သန့်စင်မြင့်မြတ်သည့် မိန်းကလေးတစ်ယောက်အလား ပင်လယ်ပြင်က တိတ်ဆိတ်ငြိမ်သက် နေလေသည်။ တည်ငြိမ်လှပသည့် အပြာရောင် ပင်လယ်ရေပြင်ကို ကြည့်မိသည့် သူတိုင်း နှလုံးသားတစ်ခုလုံး ပင်လယ်ပြင်ကြီးနှင့် ထပ်တူ စီးဆင်းခံစားသွားမည် ဖြစ်လေသည်။
အဆုံးမရှိ….
အကန့်အသတ်မရှိ….
မိုးနှင့်မြေ တစ်ခွင်လုံးသို့ စီးဆင်းသွားမည် ဖြစ်လေသည်။
ဆန်းလျန်မှာ ပင်လယ်ပြင်တွင် စီးမျော လာလေသည်။ သူက ရေစီးဖြင့် မျောပါသွားခြင်းမျိုး မဟုတ်ဘဲ ချင်းရွှမ် နတ်တံခါး တည်ရှိရာ အရပ်သို့ ဦးတည်လာခြင်း ဖြစ်လေသည်။
ပင်လယ်ထဲတွင် “ယင်” စွမ်းအား ရေစီးကြောင်းနှင့် “ယန်” စွမ်းအား ရေစီးကြောင်းများ ရှိလေသည်။ ယင်နှင့် ယန်စွမ်းအားများမှာ ပင်လယ်ထဲတွင် ရောနှောစီးဆင်း နေကြလေသည်။
ယင်နှင့် ယန်စွမ်းအား ရောနှောနေသည့် ရေစီးကြောင်းများကို ထိန်းချုပ်ကာ ဆန်းလျန်က ပင်လယ်ပြင်တွင် ခရီးနှင်လာခြင်း ဖြစ်လေသည်။ သူက အနည်းငယ်လေး အားစိုက် ထုတ်လိုက်ရုံဖြင့် ပင်လယ်ပြင်နှင့် သမုဒ္ဒရာကို ထိန်းချုပ်ပြီး လိုရာသို့ သွားရောက်နိုင်လေသည်။
ဆန်းလျန် ထိုသို့ ခရီးသွားသည်မှာ တန်ခိုးစွမ်းအား မဟုတ်ပါ။ သဘာဝ စွမ်းအားများ၏ အရင်းအမြစ်ကို လေ့လာပြီး အသုံးချခြင်းပင် ဖြစ်လေသည်။ လူနှင့် တိရစ္ဆာန်ရိုင်းများ ကြားတွင် ခြားနားမှု တစ်ခုမှာ လူက ဖန်တီးနိုင်မှု စွမ်းရည်ရှိခြင်းပင် ဖြစ်လေသည်။ လူက ရေကူးနိုင်ခြင်း မရှိပါ။ သို့သော် လှေများ၊ သင်္ဘောများကို တီထွင်နိုင်လေသည်။ သယံဇာတများနှင့် ဉာဏ်စွမ်းဉာဏ်စများကို အသုံးချ နိုင်သူမှာ လူသားများသာ ဖြစ်လေသည်။
ဗုဒ္ဓကျမ်းစာ များထဲတွင် ပူပန်စရာများကို လွှတ်ချထားလိုက်လျှင် တရားကို သိမြင်လာမည် ဟူ၍ ပါရှိလေသည်။ အရည်အချင်းမရှိသော တန်ခိုးစွမ်းအား ဆိုသည်မှာ အသိဉာဏ် ကင်းမဲ့သော တန်ခိုးစွမ်းအား ဖြစ်လေသည်။ ထို တန်ခိုးမျိုးရလျှင် ဘုံသုံးပါးကို အတားအဆီးမရှိ သွားနိုင်ပြီး ဒြပ်စင်ငါးပါးနှင့် အင်းမန္တန် ရှစ်မျိုးမှ ကင်းလွတ်လေသည်။
ဆန်းလျန်က တရားကို သိမြင်ခြင်းကိုတော့ အသေးစိတ် မဆင်ခြင်နိုင်သေးပါ။ သို့သော် တရားကို သိမြင်နိုင်ရန်အတွက် မနားမနေ ကြိုးစားမည် ဆိုသည့် ရည်မှန်းချက်တော့ ရှိလေသည်။
သူ့အတွက် နောက်ဆုံးကျင့်စဉ်လမ်း အောင်မြင်ပြီး ကျင့်ကြံစရာ မရှိတော့သည့်တိုင် သူကတော့ ကျင့်စဉ်လမ်းအတွက် ရပ်တန့်နေမည့်သူ တစ်ယောက် မဟုတ်ပါ။
သူက အင်းချပ်ပညာနှင့် အသက်ဓာတ် စွမ်းအားများကို ထိန်းချုပ်နိုင်ရန်အတွက် လေ့လာမှုများ ပြုလုပ်ချင်နေလေသည်။ သူက ငှက်များပျံသန်းပုံကို လေ့လာချင်သည်။ ငါးလေများ ရေထဲတွင် ကူးခပ်သည်ကိုလည်း လေ့လာချင်သည်။ လေထု၏ ဖွဲ့စည်းပုံများနှင့် အပူအအေး ဓာတ်သဘောများ အကြောင်းကိုလည်း လေ့လာချင်သေးသည်။
ကျင့်စဉ်လမ်းမှာ ကျဉ်းမြောင်းသည့် လမ်းလည်း မဟုတ်သလို လွယ်ကူသည့် နည်းလမ်းလည်း မဟုတ်ပါ။ သို့သော် လူသားတို့၏ ပတ်ဝန်းကျင် နေရာတိုင်းတွင် လေ့လာစရာများစွာ ရှိလေသည်။
ဆန်းလျန်၏ ကျင့်စဉ်လမ်းမှာ ခေတ်ပေါ်ကမ္ဘာတွင် သူနေထိုင်ခဲ့သည့် အတိတ်ဘဝမှ အသိပညာ များကိုပါ ထည့်သွင်းထားနိုင်ခြင်း ဖြစ်လေသည်။ အင်တာနက်ပေါ်မှ သူရရှိထားသည့် အသိပညာများမှာ မည်သည့် ခေတ်နှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။
အင်တာနက် ဆက်သွယ်ရေး လမ်းကြောင်းများနှင့် အင်တာနက် အသုံးပြုနိုင်သည့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် ပစ္စည်းများမှ တစ်ဆင့် လေ့လာ သင်ယူစရာများကို လေ့လာ၍ ရသည့်အပြင် လူသန်းပေါင်း များစွာဖြင့်လည်း ချိတ်ဆက် ပေးနိုင်လေသည်။ ထိုအင်တာနက် နည်းစနစ်က ဆန်းလျန်၏ ကျင့်စဉ်လမ်းအတွက် တိုက်ရိုက် အထောက်အကူ ပြုခြင်းတော့ မရှိခဲ့ပါ။ သို့သော် ထိုအင်တာနက် နည်းစနစ်များက လူတစ်ယောက်၏ အမြင်များကို ပြောင်းလဲစေပြီး အတွေးအခေါ် အသစ်များကို ရရှိစေလေသည်။
ထိုအချက်က ကျင့်စဉ်လမ်းတွင် အဆင့်တစ်ခုမှ တစ်ခုသို့ တက်သွားသည်နှင့် ဆင်တူလေသည်။ ဆန်းလျန်က ကျင့်စဉ်များလည်း ကျင့်ကြံသကဲ့သို့ တွေးခေါ်သည့် အလုပ်ကိုလည်း လုပ်လေသည်။
“စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်မှာ အခြေခံ ကောင်းများကို ပေးလေသည်။ သင်္ချာပညာရှင် တစ်ယောက်မှာ ကိန်းကဏန်းများနှင့် ပုံသေနည်းများကို မှတ်သားထားနိုင် သကဲ့သို့ပင် ထိုစာအုပ်က ဝိညာဉ်စွမ်းအားနှင့် ပတ်သက်လျှင် အခြေခံ ကျလေသည်။
ကြီးမြတ်သည့် ကျင့်ကြံသူတစ်ယောက် ဆိုသည်မှာ အရာအားလုံးကို လေ့လာသင်ယူ နိုင်စွမ်းရှိသည့် စိတ်ဝိညာဉ် ရှိရမည် မဟုတ်ပါလား။
ဆန်းလျန်၏ မျက်နှာသည် တန်ခိုးရှင် တစ်ယောက်အလား လင်းလက်တောက်ပ နေလေသည်။
ရုတ်တရက်…
သီချင်းဆိုသံ တစ်သံကို သာယာနာပျော်ဖွယ် ကြားလိုက်ရလေသည်။ သို့သော် ထို သီချင်းသံစဉ်မှာ ဆန်းလျန် နေထိုင်သည့် လောကမှ သီချင်းမျိုး မဟုတ်ပါ။
ပင်လယ်ပြင်တွင် ခရီးနှင်လာသည့် ဆန်းလျန်၏ နောက်ဖက်တွင် လှိုင်းလုံးများမှာ မြင့်တက်လာလေသည်။ ထိုသို့ ဖြစ်ပျက်လာခြင်းမှာ သဘာဝတရားအရ ပုံမှန်ဖြစ်ပျက် လာခြင်းမျိုး မဟုတ်ပါ။ ထိုသို့ လှိုင်းလုံးကြီးများ မြင့်တက်လာမည့် ပင်လယ်ပြင် အနေအထား ရာသီဥတု မည်သည့် အရာနှင့်မျှ သက်ဆိုင်ခြင်း မရှိဘဲ ရုတ်တရက် ထူးဆန်းစွာ ဖြစ်ပေါ်လာခြင်း ဖြစ်လေသည်။
ဆန်းလျန်၏ အင်္ကျီများမှာ လေထုကြောင့် ဖောင်းပွလာလေသည်။ သူက မိုးမြေစွမ်းအားများကို စုစည်းရန် ကြိုးစားလိုက်သည်။
သို့သော် သူအမြဲတမ်း လွယ်ကူစွာဖြင့် စုစည်းနိုင်သည့် မိုးမြေစွမ်းအားများမှာ ယခုအကြိမ်တွင်တော့ ထူးဆန်းနေလေသည်။ သူစုစည်းသည့်အတိုင်း ဖြစ်ပေါ်လာရမည့် အစား ပျောက်ကွယ်သွားကြ လေသည်။
ဆန်းလျန်မှာ မည်သို့ဖြစ်သည်ကို တွေးချိန်ပင် မရလိုက်ပါ။ လှိုင်းလုံးကြီးက သူ့ခြေထောက် အောက်ရှိ စုစည်းထားသည့် စွမ်းအားများကို ရိုက်ချိုး လိုက်လေတော့သည်။
ဆန်းလျန်မှာ ဟန်ချက် ပျက်သွားပြီး လှိုင်းများကြားထဲသို့ ပြုတ်ကျသွားကာ ရေစီးကြောင်းဖြင့် မျောပါ သွားလေတော့သည်။
***
ဆန်းလျန် မျက်လုံးများကို အသာဖွင့်ကြည့် လိုက်မိလေသည်။
အမည်မသိ ကျွန်းတစ်ကျွန်းပေါ်သို့ ရောက်ရှိနေကာ သူ့တစ်ကိုယ်လုံး ရေများ စိုရွှဲနေလေသည်။
ဆန်းလျန်နှင့် သိပ်မဝေးသည့် ပင်လယ်ပြင်ထဲတွင် ကျောက်တိုင်ကြီး တစ်ခုကို တွေ့မြင် နိုင်လေသည်။ ထိုကျောက်တိုင်ကြီး အောက်ခြေရှိ ရေထဲတွင် မျက်နှာပြင် ချောမွေ့နေသည့် အနက်ရောက် ကျောက်ဆောင်ကြီး တစ်ခု ရှိလေသည်။ ထို ကျောက်ဆောင်ကြီးမှာ ဧကပေါင်း များစွာ ကြီးမား ကျယ်ပြန့်သည့်ပုံ ရလေသည်။
ထို ကျောက်ဆောင်ကြီးက နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည့် အတွက်ကြောင့် ပင်လယ် ကမ်းခြေသို့ လှိုင်းလုံးများကလည်း ရိုက်ခတ် နေလေသည်။
လှိုင်းများ ရိုက်ခတ်နေသည့် အတွက် ဆန်းလျန်၏ ခြေထောက်များမှာ ရေများ စိုရွှဲနေလေသည်။
ထူးဆန်းသည့် သီချင်းဆိုသံကို ထွက်ပေါ် လာပြန်လေသည်။
ကြီးမားသည့် ကျောက်ဆောင်ကြီးမှာ အမှန်တော့ သတ္တဝါကြီး တစ်ကောင်၏ ကျောပြင်ကြီး ဖြစ်ကြောင်းကို ဆန်းလျန် သဘောပေါက်သွားလေသည်။ ထို သတ္တဝါကြီးမှာ ပင်လယ်ထဲရှိ ကျောက်တိုင်ကြီးကို ထမ်းပိုးထားရခြင်း ဖြစ်လေသည်။
ထူးဆန်းသည့် သီချင်းဆိုသံမှာ ပင်လယ် သတ္တဝါကြီး၏ အသက်ရှူသံပင် ဖြစ်လေသည်။
ပို၍ ကြောက်စရာ ကောင်းသည်မှာ ထိုသတ္တဝါကြီး ပတ်ဝန်းကျင်တွင် မိုးမြေစွမ်းအားများ စုစည်း၍ မရခြင်းပင် ဖြစ်လေသည်။ စွမ်းအားဆို၍ အသက်ရှူသွင်း၊ ရှူထုတ် ပြုလုပ်ခြင်းသာ ပြုလုပ်၍ ရလေသည်။
သတ္တဝါကြီးက အလွန် ကြီးမားသောကြောင့် သူစုပ်ယူထားသည့် မိုးမြေ စွမ်းအားများမှာလည်း များပြား လွန်းလေသည်။ အကောင် ကြီးမားသည့်အတွက် တန်ခိုးစွမ်အား အဆင့်နိမ့်သည့် အတိုင် ဆန်းလျန်ထက် ဆယ်ဆ သာနိုင်လေသည်။
ပင်လယ်သတ္တဝါကြီးမှာ ဝေလငါးနှင့် ပုံသဏ္ဌာန် ဆင်တူလေသည်။ ဝေလငါး တစ်ကောင်လည်း ဖြစ်နိုင်လေသည်။ ကျင့်စဉ်လမ်းကို သိနေသည့် ဝေလငါးကြီး တစ်ကောင်လည်း ဖြစ်နေနိုင်လေသည်။
ဆန်းလျန် ပင်လယ်ထဲသို့ အရမ်းကာရော ထွက်ခွာသွားဖို့ မဆုံးဖြတ် ရဲတော့ပါ။ ထို သတ္တဝါကြီးထံမှ သီချင်းဆိုသံ ထွက်လာသည်နှင့် ဆန်းလျန် ကိုယ်ထဲမှ စွမ်းအားများမှာ လှုပ်ခတ် သွားရလေသည်။
ဆန်းလျန်က ပင်လယ် သတ္တဝါကြီး ထွက်ခွာသွားသည်အထိ နေစရာ ရှာပြီး ကျွန်းပေါ်တွင် ခိုလှုံနေရန် ဆုံးဖြတ် လိုက်လေသည်။ ထို့ကြောင့် ကျွန်းပေါ်သို့ လမ်းလျှောက်ပြီး ဝင်လာ လိုက်လေသည်။ ကျွန်းပေါ်တွင် ရှုခင်းများမှာ သာယာကြည်နူးဖွယ် ကောင်းလေသည်။ ပန်းရနံ့များလည်း သင်းပျံ့နေလေသည်။
ကျွန်းပေါ်တွင် ပန်းတစ်မျိုးသာ ရှိလေသည်။ ထိုပန်း တစ်မျိုးတည်းကပင် အရောင်ငါးမျိုး ကွဲနေလေသည်။ ကျွန်းပေါ်မှ သစ်ပင်များမှာ သာမန်ထက် ကြီးမား ကြလေသည်။ ဆန်းလျန် ကျွန်း အတွင်းပိုင်းအထိ လမ်းလျှောက်ရင်း ဝင်သွား မိလေသည်။ ပင်လယ် သတ္တဝါကြီး၏ သီချင်းဆိုသံမှာ တိုးလျ၍ ကျန်ခဲ့လေပြီ။ ထိုအချိန်မှ ဆန်းလျန်မှာ မိုးမြေစွမ်းအားများကို ပြန်လည် စုစည်း၍ ရလာ လေသည်။
ပင်လယ်သတ္တဝါကြီး၏ သီချင်းဆိုသံမှာ ဆန်းလျန် လောလောဆယ် ကျင့်ကြံထားသည့် အင်းချပ် ပညာထက်ပင် မိုးမြေ စွမ်းအားများကို စုစည်းနိုင်စွမ်းရှိနေလေသည်။
အခွင့်အရေး ရမည်ဆိုလျှင် ထိုသတ္တဝါကြီး၏ နည်းလမ်းကို ဆန်းလျန် လေ့လာကြည့်ချင် မိသေးသည်။
ပင်လယ်သတ္တဝါကြီးမှာ ထူးဆန်းသည့် သတ္တဝါကြီး ဖြစ်သလို ဆန်းလျန် ရောက်ရှိနေသည့် ကျွန်းမှာလည်း ရိုးရှင်းခြင်း မရှိလှပါ။
သူလျှောက်လာသည့် လမ်းတစ်လျှောက်တွင် လူဟူ၍ အရိပ်အယောင်ပင် မမြင်ရပေ။ အခြားသော သက်ရှိသတ္တဝါ များကိုလည်း မြင်တွေ့ရခြင်း မရှိပေ။
ပန်းများက လှပစွာ ပွင့်လန်း နေကြသည့်တိုင် ပျားနှင့် လိပ်ပြာများကို တစ်ကောင်တစ်လေပင် မတွေ့ရပေ။ တော တစ်ခုလုံးမှာလည်း တိတ်ဆိတ်လျက် ရှိလေသည်။
မြင်ကွင်းတစ်ခုမှာ ဆန်းလျန်ကို ဖမ်းစားလိုက်လေသည်။ အလွန်ကြီးမားသည့် သစ်ပင်ကြီး တစ်ပင် ဖြစ်လေသည်။ ထိုသစ်ပင်၏ ပင်စည်မှာ လူဆယ်ယောက် ဖက်ထား နိုင်ရလောက်အောင် ကြီးမားလေသည်။
ထိုစဉ်…..
နူးညံ့သိမ်မွေ့သည့် စကားသံ တစ်သံကို ကြားလိုက်ရလေသည်။ ထိုအသံမှာ အဝါရောင် ငှက်ငယ်လေး၏ သီချင်း ဆိုသံကဲ့သို့ ဖြစ်လေသည်။
အသံလေးမှာ သာယာလှသည့်အတွက် အသံပိုင်ရှင်ကို မမြင်ရသေးခင်မှာပင် ဆန်းလျန်းမှာ သဘောကျနေ မိပြီဖြစ်လေသည်။
“သခင်လေး ရှင်လည်း ပန်းလှလှ လေးတွေကို လာကြည့်တာလား”
ဆန်းလျန်က လှုပ်ရှားခြင်း မရှိပါ။ သူက အသံလာရာဆီသို့ ခေါင်းကို အသာလေး လှည့်ကြည့် လိုက်လေသည်။ အသံမှာ ပန်းရုံတစ်ရုံ အတွင်းမှ ထွက်လာခြင်း ဖြစ်လေသည်။ ထိုပန်းရုံ အတွင်းမှ ရောင်စုံအင်္ကျီကို ဝတ်ဆင်ထားသည့် မိန်းမလှလေး တစ်ယောက် လမ်းလျှောက်ပြီး ထွက်လာလေသည်။ သူမမှာ အပြစ် တစ်စက်ကလေးမှ ပြောစရာမရှိအောင် ချောမောလှပသူ ဖြစ်လေသည်။ သို့သော် ထိုကဲ့သို့သော မိန်းကလေးမျိုးကို ဆန်းလျန် မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပါ။ ရှင်းစစ်စစ်နျန်ကို ဆန်းလျန် သတိရလိုက် မိလေသည်။ သူမမှာ ရှင်းစစ်စစ်နျန်ကဲ့သို့ အပြစ် ပြောရက်စရာ မရှိအောင် လှပသူတစ်ဦး ဖြစ်နေလေသည်။
ရှင်းစစ်စစ်နျန်မှာ ဆောင်းရာသီတွင် သန့်စင်သည့် အငွေ့အသက်များဖြင့် ပြည့်နေပြီး အနီရောင်ကိုသာ ဝတ်ဆင်ထားသူ ဖြစ်သော်လည်း ယခုတွေ့ရသည့် မိန်းကလေးကတော့ ရောင်စုံ အဝတ်အစားများကို ဝတ်ဆင်ထားပြီး လှပစွာ လမ်းလျှောက် လာနေလေသည်။ သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများမှာ မငေးကြည့်ဘဲ မနေနိုင်စရာ ဖြစ်လေသည်။ နက်မှောင် ရှည်လျားသော ဆံနွယ်များနှင့် ကြွေသားလေး ကဲ့သို့သော လည်ပင်း ဖြူဖြူလေးမှာ ဆွဲဆောင်မှု ရှိလွန်းလှလေသည်။
မိန်းကလေးက ဆန်းလျန်ကို စူးစိုက်ကြည့်ပြီး အကဲ ခတ်လိုက်သည်။ သူမကို ကြည့်ရသည်မှာ ချောမောလှပသည့် လူငယ်လေးကို စိတ်ဝင်စားနေပုံ ရလေသည်။
သူမ၏ အရပ်မှာ သာမန်မိန်းကလေး တစ်ယောက်ထက်ပိုပြီး မြင့်လေသည်။ သို့သော် ဆန်းလျန် ထက်တော့ အနည်းငယ် နိမ့်နေလေသည်။ သူမ လမ်းလျှောက်လာချိန်တွင် သူမ၏ ခန္ဓာကိုယ်ဆီမှာ သင်းရနံ့လေးများ ထွက်ပေါ်လာလေသည်။ ထိုရနံ့မှာ ပန်းရနံ့များနှင့်လည်း မတူသလို အမွှေးနံ့သာ လိမ်းကျံ ထားခြင်းမျိုးလည်း မဟုတ်ပါ။ ထိုရနံ့လေးက ဆန်းလျန် နှာခေါင်းဝသို့ တိုးဝှေ့ လာလေသည်။
ဆန်းလျန်၏ တည်ငြိမ်သည့် မျက်ဝန်းများမှာ ယခုတော့ မတည်မငြိမ် ဖြစ်လာရလေသည်။ သူ၏ ရင်ထဲတွင် မီးတောက်တစ်ခု တောက်လောင်နေသလို ခံစားလိုက်ရလေသည်။ ရမ္မက်မီး ဖြစ်လေသည်။
သူ့ရင်ထဲသို့ ရောက်ရှိလာသည့် ရမ္မက် ဆန္ဒများကို ဆန်းလျန် ချက်ချင်း ဖယ်ရှားပစ်နိုင်ခြင်း မရှိပါ။
“မင်းဘယ်ကနေ ရောက်လာတာလဲ မိန်းကလေး”
ဆန်းလျန် ပြုံးရင်း မေးလိုက်လေသည်။
“ကျွန်မက ဟိုင်သခင်ကြီးရဲ့ ကိုယ်လုပ်တော် တစ်ယောက်ပါ။ သူက သူ့မိတ်ဆွေဆီ လာလည်တာလေ။ ကျွန်မက ပန်းတွေပွင့်နေတာ ကြည့်ချင်တာနဲ့ သူနဲ့ လိုက်မသွားဘဲ ဒီမှာနေခဲ့ဖို့ ဆုံးဖြတ်လိုက်တာ။ ရှင့်အသံ မကြားခင်အထိ ကျွန်မ အရမ်းပျင်းနေမိတာ။ ရှင့်အသံကို ကြားမိတော့ ရှင့်ကို လာကြည့်ချင်စိတ်တွေ ဖြစ်သွားမိတာနဲ့ လာကြည့်မိတာပါ။ အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်နော်”
သူမက ဆန်းလျန်ကိုကြည့်ပြီး ပြောလိုက်လေသည်။
သူမ ပြောနေသည့် စကားများမှာ မိန်းကလေးနှင့် ယောက်ျားလေး သာမန်ပြောနေသည့် စကားများပင် ဖြစ်လေသည်။ သို့သော် သူမနှုတ်ဖျားမှ ထွက်လာသည့် အသံများကတော့ မြှူဆွယ် ဖြားယောင်းသည့် အသံများ ဖြစ်နေလေသည်။
***