Switch Mode

အခန်း (၉၁)

သွေးဓားကျင့်စဉ် (မလိုတဲ့စွမ်းအားကို လျှော့ချပြီး လိုတဲ့စွမ်းအားကို စုပ်ယူခြင်း)

ဗုဒ္ဓဘာသာ ဖြစ်ပါစေ၊ တာအိုဝါဒ ဖြစ်ပါစေ ဟန်ချက်ညီမှုများဖြင့် တည်ဆောက်ထားသည့် ကျင့်စဉ် လမ်းများပင် ဖြစ်လေသည်။ သို့သော် ထိုကျင့်စဉ်လမ်း နှစ်ရပ်လုံးမှ သူတော်စင်များမှာ မကောင်းမှုနှင့် မိစ္ဆာနတ်ဆိုးများကို နှိမ်နင်းရန်အတွက် အမှန်တရားဘက်မှ ရပ်တည်ကြသူများ ချည်းပင် ဖြစ်လေသည်။

ထို့ပြင် တောတောင်ရေမြေ သဘာဝတရား များများက ကျင့်ကြံသူ၏ ကျင့်စဉ်များအပေါ်တွင် အကျိုး သက်ရောက်မှု ရှိသလို နတ်မိစ္ဆာများ ကျင့်ကြံသည့် ကျင့်စဉ်များအတွက်လည်း အကျိုး သက်ရောက် လေသည်။ နှစ်ပေါင်းများစွာ အတွင်းတွင် သူတော်စင် ကျင့်ကြံသူများ၏ နှိမ်နင်းမှုများကြောင့် လည်းကောင်း၊ အရည်အချင်း ပြည့်ဝသည့် ကျင့်ကြံသူ လူငယ်များကြောင့် လည်းကောင်း၊ မိစ္ဆာဂိုဏ်းများမှာ အားနည်း လာကြရလေသည်။ နတ်မိစ္ဆာ ဘုရင်တစ်ပါးတည်းဖြင့် နတ်မိစ္ဆာ ဂိုဏ်းများကို ဦးမဆောင်နိုင်တော့ပေ။ ထို့ကြောင့် နတ်မိစ္ဆာဘုရင်များ အချင်းချင်း ပူးပေါင်းလာကြ ရလေသည်။

အရည်အချင်း ပြည့်ဝသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ရန်အတွက် နှစ်ပေါင်း နှစ်ရာနီးပါး ကျင့်ကြံကြရ လေသည်။ သို့သော် နတ်မိစ္ဆာဂိုဏ်းတစ်ခုတွင် နတ်မိစ္ဆာဘုရင် တစ်ပါးဖြစ်ရန်အတွက် နှစ်ပေါင်း တစ်ထောင်ကြာအောင် ကြိုးစားရလေသည်။ ထိုနတ်မိစ္ဆာဂိုဏ်းမှာ ကြီးမားခြင်း မရှိလျှင် ထိုဂိုဏ်း ကြီးထွားလာရန်အတွက် နောက်ထပ်နှစ်ပေါင်း တစ်သောင်းက ထပ်မံကြိုးစား ကြရပြန် လေသည်။

ထို့ကြောင့် မိစ္ဆာဂိုဏ်းများထဲတွင် စွမ်းအားကြီးမားသည့် ဂိုဏ်းများလည်း ရှိနေခြင်းပင် ဖြစ်လေသည်။ သို့သော် ကျင့်ကြံသူ လောကတွင် စည်းရှိလေသည်။ မိစ္ဆာဂိုဏ်းကြီး မည်မျှ ကြီးပါစေ လူ့လောကကို ထိခိုက်အောင် ပြုလုပ်ခြင်း မရှိသရွေ့ ကျင့်ကြံသူများကလည်း သူတို့ကို စတင် တိုက်ခိုက်ခြင်း မပြုလုပ်ကြပေ။ နတ်မိစ္ဆာများလည်း သူတို့ဂိုဏ်းနှင့် သူတို့ နေကြပြီး ကျင့်ကြံသူများ ကလည်း ကိုယ့်လမ်းကိုယ် လျှောက်ကြလေသည်။

ဗုဒ္ဓဘာသာဂိုဏ်းများမှာ နည်းပါးသည့်တိုင် စွမ်းအားကြီးမား ကြလေသည်။  သို့သော် ခေါင်းကိုးလုံး မင်းကြီးကတော့ ကျင်းကွမ်း ဝတ်ကျောင်းတော်ကို ကြောက်ရွံ့ခြင်း မရှိပေ။

သို့သော် … သူက ဟိုင်သခင်ကြီးကိုလည်း မယုံကြည်နိုင်သေးပေ။

ခေါင်းကိုးလုံးမင်းကြီး တုံ့ဆိုင်းနေခြင်းကို ဟိုင်သခင်ကြီးက အံ့သြခြင်း မရှိပါ။

နတ်မိစ္ဆာ ဘုရင်တစ်ပါး ဖြစ်လာရန်အတွက် နတ်မိစ္ဆာ တစ်ယောက်မှာ အခက်အခဲများစွာ ဖြတ်သန်း ကြရမည် ဖြစ်လေသည်။ နတ်မိစ္ဆာ တစ်ယောက်မှာ လူသားအသွင် ဖန်ဆင်းနိုင်သည့် တန်ခိုးစွမ်းအား ရရှိရန်အတွက်ပင် လွန်စွာမှ ခက်ခဲစွာ ကျင့်ကြံကြိုးစား ကြရလေသည်။ ထို့ကြောင့် ရှိရင်းစွဲ အနေအထား ပျက်ကာ သူတော်စင်များ နှိမ်နင်းခြင်း ခံရမည့် အဖြစ်ကို မည်သည့် နတ်မိစ္ဆာ ဘုရင်မှ မလိုလားကြပေ။

သို့သော် ခေါင်းကိုးလုံးမင်းကြီး တဖြည်းဖြည်းနှင့် သဘောတူ လက်ခံလာမည်ဟု ဟိုင်သခင်ကြီးက ယုံကြည် ထားလေသည်။ နတ်မိစ္ဆာဘုရင်များမှာ ရွေးချယ် စဉ်းစားရသည့် အလုပ်များကို သိပ်ပြီး ကြိုက်နှစ်သက်ကြခြင်း မရှိပေ။ သို့သော် ရွေးချယ်မှု မှန်ကန်ရန်တော့ လိုအပ်လေသည်။ လူသားအသွင် ရရှိသည်အထိ ခက်ခဲစွာ လေ့ကျင့်ပြီးနောက်ပိုင်း ကျင့်စဉ်လမ်းတွင် ပိုပြီး မြင့်မားသည့် အဆင့်သို့ တက်လှမ်း လိုကြလေသည်။

ခေါင်းကိုးလုံး မင်းကြီးမှာ လက်ရှိနတ်မိစ္ဆာ ဘုရင်ကြီးတစ်ပါး အဖြစ် နေရာရရှိ ထားခြင်းမှာ ခပ်လွယ်လွယ်ဖြင့် ကံကောင်း လွန်းသောကြောင့် ရရှိထားခြင်း မဟုတ်ပေ။

ထို့ကြောင့် ပိုပြီးမြင့်မားသည့် ကျင့်စဉ်လမ်းကို တက်လှမ်းနိုင်မည်ဆိုသည့် ဟိုင်သခင်ကြီး၏ ကမ်းလှမ်းချက်ကို ငြင်းဆန်ရန်မှာ ခက်ခဲနေလေသည်။

“နောင်တော် ကျုပ်က မင်းကိုမယုံတာ မဟုတ်ပါဘူး။ ကျုပ်က သက်သေ အထောက်အထား မရှိဘဲ အပြောသက်သက်နဲ့တော့ မလုပ်နိုင်ဘူးလေ။ ကျုပ်မှာ ခေါင်းကိုးလုံး ရှိတယ်ဆိုပေမယ့် ကျုပ် ခေါင်းတစ်လုံးတောင် အဆုံးရှုံး ခံချင်တာ မဟုတ်ဘူး”

ခေါင်းကိုးလုံးမင်းကြီးက ပြောလိုက်လေသည်။

သူ၏ ဦးခေါင်းကိုးလုံးမှာ ဦးခေါင်းတစ်လုံးလျှင် အသက်တစ်ချောင်း ဖြစ်လေသည်။ ထိုအချက်က သူ့အတွက် အသက်အာမခံပင် ဖြစ်လေသည်။ ထိုသို့ ဦးခေါင်းကိုးလုံး အသက်ကိုးချောင်းဖြင့် မွေးဖွားလာခြင်းမှာ သူ၏ မွေးရာပါ ကံကောင်းခြင်း တန်ခိုးစွမ်းအားပင် ဖြစ်လေသည်။ ထို့အတွက်လည်း သူကများစွာ ဂုဏ်ယူထားသူ ဖြစ်လေသည်။ အသက်ကိုးချောင်း ရှိသည့် နတ်မိစ္ဆာဆိုသည်မှာ ရှားပါးလွန်းသည်မဟုတ်ပါလား။

တစ်ချိန်တည်းမှာပင် သူက ဟိုင်သခင်ကြီး သူ့ကို လှည့်စားမည် ကိုလည်း စိုးရိမ်နေမိ လေသည်။

ဟိုင်သခင်ကြီး ခေါင်းကိုမော့ပြီး ခေါင်းကိုးလုံး မင်းကြီးကို တစ်ချက် ကြည့်လိုက်သည်။

“ညီတော် ခေါင်းကိုးလုံးက ကျုပ်ကို မယုံဘူးဆိုရင် ကျုပ်က မိုးမြေသက်သေနဲ့ ကျိန်ဆိုပါ့မယ်”

ဟု ဟိုင်သခင်ကြီးက အေးဆေးစွာ ပြောလိုက်လေသည်။

ထိုစကားကို ကြားလိုက်ရသည့်အခါတွင်တော့ ခေါင်းကိုးလုံး မင်းကြီးမှာ အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။ မိုးမြေ သက်သေဖြင့် ကျိန်ဆိုခြင်းဆိုသည်မှာ ဝိညာဉ် စွမ်းအားများကို သက်သေ ခေါ်ယူခြင်းပင် ဖြစ်လေသည်။ ထိုသို့ ကျိန်ဆိုခြင်းမှာ ကျင့်စဉ်လမ်းနှင့်လည်း ပတ်သက် ဆက်နွယ်နေလေသည်။ ထိုသို့ ကျိန်ဆိုခြင်းအားဖြင့် ဟိုင်သခင်ကြီး၏ စိတ်ရင်းအမှန်ကို ပေါ်လွင်စေမည် ဖြစ်လေသည်။ လူတစ်ယောက်၏ စိတ်ဆိုသည်က ခန့်မှန်းရခက်လေသည်။ သို့သော် ယုံကြည်နိုင်လောက်သည့် အာမခံချက် ရမည်ဆိုလျှင်တော့ သံသယများကို ကျော်လွှားနိုင်မည် ဖြစ်လေသည်။

ထို့နောက်တွင်တော့ ခေါင်းကိုးလုံးမင်းကြီးနှင့် ဟိုင်သခင်ကြီးတို့သည် မိုးမြေသစ္စာ ကျိန်ဆို လိုက်ကြလေသည်။ ကျင်းကွမ်း ဝတ်ကျောင်းတော်တွင် အမှန်တကယ် ယွဲ့ကွမ်း ဗောဓိဿကျ၏ ဓာတ်တော်ရှိမည် ဆိုပါက အတူတကွ ရယူရန်နှင့် ရရှိလာမည့် တန်ခိုးစွမ်းအားကို မျှတစွာ ခွဲဝေယူရန် သစ္စာထား လုပ်ဆောင်ရန် သူတို့နှစ်ယောက် ကျိန်ဆိုလိုက်ကြ လေသည်။

***

မြွေမိစ္ဆာမကို သတ်ပြီးပြီးချင်းပင် ဆန်းလျန် ထွက်ခွာလာခဲ့လေသည်။ ဆန်းလျန်မှာ မြွေမိစ္ဆာမ ပြောသည့် ဟိုင်သခင်ကြီးဆိုသူကို သိရှိခြင်း မရှိပါ။ သို့သော် မြွေမိစ္ဆာမကို သတ်ပြီးသည့်နောက် ဆန်းလျန်က ထိုနေရာတွင် ဆက်နေသည် အထိတော့ မမိုက်မဲခဲ့ပေ။

ကျွန်းမှာ အလွန်ကြီးမားသည့် ကျွန်းတစ်ကျွန်း မဟုတ်ပေ။ ဆန်းလျန်က ကျွန်းတစ်ဖက်ဆီသို့ အမြန်သွားလိုက် လေသည်။ ထို့နောက် မိုးမြေ စွမ်းအားများကို စုစည်းကို ပင်လယ်ပြင်ကို ဖြတ်သန်း ခရီးနှင်ခဲ့ လေတော့သည်။

ဆန်းလျန်ထွက်သွားပြီး နေ့တစ်ဝက်လောက် အကြာတွင်တော့ သေဆုံးနေသည့် မြွေမိစ္ဆာမ၏ ဘေးနားတွင် ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူရွယ်တစ်ယောက် ပေါ်လာလေသည်။ ထိုသူမှာ ဟိုင်သခင်ကြီးပင် ဖြစ်လေသည်။

ဟိုင်သခင်ကြီးသည် မြေပြင်ကိုကြည့်ကာ ဂါထာမန္တန် တစ်ပုဒ်ကို ရွတ်ဆိုလိုက်လေသည်။ ထိုဂါထာမှာ ခက်ခဲနက်နဲပြီး ရှုတ်ထွေးသည့် ဂါထာတစ်ပုဒ် ဖြစ်လေသည်။ ထို့နောက် သူက လေထဲတွင် စက်ဝိုင်းပုံသဏ္ဌာန် တစ်ခုကို ရေးဆွဲလိုက်လေသည်။ ထိုအခါ လေထုထဲတွင် မှန်တစ်ချပ် ပေါ်လာလေသည်။

ဟိုင်သခင်ကြီး အသုံးပြုလိုက်သည့် တန်ခိုးစွမ်းအားမှာ “ယွမ်ကွမ်း ခြေရာခံပညာ” ဖြစ်လေသည်။ ဖြစ်ခဲ့သည့် အကြောင်းအရာများ အားလုံးကို ပြန်မြင် နိုင်လေသည်။

ဟိုင်သခင်ကြီးက မှန်ကို ကြည့်လိုက်သည်။ ဆန်းလျန်က သူ၏ လက်ကို မြွေမိစ္ဆာကြီး၏ လည်ပင်းကို ချိန်ရွယ်ထားပြီး မြွေမိစ္ဆာကြီးမှာ ငြိမ်သက်နေသည်ကို တွေ့လိုက်ရလေသည်။

“ချင်းရွှမ် နတ်တံခါးက နတ်သက်ခြွေ ဓားသိုင်းလား။ မဖြစ်နိုင်ဘူး။ ဒီဓားသိုင်းက အခြေခံ အဆင့်သာသာရယ်။ ဒါပေမယ့် သူက ဒီဓားသိုင်းကို အသုံးပြုပြီး စိတ်ဝိညာဉ်ကို တိုက်ခိုက်ခဲ့တာပဲ။ ဒီဓားသိုင်းကို ဝေဖန်လို့ မရပါလား”

ဟု ရေရွတ် လိုက်လေသည်။

ဆန်းလျန်သာ ချင်းရွှမ်နတ်တံခါး ကဲ့သို့သော နေရာမျိုးမှ မဟုတ်လျှင် ဟိုင်သခင်ကြီးမှာ ချက်ချင်းပင် ဆန်းလျန်ကို ဖမ်းဆီး သတ်ဖြတ်ပစ်မည် ဖြစ်လေသည်။ သို့သော် သူ့တွင် လုပ်စရာ ကိစ္စကြီးလည်း ရှိနေသေးသည့် အတွက် မလိုအပ်ဘဲ ရန်မီး မပွားလိုသေးပေ။

ချင်းရွှမ်းနတ်တံခါးမှာ ရှေးယခင်နှစ်များ တုန်းကကဲ့သို့ အင်အား ကြီးမားခြင်း မရှိတော့သည့်တိုင် နှစ်ပေါင်း ထောင်နှင့်ချီကာ ရပ်တည်နေသည့် ကြီးမားသည့် နတ်ဘုရား ကျောင်းတော်ကြီး တစ်ခု ဖြစ်လေသည်။ ထို့ပြင် ထိုကျောင်းတော်ကို စောင့်ရှောက်ပေးနေသည့် နတ်ဘုရားများလည်း ရှိနေနိုင်သည် မဟုတ်ပါလား။

ဟိုင်သခင်ကြီးက လက်တစ်ဖက်ကို ၀ှေ့ယမ်းလိုက်လေသည်။ ချက်ချင်းပင် တောအုပ် တစ်ခုလုံးတွင် မြူများဖြင့် အုံ့ဆိုင်းသွားလေသည်။ ထိုမြူများသည် ကျွန်းတစ်ခုလုံးသို့ တဖြည်းဖြည်း ဖုံးလွှမ်းသွားလေသည်။ နောက်ဆုံးတွင်တော့ ကျွန်းကြီးတစ်ခုလုံး ထူးဆန်းစွာ ပျောက်ကွယ် သွားလေတော့သည်။ အပြင်ဘက်မှ ကြည့်လျှင် မည်သည့် ကျွန်းကိုမျှ တွေ့ရမည် မဟုတ်တော့ပေ။

ပင်လယ်သတ္တဝါ ဝေလငါးကြီးသာ ပင်လယ်ထဲတွင် ရှိနေလေသည်။ ထို ပင်လယ် သတ္တဝါကြီးက သီချင်း သီဆိုနေဆဲ ဖြစ်လေသည်။

***

ဆန်းလျန်မှာ ချင်းရွှမ်နတ်တံခါး၏ အရှိန်အဝါကြောင့်သာ အသက်အန္တရာယ်မှ ကင်းလွတ် ခဲ့သည်ကို မသိခဲ့ပါ။ သူက ချင်းရွှမ် နတ်တံခါးသို့ အပြန်လမ်းကြောင်းကို မှတ်မိသော်လည်း ရေစီးကြောင်း လမ်းကြောင်းအမှန်ကို သိရန် အတော်ကြိုးစား လိုက်ရလေသည်။

ဆန်းလျန် ချင်းရွှမ်နတ်တံခါးသို့ ပြန်ရောက်လာသည့် အခါတွင်တော့ အချိန် တစ်လတိတိ ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။

ထိုက်ယီတောင်ထိပ်တွင် ပုံမှန်အတိုင်းပင် တိမ်တိုက်များနှင့် မြူခိုးများ ဝန်းရံနေလေသည်။

ဆရာသခင် ကျန်းရော့ရွှီးမှာ ကျောက်သလွန်ထက်တွင် တင်ပျဉ်ခွေ ချိတ်ထိုင်နေပြီး ဆန်းလျန် ပြန်လာမည်ကို မျှော်နေလေသည်။

အချိန်တို အတွင်းမှာပင် ပြောင်းလဲမှုများစွာ ဖြစ်သွားသည့်အတွက် ကျန်းရော့ရွှီးမှာလည်း ဆန်းလျန်၏ ကျင့်စဉ်လမ်း အပေါ်တွင် ခန့်မှန်း တွက်ချက်၍ မရနိုင် ဖြစ်နေရလေသည်။

“တောင်ပင်လယ် ဖေးရှန်းကျွန်းစွယ်က လူတွေ အားလုံးနီးပါး အသတ် ခံလိုက်ရတာ မင်း မသိလိုက်ဘူးလား”

ဆရာသခင် ကျန်းရော့ရွှီးက သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်လေသည်။

“ဘာများဖြစ်ခဲ့လို့လဲ။ နတ်မိစ္ဆာကို ကျွန်တော် နှိမ်နင်းခဲ့တာပဲ”

ဆန်းလျန်က ပြန်ပြော လိုက်လေသည်။

သူကြားလိုက်ရသည့် သတင်းအတွက် မကျေမနပ် ဖြစ်သွားရသလို မယုံကြည်နိုင်လည်း ဖြစ်သွားရလေသည်။

“သွေးဓားကျင့်စဉ်ကို ကျင့်ကြံထားတဲ့ ကျင့်ကြံသူ တစ်ယောက်က မိုးမြေစွမ်းအားနဲ့ သွေးကို ပေါင်းစပ်ပြီး အားလုံးကို သတ်ပစ်ခဲ့တာပဲ။ မိန်းကလေးငယ်လေး တစ်ယောက်ပဲ အသက်ရှင် ကျန်ရစ်ခဲ့တယ်။ အဲဒီ ကလေးမလေးကို ကျုပ်ရဲ့ ဦးလေးက ကယ်တင်ခဲ့တယ်”

ဆရာသခင် ကျန်းရော့ရွှီးက အသေးစိတ် ရှင်းပြ လိုက်လေသည်။

“သွေးဓားကျင့်စဉ် ဟုတ်လား”

ဆန်းလျန်စိတ်များ ရှုပ်ထွေး သွားရလေသည်။

“သွေးဓားကျင့်စဉ်” အကြောင်းကို သူမည်သည့် စာအုပ်ထဲတွင်မျှ ဖတ်ဖူးခြင်း မရှိပေ။ ထိုက်ဝေ့ထိုင် ခန်းမဆောင်တွင်လည်း ထိုသွေးဓား ကျင့်စဉ်အကြောင်း မှတ်တမ်း တင်ထားသည်ကို မတွေ့ရှိရပေ။

“အဲဒီဓားသိုင်းက တန်ခိုးစွမ်းအား တစ်ခုပဲ။ အခြားသူတွေရဲ့ အတွင်းအားနဲ့ သွေးတွေကို စုပ်ယူ စားသုံးတာပဲ။ အဲဒီလို စုပ်ယူ စားသုံးတဲ့အတွက် ကျင့်ကြံမှုအဆင့် မြင့်တက်သွားရတယ်။ မလိုတဲ့ စွမ်းအားကို လျှော့ချပြီး လိုတဲ့ စွမ်းအားကို စုပ်ယူလို့ ရတယ်။ ကျင့်စဉ်လမ်းကို အဲဒီ ဓားသိုင်းပညာနဲ့ အဆင့်တက်လို့ ရတယ်”

ကျန်းရော့ရွှီးက ဆန်းလျန်၏ မျက်နှာအမူအရာကို တစ်ချက် အကဲခတ်လိုက်ရင်း ပြောလိုက် လေသည်။

“အဲဒီကျင့်စဉ်နဲ့ နတ်ဘုရားတစ်ပါး ဖြစ်လာမယ်ဆိုရင် အခြား ဘေးထွက်ဆိုးကျိုး မရှိနိုင်ဘူးလား”

ဆန်းလျန်က မေးလိုက်လေသည်။

“မရှိနိုင်ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒုက္ခ ရောက်လိမ့်မယ်။ ဘာလို့လဲဆိုတော့ အခြားသူတွေကို သတ်ပြီးမှ စွမ်းအားစုပ်ယူတဲ့ ကျင့်စဉ် ဖြစ်တဲ့အတွက် ဟိုင်သန်းအဆင့်ကို ခပ်မြန်မြန်နဲ့ နှစ်ပေါင်း နှစ်ဆယ်အတွင်း ရောက်သွားနိုင်တယ်။ နှစ်ပေါင်း ငါးဆယ်အတွင်း ကျင့်စဉ်အားလုံး ပြီးမြောက် အောင်မြင်သွားလိမ့်မယ်။ ဒါပေမယ့် အဲဒီလို အောင်မြင်ပြီး နတ်ဘုရားတစ်ပါး ဖြစ်လာပြီ ဆိုရင်တော့ သူလုပ်ခဲ့တဲ့ အပြစ်တွေအတွက် မိုးကောင်းကင် တံခါးဝကို ရောက်တာနဲ့ အပြစ်စီရင်တာကို ခံရလိမ့်မယ်”

ဆရာသခင် ကျန်းရော့ရွှီးက ပြောပြ လိုက်လေသည်။

“ဒါဆို အဲဒီဓားသိုင်းကို အရင်က လေ့ကျင့်ဖူးတဲ့ သူတွေရော ရှိလား”

ဆန်းလျန်က ဓားသိုင်းအကြောင်းကို ချိန်ဆတွေးတောရင်း မေးလိုက်လေသည်။

“အဲဒီကျင့်စဉ်ကို သင်ကြားပေးတဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိတယ်။ နောက်ဆုံးတော့ အဲဒီဂိုဏ်း တစ်ခုလုံး အမြစ်ပြတ် သုတ်သင် ခံလိုက်ရတယ်။ အသက်ရှင် ကျန်ရစ်သူ တစ်ယောက်ကိုလည်း ကျင့်ကြံသူ ငါးယောက်က သတ်ဖြတ် လိုက်ကြတယ်။ အဲဒီလူရဲ့ ဝိညာဉ်ကိုပါ သုတ်သင် ပစ်လိုက်ကြတယ်”

ဆရာသခင် ကျန်းရော့ရွှီးက ဆန်းလျန်ကို သေသေချာချာ ရှင်းပြလိုက်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset