Switch Mode

အခန်း (၈၇)

အလုပ်ပြီးသည်နှင့်ချက်ခြင်းပြန်ခဲ့သူ

ဆန်းလျန်က တည်ငြိမ်စွာပင် ရပ်နေလေသည်။ သူက ဟာလီကျီးကို မကြောက်မရွံ့ စိုက်ကြည့် နေလိုက်သည်။ ဆန်းလျန် အနေဖြင့် ခေါင်းကိုးလုံး မင်းကြီးဆိုသည်ကို တစ်ခါမျှ မကြားဘူးပါ။ ထိုသူမှာ အလွန် စွမ်းအားကြီးမားသည့် နတ်ဆိုးမိစ္ဆာ ဘုရင်ကြီးတစ်ပါး ဖြစ်ကောင်းဖြစ်နိုင် လေသည်။ သို့သော် ဆန်းလျန် အတွက်တော့ ထူးခြားမနေပါ။

သူက ဖားပြုပ်မိစ္ဆာနှင့် စကားစမြည် ပြောမနေတော့ဘဲ စန္ဒကူးဓားကို ဆွဲထုတ်လိုက်လေသည်။ ဓားသွားထက်ဝယ် နေရောင်ခြည်များ စုစည်းဖြာထွက် နေလေသည်။ ဓားသွားမှာ လင်းလက်နေပြီး အပူရှိန်ကိုလည်း ခံစား နေရလေသည်။

ဓားက လေထဲတွင် ဝှေ့ယမ်း လိုက်သည်နှင့် ဖြစ်ပေါ်လာသည့် မီးဘောလုံးလေးများက ဟာလီကျီးဆီသို့ ဝင်ရောက်တိုက်ခိုက် လိုက်လေသည်။

ဆန်းလျန် ထိုမျှ မြန်မြန်ဆန်ဆန် တိုက်ခိုက် လိုက်လိမ့်မည်ဟု ဟာလီကျီး မျှော်လင့် မထားမိပေ။ ဟာလီကျီးမှာလည်း ကျင့်ကြံခြင်းအဆင့် မနိမ့်သည့် သူတစ်ယောက် ဖြစ်သည့်အတွက် အမြန်ရှောင်တိမ်း လိုက်နိုင်လေသည်။ သူက ခရမ်းရောင် အရည်များကို မီးဘောလုံးများဆီသို့ အန်ထုတ် လိုက်လေသည်။ မီးဘောလုံးများမှာ ခရမ်းရောင်ပြောင်းသွားလေသည်။ ထိုခရမ်းရောင် ဘောလုံးများမှာ ဆန်းလျန်ထံသို့ ပြန်လည်ဦးတည် သွားကြလေသည်။

ပုံသဏ္ဌာန် မြင်တွေ့ရခြင်း မရှိသည့် မိုးမြေစွမ်းအားများမှာ ဆန်းလျန်၏ ခန္ဓာကိုယ် ပတ်လည်တွင် ဝန်းရံဖြစ်တည် လာလေသည်။ ဆန်းလျန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို မြူနှင်းများ ဝန်းရံနေသကဲ့သို့ ဖြစ်နေလေသည်။ ခရမ်းရောင် အဆိပ်ရည် မီးဘောလုံးများမှာ ထိုမြူများနှင့် ထိတွေ့သည့်အခါ ပေါက်ကွဲပြီး ပြာမှုန့်များ ဖြစ်သွားလေတော့သည်။

သို့သော် ပေါက်ကွဲ သွားခြင်းအတွက် မည်သည့်အသံမျှ မကြားရပါ။ အသံတိတ် ပေါက်ကွဲ သွားလေသည်။

သစ်ပင်ကြီး တစ်ပင်နားတွင် ရပ်နေသည့် ရှောင်ချီးအနားသို့ ဆန်းလျန်က သွားလိုက်ပြီး ကိုယ်ကို ကိုင်းညွှတ်လိုက်ရင်း…

“မကြောက်နဲ့နော်”

ဟု ပြောလိုက်လေသည်။

ထို့နောက် … ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး စန္ဒကူးဓားဖြင့် ဟာလီကျီးကို ထိုးစိုက် လိုက်လေသည်။ လေထဲတွင် တဝီဝီမြည်သံများ ထွက်ပေါ်လာပြီး ဟာလီကျီး၏ လျှာမှာ လျှပ်ပြက်သည့်အလား လျင်မြန်သော အရှိန်ဖြင့် ထွက်လာလေသည်။ လျင်မြန်လွန်းသောကြောင့် အနီရောင် အရိပ်တစ်ရိပ် အဖြစ်ဖြင့်သာ မြင်နိုင်လေသည်။

သာမန် ဖားများပင်လျှင် မျက်စိတစ်မှိတ် အတွင်းတွင် လျှာဖြင့် ပိုးကောင်ငယ်များကို ဖမ်းယူစားသုံး နိုင်လေသည်။ နှစ်ပေါင်း ရာနှင့်ချီပြီး ကျင့်ကြံခဲ့သည့် နတ်မိစ္ဆာဖား ဖြစ်သည့် ဟာလီကျီးမှာတော့ ပြောနေစရာပင် မလိုတော့ပေ။ ကျင့်ကြံသူ တစ်ယောက်ကိုပင် လျှာဖြင့် ဖမ်းယူစားသောက် နိုင်လေသည်။

ဟာလီကျီး၏ လျှာဖြင့် ထိုးဖမ်းလိုက်သည့် အရှိန်မှာ လူသားတစ်ယောက်၏ မျက်လုံးထဲတွင် အလွန် လျင်မြန်နေမည် ဖြစ်လေသည်။ သို့သော် ဆန်းလျန်ကတော့ လှုပ်ရှားမှု အသေးစိတ်ကို တွေ့မြင် နိုင်လေသည်။

သူအောင်မြင်ခဲ့သည့် ကျင့်စဉ်အဆင့်အရ သူက မိုးမြေစွမ်းအားများကို ထိန်းချုပ်နိုင်ရုံသာမက မိုးမြေ စွမ်းအားများမှ တန်ခိုးကိုလည်း ရရှိနိုင်လေသည်။ သို့သော် ထိုစွမ်းအားက သူ၏ လူသား ခန္ဓာကိုယ်ကိုလည်း ပြောင်းလဲစေလေသည်။ အထူးသဖြင့် သူ၏ ရုပ်ခန္ဓာရှိ ဆုံချက်များ ဆက်သွယ်သွားသည့် အခါတွင် ဖြစ်လေသည်။ သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမှာ မြင့်မား၍ လာလေသည်။

ဆန်းလျန်က လေထဲတွင် သူ၏ကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး သူ၏ဓားမှာ မိုးမြေ စွမ်းအားများဖြင့် သိပ်သည်း လာလေသည်။

ထိုသို့ လေထဲတွင် တစ်ပတ်လှည့်လိုက်ခြင်းဖြင့် ဟာလီကျီး၏ လျှပ်ပြက်သကဲ့သို့ တိုက်ခိုက် လာသည့် လျှာကို ရှောင်ရှားပြီးသား ဖြစ်သွားလေသည်။ လျှာအနီကြီးမှာလည်း ချက်ချင်းပင် ပြန်ဝင်သွားလေသည်။ ဆန်းလျန်က ပိုပြီး လျင်မြန်သည့် အရှိန်ကို အသုံးပြုကာ စန္ဒကူးဓားဖြင့် ဟာလီကျီးကို ထိုးစိုက် ချလိုက်လေသည်။

သူက ဓားဖြင့်ထိုးရင်း မိုးမြေစွမ်းအားများကို အသုံးပြုကာ အင်းချပ်တစ်ခု ဖန်ဆင်း လိုက်လေသည်။ ပညာက ဘာမှမဟုတ်သလို ထင်ရသော်လည်း အထင်ကြီးစရာတော့ ကောင်းလေသည်။

လေထဲတွင် အလင်းရောင်များ လင်းလက်သွားပြီး ထိုအလင်းရောင်များက ဟာလီကျီး၏ အမြင်အာရုံကို ထိခိုက်သွားစေ လေသည်။ နတ်ဆိုးမိစ္ဆာ ဖြစ်သည့်အတွက် ဟာလီကျီးမှာ မိုးခြိမ်းသံနှင့် အလင်းရောင်ကိုတော့ ကြောက်လေသည်။

ရုတ်တရက် လျှပ်စီးတစ်ချက်လက်ကာ သူ၏ မျက်လုံးများမှာ အမှောင်ကျသွား လေသည်။ သူက မျက်လုံး ဖွင့်မရဘဲ ဖြစ်နေလေသည်။

သူ့ မျက်လုံးများထဲတွင် အေးစိမ့်မှုကို ခံစားနေရပြီး အဆုံးမရှိသည့် အမှောင်ကိုသာ မြင်နေရလေသည်။

သူ၏ အမြင်အာရုံ ပျက်စီးသွားရခြင်းမှာ ဆန်းလျန်၏ လျှပ်စီးကြောင့် ဖြစ်မှန်း ဟာလီကျီး ကောင်းကောင်းသိလေသည်။

ထို့ကြောင့်သူက အခြားသော အာရုံများကို ဖြန့်ကြက်လိုက်ပြီး လေထု၏ လှုပ်ရှားမှုကို နားစွင့်လိုက်လေသည်။ မြက်ပင်များ၊ ပန်းများ၊ သစ်ပင်များမှ ရိုက်ခတ်သည့် လှိုင်းများကို နားထောင် နေလိုက်လေသည်။ သို့သော် ဆန်းလျန်၏ လှုပ်ရှားမှု အသံကို စိုးစဉ်းမျှ ကြားရခြင်း မရှိပေ။

ကိုယ့်ကိုယ်ကိုယ် ကာကွယ်သည့် အနေဖြင့် သူ၏လျှာကို လျင်မြန်စွာ ထုတ်လိုက်ကာ ပတ်ဝန်ကျင် တစ်ခုလုံးသို့ ဝှေ့ယမ်းပစ်လိုက်လေသည်။

ဟာလီကျီးမှာ ထိန်းမနိုင် သိမ်းမရ ဖြစ်နေပြီး သူ၏လျှာကို အိမ်ခြံဝန်းများဆီသို့ လှည့်ပတ် ဝှေ့ယမ်း ပစ်နေလေသည်။ သူက ဆန်းလျန်ကို မည်သို့မျှ မတိုက်ခိုက်နိုင်လျှင် ရသမျှလူကို သတ်ကာ ဆန်းလျန်၏ ဒေါသကို ဆွပေးမည်ဟူသော ရည်ရွယ်ချက်ဖြင့် လုပ်နေခြင်း ဖြစ်လေသည်။

သူ လှုပ်ရှားမှုများ ပြုလုပ်နေရင်း ဆန်းလျန်၏ ဓားဝိညာဉ်အနံ့ကို ရလိုက်လေသည်။

သူက ရှောင်ရှားရန် မကြိုးစားဘဲ ဓားဝိညာဉ် တိုးဝင်လာရာ အရပ်သို့ လှည့်ကာ ရင်ဆိုင်လိုက်လေသည်။ ထိုအချိန်မှာပင် သူ၏ ဝမ်းဗိုက်အောက်ပိုင်းကို လျင်မြန်သော အရှိန်ဖြင့် ဖြန့်ကား လိုက်လေသည်။ ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက် သွားလေသည်။

ဟာလီကျီး၏ ပါးစပ်အတွင်းမှ အလင်းလုံးတစ်လုံး ထွက်လာပြီး ဓားဝိညာဉ်ကို တိုက်ခိုက် လိုက်လေသည်။

ကလေးမလေး ရှောင်ချီးမှာ သစ်ပင်အကွယ်မှ နေပြီး ထူးဆန်းသည့် မြင်ကွင်းကို ငေးကြည့် နေလေသည်။ ဟာလီကျီး၏ ပါးစပ်အတွင်းမှ အလင်းရောင် အလုံးမှာ ဆန်းလျန်ဆီသို့ အရှိန်ဖြင့် တိုးဝင်သွားပြီး ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာသည့် အခါတွင်တော့ ထို အလင်းရောင် အလုံးမှာ နှေးကွေးသွားရ လေသည်။

ဆန်းလျန်က နောက်သို့ဆက်တိုက် ဆုတ်သွားလိုက်ပြီး ဓားဝိညာဉ်က အလင်းရောင် အလုံးကြီး အပေါ်သို့ ကျရောက် သွားလေသည်။ ဆန်းလျန်က နောက်သို့ အနည်းငယ် ထပ်ဆုတ်လိုက်ပြီး ဓားဝိညာဉ်ဖြင့် ထိတွေ့သွားသည့် အလင်းရောင် အလုံးကြီးမှာ မြေပြင်ပေါ်သို့ ကျသွားလေသည်။

ထိုကဲ့သို့ ဖြစ်ပျက်သွားသည့် ဖြစ်စဉ်မှာ ကြာသည်ဟု ထင်ရသော်လည်း ထို အချင်းအရာများမှာ မျက်စိ တစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်လေသည်။

ဟာလီကျီးမှာ လူသားကျင့်ကြံသူ တစ်ယောက်က တန်ခိုးစွမ်းအားကို ထိုမျှလောက် မြန်ဆန်စွာ အသုံးပြုနိုင်မည်ဟု ထင်မှတ် မထားခဲ့မိပေ။

သူ၏ အလင်းရောင် တန်ခိုးအား အချိန်တိုလေး အတွင်းမှာပင် တိုက်ခိုက် လိုက်နိုင်ခြင်းမှာ ဆန်းလျန်တွင် အလွန် မြင့်မားသော သဘာဝလွန် တန်ခိုးများ ရှိနေ၍ ဖြစ်မည်ဟု တွေးလိုက်မိလေသည်။ ဆန်းလျန်က စွမ်းအားထက်မြက်သည့် မန္တန်များ အသုံးပြုကာ သူ့ကို နှိမ်နင်းလိုက်မည်ကို စိတ်ပူ သွားမိလေသည်။

ဆန်းလျန်မှာ သာမန် ကျင့်ကြံသူများကဲ့သို့ မဟုတ်ဘဲ ကျင့်စဉ်လမ်းကြောင်း အစဉ်အလာများကို ဖောက်ထွက်သွားသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကြောင်းကို ဟာလီကျီးက မသိပေ။ ဆန်းလျန်မှာ ဟိုင်သန်းအဆင့်သို့ မရောက်ခင် ချူးစန်းအဆင့်မှာပင် သွေးကြောဆုံချက်များ အားလုံးက ဟိုင်သန်း အဆင့် ကျင့်ကြံသူကဲ့သို့ ပွင့်ထွက်နေသူ တစ်ယောက် ဖြစ်လေသည်။

ထို့ကြောင့် အသက်ရှူလိုက် ရုံမျှဖြင့် တန်ခိုးစွမ်းအားက ရှိနေလေသည်။ ထို့ကြောင့် သူနှင့် အဆင့်တူ ကျင့်ကြံသူများထက် တန်ခိုးစွမ်းအားကို အသုံးပြုသည့်အခါ မြန်ဆန်လေသည်။

သူ၏ တန်ခိုးစွမ်းအား သိပ်သည်း ကျစ်လျစ်မှုကလည်း သာမန် အဆင့်အတိုင်း သွားနေသည့် ကျင့်ကြံ သူများထက် သိသိသာသာပင် သိပ်သည်းမှု ရှိနေလေသည်။ ထို့ကြောင့် အင်းချပ်ပင် ဖြစ်စေ၊ မန္တန်ပင် ဖြစ်စေ၊ ဓားဝိညာဉ်ပင်ဖြစ်စေ အလွယ်တကူ မြန်ဆန်စွာဖြင့် တိုက်ပွဲအတွင်းတွင် အသုံးပြု နိုင်လေသည်။

အလင်းရောင် အလုံးကြီး မြေပြင်ပေါ်သို့ ကျသွားသည်နှင့် ဟာလီကျီး၏ မိုးမြေစွမ်းအား စုစည်းမှုမှာ ပျက်စီးသွားရပြီး တန်ခိုး စွမ်းအားများ ခြောက်သွေ့ သွားလေတော့သည်။

ဆန်းလျန်က ဓားဝိညာဉ်ကို ဟာလီကျီးထံသို့ ပစ်လွှတ် လိုက်လေတော့သည်။

ဟာလီကျီးမှာ လွတ်လမ်း မရှိတော့ပေ။

ဟာလီကျီးမှာ ဆန်းလျန်၏ ဓားချက်ထိပြီးနောက် ဆန်းလျန် ထပ်မံ ပစ်လွှတ်လိုက်သည့် မီးအင်းချပ်ကြောင့် အသွေးအသားများ အားလုံး လောင်ကျွမ်းပျက်စီး သွားလေတော့သည်။ တစ်ချိန်တည်းမှာပင် ဟာလီကျီး၏ ရွှေပြဒါး အမြုတေကို ဆန်းလျန်က သိမ်းယူ လိုက်လေသည်။ ချင်းရွှမ် နတ်တံခါးသို့ ပြန်ရောက်လျှင် ဟာလီကျီးကို နှိမ်နင်းခဲ့သည့် သက်သေအဖြစ် ပြရမည် ဖြစ်သလို ထူးဆန်းသည့် အရာ ဖြစ်သည့်အတွက် သူ့အတွက်လည်း အကျိုးရှိနိုင်သည်ဟု ဆန်းလျန်က တွေးလိုက် မိလေသည်။

ဟာလီကျီး၏ ဝိညာဉ်မှာ အစိမ်းရောင် အခိုးအငွေ့များ အဖြစ် ပြောင်းလဲသွားပြီး ဆန်းလျန်က ထို အခိုးအငွေ့ များကိုပါ သုတ်သင်ပစ်လိုက် လေသည်။

ထိုဖားပြုပ်ကြီး၏ အသွေးအသားများမှာ အတွင်းအား ကောင်းစေသည့် အားဆေးကဲ့သို့ပင် ဖြစ်လေသည်။ သို့သော် ဆန်းလျန်ကဲ့သို့ မိုးမြေ စွမ်းအားများကို ထိန်းချုပ်နိုင်သည့် ကျင့်ကြံသူ တစ်ယောက်အနေဖြင့်တော့ ထိုအသားကို စားသောက်ရန်လည်း မလိုတော့ပေ။ မိုးမြေ စွမ်းအားများမှာ ထို ဖားပြုပ်ကြီးထံမှ ရသည့် စွမ်းအားထက် ပိုပြီး သန့်စင်လေသည်။

ထို့ပြင် ဆန်းလျန်မှာ ဟာလီကျီးက ကလေးငယ်များစွာ၏ အသွေးအသားကို စားသုံးထားသည့် အတွက် စိတ်ထဲတွင် မသတီသလိုလည်း ဖြစ်နေမိလေသည်။

ဆန်းလျန်မှာ တောင်ပင်လယ်ဖေးရှန်း နတ်ဘုရား ကျွန်းစွယ်နှင့်လည်း မကျေလည်မှုများ ရှိခဲ့ သဖြင့် ကိစ္စပြီးသည်နှင့် ချက်ချင်းပြန်ရန် ဆုံးဖြတ် လိုက်လေသည်။

သစ်ပင်ပေါ်တက်ပြီး ပုန်းနေသည့် ကလေးမလေး ရှောင်ချီးသည် ရုတ်တရက်ပင် သစ်ပင်ပေါ်မှ ခုန်ချလာလေသည်။ ဆန်းလျန်မှာ သူမကို လျင်မြန်စွာ ဖမ်းလိုက်ရလေသည်။

“အစ်ကိုကြီး သမီးကို အစ်ကိုကြီး ကျင့်ကြံတဲ့ ကျင့်စဉ်တွေ သင်ပေးနော်”

ကလေးမလေးက ဆန်းလျန်၏ အင်္ကျီလက်ကို ဆွဲကာ ပြောလိုက်လေသည်။

သူမမှာ ကလေးငယ်တစ်ယောက် ဖြစ်သော်လည်း ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်မှ ကလေးငယ် ဖြစ်သည့်အတွက် ကျင့်ကြံသူများ အကြောင်းကို ကောင်းစွာ သိလေသည်။

“အစ်ကိုကြီး ကိုယ်တိုင်တောင် ဘာအဆင့်မှ မရှိသေးတာ သမီးကို ဘယ်လိုလုပ် သင်ပေး နိုင်မှာလဲ”

ဆန်းလျန်က ကလေးများအပေါ်တွင် အေးစက်စွာ မဆက်ဆံတတ်ပါ။

သူက ကလေးမလေးအား မြေပြင်ထက်သို့ အသာ ချပေးလိုက်ရင်း ပြန်ပြော လိုက်လေသည်။

ထိုအချိန် ခြံဝန်းတံခါး ပွင့်လာပြီး ကလေးမလေး၏ မိခင် ထွက်လာလေသည်။

“နောက်မှ တွေ့မယ်နော်”

ဆန်းလျန်က ကလေးမလေးကို ပြုံးပြရင်း တီးတိုးနှုတ်ဆက် လိုက်လေသည်။

လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ဆန်းလျန်မှာ မိုးကုတ်စက်ဝိုင်းဆီသို့ တိုးဝင်ပျောက်ကွယ် သွားလေသည်။ မြေပြင်ပေါ်တွင် ဖားပြုပ်မိစ္ဆာနှင့် ဆန်းလျန်တို့၏ တိုက်ပွဲ၏ အကြွင်းအကျန် အစအနများ ကျန်ခဲ့လေသည်။ ထိုအစအနများက တိုက်ပွဲဖြစ်သွားခြင်း၏ သက်သေမျှသာ ဖြစ်ပြီး ကျန်သည့် အရာများမှာ မည်သို့မျှ မဖြစ်ခဲ့သလို ပုံမှန်အတိုင်းပင် ဖြစ်နေလေသည်။

ဆန်းလျန်ကြောင့် သိုင်းပညာများ ပျက်စီးသွားရသည့် ရှောင်းအိမ်တော်မှ လူငယ်မှာ ဆန်းလျန်၏ ကျောပြင်ကိုသာ မြင်လိုက်ရလေသည်။ သူက ဆန်းလျန်ကို မှတ်မိသွားပြီး ဒေါသများ အလိပ်လိုက် ထွက်လာလေသည်။ သူက ဆန်းလျန်ကို မုန်းသည့်အတွက် ဒေါသထွက်လာခြင်း မဟုတ်ပါ။ မနာလိုစိတ်ကြောင့်သာ ဒေါသထွက်နေခြင်း ဖြစ်လေသည်။ သူ့တွင်သာ သိုင်းစွမ်းရည်များ ရှိနေသေးလျှင် ယခုအချိန်ဆိုလျှင် လွတ်လပ်သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေမည် ဖြစ်လေသည်။ ယခုကဲ့သို့ ပုန်းအောင်းနေရသည့် သတ္တိကြောင်သူ တစ်ယောက် ဖြစ်နေမည် မဟုတ်ပေ။

ထိုအချိန်….

ဘယ်နေရာမှ ထွက်လာမှန်း မသိသည့် အသံတစ်သံကို ကြားလိုက်ရလေသည်။ ထိုစကားသံမှ လေထဲမှ ပျံ့လွင့်လာခြင်း ဖြစ်ပြီး ငရဲပြည်ကိုးထပ်မှ နတ်ဆိုးရယ်သံ ကဲ့သို့ပင် ဖြစ်လေသည်။

“မင်းအစွမ်းတွေ ပြန်ရချင်သလား”

ထိုမေးခွန်းလေးတွင်ပင် သွေးဆောင် ဖြားယောင်းမှုများက အပြည့်အဝ ပါဝင်နေလေသည်။ လူငယ်မှာ ငြင်းဆန်လိုစိတ် လုံးဝ မရှိတော့ပေ။

“ဟုတ်ကဲ့”

လူငယ်က တုံ့ဆိုင်းခြင်း မရှိဘဲ ပြန်ပြောလိုက်လေသည်။

နေရာတစ်ခုလုံးမှာ ဆူညံနေသည့် အတွက် သူပြောလိုက်သံကို မည်သူမျှ ကြားလိုက်ခြင်း မရှိပေ။

ထိုထူးဆန်းသည့် အသံကို “ဟုတ်ကဲ့” ဟု ပြန်ပြောလိုက်သည်နှင့် သူ၏ မျက်ခုံးနှစ်ခု မြင့်တက်သွားပြီး သူ၏ ကျောရိုးတစ်လျှောက် တွားသွားဝင်ရောက်လာသည့် အရာတစ်ခုကို ခံစား လိုက်မိ လေသည်။

သူ၏ မျက်လုံးများ ရုတ်တရက် အနီရောင်တစ်ချက် လက်ခနဲ ဖြစ်သွားသည်ကို မည်သူမျှ သတိမထား လိုက်မိကြပေ။ သူ၏ အငွေ့အသက်များမှာ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ဖြစ်သွားပြီး လူငယ်၏ ပုံစံမှာ နောက်ထပ် လူတစ်ယောက်အလား ဟန်အမူအရာများ ပြောင်းလဲ သွားလေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset