ပိုင်ရှောင်ချန်းမှာ ယခင်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ကတောက်ကဆဖြစ်ခဲ့ဖူးသည်ဖြစ်ပြီး ထိုအချိန်ကပင် သူတို့၏ မှော်အတတ်များမှာ ဂိုဏ်းနာမည်အတိုင်း မိစ္ဆာတာအိုနှင့် ဆက်စပ်နေသည့် မှော်အတတ်များဖြစ်ကြောင်း သိသည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကပေးသည့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၏ အချက်အလက်များမှာ မှန်ကန်ပြီး ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။ သူတို့၏မှော်အတတ်များမှာ အလွန့်အလွန်ကိုပင် ထူးဆန်းလှပေသည်။
ပိုင်ရှောင်ချန်းက ထူးဆန်းစွာတရင်းတနှီးသိနေသည်ဟု ခံစားရသော အပြင်အားကျင့်ကြံသူ၏နောက်တွင် ပေါ်လာသည့် ဧရာမလက်ကြီးဖြစ်စေ တိရစ္ဆာန်မျက်နှာနှင့်လူခန္ဓာကိုယ်ရှိသော အကောင်ကြီးများဖြစ်စေ ရွှီရှောင်ရှန်း၏ အလောင်းပြုပြင်သည့်မှော်အတတ်ဖြစ်စေ ထိုအရာအားလုံးမှာ ပြင်းထန်သည့် သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ချိတ်ဆက်နေသည့် အလားပင် ထင်မှတ်ရသည်။
ရွှီရှောင်ရှန်းက အနီးသို့ရောက်လာသောအခါ ပိုင်ရှောင်ချန်းဆီသို့ လက်ချောင်းကိုဝှေ့ယမ်းလိုက်သောအခါ အနက်ရောင်ဆံပင်ရှိသော ဖုတ်ကောင်ကိုးကောင်မှာ ပိုင်ရှောင်ချန်းဆီသို့ ကြယ်ကိုးစင်းလွင့်လာသည့်အလား ပျံဝဲလာတော့သည်။
၎င်းတို့ထံမှာ ထွက်နေသည့် သေမင်း အခိုးအငွေ့များမှာ လေထဲထိမြင့်တက်သွားပြီး သူတို့၏ စူးရှရှအော်သံများမှာ ပိုင်ရှောင်ချန်း၏ ဘေးပတ်ပတ်လည်တစ်နေရာလုံးကို လွှမ်းခြုံသွားလေသည်။
ပိုင်ရှောင်ချန်း၏မျက်လုံးများ ဝင်းလက်လာပြီး လှုပ်ရှားလိုက်သောအခါ သူ၏ဘေးနားတွင် ရွှေရောင်အလင်းတန်းများ တောက်ပလာတော့သည်။ သူ၏လက်နှစ်ချောင်းမှာ လျှပ်စီးကဲ့သို့ အရောက်လက်သွားပြီး အနက်ရောင်ဆံပင်ရှိသော ဖုတ်ကောင်တစ်ကောင်၏ လည်ပင်းကို ချိုးလိုက်တော့သည်။
အက်ကွဲသံတစ်ခုထွက်လာပြီး ထိုဖုတ်ကောင်ကြီး၏ ခေါင်းမှာ ဘေးသို့စောင်းသွားတော့သည်။ သို့သော်လည်း ၎င်းက မသေသေးပေ။ သူက ပိုင်ရှောင်ချန်းကို လှမ်းထိုးလိုက်သောအခါ ပိုင်ရှောင်ချန်းက လက်ဝါးကိုသုံးကာ ဘေးဘက်သို့ ပျံလွင့်နေသောဆံပင်များနှင့်အတူ ခုန်ရှောင်လိုက်လေသည်။
ထိုလှုပ်ရှားမှု၏နောက်တွင် ဒီရေစီးကြောင်း ကိုးခု၏ ပြင်းထန်သော စွမ်းအင်များပါသဖြင့် လေပြင်းတစ်ခုတိုက်ခတ်သွားပြီး အရပ်မျက်နှာပေါင်းစုံသို့ ပျံ့သွားတော့သည်။ နဂါးနှင့်ဆင်တို့၏ စွမ်းအားလည်းပေါ်ထွက်လာပြီး အင်အားပြင်းတိုက်ကွက်တစ်ခုဖြစ်သွား၍ အနက်ရောင်ဆံပင်ရှိသောဖုတ်ကောင်အားလုံးမှာ လွင့်ထွက်သွားကြတော့သည်။ ထို့နောက် ပိုင်ရှောင်ချန်းက ရွှီရှောင်ရှန်း ဆီသို့ ပြေးသွားလိုက်လေသည်။
ပိုင်ရှောင်ချန်းက လက်သီးတစ်ချက်လှမ်းထိုးလိုက်သောအခါ ရွှီရှောင်ရှန်း၏ မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားသည်။
အုန်းခနဲအသံကြီးတစ်ခုထွက်လာပြီး ရွှီရှောင်ရှန်းမှာ သွေးတစ်ပွက်အန်သွားပြီး ချက်ချင်းပင် အကာအကွယ် မှော်ပစ္စည်းများစွာကို ထုတ်သုံးလိုက်လေသည်။ သူ့တွင်အကာအကွယ် များစွာရှိပါသော်လည်း သူက အပြင်းအထန်ဒဏ်ရာရရှိသွားပြီး လက်သီးချက်၏စွမ်းအားကြောင့် နောက်သို့မီတာရာကျော် လွင့်ထွက်သွားတော့သည်။
တချိန်ထဲမှာပင် ဝိညာဥ်စွယ်နှင့် ရှန်ကွမ်းထျန်ယုံတို့ကလည်း ပူးပေါင်းတိုက်ကွက်တစ်ခု ဖော်ထုတ်လိုက်သည်။
ပိုင်ရှောင်ချန်းကမူ တစ်ခဏလေးမှ မရပ်ပေ။ နောက်သို့လှည့်ကာ အရှိန်ကုန်တင်ကာ ထွက်ပြေးလိုက်တော့သည်။ သူက ဝိညာဥ်စွယ်၊ ရွှီရှောင်ရှန်းနှင့် ရှန်ကွမ်းထျန်ယုံတို့ကို တချိန်ထဲတွင် အလွယ်တကူ အနိုင်ယူနိုင်မည်မဟုတ်ကြောင်း သိလေသည်။ ထို့အပြင် သူတို့ကို သေစေနိုင်လောက်သည့်တိုက်ကွက်များထုတ်ခွင့်လည်း သူကမပေးချင်ပေ။
သူထွက်ပြေးသွားသောအခါ အခြားဂိုဏ်းသုံးဂိုဏ်းမှ ဂိုဏ်းသားများမှာ နီးကပ်လာလေသည်။ သူတို့အားလုံးက ကောင်းကင်စီးကြောင်းစွမ်းအင်ကို လိုချင်နေကြသော်လည်း ပိုင်ရှောင်ချန်းဆီတွင်ရှိနေသည်ဖြစ်သဖြင့် တစ်ယောက်ချင်းဆီ မတိုက်ခိုက်ရဲဖြစ်နေခဲ့ကြခြင်းဖြစ်သည်။
သို့သော်လည်း အုပ်စုလိုက်ဖြစ်သွားသောအခါ သူတို့မှာ ပိုင်ရှောင်ချန်းကို နှေးကွေးအောင်လုပ်ပြီး ဝိညာဥ်စွယ်၊ ရွှီရှောင်ရှန်းနှင့် ရှန်ကွမ်းထျန်းယုံတို့အား သူ့ကိုလိုက်ဖမ်းခွင့် ပေးနိုင်မည်ဟု ယုံကြည်ချက်ရှိနေကြသည်။
ထိုသို့သာ ဖမ်းနိုင်ပါက အဆုံးတွင် ကောင်းကင်စီးကြောင်းစွမ်းအင်ကို သူတို့ရရှိရန်မှာ မဖြစ်နိုင်သည့်အရာတစ်ခု မဟုတ်တော့မည်မှာတော့ အသေအချာပင်။
ဆန်းကြယ်နတ်ရေစင်ဂိုဏ်း၏ ဂိုဏ်းသားများစွာတွင် အရိပ်စိတ်အာရုံမြင်ကွင်းများရှိကြလေသည်။ သူတို့ထဲတွင် အချို့က အားနည်းပြီး အချို့က စွမ်းအားကြီးသော ပုံရိပ်ယောင်များကို ထုတ်လွှတ်ပြီး ပိုင်ရှောင်ချန်းကို အတန်ငယ်ဝေးသောနေရာမှ တိုက်ခိုက်ကြလေသည်။
ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားများမှာလည်း သူတို့၏ ကိုယ်ပိုင် ထူးခြားသောတိုက်ခိုက်ရေး နည်းလမ်းများရှိကြပြီး အဆိပ်၊ ပေါက်ကွဲစေသည့်ဆေးလုံး အစရှိသော အရာများ ပါဝင်သည်။
မှော်ပညာရပ်များက တလက်လက်တောက်ပလျက် ထွက်ပေါ်လာပြီး ပိုင်ရှောင်ချန်းကို ချက်ချင်းဝိုင်းရံသွားကာ အုန်းခနဲမြည်သံများ ပေါ်လာတော့သည်။ သူ၏မျက်နှာပေါ်တွင် စိုးရိမ်သော အမူအရာတစ်ခုပေါ်လာသည်။ သူ၏ ထာဝရရွှေအရေပြားအတွက်ပင်လျှင် ထိုသို့ အဆက်မပြတ်တိုက်ခိုက်မှုများမှာ ခေါင်းခဲစရာကြီးတစ်ခု ဖြစ်နေတော့သည်။
” မင်းတို့ကောင်တွေက တကယ်ကို သေချင်နေကြတာပဲ။ ” သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့် စိတ်များတောက်ပလာပြီး သူက ရုတ်ချည်း အလင်းတန်းရှည်ကြီးတစ်ခုအသွင်ပြောင်းသွားကာ သူ့ကိုဝိုင်းထားသည့် ဂိုဏ်းသားများဆီသို့ ပြေးသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းတွင် သူက ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသားတစ်ယောက်ကို ဝင်ဆောင့်လိုက်သောအခါ ထိုသူမှာ ဘေးသို့လွင့်စင်သွားကာ ပေါက်ကွဲသွားတော့သည်။
ထိုနည်းဖြင့် ပိုင်ရှောင်ချန်းက ပိတ်ဆို့ထားသော လူအုပ်ကြီးထဲမှ လွတ်ထွက်လာသည်။ သို့သော်လည်း သူထိုသို့လွတ်မြောက်သွားသောအခါ သူ၏ရှေ့မှ အသံတစ်သံကို လှမ်းကြားလိုက်ရလေသည်။
” ပိုင်ရှောင်ချန်း။ ငါတို့က တစ်ဂိုဏ်းထဲကဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ ကောင်းကင်စီးကြောင်းစွမ်းအင်ကို ငါတိို့လုခွင့်မရှိဘူးဆိုတာတော့ မဟုတ်ဘူး ” ထိုအသံပိုင်ရှင်မှာ ပေဟန်လဲ့ဖြစ်ပြီး သူ၏ ဆန့်တန်းထားသော လက်ထဲတွင် လောင်ကျွမ်းနေသည့် နေလုံးကြီးတစ်လုံးကိုကိုင်ကာ ရှေ့သို့ပြေးလာနေလေသည်။ ထိုနေလုံးကြီးမှာ လျင်မြန်စွာပင် အနက်ရောင်သို့ ပြောင်းလဲနေသည်။ ထိုသိုင်းကွက်မှာ သူ၏ ဆည်းဆာမန္တန်ကျင့်စဥ်မှြဖစ်သည်။
” ပေဟန်လဲ့ ” ပိုင်ရှောင်ချန်းက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။ ပေဟန်လဲ့တိုက်ခိုက်လိုက်သည့် အချိန်တွင် ခပ်လှမ်းလှမ်းတွင် အလင်းတန်းတစ်ခုပေါ်ထွက်လာပြီး ကရုဏာမဲ့သိုင်း စွမ်းအင်လှိုင်းများ တဝီဝီမြည်ဟည်းလျက် ထွက်ပေါ်လာသည်။ ထိုလူကား ကျုံးတာအိုပင်ဖြစ်သည်။
သူက ထိခိုက်ဒဏ်ရာရနေသည်ကိုလည်း ဂရုမစိုက်သည့်အပြင် ပိုင်ရှောင်ချန်းက အလွန်အမင်းစွမ်းအားကြီးနေသည်ကိုလည်း ဂရုမစိုက်ပေ။ သူက တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
သူက ပေဟန်လဲ့နှင့် တညီတညွှတ်ထဲနီးပါးပင် တိုက်ကွက်ကိုထုတ်လိုက်လေသည်။ ကရုဏာမဲ့သိုင်း၏ မှော်သင်္ကေတများထွက်ပေါ်လာပြီး မည်းမှောင်နေသော နေလုံးကြီးနှင့်အတူ ပေါင်းစပ်သွားကာ ပိုင်ရှောင်ချန်းဆီသို့ ပြေးသွားတော့သည်။
ထိုကြီးမားသော ပေါက်ကွဲမှုကြီးကြောင့် ပိုင်ရှောင်ချန်းမှာ ရှေ့ဆက်၍ မရတော့ပေ။ အနည်းငယ်ကြာသောအခါ ဝိညာဥ်စွယ်၊ ရွှီရှောင်ရှန်းနှင့် ရှန်ကွမ်းထျန်ယုံတို့မှာ ရောက်လာသဖြင့် သူက ရန်သူငါိးယောက်နှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
ထိုငါးယောက်စလုံးမှာ လက်ရွေးစင်များထဲမှ ထိပ်သီးလက်ရွေးစင်များဖြစ်ကြသဖြင့် သူတို့ပေါင်းစည်းလိုက်သောအခါ သူတို့၏ စွမ်းအားမှာ ဖော်ပြ၍ပင်မရတော့ပေ။
ထိုနေရာရှိ အခြားဂိုဏ်းသားများအတွက်မူ မျှော်လင့်ချက်ရောင်ချည်များ ပြန်သန်းလာတော့သည်။ ဘက်ပေါင်းစုံမှ လူအယောက်တစ်ရာကျော်ဝင်လာကြပြီး အင်အားများပေါင်းစည်းကာ ပိုင်ရှောင်ချန်းကို သတ်ပြီး ကောင်းကင်စီးကြောင်းစွမ်းအင်ကို လုယူရန် ကြိုးစားလိုက်ကြတော့သည်။
” ပိုင်ရှောင်ချန်း။ မင်း စွမ်းအားကြီးရင်ကြီးမယ်။ ဒါပေမဲ ငါတို့အကုန်လုံးပေါင်းနေရင်တော့ မင်းမနိုင်နိုင်ဘူးနော်။ အဲ့ ကောင်းကင်စီးကြောင်းစွမ်းအင်ကို ပေးလိုက်စမ်းပါ။”
” ပိုင်ရှောင်ချန်း… ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်ဆိုတာ အရေးကြီးလွန်းတယ်ကွ။ အဲ့စွမ်းအင်ပိုင်ဆိုင်ထားတဲ့ ဘယ့်သူကိုမဆို ငါတို့က ချမှာပဲ။ ဒီလိုအခြေအနေမှာ ရောင်းရင်းဂိုဏ်းသားဆိုတာ မရှိတော့ဘူး။ စွမ်းအားအကြီးဆုံးလူက အသာရစမြဲပဲ ”
” အဲ့ ကောင်းကင်စီးကြောင်းစွမ်းအင်ကို လက်လွှတ်လိုက်စမ်းကွာ။”
လူများက အော်ဟစ်နေစဥ် ဝိညာဥ်စွယ်မှာ လှုပ်ရှားလိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားများကို ထုတ်ယူလိုက်လေသည်။ သူက ကြောက်မက်ဖွယ် ဝိညာဥ်လက်ချောင်းကြီး တစ်ချောင်းအသွင်ပြောင်းလဲသွားသည်။ လက်ချောင်းတစ်ချောင်းသာဖြစ်သော်လည်း ယခင်က ဝိညာဥ်လက်ကြီးနှင့်ယှဥ်လျှင် ပို၍ပင် ကြီးမားလေသည်။ ၎င်းက ကောင်းကင်ကြီး၏တစ်ဝက်တိတိကို ဖုံးလွှမ်းသွားကာ ပိုင်ရှောင်ချန်းဆီသို့ ကျဆင်းလာပြီး အရာအားလုံးမှာ ပြင်းထန်စွာ တုန်ခါနေတော့သည်။
ရှန်ကွမ်းထျန်ယုံ၏ မျက်လုံးများကမူ သတ်ဖြတ်လိုသည့် စိတ်များဖြင့် အရောင်လက်နေတော့သည်။ အသက်ပြင်းပြင်းရှူလိုက်ပြီး သူက ဓားချီများကို သူ၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းဆီမှ ထုတ်ယူလိုက်လေသည်။ သူ၏ ချီ၊ သွေး၊ ဝိညာဥ်နှင့် ကျင့်ကြံခြင်းအခြေခံတို့မှာ အပြင်ဘက်တွင်ရုပ်လုံးပေါ်လာပြီး ဧရာမ ကောင်းကင်ဓားတစ်လက်အသွင်ပြောင်းလဲသွားကာ ပိုင်ရှောင်ချန်းကို ခုတ်ဖြတ် တော့မည့်အတိုင်းပင်။
ရွှီရှောင်ရှန်းကမူ စူးရှစွာအော်ဟစ်လိုက်သောအခါ သူ၏ နဖူးမှာ ပွင့်သွားတော့သည်။ သွေးရောင်အလင်းတန်းတစ်ခုမှာ မထင်မှတ်ပဲ ထွက်ပေါ်လာပြီး အနက်ရောင်ဆံပင်ရှိသော ဖုတ်ကောင်ကြီးတစ်ကောင်အသွင် ပြောင်းလဲသွားသည်။ ထိုဖုတ်ကောင်ကြီးမှာ ရှေးဟောင်းဆန်ပြီး ၎င်း ပေါ်ထွက်လာသည့်အခါ သေခြင်းတရားအခိုးအငွေ့များက ပျံ့ထွက်လာပြီး နေရာတစ်ခုလုံးမှာ တွန့်လိမ်သွားတော့သည်။ ၎င်း၏ ရှည်လျားပြီး ငှက်လက်သည်းနှင့်တူသော လက်သည်းများနှင့် ဓားသွားကဲ့သို့ ချွန်ထက်နေသည့် အစွယ်များကို ဝှေ့ယမ်းရင်း ပိုင်ရှောင်ချန်းဆီသို့ ခုန်လာတော့သည်။
ထိုမျှနှင့်တင် မပြီးဆုံးသေးပေ။ ပေဟန်လဲ့ကလည်း အံကြိတ်ကာ မျက်လုံးများမှိတ်လိုက်သောအခါ သူ၏ခန္ဓာကိုယ်ထဲမှ အနက်ရောင် မီးတောက်များ ထွက်လာတော့သည်။ ထိုမီးတောက်များက သူ့ကိုဖုံးလွှမ်းသွားပြီး ပို၍ ကြီးမားလာကာ သူက အနက်ရောက်နေလုံးကြီးတစ်လုံးအသွင်ပြောင်းလဲသွား၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး ပိုင်ရှောင်ချန်းပေါ်သို့ ပြုတ်ကျလာတော့သည်။
ထို့နောက် ကျုံးတာအိုကျန်သေးပေသည်။ သူက လက်နှစ်ဖက်သုံးကာ မန္တန်လက်ကွက်တစ်ခုဖော်လိုက်သည့်အခါ စူးရှသည့် လေသံတစ်ခုထွက်လာသည်။ မှော်သင်္ကေတများ တန်းစီကာထွက်လာပြီး တစ်ခုချင်းစီတွင် ကရုဏာမဲ့သိုင်း၏ စွမ်းအားများ ပါဝင်နေသည်။ ထိုမှော်သင်္ကေတများမှာ လျင်မြန်စွာဖြင့် မည်သည့်အရာကိုမဆို တိခနဲဖြတ်ပစ်နိုင်သည့် ကြိုးတစ်ချောင်းအသွင်ပြောင်းလဲသွားသည်။ ကျုံးတာအို၏ မျက်နှာမှာ သွေးဆုတ်ကာ ဖြူဖတ်နေပြီး သွေးများပင်အန်နေတော့သည်။ သူ့အသွင်က အသက်ကြီးသွားသည့် ပုံစံပင်ပေါက်သွားတော့သည်။
ထိပ်သီးလက်ရွေးစင် ငါးယောက်မှာ တပြိုင်နက်ထဲ တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ထိုလက်ရွေးစင်များအပြင် အစွမ်းထက်ဆုံးသော မှော်အတတ်များကို ထုတ်သုံးနေကြသည့် ချီစုစည်းမှုအဆင့်ဂိုဏ်းသား အုပ်စုလိုက်လည်း ပါသေးပေသည်။ ထိုနေရာတစ်ခုလုံးမှာ အရောင်စုံအလင်းတန်းများဖြင့်ပြည့်နှက်သွားပြီး မရေမတွက်နိုင်သည့် နတ်ဘုရားစွမ်းအင်များမှာ ပိုင်ရှောင်ချန်းပေါ်သို့ ကျလာတော့သည်။
ထိုသို့ ပြန်းထန်လှသည့် အန္တရာယ်ကြောင့် ပိုင်ရှောင်ချန်းမှာ မှင်တက်နေတော့သည်။ ဤအချိန်တွင် သူက ကောင်းကင်စီးကြောင်းစွမ်းအင်၏ တစ်ဝက်လောက်ကို စုပ်ယူပြီးဖြစ်ပြီး ထိုစွမ်းအင်မှာ သူ၏ချီလမ်းကြောင်းများကိုဖြတ်၍ သူ၏ စိတ်စွမ်းအင်ပင်လယ်ကိုးစင်းအတွင်းသို့ စီးဝင်နေပြီဖြစ်သည်။ ဤအချိန်တွင်သာ သူရပ်တန့်လိုက်ပါက ပြင်းထန်သည့် ဆိုးကျိုးများစွာကို ခံစားရမည် ဖြစ်သည်။
ထို့အပြင် သူက ကောင်းကင်စီးကြောင်းစွမ်းအင်ကို ရရှိပြီးဖြစ်ရာ လက်မလွှတ်လိုတော့ပေ။ ထိပ်သီးလက်ရွေးစင်ငါးယောက် သူ့ကိုတစ်ချိန်ထဲတွင် ဝိုင်း၍တိုက်ခိုက်သည့်အခါ သူ၏တုံ့ပြန်မှုမှာ တစ်ခုထဲပင်။
အဲဒီတော့ ဘာဖြစ်လဲ။
အရောင်လက်နေသော မျက်လုံးများဖြင့် သူက အသက်ပြင်းပြင်းရှူလိုက်လေသည်။ မရေမတွက်နိုင်သည့် နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်များက သူ့ဆီကို တဝုန်းဝုန်းမြည်ဟည်းလျက် ပြေးလာသောအခါ သူက လက်နှစ်ဖက်ကိို လေပေါ်သို့မြှောက်လိုက်ပြီး စကားလုံးလေးလုံးကို ရွတ်ဆိုလိုက်သည်။
” ရွှယ်ကျဲ….ကော်တု…”
အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံခြင်းအခြေခံနှင့် ပြီးပြည့်စုံသည့် ရွှယ်ကျဲကော်တုကိုသုံးသည်မှာ သူ့အတွက် ယခုသည် ပထမဆုံးအကြိမ်ဖြစ်သည်။
ထိုစကားလုံးများက သူ၏ပါးစပ်ထဲက ထွက်သွားသောအခါ ထိုနေရာရှိ အရာရာတိုင်းမှာ ထိုင်းမှိုင်းဝေဝါးသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်နှင့် မြေကြီးမှာ ပျောက်ကွယ်သွားပြီး ထိုနေရာတစ်ခုလုံးမှာ ရေများစိုရွှဲနေသည့် ရွှံ့ဗွက်အိုင်ကြီးဖြစ်သွားတော့သည်။ ထိုနေရာတွင် ရေငွေ့များဖြင့်ပြည့်နှက်နေပြီး သူ၏ အဝတ်အစားများနှင့် ဆံပင်များပင်လျှင် ရေများစိုနေတော့သည်။
ပထမအဆင့်အခြေခိုင်မာခြင်းအဆင့်ထက် များစွာသာလွန်ပြီး ဖော်ပြ၍မရနိုင်လောက်သည့် စွမ်းအားကြီး အငွေ့အသက်တစ်ခု ထွက်လာတော့သည်။ အလယ်အဆင့် အခြေခိုင်မာခြင်းအဆင့်နှင့်ပင် ပို၍တူနေပြီဖြစ်သည်။
ယခုကဲ့သို့ လူတစ်ယောက်၏ လက်ရှိကျင့်ကြံခြင်းအဆင့်ကို ကျော်လွန်၍ ထွက်ပေါ်လာသော ပညာရပ်မှာ လျှို့ဝှက်မှော်အတတ်တစ်ခုဖြစ်ချေသည်။
အားနည်းသော လျှို့ဝှက်မှော်အတတ်များရှိသလို စွမ်းအားကြီး မှော်အတတ်များလည်းရှိသည်။ ရွှယ်ကျဲကော်တုနှင့် ဝိညာဥ်ခေါ်သံတို့မှာ တန်းတူ နာမည်ကြီးကြသော်လည်း ပိုင်ရှောင်ချန်းမှာ မြေစီးကြောင်း အခြေခိုင်မာခြင်းအဆင့်၏ ထိပ်ဆုံးသို့ရောက်နေပြီဖြစ်သည်။ သူက သူ၏သက်စောင့်ဝိညာဥ်ကို သိရှိသွားပြီဖြစ်ပြီး လူသားဘဝ၏ ပထမဆုံး အတားအဆီးကိုလည်း ဖောက်ထွက်ပြီးဖြစ်လေသည်။ ထိုအကြောင်းများကြောင့် သူ၏ ရွှယ်ကျဲကော်တုမှာ ဝိညာဥ်စွယ်၏ ဝိညာဥ်ခေါ်သံထက် များစွာသာလွန်နေပြီဖြစ်သည်။
သူက ထိုသိုင်းကွက်ကိုထုတ်လိုက်လျှင် ကောင်းကင်ကိုဖျက်စီးနိုင်ပြီး ကမ္ဘာမြေကြီးကိုပင် ကွဲအက်စေနိုင်သည်။
ထိပ်သီးလက်ရွေးစင်ငါးယောက်၏ မျက်နှာများမှာ အမူအရာပျက်သွားကြပြီး အခြားကျင့်ကြံသူများ၏ တုံ့ပြန်မှုမှာလည်း ထိုနည်းတူပင်။ ထိုအချိန်တွင် သူတို့၏မှော်အတတ်အားလုံးမှာ ထိန်းချုပ်ခံလိုက်ရပြီး ပျက်စီးတော့မည့်အလား တုန်ရီနေကြတော့သည်။
” သူ့ကို ဒီလိုဆက်လွှတ်ထားလို့ မဖြစ်ဘူး ”
” တိုက်ကြဟေ့။” လူတိုင်းက အလန့်တကြား အော်ဟစ်နေကြတော့သည်။ တချိန်ထဲမှာပင် ထိပ်သီးလက်ရွေးစင်ငါးယောက်၏ မှော်အတတ်များမှာ အရှိန်ဖြင့် ပြေးလာနေတော့သည်။ ၎င်းတို့က ပိုင်ရှောင်ချန်းပေါ်သို့ကျသွားသောအခါ ထစ်ချုန်းသံကြီးများ ပေါ်ထွက်လာတော့သည်။ သို့သော်လည်း ထိုအချိန်တွင်ပင် ပိုင်ရှောင်ချန်းက သူ၏ မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်တော့သည်။
ချက်ချင်းပင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို တုန်ရီစေန်ိုင်သည့် ဧရာမ တောင်ကြီးတစ်လုံးပေါ်လာတော့သည်။ ထိုတောင်ကြီးက မီတာသုံးသောင်းအကျယ်ရှိသည့် ရွှံ့ဗွက်အိုင်ကြီးထဲမှနေ၍ မြင့်တက်လာခြင်းဖြစ်ပြီး ကမ္ဘာကြီးကို အစားထိုးသွားသည့်အလား ကောင်းကင်ထဲထိ မြင့်တက်သွားတော့သည်။
ထိုတောင်ကြီးမှာ အလွန်အမင်းကြီးမားလှပြီး တောင်စဥ်တန်းများကိုပြိုလဲစေပြီး ပင်လယ်များကိုပင်ခန်းခြောက်စေနိုင်သည့် ကြောက်မက်ဖွယ်အငွေ့အသက်များထုတ်လွှတ်နေသည်။ ဖော်ပြ၍မရနိုင်သော ဖိအားများက လူတိုင်းပေါ်သို့ကျရောက်သွားပြီး လမ်းတွင်ရှိသမျှအရာအားလုံးကို ချေဖျက်ပစ်နေတော့သည်။
၎င်းမှာ ရှိရှိသမျှ အရာအာလုံးကို ပြားကပ်သွားအောင် ဖိနှိပ်ချင်နေသည့် ပုံစံပင်။
ထိပ်သီးလက်ရွေးစင်ငါးယောက်၏ မှော်အတတ်များမှာ မြက်ပင်ခြောက်လေးများသကဲ့သို့ ဖျက်စီးခံလိုက်ရတော့သည်။
သူတို့၏ ပါးစပ်မှ သွေးများပန်းထွက်လာပြီး မှင်တက်နေသော အမူအရာများမှာ သူတို့၏ မျက်နှာပေါ်တွင် ပေါ်နေတော့သည်။ သူတို့မှာ လွင့်ထွက်သွားပြီး သူတို့၏ ခန္ဓာကိုယ်ကိုပင် သူတို့ထိန်းချုပ်၍မရတော့ပေ။ ချီစုစည်းမှုအဆင့်ကျင့်ကြံသူများကမူ သူတို့အပေါ် ဖိအားကြီးသက်ရောက်လာသောအခါ သွေးပျက်ဖွယ်အသံများဖြင့် အော်ဟစ်နေကြတော့သည်။ တစ်ယောက်ပြီးတစ်ယောက် သူတို့မှာ ပေါက်ကွဲကုန်ကြပြီး သွေးများမှာ ပွက်ခနဲ ထွက်ကျလာကြသည်။
သူတို့မှာ ခန္ဓာရော ဝိညာဥ်ပါမကျန် ဖျက်စီးခံလိုက်ရပြီး လောကကြီးမှ ပျောက်ကွယ်သွားကြတော့သည်။