အခန်း (၉၀)

ယွဲ့ကွမ်းဗောဓိဿကျ

ဟိုင်သခင်ကြီး၏ မျိုးနွယ်မှာ “ဟိုင်” မျိုးရိုးမဟုတ်ပါ။ သို့သော် သူ၏ နာမည်အရင်းကို မည်သူမျှ မသိကြပါ။ ထို့ပြင် သူက အခြားသော ဒေသများတွင်သာ အနေအထိုင်များသူ ဖြစ်လေသည်။ ထို့ကြောင့် သူ့ကို ဟိုင်သခင်ကြီးဟုသာ သိထား ကြလေသည်။

သူက အမြဲတမ်း ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားတတ်ပြီး ဦးခေါင်းရှိ ဆံပင်ထက်တွင် ကျောက်စိမ်းဆံထိုး တစ်ခု ထိုးထားလေသည်။ သူ၏ နားသယ်စပ်မှ ဆံပင်ရှည် နှစ်စကိုလည်း ချထား လေသည်။ နက်မှောင်သော မျက်ခုံးမွေးများ ရှိပြီး နှာခေါင်းမှာတော့ နှာယောင်ကောက်ကောက်နှင့် ဖြစ်လေသည်။ သူ၏ မျက်နှာက အမြဲတမ်း ပြုံးနေသယောင် ဖြစ်နေပြီး လွန်စွာ ဆွဲဆောင်မှု ရှိလေသည်။

သို့သော်…

တကယ်တမ်း အနီးကပ်လေ့လာ ကြည့်လျှင်တော့ သူက တကယ်တမ်း ပြုံးနေခြင်း မဟုတ်ပါ။

လူ့လောကတွင်ဆိုလျှင် ဟိုင်သခင်ကြီး၏ ပုံစံမျိုးကို ဂုဏ်သရေရှိ အိမ်တော်များမှ သခင်ကြီး တစ်ယောက်အလား ထင်မှတ်ကြမည် ဖြစ်လေသည်။

ပယ်လယ်၏ မိုင်သုံးရာပတ်လည်ကို ခေါင်းကိုးလုံး မင်းကြီးက သိမ်းပိုက်လိုက်သည့် သတင်း ကြားသည့်အခါတွင်တော့ ဟိုင်သခင်ကြီးက ဝမ်းမြောက်ဝမ်းသာဖြင့် ဂုဏ်ပြုခဲ့လေသည်။ ဟိုင်သခင်ကြီးမှာ အလွန် အသက်ရှည်သူ ဖြစ်လေသည်။ သို့သော် သူ၏ အသက်ကို မည်သူမျှ မခန့်မှန်း နိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ပုံပန်းသဏ္ဌာန်မှာ အသက် ကြီးရင့်သွားခြင်း မရှိဘဲ တစ်သမတ်တည်း ဖြစ်နေသောကြောင့်ပင်။

ဟိုင်သခင်ကြီး ဆိုသူမှာ နတ်မိစ္ဆာတစ်ပါး ဖြစ်နိုင်သလို အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်နိုင်လေသည်။ အများစုကတော့ ဟိုင်သခင်ကြီးမှာ မည်သည့် နတ်ဘုရား ဂိုဏ်းနှင့်မှ မပတ်သက်သလို လူသားတစ်ယောက်လည်း မဟုတ်ဟု ပြောဆို ကြလေသည်။ မည်သူမျှလည်း ဟိုင်သခင်ကြီး၏ မူလရုပ်ပုံ အစစ်အမှန်ကို မမြင်ဖူးကြပေ။ စွမ်းအား ကြီးမားသည်ကတော့ ပြောစရာမရှိပေ။ စွမ်းအားကြီးမားသည့် ရန်သူများစွာကို အားတစ်ချက်ပင် မထုတ်ဘဲ အနိုင် ယူခဲ့သည် ချည်းပင် ဖြစ်လေသည်။ ထို့ကြောင့် မည်သူမျှ သူ့ကို အထင်မသေး ဝံ့ကြပေ။

ဟိုင်သခင်ကြီး ခရီးထွက်သွားသည်မှာ နှစ်ပေါင်းနှစ်ဆယ်ခန့် ရှိပြီ ဖြစ်လေသည်။ အချို့ သူများကတော့ ကမ္ဘာပေါ်ရှိ အခြား ဒေသကြီးများသို့ ခရီး နှင်နေသည်ဟု ပြောကြလေသည်။ အချို့ သူများကတော့ တိတ်တဆိတ် ကျင့်စဉ်လေ့ကျင့် နေသည်ဟု ပြောကြလေသည်။ လွန်ခဲ့သည့် တစ်နှစ် ခန့်ကတော့ ဟိုင်သခင်ကြီး ပြန်ရောက်လာလေသည်။ မည်သည့်နေရာက ပြန်ရောက် လာသည်လဲ ဆိုသည်ကိုတော့ မည်သူမျှ မပြောနိုင်ကြပါ။

ဟိုင်သခင်ကြီး ရောက်လာသည့် အခါတိုင်း သူ၏ စီးတော်ယဉ်က ပါစမြဲ ဖြစ်လေသည်။ သူ၏ စီးတော်ယဉ်ဆိုသည်မှာ အလွန် ကြီးမားသည့် ဝေလငါးကြီးတစ်ကောင် ဖြစ်လေသည်။ ရှေးဟောင်း ဒဏ္ဍာရီလာ ကွင်းဖိန်မျိုးနွယ် ဝေလငါးကြီး ဖြစ်လေသည်။ ထိုဝေလငါးကြီးမှာ လူသားအသွင်သို့ ကူးပြောင်းနိုင်ခြင်း မရှိသည့်တိုင် သူ၏ တန်ခိုးစွမ်းအားမှာ သာမန်အဆင့် နတ်ဘုရားများထက်တော့ မနိမ့်ပေ။

ထိုဧရာမ ဝေလငါးကြီး အသက်ရှူသွင်း ရှူထုတ်လိုက်သည်နှင့် မိုင်တစ်ထောင်ပတ်လည်ရှိ အဆင့်မြင့် ကျင့်ကြံသူများပင် ခံစားမိကြလေသည်။ ထိုသို့ခံစားမိသည်နှင့် ဟိုင်သခင်ကြီး လာပြီ ဆိုသည်ကို ရိပ်မိသိရှိ နိုင်ကြလေသည်။

ဟိုင်သခင်ကြီးက ခေါင်းကိုးလုံး မင်းကြီးထံသို့ လာလည်သည့် အချိန်တွင် သူ၏စီးတော် ဝေလငါးကြီးကို ခေါ်လာ၍ မရပေ။ အဘယ်ကြောင့်ဆိုသော် ဝေလငါးကြီးမှာ အလွန် ကြီးမားသောကြောင့် ဖြစ်လေသည်။

ရေအောက်နန်းတော်တွင် မိစ္ဆာနတ်သမီး အကအဖွဲ့မှ ကခုန်နေကြ လေသည်။ သူတို့၏ လက်များမှာ လှပလွန်းပြီး ခြေထောက်လေးများမှာလည်း သွယ်လျနေကြ လေသည်။ သူမတို့ ကခုန်လိုက်သည်နှင့် ပေါင်တွင်းသား ဖြူဖြူလေးများကို မြင်တွေ့နေရလေသည်။

ဘေးတစ်ဖက်တစ်ချက်စီတွင် ရေအောက် စစ်သည်တော်များနှင့် ဂဏန်း စစ်သည်တော်များ အတန်းနှစ်တန်း တန်းစီပြီး နေရာယူထားကြလေသည်။ သူတို့မှာ မိန်းကလေးများ ကခုန်သည်ကို ကြည့်ချင်စိတ်များ ဖြစ်ပေါ်နေမိ ကြလေသည်။

ခေါင်းကိုးလုံး မင်းကြီးနှင့် ဟိုင်သခင်ကြီးတို့မှာ အရက်သောက်ရင်း စကားစမြည် ပြောဆိုနေကြသည်။

ဟိုင်သခင်ကြီးမှာ ယဉ်ကျေးသိမ်မွေ့သူ ဖြစ်လေသည်။ ခေါင်းကိုးလုံး မင်းကြီးက ကြမ်းတမ်း ရိုင်းစိုင်းသူ ဖြစ်လေသည်။ သို့သော် ယခုအချိန်မှာတော့ သူတို့နှစ်ယောက်မှာ လေပေးဖြောင့် နေကြလေသည်။

ခေါင်းကိုးလုံး မင်းကြီးမှာ ဟိုင်သခင်ကြီးနှင့် စကားပြောရင်း ပျော်ရွှင် နေလေတော့သည်။ ဟိုင်သခင်ကြီးမှာ အတွေ့အကြုံများပြီး အသိပညာလည်း ကြွယ်ဝသူ ဖြစ်လေသည်။ သူက ထူးခြား ဆန်းကြယ်သည့် အကြောင်းအရာများစွာကို သိလေသည်။

ရုတ်တရက် ဟိုင်သခင်ကြီးက မျက်မှောင်တစ်ချက် တွန့်သွားလေသည်။

ခေါင်းကိုးလုံး မင်းကြီးက သတိထားမိပြီး ချက်ချင်းမေးလိုက်သည်။

“ဘာများဖြစ်လို့လဲ နောင်တော်”

ဟိုင်သခင်ကြီးက တစ်ချက်ပြုံးလိုက်ပြီး အရက်တစ်ငုံ သောက်လိုက်ရင်း…

“ဘာမှတော့မဟုတ်ပါဘူး။ ကျုပ်ရဲ့ ကိုယ်လုပ်တော်တစ်ယောက် အသတ် ခံလိုက်ရတယ်”

ဟု အေးအေးဆေးဆေးပင် ပြန်ပြောလိုက်လေသည်။

“တစ်ခုခုများ ဖြစ်သလားလို့ပါ။ မိန်းမတစ်ယောက်ကတော့ ဘာအရေးလဲ။ နောင်တော်ရဲ့ အစွမ်းနဲ့ဆိုရင် မိုးပေါ်က နတ်အပျိုစင်တွေကိုတောင် ရအောင် ယူနိုင်တာပဲကို။ ဒါပေမယ့် နောင်တော် စိတ်ဆိုးတယ်ဆိုရင်တော့ သတ်သွားတဲ့ကောင်ကို နောင်တော်အတွက် ဒီက ညီတော်က အဲဒီ လူသတ်သမားကို ဖမ်းပြီး ပညာပေးပစ်လိုက်မယ်”

ခေါင်းကိုးလုံး မင်းကြီးက ရယ်မောရင်း ပြောလိုက်လေသည်။

“မိန်းမတစ်ယောက်တောင် မဟုတ်ပါဘူးကွာ။ မြွေလေးတစ်ကောင်ကို ပုံစံပြောင်းနည်းလေး သင်ပေးထားတာ။ အသတ်မခံရရင်တောင် နောင်နှစ်တစ်ရာ နှစ်ရာလောက်ဆို သေသွားမှာပါ။ ဒီကိစ္စအတွက် ခေါင်းရှုပ်မခံနဲ့။ ဒီတစ်ခါ တွေ့ဆုံပွဲပြီးရင် ညီတော် ခေါင်းကိုးလုံးနဲ့ နောက်တစ်ခေါက် ဆုံဖို့ မလွယ်တော့ဘူး။ ကျုပ်က ညီတော်ဆီက အကူအညီ တောင်းစရာ ရှိသေးတယ်”

ဟိုင်သခင်ကြီးက ခေါင်းကိုးလုံး မင်းကြီးထံ လာရောက်လည်ပတ်ရသည့် အဓိက အကြောင်းအရင်းကို ပြောလိုက်လေသည်။

မြွေမိစ္ဆာမ တစ်ကောင်သည် လူသားများနှင့်အတူ နှစ်ပေါင်းများစွာ နေခဲ့သည့်အတွက် ဝိညာဉ် စွမ်းအားများ ကောင်းလာပြီး လူလို နားလည်နိုင်သည့် အသိဉာဏ်လည်း ရလာလေသည်။ ထို့ပြင် သူမက ညှို့ယူခြင်း ကျင့်စဉ်အချို့ကို သင်ယူခဲ့လေသည်။ သူမ ဟိုင်သခင်ကြီးနှင့် အမှတ်မထင် တွေ့ဆုံ ခဲ့လေသည်။ ဟိုင်သခင်ကြီးက သူမကို လူသားအသွင် ဖန်ဆင်းနိုင်ရန် ကူညီပေးခဲ့လေသည်။

သာမန် နတ်မိစ္ဆာတစ်ကောင် လူသားအသွင် ကူးပြောင်းနိုင်ရန်မှာ ကျင့်စဉ်အဆင့် မြင့်မားမှသာ ရမည်ဖြစ်လေသည်။ အချို့ ကျင့်ကြံသူ ဂိုဏ်းများပင်လျှင် တောင်ပေါ်မှာ နတ်မိစ္ဆာများအား ခေါ်ယူပြီး ဂိုဏ်းအစောင့်အဖြစ် ထားတတ်ကြလေသည်။ သို့မဟုတ် သူတို့ဂိုဏ်းမှ ကျင့်ကြံသူ တပည့်များအတွက် ကိုယ်ရံတော်များအဖြစ် ထားရှိပေးကြလေသည်။

ထိုသို့သော အလုပ်များကို နတ်မိစ္ဆာ ဘုရင်ကြီးများက ပို၍ ပြုလုပ်လေ့ ရှိကြလေသည်။ ထိုနတ်မိစ္ဆာများမှာ ဝိညာဉ်စွမ်းအားနှင့် အသိဉာဏ် နိမ့်ကျသည့်အတွက် လူသားပုံသဏ္ဌာန် ပြောင်းလဲ ပြီးသည့်တိုင်အောင် သူတို့၏ တိရစ္ဆာန် စရိုက်များက ပေါ်လွင်နေလေသည်။

ထိုသို့သော သတ္တဝါများမှာ နတ်မိစ္ဆာဘုရင်တစ်ယောက် ဖြစ်လာနိုင်သည့် အလားအလာ မရှိလှပေ။

ဟိုင်သခင်ကြီးတွင် ကိုယ်လုပ်တော်များစွာ ရှိလေသည်။ ထို့ကြောင့် ကိုယ်လုပ်တော် တစ်ယောက် သေဆုံးသွားရခြင်းက သူ့အတွက် အရေးမကြီးပါ။ ထိုမြွေမိစ္ဆာမလေးမှာ သူ၏ ကိုယ်လုပ်တော် အသစ်တစ်ယောက် ဖြစ်သည့်တိုင်အောင် သူ့အတွက် အရေးမကြီးလှပေ။

ချင်းရွှမ်နတ်တံခါးမှာ သာမန်အားဖြင့် နတ်မိစ္ဆာ စစ်သည်တော် အစောင့်အကြပ်များ ရှိမနေတတ်ပါ။ ဆန်းလျန် ဖတ်ခဲ့သည့် စာအုပ်များထဲတွင်လည်း ကျင့်ကြံသူ လောကနှင့် ပတ်သက်ပြီး အများကြီး ရေးသားထားခြင်း မရှိပါ။ ထို့ကြောင့် နတ်မိစ္ဆာ သတ္တဝါများမှာ ကိုယ်ပိုင် အစွမ်းအစ မရှိသည့်တိုင် ပြင်ပ အကူအညီဖြင့် လူသားအသွင် ပြောင်း၍ရသည်ကို ဆန်းလျန်က မသိခဲ့ခြင်း ဖြစ်လေသည်။

ခေါင်းကိုးလုံး မင်းကြီး၏ မျက်နှာမှာ တည်ကြည်လေးနက် နေလေသည်။ ဟိုင်သခင်ကြီးမှာ စွမ်းအား ကြီးမားသည့်အပြင် အကန့်အသတ်မရှိသော တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်လေသည်။ ထို့ကြောင့် သူ့ကို အကူအညီတောင်းမည် ဆိုသည့်ကိစ္စမှာ တကယ် အရေးကြီးကိစ္စ ဖြစ်ရမည် ဖြစ်လေသည်။

အမှန်တော့ ဟိုင်သခင်ကြီးနှင့် ခေါင်းကိုးလုံးမင်းကြီးတို့ နှစ်ယောက်မှာ ရင်းနှီးသူများတော့ မဟုတ်ကြပေ။ ထို့ကြောင့် သူတို့ ဆက်ဆံရေးကို မထိခိုက်နိုင်ဘူး ဆိုလျှင် ဟိုင်သခင်ကြီး တောင်းသည့် အကူအညီကို ငြင်းပယ်ရန် ခေါင်းကိုးလုံးမင်းကြီးက တွေးထားလေသည်။

“နောင်တော် ဘာများ အကူအညီလိုလဲ သိပါရစေ”

ခေါင်းကိုးလုံး မင်းကြီးမှာ သူ့စိတ်ထဲတွင် တွေးထားပြီး ဖြစ်သော်လည်း နှုတ်ကတော့ အကူအညီ ပေးချင်ဟန်ဖြင့် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် မေးမြန်းလိုက်လေသည်။

“မင်းတို့ ငတုံးတွေ ငါဒီမှာ ဟိုင်သခင်ကြီးနဲ့ အရေးကြီးကိစ္စ တိုင်ပင်နေတာ မင်းတို့ မတွေ့ကြဘူးလား။ အားလုံး ဒီနေရာက ထွက်သွားကြစမ်း”

သူက နန်းဆောင်အတွင်းရှိ နတ်မိစ္ဆာများနှင့် မိစ္ဆာနတ်သမီးများ အားလုံးကို နှင်ထုတ် လိုက်လေသည်။

သူ၏ အသံမှာ ကြမ်းတမ်းပြီး နန်းဆောင်ထဲတွင် ပဲ့တင်ထပ်သွားလေသည်။ သိပ်မကြာခင်မှာပင် နတ်မိစ္ဆာများနှင့် မိစ္ဆာ နတ်သမီးများမှာ နန်းဆောင်အတွင်းမှ ထွက်ခွာသွားကြ လေတော့သည်။ နန်းဆောင် တစ်ခုလုံးမှာ ရှင်းလင်းသွားလေသည်။

ဟိုင်သခင်ကြီးက အလွန်အံ့သြသည့် မျက်နှာထားဖြင့်…

“ညီတော် ခေါင်းကိုးလုံး မင်းရဲ့တန်ခိုးစွမ်းအားက အတော် အားကောင်းလာတာပဲ။ မင်းလောက် တန်ခိုးစွမ်းအားကြီးတဲ့ တန်ခိုးရှင် ဒီလောကမှာ မရှိနိုင်တော့ဘူး”

ဟု ချီးကျူးစကား ပြောလိုက်လေသည်။

စွမ်းအားကြီးမားသည့် နတ်မိစ္ဆာများနှင့် နတ်ဆိုးများသာလျှင် “တန်ခိုးရှင်” ဟူသည့် ဝေါဟာရကို နားလည်နိုင်လေသည်။ ထို “တန်ခိုးရှင်” ဆိုသည့်စကားမှာ ဗုဒ္ဓဘုရားနှင့် ကျင့်စဉ်လမ်း အောင်မြင် ပြီးမြောက်သည့် နတ်ဘုရား ဆရာသခင်များမှ လွဲ၍ မည်သူ့ကိုမှ ဦးမညွှတ်သူကို ဆိုလိုခြင်း ဖြစ်လေသည်။

“ဒီလို များများ မြှောက်ပြောနေပြီ ဆိုရင်တော့ ငြင်းဖို့ ခက်ကုန်တော့မှာပဲ။ ငါ့ကိုသာ အကူအညီ တောင်းရင် ဒီတစ်ခါတော့ ငြင်းဖို့ခက်ပြီ”

ဟု ခေါင်းကိုးလုံးမင်းကြီးက တွေးနေမိလေသည်။

သူတို့နှစ်ယောက် စကားအနည်းငယ် ပြောပြီးသည့်နောက် ဟိုင်သခင်ကြီးက ….

“ညီတော် ခေါင်းကိုးလုံး “ယွဲ့ထော်” တိုင်းပြည်အကြောင်း မင်းကြားဖူးသလား”

မေးလိုက်လေသည်။

ခေါင်းကိုးလုံး မင်းကြီးမှာ ခေသူတစ်ယောက် မဟုတ်သည့်အတွက် သူ့ကို အရူးလုပ်၍ ရမည်မဟုတ်ကြောင်း ဟိုင်သခင်ကြီး ကောင်းစွာသိလေသည်။

“သိတာပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးထောင်လောက်က အဲဒီ တိုင်းပြည်မှာ ဗောဓိဿကျ တစ်ပါး ပွင့်ခဲ့ပြီး အလွန့်အလွန် ထူးခြားတဲ့ တရားတွေ ဟောပြော ချန်ထား ရစ်ခဲ့တယ်ဆိုပဲ။ အဲဒီတိုင်းပြည်က ကျင်းကွမ်း ဝတ်ကျောင်းတော်မှာ သတင်းသုံးခဲ့တာတဲ့။ ခုတော့ အဲဒီဝတ်ကျောင်းတော်မှာ ဆရာတော်ကြီး ပေါင်ယွဲ့ သတင်းသုံးနေပြီး အင်မတန် တန်ခိုးစွမ်းအား ကြီးမားတယ်လို့ ဆိုကြတယ်။ ကောင်းကင်မှာ ပျံသန်းကျက်စားနေတဲ့ သိန်းငှက်သခင်တောင် အခု အဲဒီဆရာတော်ထံ ခစားနေတယ်လို့ ကြားတယ်”

ဟု ခေါင်းကိုးလုံးမင်းကြီးက ပြန်ပြောလိုက်လေသည်။

“ညီတော်ခေါင်းကိုးလုံး မင်းပြောတာ မမှားဘူး။ ဒါပေမယ့် မင်းမသိသေးတာက အဲဒီ ယွဲ့ကွမ်း ဗောဓိဿကျက ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမတွေအတိုင်း ကျင့်ကြံခဲ့လို့ တရားအလင်း ရခဲ့တာတဲ့။ သူက ဗုဒ္ဓကျင့်စဉ် လမ်းတွေကို အကုန်နားလည် သဘောပေါက်ခဲ့တယ်။ ကျုပ်က ယွဲ့ကွမ်း ဗောဓိဿကျရဲ့ ဓာတ်တော် မွေတော်တွေကို လိုချင်နေတာ။ အဲဒီဓာတ်တော် မွေတော်တွေသာ ရရင် ကျုပ်ရဲ့ ကျင့်စဉ်လမ်း အောင်မြင်နိုင်ပြီလို့ မျှော်လင့်မိတယ်။ ဒါပေမယ့် ပေါင်ယွဲ့ ဆရာတော်က လွယ်တဲ့ ပုဂ္ဂိုလ်တော့ မဟုတ်ဘူး။ ဒါကြောင့် ကျုပ်က မင်းရဲ့ အကူအညီလိုတာပဲ။ ကျုပ်တို့သာ ယွဲ့ကွမ်း ဗောဓိဿကျရဲ့ ဓာတ်တွေ မွေတော်တွေကို ရရင် အတူတူ လေ့လာပြီး ကျင့်စဉ်လမ်း တိုးတက်အောင် လေ့ကျင့်ကြမယ်လေ”

ဟု ဟိုင်သခင်ကြီးက လျှို့ဝှက်ချက် အသေးစိတ်ကို ပြောပြလိုက်လေတော့သည်။

သူက လက်ထဲတွင် ကိုင်ထားသည့် အရက်ခွက်ကို ကြည့်နေရင်း ခေါင်းကိုးလုံး မင်းကြီးထံမှ အဖြေစကားကို စောင့်နေလိုက်လေသည်။

ခေါင်းကိုးလုံး မင်းကြီးကလည်း ဟိုင်သခင်ကြီးပြောသမျှကို တကယ်တမ်းတွင် ယုံကြည်ခြင်း မရှိပါ။ သို့သော် ယွဲ့ကွမ်း ဗောဓိဿကျ၏ ဓာတ်တော် မွေတော်များနှင့် ပတ်သက်သည့် ကိစ္စကတော့ သံသယ ဝင်စရာမရှိပေ။ အဘယ်ကြောင့်ဆိုသော် ခေတ်အဆက်ဆက် ကျင်းကွမ်း ဝတ်ကျောင်းတော်ကို စောင့်ရှောက်ခဲ့ကြသည့် ဘုန်းတော်ကြီးတိုင်းမှာ များစွာ အစွမ်းထက်ကြသူများ ဖြစ်လေသည်။

ဗုဒ္ဓ ကျင့်စဉ်များမှာ တာအို ကျင့်စဉ်များ ကဲ့သို့ပင် လွန်စွာမှ စွမ်းအားကြီးမား လေသည်။ သို့သော် ကျင့်ကြံနိုင်ရန် ခက်ခဲသည့် အတွက်သာ လူအနည်းငယ်သာ ကျင့်ကြံ နိုင်ကြခြင်း ဖြစ်လေသည်။ တာအို ကျင့်စဉ်ကတော့ ဆရာသခင်က တစ်ဆင့်ပြီးတစ်ဆင့် အဆင့် ကိုးဆင့်ကို သင်ပြပေးသည့်အတွက် တစ်ဆင့်ချင်း တက်လှမ်းနိုင်လေသည်။

မည်သို့ပင် ဖြစ်စေကာမူ ဗုဒ္ဓကျင့်စဉ်များမှာ လူတို့၏ ကိုးကွယ်ရာဖြစ်ပြီး မည်သူမျှ ငြင်းဆန်၍ မရသည့် အမှန်တရားများပင် ဖြစ်လေသည်။ ထို့ကြောင့် ခေတ်အဆက်ဆက် တရားအလင်း ရသည့် ဘုန်းတော်ကြီးများ၊ ဆရာတော်ကြီးများ ရှိနေ ခဲ့ကြခြင်းပင် ဖြစ်လေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset