွမ်းရည်ပင် ဖြစ်လေသည်။ ဆန်းလျန်၏ ရပ်တည်ချက်မှာ ရှင်းလင်း ပြတ်သား လေသည်။ သို့သော် ထိုရပ်တည်ချက်နှင့် ဆန့်ကျင်ဘက်လည်း ဖြစ်သွား နိုင်လေသည်။ သူတို့နှစ်ဦး၏ ဆရာတပည့် ဆက်ဆံရေးက ကျေနပ်စရာတော့ သိပ်မရှိပေ။ သူတို့၏ ဆက်ဆံရေးမှာ ဆရာတပည့် ဆိုသည်ထက် ကျင့်စဉ်လမ်းတွင် အတူ လျှောက်လှမ်းသည့် မိတ်ဆွေများနှင့် တူနေလေသည်။

ရုတ်တရက်…

ဓားခြိမ်းသံကြီး တစ်သံကို ဆန်းလျန် ကြားလိုက်ရလေသည်။ ထိုအသံမှာ နဂါးတစ်ကောင်၏ အသံနှင့် တူသလို ကျားတစ်ကောင်၏ အသံနှင့်လည်း တူလေသည်။ ချင်းရွှမ်ခန်းမ ဆောင်ကဲ့သို့ တားမြစ် နယ်မြေတွင်ပင် ထိုဓားခြိမ်းသံကြီးမှာ အတားအဆီးမရှိ ဝင်ရောက်လာလေသည်။

ဆရာသခင် ကျန်းရော့ရွှီးမှာ ထိုအသံကြောင့် အံ့သြသွားခြင်း မရှိပါ။ ထို့ပြင် ဆရာသခင်မှာ ထိုအသံကြောင့် ကျေနပ်နေသည့်ပုံ ပေါ်နေလေသည်။

“သူ့ဘဝရဲ့ သက်တမ်းတစ်ဝက်ကို “သဏ္ဌာန်မဲ့ ဓားပညာ” ကို လေ့ကျင့်ရင်း အချိန်ဖြုန်းနေတာ။ အခုတော့ ဓားကို အသုံးပြုခွင့် ရတော့မယ် ထင်တယ်။ ဒီနေ့တော့ အဲဒီဓားသိုင်း အောင်မြင်ခဲ့ပြီ ၊ တရားမျှတမှုကို ယူဆောင်လာတော့မယ်”

ဆရာသခင် ကျန်းရော့ရွှီးက ပျော်ရွှင်စွာဖြင့် လက်ဖြင့်ပေါင်ကို တစ်ချက် ပုတ်လိုက်လေသည်။

ဆရာသခင်၏ စကားဆုံးသွားသည်နှင့်  သူ၏ အင်္ကျီလက်ထဲမှ ထျန်းတိကျန်း ကြေးမုံမှန် ပျံဝဲလွင့်ထွက် လာလေသည်။ အစိမ်းရောင် အရိပ်မှာ ရေပြင်ကဲ့သို့ ကြည်လင် နေလေသည်။ ထိုမှန်က ကြမ်းပြင်ထက်သို့ အသာလေး ကျသွားပြီး အစိမ်းရောင် ဖန်သားပြင်တစ်ခု အဖြစ်သို့ ပြောင်းလဲ သွားလေသည်။ ကောင်းကင်ပြာပြာ၊ တိမ်ဖြူဖြူများ ကြားတွင် တောင်ထိပ်တစ်ခုကို မြင်တွေ့ ရလေသည်။ ထိုတောင်ထိပ်မှာ ချင်းလန်တောင် ဖြစ်လေသည်။

တောင်ထိပ်တစ်နေရာတွင် မိုးတိမ်များ စုစည်းနေလေသည်။ ထိုတိမ်တိုက်များ၏ ပုံသဏ္ဌာန်မှာ ကျားနှင့်နဂါး ပုံသဏ္ဌာန် ဖြစ်လေသည်။ ထိုတိမ်တိုက်များ ကြားတွင် ရောင်စဉ်ငါးခု ဖြာထွက်နေပြီး ထို ရောင်စဉ်များမှာ မပြောင်းမလဲ တည်ရှိနေလေသည်။ မြင့်မြတ် ထူးကဲသည့် ဓားဝိညာဉ်မှာ ကောင်းကင်ဆီသို့ ဖြတ်သန်းသွားပြီး အရံအတားများ အားလုံးကို ကျော်ဖြတ် သွားလေသည်။ ထို ဓားဝိညာဉ်သည် မရှိမှုဆီသို့ ဦးတည် နေလေသည်။

ဓားခြိမ်းသံကြီးမှာ ကျားတစ်ကောင်၏ မာန်ဖီသံကဲ့သို့ ဖြစ်သလို နဂါးတစ်ကောင်၏ ဟိန်းသံနှင့်လည်း တူနေလေသည်။ ထိုခဏအတွင်းမှာပင် ဆန်းလျန်၏ ဝိညာဉ်မှာ တုန်လှုပ်သွားသလို ခံစားလိုက်ရ လေသည်။ ထိုအသံက သူ့ကို ညှို့ယူဖမ်းစား ထားသလို ခံစားလိုက်ရ လေသည်။

ခြောက်သွေ့နေသည့် စမ်းချောင်းလေးမှာ ရေများပြန်လည် စီးဝင်လာသည့် အလား ခံစား လိုက်ရလေသည်။ အဘယ်ကြောင့် ထိုသို့ ခံစားရသည်လည်း ဆန်းလျန်လည်း မသိပါ။ ဘဝတစ်ခုအတွက် ခံစားချက်ပေါင်းများစွာ ရောနှောမွှေနှောက် ထားသကဲ့သို့ ဘဝတစ်ခု မွေးဖွားလာသကဲ့သို့ ဖြစ်လေသည်။

မရေတွက်နိုင်သည့် ကျင့်စဉ် လမ်းစည်းမျဉ်းများစွာ ရှိပါသော်လည်း ထိုစည်းမျဉ်းများ အားလုံးကို အလွှာပါးလေးဖြင့်သာ စည်းခြားထားခြင်း ဖြစ်လေသည်။

လေနှင့်တိမ်မှာ ကောင်းကင်ထက်တွင် စုစည်းလိုက် ရွေ့လျားလိုက်နှင့် ဖြစ်နေလေသည်။

ဓားခြိမ်းသံကြီးကို နားထောင်ရင်း ဆန်းလျန်မှာ သူမြင်တွေ့နေရသည့် မြင်ကွင်းကိုပင် မေ့လျော့ နေလေသည်။ ဆရာသခင် ကျန်းရော့ရွှီးသာလျှင် ချင်းလန်တောင်ထိပ် မြင်ကွင်းကို စူးစိုက် ကြည့်နေလေသည်။

ဓားခြိမ်းသံကြီးမှာ ချင်းရွှမ်ခန်းမ ဆောင်ထဲတွင် စူးရှစွာ ပျံ့လွင့်နေလေသည်။ ထိုအသံမှာ မိုးမြေ တစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေလေသည်။ သံသယရှိစရာ မရှိပါ။ ဆန်းလျန်၏ ဂိုဏ်းတူအစ်ကို ချန်ကျန့်မေမှာ ဟိုင်သန်းအဆင့်ကို အောင်မြင်သွားပြီ ဖြစ်လေသည်။

ကျန်းရော့ရွှီး တွေးတောနေသည့် အချက်မှာ ချန်ကျန့်မေမှာ ဟိုင်သန်းအဆင့်၏ ပုံပြောင်းအဆင့် ရှစ်ခု ရရှိမည်လား၊ ကိုးခု ရရှိမည်လား ဆိုသည်ကိုပင် ဖြစ်လေသည်။

နှစ်ပေါင်းများစွာ ကြာပြီးသည့် နောက်မှ ချင်းရွှမ်နတ်တံခါးတွင် ပထမဆုံးအကြိမ် ကိုယ်ပိုင် စွမ်းအားဖြင့် ဟိုင်သန်းအဆင့်ကို အောင်မြင်သည့် ကျင့်ကြံသူ တစ်ယောက် ပေါ်ထွက် လာရခြင်း ဖြစ်လေသည်။ ဤအချက်က ချင်းရွှမ်နတ်တံခါး၏ ဂုဏ်သိက္ခာနှင့် ကြီးကျယ် မြင့်မြတ်မှုများကို ပြန်လည်မြင့်တက် လာစေမည် ဖြစ်လေသည်။

ဟိုင်သန်းအဆင့်သို့ တက်ရောက်နိုင်သည့် မည်သည့် တပည့်ကိုမဆို ဆရာသခင်သည် နောင်တမရှိဘဲ လက်ခံမည် ဖြစ်လေသည်။

ဟိုင်သန်းအဆင့် အောင်မြင်ရန် လမ်းတစ်ဝက်တွင် အချိန်များစွာ ကုန်ဆုံးနေခဲ့ရသည့် ချန်ကျန့်မေမှာ ဟိုင်သန်းအဆင့်ကို အောင်မြင်ရန်အတွက် မျှော်လင့်ချက် မရှိသလောက် ဖြစ်နေခဲ့ရလေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ သူ၏ စိတ်နှလုံးသား မဖြူစင်သောကြောင့် မဟုတ်ပါ။ သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်မှာ ဟိုင်သန်းအဆင့် အောင်မြင်အောင် မလိုက်နိုင် ဖြစ်နေသောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် ချန်ကျန့်မေမှာ မည်သို့မျှ မတတ်နိုင် ဖြစ်နေရခြင်း ဖြစ်လေသည်။

ချင်းရွှမ်နတ်တံခါး၏ ရည်ရွယ်ချက်မှာ ရုပ်ပိုင်းဆိုင်ရာထက် စိတ်နှလုံးကို ပြုပြင်ပြီး ကျင့်ကြံရသည့် လမ်းစဉ် ဖြစ်လေသည်။

ပြည့်ဝဖြူစင်သည့် စိတ်နှလုံးသည် ကျင့်စဉ်လမ်းတွင် အောင်မြင်နိုင်သည့် အဓိကအချက်ပင် ဖြစ်လေသည်။ သို့သော် ကျင့်စဉ်လမ်း အခြေခံ ပျက်စီးပါက ပြည့်ဝဖြူစင်သည့် နှလုံးသား ရှိသည့်တိုင် ကျင့်စဉ်အဆင့် မတက်နိုင်ဘဲ ရှိရလေသည်။ ထိုအခါမျိုးတွင် ဟိုင်သန်းအဆင့် ရရှိနိုင်ရန် အတွက် နတ်ဘုရား အမြုတေကို အကူအညီ ရယူရလေသည်။

ဆရာသခင် ကျန်းရော့ရွှီးမှာ သူ၏ ကျင့်စဉ်လမ်း အဆုံးသတ်ပြီး မိုးကောင်းကင်သို့ မဝင်ခင် ချင်းရွှမ်နတ်တံခါးကို တည်တည်ငြိမ်ငြိမ်နှင့် ဆက်လက်တည်တံ့အောင် ဆောင်ရွက်ပေးခဲ့ ချင်လေသည်။ ထိုမှသာ ချင်းရွှမ်နတ်တံခါးကို တည်ထောင်ခဲ့သူ ဆရာဘိုးဘိုး ယွမ်ချင်း အပေါ်တွင် တာဝန်ကျေနိုင်မည် ဖြစ်လေသည်။

ငါးရက်မြောက် နေ့တွင်တော့ ဓားခြိမ်းသံကြီးကို နားထောင်ရင်း မိန်းမောနေသည့် ဆန်းလျန်မှာ သတိပြန်ဝင် လာလေသည်။ သူ၏ မျက်ကြည်လွှာပေါ်တွင် အလွှာပါးလေး တစ်ခု ရှိနေသကဲ့သို့ ခံစားလိုက်ရလေသည်။ ထိုအလွှာပါးလေးမှာ ပြဒါး အလွှာလေးကဲ့သို့ ဖြစ်လေသည်။ ခဏကြာတော့မှ သူ့ မြင်ကွင်းများမှာ ကြည်ကြည်လင်လင် ပြန်ဖြစ်လာလေသည်။

ထိုအချိန်အထိ မိုးမြေတစ်ခွင် ပဲ့တင်သံ ထပ်နေသည့် ဓားခြိမ်းသံကြီမှာ အဆုံး မသတ်သေးပေ။ ထူးဆန်းသည့် ဓားခြိမ်းသံကြီးမှာ ပိုပြီး ရှည်လျား လာလေသည်။ သို့သော် အစပိုင်း အသံလောက်တော့ ကျယ်လောင်ခြင်း မရှိတော့ပေ။

“ဟိုင်သန်းအဆင့် အောင်မြင်သွားတဲ့အတွက် မိုးမြေတစ်ခွင် ပဲ့တင်ထပ်နေတဲ့ အသံကို မင်းငါးရက်လုံးလုံး နားထောင်နေခဲ့တာ။ ကျင့်စဉ်လမ်းမှာ ဟိုင်သန်းအဆင့် ရောက်ဖို့အတွက် ပြင်ပ ပြဒါးရှင်ကို အသုံးပြုနိုင်တယ်။ နှစ်ပေါင်း တစ်ထောင်အတွင်းမှာ ဒုတိယအကြိမ် ပေါ်ထွက်လာတဲ့ ပါရမီရှင် ကျင့်ကြံသူပဲ”

ဆရာသခင် ကျန်းရော့ရွှီးက ဆန်းလျန်ကို ပြောလိုက်လေသည်။

ဆန်းလျန်က စိတ်ထဲတွင် ပြုံးလိုက်မိလေသည်။ နှစ်ပေါင်းတစ်ထောင် အတွင်းမှာမှ နှစ်ယောက်သာ ပေါ်ထွက်ခဲ့သည်လား။ ဆန်းလျန်က သူ့ကို ဆရာသခင် ကျန်းရော့ရွှီးက နောက်ပြောင် နေသည်ဟု ထင်ခဲ့မိလေသည်။ သို့သော် ဆရာသခင်၏ လေသံမှာ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောနေခြင်း ဖြစ်လေသည်။

ဆန်းလျန် သူ့ကိုယ်သူ အပြစ်တင်လိုက် မိလေသည်။ သို့သော် ဒေါသတော့ မထွက်ခဲ့ပါ။

မိုးမြေတစ်ခွင် ပဲ့တင်ထပ်နေသည့် အသံမှာ တကယ့် အစစ်အမှန်ပင် ဖြစ်လေသည်။ သို့သော် ချန်ကျန့်မေမှာ “သဏ္ဌာန်မဲ့ ဓားပညာ” ကို လေ့ကျင့်ခဲ့ခြင်း ဖြစ်ပြီး ထိုဓားသိုင်းကို ကျင့်ကြံအောင်မြင် ခဲ့ခြင်းကြောင့် မန္တန် စွမ်းအားများနှင့် တန်ခိုး စွမ်းအားများကို ရရှိခဲ့လေသည်။

ဓားသိုင်းပညာမှာ လွန်စွာမှ စွမ်းအားထက်လေသည်။ သို့သော် စိတ်ဆန္ဒနှင့် အတွေးများ ကင်းစင်လေသည်။ ဟိုင်သန်းအဆင့် ကျင့်ကြံ အောင်မြင်သည့်အတွက် မိုးမြေတစ်ခွင် ပဲ့တင်ထပ်သည့် အသံကို ရှင်းလင်းစွာ ကြားသိနိုင်ရန်မှာ လွန်စွာမှ ကြားရ ခဲလေသည်။ ထိုသို့ဆိုလျှင် ဆန်းလျန်၏ ကျန့်သောက်တုကျွင်း ဓားသိုင်းပညာ၏ “ရှိခြင်း မရှိခြင်း ဓားဝိညာဉ်” မှာလည်း ကျင့်စဉ်အဆင့် တစ်ခုသို့ ထပ်မံတက်လှမ်း နိုင်အောင် ကူညီကောင်း ကူညီနိုင်မည် ဖြစ်လေသည်။ ကျင့်စဉ်လမ်း၏ လုပ်ငန်းစဉ် အချို့ကို ဆန်းလျန် ရေးရေး သဘောပေါက်လာပြီ ဖြစ်လေသည်။

“ဓားဝိညာဉ်” ကိုယ်တိုင်မှာ ကျင့်စဉ်အခြေခံ ပညာတစ်ခုပင် ဖြစ်လေသည်။

သင်္ချာ သဘောတရားအတိုင်း ပြောမည်ဆိုလျှင် မူလအခြေခံ ကိန်းဂဏန်း တစ်ခုတွင် အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား လိုရာကို လုပ်ယူ၍ ရလေသည်။ ဒဿမ နေရာမှာလည်း ဆယ်လုံးမှ အလုံးတစ်ရာထိ ရှိနိုင်သလို အဆုံးမရှိလည်း ဖြစ်နိုင်လေသည်။

တာအိုကျင့်စဉ် လမ်းမှာ အဆုံးမရှိပေ။ ထို့အတူ ဓားသိုင်းပညာမှာလည်း အဆုံးမရှိပေ။

ချင်းရွှမ်ခန်းမ ဆောင်တွင် ဆရာသခင် ကျန်းရော့ရွှီးနှင့် ဆန်းလျန်မှာ ဟိုင်သန်းအဆင့် မိုးမြေ ပဲ့တင်သံကို ဆုံးသည်အထိ နားထောင် နေကြလေသည်။ အချိန်ငါးရက် ကြာခဲ့ပြီ ဖြစ်လေသည်။ ထိုအသံမှာ ပုံမှန်အားဖြင့် ရှစ်ညနှင့် ကိုးရက်တိုင်တိုင် ကြာတတ်လေသည်။

ကိုးညနှင့်ကိုးရက် ကြာသွားလျှင်တော့ ဆရာသခင် ကျန်းရော့ရွှီး သိပ်ပြီး မကြိုက်ချင်တော့ပါ။ ကိုးညနှင့်ကိုးရက် ဖြစ်သွားလျှင် ကိုးဂဏန်း အစွန်းရောက်သွားခြင်း ဖြစ်လေသည်။ ဟိုင်သန်းအဆင့်၏ ပုံပြောင်းခြင်းအဆင့် ကိုးခု အောင်မြင်လျှင်ပင် ရှစ်ညနှင့် ကိုးရက်အထိသာ မိုးမြေပဲ့တင်သံကို ကြားရမည် ဖြစ်လေသည်။

ဟိုင်သန်းအဆင့်၏ ပုံပြောင်းခြင်း အဆင့် ရှစ်ခုရသည် ဖြစ်စေ၊ ကိုးခုရသည် ဖြစ်စေ သိပ်ပြီးတော့ ထူးခြားခြင်း မရှိပါ။ သို့သော် ချန်ကျန့်မေကဲ့သို့ မာနကြီးသူ တစ်ယောက်အနေဖြင့် ရှစ်ခုသာ အောင်မြင်ခဲ့လျှင် လည်ပင်းတွင် ငါးရိုး စူးနေသကဲ့သို့ ခံရခက်နေမည် ဖြစ်လေသည်။ ထိုသို့ ခံရခက်ခက် ဖြစ်နေပါက ရှေ့ဆက်ရမည့် ကျင့်စဉ်လမ်းအတွက် အနှောင့်အယှက် ဖြစ်နိုင်လေသည်။

မည်သို့ပင်ဖြစ်စေ ချင်းရွှမ်နတ်တံခါးမှ စစ်မှန်သည့် တပည့် အသစ်တစ်ယောက် ပေါ်ထွက် လာသည်မှာ များစွာ ဂုဏ်ယူစရာပင် ဖြစ်လေသည်။

စစ်မှန်သည့် တပည့်အဖြစ် သတ်မှတ်ခံရပြီ ဆိုလျှင်တော့ ပညာရှင်အဆင့် ရောက်သွားပြီ ဖြစ်ပြီး ဆရာသခင် တစ်ပါးအဖြစ် စာရင်းဝင်သွားပြီ ဖြစ်လေသည်။ အကြောင်း အမျိုးမျိုးကြောင့် သေဆုံးသွားရသည့် ဆရာသခင်များ၏ နေရာတွင် စစ်မှန်သည့် တပည့်က ဆရာသခင်အဖြစ် နေရာဝင်ယူ ရလေသည်။ ထိုသို့ ဆရာသခင်နေရာသို့ ရယူရန်အတွက် စစ်မှန်သည့် တပည့်က ငြင်းဆန်ပါက အခြား စစ်မှန်သည့် တပည့်တစ်ယောက် ထပ်မံ ပေါ်ပေါက်လာမှသာ နေရာပေးရန် ဆုံးဖြတ်လေ့ ရှိလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset