Switch Mode

အခန်း (၈၉)

မတွေမဝေတိုက်ခိုက်ခြင်း

“ကျုပ်အတွက် အနှောင့်အယှက် ဖြစ်သွားတယ် ဆိုရင်ရော”

ဆန်းလျန်က ပုံမှန်ပင် ပြန်ပြောလိုက်လေသည်။

“ရှင်က အတော် နောက်တတ်တဲ့ သူပဲ”

မိန်းကလေးက ရောင်စုံဝတ်စုံ အင်္ကျီလက်ဖြင့် သူမပါးစပ်ကို ကာလိုက်ရင်း ရယ်မောကာ ပြောလိုက်လေသည်။

ဆန်းလျန် သက်ပြင်းချလိုက်ပြီး သူ၏ ညာလက်ကို အသာဖြန့်ပြ လိုက်သည်။ ထိုလက်ထဲတွင် သစ်ရွက်လေး တစ်ရွက်ရှိနေလေသည်။ ထိုသစ်ရွက်လေးမှာ သူ့လက်ပေါ် ကြွေကျ လာသောကြောင့် ဖမ်းယူ ထားခဲ့မိသည့် သစ်ရွက်လေး ဖြစ်လေသည်။

ထိုသစ်ရွက်လေးပေါ်တွင် ဆန်းလျန်က “လေပြင်းတိုက်ခတ် အင်းသင်္ကေတ” ကို ရေးသား ထားလေသည်။

အတွင်းအားကောင်းသည့် သိုင်းသမားတိုင်းမှာ သူတို့၏ ပတ်ဝန်းကျင်ရှိ မည်သည့် အရာကိုမဆို လူသတ်သည့် လက်နက်အဖြစ် အသုံးပြုနိုင်ကြလေသည်။ မြက်ပင်လေး တစ်ပင်၊ သစ်သားစလေး တစ်စ၊ ဝါးလုံးတစ်လုံး သို့မဟုတ် ကျောက်ခဲလေး တစ်လုံးပင် ဖြစ်ပါစေ သူတို့အတွက် လူသတ်လက်နက် ဖြစ်သွားနိုင်လေသည်။

စွမ်းအားကောင်းသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့် ဆန်းလျန်မှာလည်း သစ်ရွက်လေး တစ်ရွက်ပေါ်တွင်ပင် အင်းချပ် သင်္ကေတကို ရေးထားနိုင်လေသည်။

“လေပြင်းတိုက်ခတ် အင်းသင်္ကေတ” မှာ ကျင့်စဉ်အခြေခံ အင်းချပ်တစ်ခုပင် ဖြစ်လေသည်။ သို့သော် ဆန်းလျန်က ထိုအင်းချပ်ကို သစ်ရွက်လေး တစ်ရွက်ပေါ်တွင် ခပ်မြန်မြန်ပင် ရေးဆွဲ နိုင်ခဲ့ခြင်းကတော့ လွန်စွာမှ အံ့သြစရာ ကောင်းသည့် အချက်ပင် ဖြစ်လေသည်။ ထိုသစ်ရွက်လေးကို ဆန်းလျန်က အသံတစ်စက်ပင် မထွက်ဘဲ ရောင်စုံအင်္ကျီ ဝတ်ဆင်ထားသည့် မိန်းကလေးဆီသို့ ပစ်လွှတ် လိုက်လေသည်။ ထိုသစ်ရွက်လေး နောက်တွင် မမြင်ရသည့် မိုးမြေ စွမ်းအားများကလည်း အတူလိုက်ပါ သွားလေသည်။ ထို့ကြောင့် သစ်ရွက်လေး၏ အရှိန်မှာ အလွန်လျင်မြန် လွန်းလေသည်။ သစ်ရွက်လေးမှာ လေထဲတွင် တစ်ပတ် လည်သွားပြီး ရောင်စုံအင်္ကျီ ဝတ်ဆင်ထားသည့် မိန်းကလေး၏ လည်ပင်းဆီသို့ ဦးတည်သွားလေတော့သည်။

ထို သစ်ရွက်လေးက ရောင်စုံအင်္ကျီဝတ် မိန်းကလေး၏ လည်တိုင် လှလှလေးကို ဖြတ်တောက်ပစ်ရန် အရှိန်ဖြင့် ဝင်ရောက် လာလေသည်။

သို့သော် ရောင်စုံအင်္ကျီဝတ် မိန်းကလေးက လျင်မြန်စွာ ရှောင်တိမ်းလိုက်လေသည်။

သူမ၏ ရှောင်တိမ်းလိုက်ပုံက ထူးဆန်း လွန်းလေသည်။ သူမ၏ လှပကျော့ရှင်းသည့် လည်တိုင်လေးမှာ အရိုး မရှိသကဲ့သို့ စက်ဝိုင်းပုံသဏ္ဌာန် တစ်ပတ်လည်ကာ ဆန်းလျန် ပစ်လွှတ်လိုက်သည့် သစ်ရွက်လေးကို ရှောင်တိမ်းလိုက်ခြင်း ဖြစ်လေသည်။ ထိုကဲ့သို့ ရှောင်တိမ်း လိုက်ပုံမှာ လူသားတစ်ယောက်နှင့် မတူအောင် မြန်ဆန်လွန်းလှပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် သူမ၏ လည်ပင်းမှာ ပုံမှန် အနေအထားအတိုင်း ပြန်ဖြစ်သွားလေသည်။

သာမန်လူတစ်ယောက် ဆိုလျှင်တော့ သူမ လှုပ်ရှားမှုများကို သတိထားမိမည် မဟုတ်ပါ။ သို့သော် ဆန်းလျန်ကတော့ သူမမည်သို့ ရှောင်တိမ်းလိုက်သည်ကို တွေ့မြင်လိုက်ရလေသည်။ ဆန်းလျန် တွေ့မြင်လိုက်သည် ဆိုသော်လည်း အပြည့်အဝတွေ့မြင် လိုက်ရခြင်းတော့ မရှိပါ။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် သူမ၏ လှုပ်ရှားမှု မည်မျှ မြန်ဆန်သည်ကို သက်သေ ပြနေလေတော့သည်။

သူမ၏ အနက်ရောင်တောက်တောက် မျက်ဝန်းများမှာ အစိမ်းရောင်သို့ ပြောင်းလဲ သွားလေသည်။ ထိုအစိမ်းရောင် မျက်ဝန်းများမှ အရောင်လဲ့လဲ့လေး တောက်ပ နေလေသည်။ ထို မျက်ဝန်းများဖြင့် အကြည့်ခံရသူတိုင်း ကျောရိုးတစ်လျှောက် စိမ့်တက် သွားမတတ် ခံစားရမည် ဖြစ်လေသည်။

ဆန်းလျန်က သူမ၏ အကြည့်များကို ရင်ဆိုင်လိုက်သည်။ တစ်ချိန်ထဲမှာပင် မိန်းကလေးက ဆန်းလျန် ပစ်လွှတ်လိုက်သည့် သစ်ရွက်လေးကို သူမ၏ အနီရောင် နှုတ်ခမ်းနှစ်လွှာဖြင့် ကိုက်ထား လေသည်။ ထိုမြင်ကွင်းလေးမှာ ရင်ကို တထိတ်ထိတ် ခုန်စေသည့် မြင်ကွင်းမျိုးပင် ဖြစ်လေသည်။

သူမက သစ်ရွက်လေးကို မျိုချလိုက်ပြီး သူမ၏ နှုတ်ခမ်းသားများကို လျှာနီနီလေးဖြင့် တစ်ချက် သပ်လိုက်လေသည်။ လွန်စွာမှ ညှို့ငင်ဆွဲဆောင် နိုင်စွမ်းရှိသည့် မြင်ကွင်း ဖြစ်လေသည်။

လူတစ်ယောက်သာ သူမ၏ အကြည့်ဖြင့် ညှို့ယူခြင်းကို ခံရပါက ရမ္မက်ဆန္ဒများ ထကြွလာပြီး ဒုက္ခလှလှ ရောက်မည် ဖြစ်လေသည်။

ဆန်းလျန်တွင် ပြောစရာစကား မရှိတော့ပါ။ သူက မိန်းမပျို၏ လည်ပင်းများကို စူးစိုက် ကြည့်နေလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုလည်ပင်းများကသာ သူမကို အကောင်းဆုံး တိုက်ခိုက် နိုင်ရန်အတွက် အားနည်းချက် အရှိဆုံးနေရာ ဖြစ်သောကြောင့် ဖြစ်လေသည်။

သူ၏ ရန်သူမှာ လူသားတစ်ယောက် မဟုတ်သောကြောင့် ဆန်းလျန် ထိုသို့ အားနည်းချက် ရှာကာ တိုက်ခိုက်နေရခြင်း ဖြစ်လေသည်။ သူမဆီမှ ရက်စက်ပြီး သွေးအေးသည့် အငွေ့အသက်များ ထွက်နေလေသည်။

သူမ၏ လှပပြည့်စုံလွန်းသည့် မျက်နှာလေးက သူမကိုယ်မှ ထွက်နေသည့် အန္တရာယ် အငွေ့အသက်များကို ဖုံးလွှမ်း ထားနိုင်ခြင်း မရှိပေ။

သစ်ရွက်လေးပေါ်တွင် အင်းချပ်ရေးပြီး ပစ်လွှတ် လိုက်ခြင်းမှာ ဆန်းလျန်က သူမကို စမ်းသပ် လိုက်ခြင်းသာ ဖြစ်လေသည်။ ဆန်းလျန်၏ အဓိက ရည်ရွယ်ချက် မဟုတ်သေးပေ။

သို့သော် ….

ယခုတော့ ဆန်းလျန်၏ သံသယများက ပိုပြီး ခိုင်မာသွားပြီ ဖြစ်လေသည်။

“ကျွန်မကို ရှင်နဲ့ ပျော်ခွင့်ပေးမယ်ဆိုရင် ရှင့်အသက်ကို ချမ်းသာပေးမယ်။ ဘာလို့လဲဆိုတော့ ရှင်က လူချောလေးတစ်ယောက် ဖြစ်နေလို့ပဲ။ ဒါပေမယ့် မဟုတ်ဘူး ဆိုရင်တော့ ကျွန်မကို ရက်စက်တယ်လို့ မပြောနဲ့နော်”

ရောင်စုံအင်္ကျီဝတ် မိန်းကလေးက တစ်ချက် လှုပ်ရှားလိုက်ပြီး လေပြင်းတစ်ချက် တိုက်ခတ် လာလေသည်။

ရုတ်တရက် ….

ကြီးမားသည့် မြွေကြီး တစ်ကောင် အခွေလိုက်ကြီး ဆန်းလျန်ရှေ့တွင် ပေါ်လာလေသည်။

အံ့သြစရာ မြင်ကွင်းတစ်ခု ဖြစ်သော်လည်း ထိုမြွေကြီးကို ကြည့်ရသည်မှာ ကျင်းချင်း လောက်တော့ စွမ်းအားကြီးပုံ မရပေ။ ကျင်းချင်း၏ မူလပုံစံ ဖြစ်သည့် မြွေမိစ္ဆာ ပုံသဏ္ဌာန်မှာ ယခု တွေ့မြင်ရသည့် မြွေကြီးထက် ပိုပြီး ကြောက်မက်ဖွယ်ရာ ကောင်းလေသည်။

မိစ္ဆာတစ်ကောင် လူပုံသဏ္ဌာန် ပြောင်းရန်အတွက် တန်ခိုးစွမ်းအား များစွာ လိုအပ်လေသည်။ ရောင်စုံအင်္ကျီ ဝတ်ဆင်ထားသည့် မိန်းကလေးမှ မြွေမိစ္ဆာ ပုံသဏ္ဌာန် ပြောင်းလဲ လိုက်သည့်အတွက် ပတ်ဝန်းကျင်တွင် အသက်ဓာတ် စွမ်းအားများမှာ လျော့နည်း သွားလေသည်။

ဆန်းလျန် မြွေမိစ္ဆာကြီးကို ရင်ဆိုင်လိုက်လေသည်။ ဆန်းလျန်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီး မြွေမိစ္ဆာကြီးကို လက်ဖြင့်တစ်ချက် ညွှန်လိုက်လေသည်။

မြွေသတ္တဝါများမှာ သွေးအေး သတ္တဝါများ ဖြစ်ကြလေသည်။ သို့သော် ဆန်းလျန်ရှေ့ရှိ မြွေမိစ္ဆာကြီးမှာ သူ၏ဝိညာဉ် နာကျင်သွားမှုကြောင့် ခန္ဓာကိုယ်ကြီးမှာ တုန်ခါသွားလေသည်။ ထို မြွေမိစ္ဆာကြီးက ဆန်းလျန်ကို ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိတော့ပါ။

ပြင်ပ ကမ္ဘာတွင်တော့ မြွေသတ္တဝါကြီးများ ငြိမ်သက်သွားလျှင် တဒင်္ဂမျှသာ ဖြစ်လေသည်။

ဆန်းလျန်က အာရုံငါးပါးကို စူးရှ ထက်မြက်နေအောင် အာရုံများ ဖြန့်ကြက်ထားလိုက်သည်။ သူက နတ်သက်ခြွေ ဓားသိုင်းကို အသုံး မပြုသည်မှာ ကြာပြီဖြစ်လေသည်။ ယခု အသုံးပြုလိုက်သည့် အခါတွင်တော့ သူမျှော်လင့် ထားသည်ထက် ထိရောက်မှု ရှိနေကြောင်း တွေ့ရလေသည်။

ဆန်းလျန်၏ ဝိညာဉ်မှာ ဓားတစ်စင်းကဲ့သို့ ဖြစ်နေပြီး မြွေမိစ္ဆာကြီး၏ နှလုံးသားနှင့် ဝိညာဉ်ဆီသို့ ထိုးသွင်း လိုက်လေသည်။

အမှန်တော့ သူ ထိုသိုင်းပညာကို အသုံးပြုလိုက်ခြင်းမှာ ရည်ရွယ်ချက် ရှိရှိဖြင့် အသုံး ပြုလိုက်ခြင်း မဟုတ်ဘဲ အလိုအလျောက် အသုံးပြုမိ သွားခြင်းသာ ဖြစ်လေသည်။

ထို့နောက် သူက စန္ဒကူးဓားဖြင့် မြွေကြီး၏ ခေါင်းပိုင်း သုံးပုံတစ်ပုံ နေရာကို ချိန်ရွယ် ထားလိုက်လေသည်။ ထိုနေရာမှာ မြွေမိစ္ဆာကြီး၏ အားနည်းချက် တည်ရှိရာ လည်တိုင်နေရာ ဖြစ်လေသည်။

ဦးခေါင်းပိုင်း သုံးပုံတစ်ပုံ နေရာမှာ ဆန်းလျန်နှင့် သိပ်ဝေးသည့် နေရာတွင် မရှိပါ။ ထိုနေရာမှာ မြွေတစ်ကောင်၏ ကျောရိုးတွင် အားအနည်းဆုံးနှင့် ပျက်စီး အလွယ်ဆုံး အပိုင်း ဖြစ်လေသည်။ ဆန်းလျန်က ထိုနေရာကို အရွယ်အစားဖြင့် တိုင်းတာသတ်မှတ် ထားခြင်းမဟုတ်ပါ။ မြွေမိစ္ဆာကြီး၏ သွေး လှည့်ပတ်နှုန်းကို မှတ်သားထားခြင်း ဖြစ်လေသည်။

ထိုသို့ သွေးလည်ပတ် နှုန်းကို မှတ်သားပြီး ခန့်မှန်းနိုင်သည်မှာ ခက်ခဲလွန်းသည့် ကိစ္စမဟုတ်ပါ။ ဆန်းလျန် ကျင့်ကြံခဲ့သည့် ကျင့်စဉ်များကြောင့် လွယ်ကူစွာ သိနိုင်လေသည်။ ထို့အပြင် ခေတ်ပေါ် ကမ္ဘာတွင် နေထိုင်ခဲ့စဉ် သူက ဆရာဝန်တစ်ယောက် ဖြစ်ခဲ့သည့်အတွက် သွေးလည်ပတ် စီးဆင်းမှုများ အကြောင်းကို နားလည်သင့်သလောက် နားလည်လေသည်။

စန္ဒကူးဓားမှာ သစ်သားဓားတစ်လက် ဖြစ်သည့်အတွက် သံမဏိ ဓားကဲ့သို့ ထက်မြက်ခြင်း မရှိပါ။ သို့သော် ထိုစန္ဒကူး ဓားထဲသို့ ဆန်းလျန်၏ တန်ခိုးများ စီးဝင်သွားသည့် အခါတွင်တော့ ကမ္ဘာပေါ်ရှိ အထက်မြက်ဆုံး ဓားများထက်ပင် ထက်မြက် နေလေတော့သည်။ မြွေမိစ္ဆာကြီး၏ ဦးခေါင်းကို တစ်ချက်ထဲဖြင့် ခုတ်ဖြတ် လိုက်လေတော့သည်။

မြွေမိစ္ဆာ ခေါင်းပြတ်ကြီးမှာ မျက်လုံးများ ပွင့်နေဆဲ ဖြစ်လေသည်။ သေဆုံးသွားသည့်တိုင် မယုံကြည်နိုင်ခြင်းများကို ထို မျက်လုံးများထဲတွင် တွေ့မြင်ရလေသည်။ ထိုမျှလောက် ငယ်ရွယ်သည့် ကျင့်ကြံသူ လူငယ်လေးက ထိုမျှလောက် တန်ခိုးစွမ်းအားများ ထက်မြက်နေသည်ကို မယုံကြည်နိုင် ဖြစ်နေခြင်း ဖြစ်လေသည်။

ငယ်ရွယ်သည့် ကျင့်ကြံသူ လူငယ်လေးများစွာကို မြွေမိစ္ဆာကြီး တွေ့ဆုံခဲ့ဖူး ပါသည်။ သူမ၏ ကိုယ်ပေါ်တွင် ခြစ်ရာလေးတစ်ရာ ထင်အောင်ပင် တိုက်ခိုက်နိုင်ခြင်း မရှိကြပေ။ ဆန်းလျန်မှာ သူမ တွေ့ဖူးသည့် ကျင့်ကြံသူ လူငယ်လေးများ ထက်ပင် ငယ်ရွယ်ပုံ ရလေသည်။ သို့သော် သူ၏ တန်ခိုး စွမ်းအားကတော့ လွန်စွာမှ မြင့်မားနေလေသည်။

ဆန်းလျန်မှာ ငယ်ရွယ်သည့် အသက်အရွယ်တွင်ပင် ကျင့်စဉ်လမ်းတွင် အဆင့်များစွာ အောင်မြင်ခဲ့ပြီ ဖြစ်လေသည်။ ထိုကဲ့သို့သော ကျင့်ကြံသူ ဆိုသည်မှာ ရှာမှရှားသည့် ကျင့်ကြံသူပင် ဖြစ်လေသည်။

ထိုထက်ပိုပြီး ထူးဆန်းသည်မှာ ဆန်းလျန်မှာ ဟိုင်သခင်ကြီးဆိုသည့် အမည်ကို ကြားသည့်တိုင် တစ်စက်ကလေးပင် ဂရုမစိုက်ခြင်းပင် ဖြစ်လေသည်။ အခြားသော ကျင့်ကြံသူများ ဆိုလျှင် ဟိုင်သခင်ကြီးဆိုသည့် အမည် ကြားသည်နှင့် ဆက်လက် တိုက်ခိုက်ခြင်း မရှိတော့ပေ။

မြွေမိစ္ဆာမှာ ထိုမေးခွန်းများ၏ အဖြေများကို မရရှိဘဲ သေဆုံး သွားခဲ့ရပြီ ဖြစ်လေသည်။

မြွေမိစ္ဆာကြီးမှာလည်း သိရခက်နေသည့် မေးခွန်းများ ရှိနေသလို ဆန်းလျန်တွင်လည်း မေးခွန်းများစွာ ရှိနေပါသည်။ မြွေမိစ္ဆာကြီး သေသွားသည့်တိုင် ထိုအရာကြီးဆီမှ မည်သည့် ဝိညာဉ်စွမ်းအားမှ ပေါ်ထွက် မလာပေ။

ဖြစ်စဉ်အရဆိုလျှင် နတ်မိစ္ဆာတစ်ကောင် သေဆုံးသွားသည်နှင့် ဝိညာဉ်နှင့် စိတ်ဝိညာဉ်မှာ အရပ် လေးမျက်နှာသို့ ပျံ့နှံ့ သွားရသည်ချည်း ဖြစ်လေသည်။

အတွင်းအား၊ သွေးနှင့် ရွှေပြဒါး အမြုတေတွေ အားလုံးမှာ မြွေမိစ္ဆာကြီး၏ ခန္ဓာကိုယ်ထဲတွင် မတွေ့ရပါ။

ဟာလီကျီးနှင့်ယှဉ်လျှင် မြွေမိစ္ဆာကြီး၏ အစွမ်းမှာ လွန်စွာမှ ညံ့ဖျင်းလှလေသည်။ သို့သော် အံ့သြစရာ ကောင်းသည်မှာ သူမ၏ လူသားပုံသဏ္ဌာန် ပြောင်းလဲထားခြင်း မှာလည်း လှည့်စားထားခြင်း မဟုတ်ဘဲ တန်ခိုးစွမ်းအားဖြင့် အမှန်တကယ် အသွင်ပြောင်း ဖန်ဆင်းထားခြင်း ဖြစ်နေလေသည်။

***

ပင်လယ်ပြင် မျက်နှာပြင်ဆိုသည်က သိမြင်စရာ များများစားစား မရှိလှပါ။ သို့သော်… ရေအောက် ကမ္ဘာကတော့ ထူးခြားသည့် နေရာတစ်ခု ဖြစ်လေသည်။ ထို ရေအောက်ကမ္ဘာမှာ စိတ်ဝင်စားစရာ ကောင်းပြီး ထို ရေအောက်ကမ္ဘာတွင် ဖြစ်ပျက် နေသမျှသည် ရေ မျက်နှာပြင်ပေါ်သို့ ပေါ်ထွက်လာခြင်း မရှိပါ။

ရေအောက်ကမ္ဘာတွင် ငါးအမျိုးအစားပေါင်း များစွာ ရှိလေသည်။ တစ်ခါတစ်ရံတွင် ပင်လယ် သတ္တဝါကြီးများနှင့် ပင်လယ်နတ်ဆိုးများ တိုက်ခိုက်ကြသည့်အခါ သာမန် ငါးသတ္တဝါများက အချောင် ခံကြရလေသည်။ သို့သော် လောကတွင် တစ်ချိန်တည်းမှာပင် သတ္တဝါများစွာ သေဆုံးနေပြီး သတ္တဝါများစွာကလည်း မွေးဖွား ဖြစ်တည်နေသည့် သဘော ရှိလေသည်။

ပင်လယ်ရေအောက် မိုင်သုံးရာ ပတ်လည်တွင် နေထိုင်ကြသည့် ရေသတ္တဝါများ ပိုင်နက်ကို မိစ္ဆာဘုရင်ကြီး တစ်ပါးဖြစ်သူ ခေါင်းကိုးလုံး မင်းကြီးက ပိုင်ဆိုင်လေသည်။

နတ်ဆိုးမိစ္ဆာများမှာ အခြားသူတို့၏ အသက်ကို တန်ဖိုး မထားတတ်ကြပေ။ ခေါင်းကိုးလုံး မင်းကြီးမှာလည်း ဘုရင်တစ်ပါး ဖြစ်သည့်တိုင် နတ်မိစ္ဆာ တစ်ပါးပင် ဖြစ်လေသည်။ ထို့ကြောင့် အခြား သူတို့၏ အသက်ကို ဂရုစိုက်တတ်သူ မဟုတ်ပေ။

ရေအောက်ကမ္ဘာရှိ ခေါင်းကိုးလုံး မင်းကြီး၏ နန်းတော်မှာ လွန်စွာမှ ခမ်းနားကြီးကျယ် လေသည်။ သူက ကျင့်စဉ်ကျင့်ကြံ အောင်မြင်သည်မှာ နှစ်ပေါင်းတစ်ထောင်ခန့် ရှိပြီဖြစ်လေသည်။ သို့သော် ရေအောက်နန်းတော်ကြီးကို တည်ထောင်ခဲ့သူတော့ မဟုတ်ခဲ့ပါ။ ထိုရေအောက် နန်းတော်ကြီးကို နဂါးမင်း တစ်ပါးထံမှ လုယူထားခြင်း ဖြစ်လေသည်။

နဂါးအနွယ်များမှာ ပင်လယ်လေးခုတွင် အချမ်းသာဆုံး အနွယ်ဝင်များ ဖြစ်ကြလေသည် ထို့ကြောင့် နဂါးမင်း၏ ရေအောက်နန်းတော်မှာ လွန်စွာမှ ခမ်းနားလေသည်။ လူသားဘုရင်၏ နန်းတော်ထက်ပင် ခမ်းနားလေသည်။

ရေအောက်နန်းတော်တွင် အဆုံးမရှိသည့် ဂီတသံစဉ်များ လွင့်ပျံနေလေသည်။ အဘယ်ကြောင့်ဆိုသော် ခေါင်းကိုးလုံးမင်းကြီးက အထူးဧည့်သည်တော် တစ်ယောက်ကို ဧည့်ခံ နေသောကြောင့် ဖြစ်လေသည်။

အထူး ဧည့်သည်တော်မှာ ဂုဏ်သရေရှိ ဧည့်သည်တော် တစ်ယောက် ဖြစ်လေသည်။

ခေါင်းကိုးလုံး မင်းကြီးမှာ ရွှေရောင် အနားကွပ်ထားသည့် ခရမ်းရောင် ဝတ်ရုံရှည်ကို ရွှေရောင် ခါးစည်းကြိုးနှင့် တွဲဖက်ဝတ်ဆင် ထားသည့်အတွက် မိစ္ဆာ စစ်သည်တော်များမှာ ဂုဏ်သရေရှိ ဧည့်သည် ရောက်နေမှန်း ကြိုတင်သိထား ကြလေသည်။ အဘယ်ကြောင့်ဆိုသော် မင်းကြီးမှာ ထိုဝတ်စုံကို ဝတ်ခဲသောကြောင့် ဖြစ်လေသည်။

ပို၍ ထူးခြားသည်မှာ ခေါင်းကိုးလုံး မင်းကြီးမှာ လူသားအသွင်ဖြင့် နေလျှင်လည်း ခေါင်းကိုးလုံးလုံးကို ဖော်ပြထားလေ့ ရှိလေသည်။ ထိုသို့ ပြထားခြင်းအားဖြင့် သူ၏ တန်ခိုးအာဏာကို ကြောက်ရွံ့ နေစေရန် ဖြစ်လေသည်။ ယနေ့တော့ ထူးခြားစွာပင် အခြားသော ခေါင်းရှစ်လုံးကို ဖုံးကွယ် ထားလေသည်။ မင်းညီမင်းသား ပုံသဏ္ဌာန် လူသားအသွင် ဦးခေါင်း တစ်လုံးကိုသာ ဖန်ဆင်း ထားလေသည်။

နတ်မိစ္ဆာ စစ်သည်တော်များမှာ လူသား မင်းညီမင်းသားများ ပုံကို မြင်ဖူးခြင်း မရှိပါ။ သူတို့ ဘုရင်ကြီးက ပြောသောကြောင့်သာ သိရှိရခြင်း ဖြစ်လေသည်။

နတ်မိစ္ဆာများမှာ သာမန်လူသား ကျင့်ကြံ သူများထက် အသက်ရှည်ကြလေသည်။ ထို့ပြင် ကျင့်ကြံမှုမှာလည်း လူသားများထက် အဆတစ်ရာ လျင်မြန်အောင် ကျင့်ကြံ နိုင်ကြလေသည်။

ထို့ကြောင့် အချို့သော စွမ်းအားကြီးမားသည့် နတ်ဆိုး မိစ္ဆာဘုရင်များမှာ လူသား ကျင့်ကြံသူများကို ဂရုပင် မစိုက်ကြပေ။ သို့သော် သူတို့က ပျော်ရွှင်ရခြင်းနှင့် မိတ်ဆွေ အပေါင်းအသင်း ထားရခြင်း များကိုတော့ နှစ်သက် ကြလေသည်။

စွမ်းအားကြီးမားသည့် မိတ်ဆွေများ ရရှိလေ သူတို့က ဂုဏ်ယူလေ ဖြစ်လေသည်။

ယနေ့ သူ့ထံသို့ လာရောက်မည့် အထူး ဧည့်သည်တော်မှာ အမှန်ပင် စွမ်းအား ကြီးမားသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လေသည်။ လူသားများ ပြောသကဲ့သို့ ပြောရလျှင်…

“ဧည့်သည်တော် ရောက်ရှိလာခြင်းအတွက် အလွန်ပင် ဂုဏ်ယူသည်”

ဟု ပြောရမည် ဖြစ်လေသည်။

ခေါင်းကိုးလုံး မင်းကြီးမှာလည်း ထိုကဲ့သို့ပင် ခံစားနေရ လေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset