ဤလောကတွင် အဆုံးမရှိအောင် ကြွယ်ဝချမ်းသာသည့် ဂိုဏ်းဟူ၍ မရှိသလောက် ရှားပါး လေသည်။
သို့သော်…
ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်ကတော့ သိုင်းပညာနှင့် ကြွယ်ဝ ချမ်းသာမှုများဖြင့် ကျော်ကြား သည့် နတ်ဘုရား နယ်မြေတစ်ခု ဖြစ်လေသည်။
ထို့ပြင် ဖေးရှန်းနတ်ဘုရား ကျွန်းတွင်လည်း မသေမျိုးဖြစ်သည့် နတ်ဘုရားကျင့်စဉ် အောင်မြင် သူများ ပေါ်ထွန်းလာသည့် အတွက် ချင်းရွှမ်နတ်တံခါးကို အားကိုးနေစရာ မလိုတော့ပေ။ ချင်းရွှမ် နတ်တံခါးမှာလည်း ယခုနောက်ပိုင်း နတ်ဘုရားကျင့်စဉ် အောင်မြင်သူများ မရှိသလောက် နည်းပါး လာလေသည်။ အဘယ်ကြောင့်ဆိုသော် ဘာမှမရှိသည့် တောင်ပေါ်တွင် တရား ကျင့်ကြံရန်မှာ များစွာ ခက်ခဲသည့် ကိစ္စပင် ဖြစ်သည် မဟုတ်ပါလား။
သို့သော် ….
လူ့လောကတွင် လူများနှင့် ပေါင်းသင်းဆက်ဆံကာ နေမည်ဆိုလျှင်တော့ ထာဝရ ချမ်းသာသုခ ရရှိနိုင်သည့် နေရာဟူ၍ ရှိနိုင်မည် မဟုတ်ပါ။ ထို့ပြင် နတ်မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံကြသည့် နတ်မိစ္ဆာ ဂိုဏ်းများမှာလည်း လောကတွင် များစွာ ရှိနေလေသည်။
သန့်ရှင်း တိတ်ဆိတ်ပြီး လူသူကင်းဝေးသည့် နေရာတွင် တည်ရှိသည့် ချင်းရွှမ်နတ်တံခါး ပင်လျှင် သွေးချောင်း စီးခဲ့ရသည့် ဖြစ်ရပ်က သာဓက ပြနေခဲ့လေသည်။
နေ့ဘက် ဖြစ်သော်ငြားလည်း တောင်ပင်လယ် ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်တွင် လူသူ တိတ်ဆိတ် နေလေသည်။
ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်တွင် မျိုးရိုးစဉ်ဆက် နေထိုင်လာခဲ့ကြသည့် တစ်လျှောက်လုံး အဝတ်အထည်နှင့် အစားအသောက် ပြတ်လတ်သည်ဟူ၍ မရှိခဲ့ပေ။ ဈေးမှာ အမြဲ စည်ကားနေတတ် လေသည်။ လူနေထူထပ်သည့် အတွက် ကျွန်းစွယ်ပေါ်တွင် တစ်နှစ်လျှင် မြို့တစ်မြို့ တည်ထောင် နိုင်လေသည်။ မြို့နှစ်မြို့ တည်ထောင်ပြီးပါက မြို့တော်တစ်ခု ဖြစ်လာလေသည်။ မြို့တော်နှစ်ခု တည်ထောင်ပြီးပါက မြို့ပြကြီးတစ်ခု ဖြစ်လာလေသည်။ ထိုသို့ဖြင့် အစဉ်သဖြင့် တိုးတက်ပျံ့ပွား နေသည့် ကျွန်းစွယ်တစ်ခု ဖြစ်လေသည်။
သို့သော်…
ယခုအချိန်တွင်တော့ အိမ်တံခါးများ အားလုံး ပိတ်ထားကြကာ လမ်းပေါ်တွင်လည်း လူသူ မရှိသလောက် ဖြစ်နေရလေသည်။ နေရာအနှံ့တွင် သွေးကွက်များ၊ လူများ၏ ခြေပြတ် လက်ပြတ်များ မှာ ပျံ့နှံ့နေလေသည်။ နတ်ဘုရား ကျွန်းစွယ်တွင် အကြီးဆုံး အိမ်တော်မှာ ကျွန်းစွယ်ကို အုပ်ချုပ်သည့် ရှောင်းအိမ်တော် ဖြစ်လေသည်။ သို့သော် ယခုတော့ လူများအားလုံး အိမ်ထဲတွင်သာ ပုန်းအောင်း နေကြ ပြီး လေထု တစ်ခုလုံးမှာလည်း လေးလံနေလေသည်။
လေးလံသည့် လေထုအောက်တွင် မည်မျှဆိုးသည့် ကလေးဖြစ်ပါစေ အသံတစ်စက်ပင် မထွက်ရဲ ကြတော့ပေ။
ကလေးများသာမက လူကြီးများပင် အိမ်ထဲမှအိမ်ပြင် မထွက်ရဲကြပေ။
လူအချို့ကို ဆိတ်များ၊ ဝက်များကဲ့သို့ လှောင်အိမ်ကြီး တစ်ခုထဲတွင် ချုပ်နှောင်ထားလေသည်။ သူတို့၏ မျက်ဝန်းများမှာ သူတို့ကို ကယ်တင်ရန် တောင်းပန် နေကြသည့်အလား သနားစဖွယ် ဖြစ်နေ ကြလေသည်။ သူတို့အားလုံးမှာ နတ်မိစ္ဆာ၏ လက်အတွင်းသို့ သက်ဆင်း ရတော့မည် ဖြစ်လေသည်။
သူတို့အားလုံး အမွှေးတိုင်လေးကို ကြည့်နေကြလေသည်။ အဘယ်ကြောင့်ဆိုသော် ထို အမွှေးတိုင်လေးမှာ သူတို့၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်သောကြောင့် ဖြစ်လေသည်။
ဖေးရှန်းကျွန်းစွယ်၏ အကြီးအုပ်ချုပ်သူ ပြောစကားအရ ထိုအမွှေးတိုင် ထွန်းလိုက်သည်နှင့် ချင်းရွှမ် နတ်တံခါးမှ အကူအညီ စေလွှတ်မည်ဟူ၍ ဖြစ်လေသည်။ ချင်းရွှမ် နတ်တံခါးမှ အစွမ်းထက်ဆုံး ကျင့်ကြံသူ တန်ခိုးရှင် ရောက်လာလျှင်တော့ စွမ်းအား အကြီးမားဆုံး နတ်မိစ္ဆာကိုပင် ရင်ဆိုင်နိုင်မည် ဖြစ်လေသည်။
သို့သော် ယခု ရင်ဆိုင်နေရသည့် နတ်မိစ္ဆာမှာတော့ အလွန်ထူးခြားသည့် နတ်မိစ္ဆာပင် ဖြစ်လေ သည်။ ထိုမိစ္ဆာက ကလေးများ၏ အသွေးနှင့် အသားကိုသာ စားသုံးလေသည်။ ထိုနတ်ဆိုးအတွက် အရွယ်ရောက်ပြီး သူများ၏ အသွေးနှင့် အသားမှာ အရသာ ဆိုးရွားပြီး ကြမ်းတမ်း လွန်းနေလေသည်။
နတ်မိစ္ဆာက ပြောသေးသည်မှာ….
အရွယ် ရောက်သူများကို နောက်ထပ် ကလေးငယ်များ မွေးခိုင်းပြီး ချိုချိုနုနု ကလေးအသားများ ကို စားသုံးဦးမည် ဟူ၍ ဖြစ်လေသည်။
နတ်ဆိုးက လူသားများကို ဝက်များ ဆိတ်များကဲ့သို့ သဘောထားနေခြင်း ဖြစ်လေသည်။ သူက လူသားများကို အစာအဖြစ် ဝက်ပေါက် ဆိတ်ပေါက်များကဲ့သို့ လူသားပေါက်လေးများ မွေးခိုင်းရန်ပင် တွေးတောစီစဉ် ထားလေသည်။
သို့သော် လူသားများကို ထိုသို့ ပြုလုပ်ရန်မှာ လွယ်ကူလှခြင်း မရှိပေ။
အရွယ်ရောက်ပြီး သူများ၏ အရသာမှ ဆိုးရွားသည့်တိုင် ထို အရွယ်ရောက်ပြီး သူများမှာ ချိုချိုနုနုနှင့် စားကောင်းမည့် ကလေးငယ်များ ဖန်တီး ပေးနိုင်မည်ဟု ယုံကြည်သည့် အတွက် ယခုကဲ့သို့ လှောင်အိမ်ထဲ ထည့်ကာ ဖမ်းဆီးထားခြင်း ဖြစ်လေသည်။
သူတို့မှာ လှောင်အိမ်ထဲတွင် သုံးရက်မျှ အချုပ်အနှောင် ခံထားရခြင်း ဖြစ်လေသည်။ ပထမရက် တွင်တော့ သေကြေ ဒဏ်ရာရသည့်သူ သိပ်မရှိပါ။ သို့သော် နောက်တစ်နေ့တွင်တော့ ပထမဆုံး လွတ်မြောက်ရန် ကြိုးစားသူမှာ သေဆုံးသွားရလေသည်။
ထိုထွက်ပြေးရန် ကြိုးစားသူမှာ အနီရောင် လျှပ်စီးတန်း ကဲ့သို့သော အရာကြီးဖြင့် အပစ်ခတ် ခံလိုက်ရသောကြောင့် ဖြစ်လေသည်။
“ရှောင်ချီး”
အမျိုးသမီး တစ်ယောက်က ယူကျုံးမရစွာ အော်ဟစ်လိုက်လေသည်။
ရှောင်ချီးဆိုသည်မှာ သူမ သမီးငယ်လေး၏ နာမည် ဖြစ်လေသည်။ သို့သော် သူမ၏ ယူကျုံးမရ အော်ဟစ် ငိုကျွေးသံကို မည်သူမျှ အရေးတယူ မရှိကြပါ။ အဘယ်ကြောင့်ဆိုသော် ယခုရက်များတွင် ထိုကဲ့သို့သော ငိုကျွေးသံမျိုးမှာ အမြဲလိုလို ကြားနေ ကြရသောကြောင့်ဖြစ်လေသည်။
အခြားသော အသက်ရှင် ကျန်ရစ် နေသေးသည့် ကလေးငယ်များ၏ မိဘများမှာတော့ ချင်းရွှမ်မှ ကျင့်ကြံသူ တန်ခိုးရှင် ရောက်ရှိလာရန် အတွက်သာ တိတ်ဆိတ်စွာဖြင့်ပင် ဆုတောင်းနေကြ ရလေ သည်။
ဆယ်ကျော်သက် လူငယ်လေးများမှာ သူတို့၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထား ကြပြီး မည်သို့မျှ မတတ်နိုင်စွာ ကြည့်နေကြရလေသည်။ ဤဖြစ်ရပ်များ ပြီးဆုံးသွားပါက ကျင့်စဉ်လမ်း ကို လျှောက်လှမ်းပြီး တန်ခိုးစွမ်းအားများ ရအောင် ကျင့်ကြံတော့မည်ဟု ဆုံးဖြတ် လိုက်ကြလေသည်။
ချိုင်းထောက်နှင့် လူငယ်တစ်ယောက်မှာ ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ အကဲခတ် နေလေ သည်။ သူက ချင်းရွှမ်နတ်တံခါးတွင် တပည့်တစ်ယောက် ဖြစ်လာရန် အခွင့်အရေးရှိခဲ့ပါသည်။ သို့သော် သူ၏ မျှော်လင့်ချက်များ ဆုံးရှုံးခဲ့ရ လေသည်။
သူက ရှောင်းမိသားစု၏ အနွယ်တော် တစ်ယောက်ဖြစ်ပြီး နန်ခယ်မြို့တွင် ဆန်းလျန်နှင့် တိုက်ခိုက်ရင်း သိုင်းပညာ ဖျက်ဆီး ခံခဲ့ရသည့် လူငယ် ဖြစ်လေသည်။ သူက သူ၏ မျိုးဆက်တွင်တော့ တော်သည်ဟု သတ်မှတ် ခံထားရသည့် လူငယ်တစ်ယောက် ဖြစ်လေသည်။
သူက ဆန်းလျန်ကို အလွန် မုန်းတီးနေသူ ဖြစ်လေသည်။ ထို့အတူ သူ့ကိုယ်သူလည်း အလွန် မုန်းတီး မိလေသည်။
အနီရောင် အတန်းကြီးမှာ ကလေးငယ်ရှောင်ချီး၏ ကိုယ်ပေါ်တွင် ရစ်ပတ်ထားလေသည်။ ထိုအရာ အပေါ်တွင် ရွံစရာကောင်းသည့် ချွဲပျစ် ကပ်စေးနေသည့် အရည်များ ရှိနေပြီး အနံ့အသက် မှာလည်း ရွံရှာဖွယ် ဖြစ်လေသည်။ ရှောင်ချီးဆိုသည့် ကလေးငယ်လေးက စူးရှစွာ အော်ဟစ် လိုက်လေ သည်။
ကလေးငယ်၏ အော်ဟစ်သံကို အခြား အသံတစ်ခုက လွှမ်းမိုးသွားလေသည်။ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ ထိုမိုးခြိမ်းသံမှာ ကောင်းကင်ပေါ်မှ ထွက်ပေါ်လာခြင်း မဟုတ်ပါ။ ကလေးငယ် အနီးမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
ထိုအသံမှာ တရုတ် နှစ်သစ်ကူးပွဲတော်တွင် ဖောက်သည့် ဗျောက်အိုး ဖောက်သံထက် ကျယ်လောင်လေသည်။ အိမ်များအတွင်းတွင် ပုန်းအောင်းနေသည့် သူများပင် ထိုအသံကို ကြားလိုက်ရ လေသည်။
မိုးခြိမ်းသံနှင့်အတူ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။
“ဒါ မိုးကြိုးကျင့်စဉ်ပဲ။ ချင်းရွှမ် နတ်တံခါးက ကျင့်ကြံသူ တန်ခိုးရှင် ရောက်လာပြီ”
ဆံပင်များ ဖြူဖွေးနေသည့် အဘိုးအို တစ်ယောက်က ပြောလိုက်လေသည်။
ထိုအဘိုးအိုမှာ သူ့ခေတ် သူ့အခါကတော့ အလွန်တော်သည့် သိုင်းသမားတစ်ယောက် ဖြစ်ခဲ့ လေသည်။ အုပ်ချုပ်မှုပိုင်း ဆိုင်ရာဆုံချက်နှင့် အတွေးအမြင်ပိုင်း ဆိုင်ရာဆုံချက်များ ပွင့်သည်အထိ ကျင့်ကြံနိုင်ခဲ့ လေသည်။ သို့သော် လက်ရှိ အချိန်တွင်တော့ သူလည်း မည်သို့မျှ မတတ်နိုင်ခဲ့ပေ။
ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်တွင် “သေခြင်းရှင်ခြင်းကို သိမြင်ခြင်း ဆုံချက်” ပွင့်သည်အထိ ကျင့်ကြံမှု အောင်မြင်ထားသည့် အဘိုးအိုတစ်ယောက် ရှိလေသည်။ သို့သော် ထိုအဘိုးအိုမှာလည်း ယခု အချိန်တွင်တော့ နတ်မိစ္ဆာ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီ ဖြစ်လေသည်။
ထိုအဘိုးအို ပြောဖူးသည်မှာ ကျင့်စဉ်လမ်းများမှာ တစ်ခုနှင့်တစ်ခု တူညီခြင်း မရှိကြပေ။ ထို့ကြောင့် စွမ်းအားများမှာလည်း မတူညီဘဲ ကွဲပြားကြလေသည်။ ကျင့်ကြံသူများအတွက် အခက်ခဲဆုံး မှာ မိုးကြိုးကျင့်စဉ်ပင် ဖြစ်လေသည်။ မိုးကြိုး ကျင့်စဉ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်သည့် ကျင့်ကြံ သူမှာ စွမ်းအား အကြီးမားဆုံး ကျင့်ကြံသူ ဖြစ်လေသည်။
ကလေးငယ်ရှောင်ချီးကို လေပြည်လေး တစ်ခုက သယ်ဆောင်သွားပြီး မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ချပေးလိုက်လေသည်။ အနီရောင် အတန်းကြီးမှာ သူမ ကိုယ်ပေါ်တွင် ရစ်ပတ်နေဆဲ ဖြစ်လေသည်။
“မလှုပ်နဲ့နော်”
နူးညံ့သည့် အသံတစ်သံက ကလေးငယ်၏ နားသို့ ကပ်ပြောလိုက်သည်။
ကလေးမလေးက ခေါင်းကို မော့ကြည့်လိုက်သည့် အခါတွင်တော့ အပြာနုရောင် ဝတ်ဆင်ထား သည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရလေသည်။ ထိုလူငယ် ဝတ်ဆင်ထားသည့် အပြာနုရောင်မှာ ပင်လယ်နှင့်တူပြီး လေအဝေ့တွင် တဖျတ်ဖျတ် လွင့်မျော နေလေသည်။ လေ တိုက်ခတ်နေသဖြင့် ပင်လယ်လှိုင်းများ လှုပ်ရှားနေသည်ကို မြင်တွေ့ ရသည်နှင့်ပင် တူလေသည်။ ထိုလူငယ်၏ ဆံပင် အနက်ရောင် များမှာလည်း လေထဲတွင် လွင့်မျောနေပြီး ဘေးတိုက် အနေအထားဖြင့် တွေ့မြင် လိုက်ရသည့် မျက်နှာ အမူအရာမှာ တောင်ကျ စမ်းချောင်းလေး တစ်ခုအလား ကြည်လင်ရှင်းသန့် နေလေသည်။
မြေပြင်တစ်ခုလုံးတွင် လက်ပြတ်ခြေပြတ်များ၊ ကလီစာများ၊ အရိုးများ၊ သွေးကွက်များဖြင့် ဖုံးလွှမ်း နေလေသည်။ အနံ့အသက်မှာလည်း မသတီစရာ အော့အန်ချင်စရာ ကောင်းလှလေသည်။
ထိုလူငယ်မှာ အသက် ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်မျှသာ ရှိဦးမည် ဖြစ်လေသည်။
သို့သော် ထိုလူငယ်လေး၏ ပုံစံမှာ ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်မှ သူမ၏ ဂိုဏ်းတူ အစ်ကို များနှင့် မတူဘဲ လုံးဝထူးခြား နေလေသည်။ သူမ၏ ငယ်ရွယ်လွန်းသည့် မသိ နားမလည် သေးသည့် ခံစားချက်လေးဖြင့် ထိုလူငယ်၏ ထူးခြားမှုကို ပုံဖော်မပြတတ်ပေ။
ထိုလူငယ်လေး၏ အေးချမ်းတည်ငြိမ်သည့် အသံက သူမ၏ ကြောက်လန့်မှုများကို လွင့်ပါး သွားစေ လေသည်။
မနီးမဝေးတွင် ဖားပြုပ်ကြီးတစ်ကောင် ရှိနေလေသည်။ ဆယ့်နှစ်ပေ အကွာတွင် ရှိနေပြီး သူ့ကို ကြည့်ရသည်မှာ ကြောက်စရာ ကောင်းသည့် ပုံသဏ္ဌာန် ရှိလေသည်။ ဖားပြုပ်ကြီးမှာ ဝပ်နေခြင်း ဖြစ်ပြီး ထိုသို့ ဝပ်နေသည့် အနေအထားဖြင့်ပင် လူသန်ကြီး တစ်ယောက်ထက် အရပ် ရှည်နေလေသည်။
အနီရောင် တန်းကြီးမှာ ထို ဖားပြုပ်ကြီး၏ လျှာကြီး ဖြစ်လေသည်။ ထိုလျှာကြီးကို ဆန်းလျန်က အဖြူရောင် မိုးကြိုးနှင့် ပစ်ချလိုက်သည့် အတွက် ပြတ်တောက် သွားသည့်တိုင် ထိုလျှာကြီးမှာ ချက်ချင်း ပင် အသစ်ပြန်ထွက် လာလေသည်။
ထိုဖားပြုပ်ကြီး၏ အရေခွံမှာ အညိုရောင်ဖြစ်ပြီး အရေခွံပေါ်ရှိ ဗြုတ်များမှာ ဆူးများ ကဲ့သို့ပင် ဖြစ်လေသည်။ နေ့အလင်းရောင် အောက်တွင်ပင် ထိုဖားပြုပ်ကြီးပုံစံမှာ မသတီစရာ ပုံစံကြီး ဖြစ်လေ သည်။
ဖားပြုတ်ကြီးက ဆန်းလျန်ကို မျက်လုံး ပြူးကြီးများဖြင့် စူးရှစွာ စိုက်ကြည့် လိုက်လေသည်။
“ကျုပ်က ဟာလီကျီးပဲ။ ခေါင်းကိုးလုံး မင်းကြီးအတွက် တာဝန်ထမ်းဆောင် ပေးနေတာ။ မင်းနေရာကို မင်းသိသင့်တယ် ကောင်လေး”
ဖားပြုပ်ကြီးက မည်သည့်နေရာက ရောက်လာမှန်း မသိသည့် ကျင့်ကြံသူ လူငယ်လေးကို ပြောလိုက် လေသည်။
ဖားပြုပ်ကြီးမှာ အသိဉာဏ် မရှိသည့် သတ္တဝါကြီး မဟုတ်ပါ။ မိုးကြိုးကျင့်စဉ်ကို အသုံးပြုနိုင် သည့် ကျင့်ကြံသူ အချို့၏ တန်ခိုးစွမ်းအားကို သူကောင်းကောင်းသိပါသည်။
ဖားပြုတ်ကြီး “ဟာလီကျီး” ပြောသည့် ခေါင်းကိုးလုံး မင်းကြီးမှာ ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်နှင့် မိုင်ငါးထောင်အကွာ ပင်လယ်ထဲတွင် နေထိုင်သည့် နတ်မိစ္ဆာဘုရင်ကြီး တစ်ပါး ဖြစ်လေသည်။ ထိုနတ်မိစ္ဆာ ဘုရင်ကြီးမှာ တန်ခိုးစွမ်းအား ကြီးမားသူ ဖြစ်ပြီး အထက်လမ်း ဂိုဏ်းသား များပင် ကြောက်ရွံ့ ကြရလေသည်။
အချို့ ကျင့်ကြံသူများ ဆိုလျှင် သူ၏ မွေးနေ့တွင်ပင် သွားရောက် ဂါရဝပြု တွေ့ဆုံ ကြလေသည်။
ထို့ကြောင့် ဆန်းလျန်၏ မိုးကြိုးကျင့်စဉ် တန်ခိုးစွမ်းအားကို သိသည့်တိုင် ဖားပြုပ်ကြီးက သူ၏ သခင်အားကိုးဖြင့် ဆန်းလျန်ကို မကြောက်ခြင်း ဖြစ်လေသည်။ ထို့ပြင် ခေါင်းကိုးလုံး မင်းကြီးက သူ၏ ကလေးများအား သူ၏နာမည်ကို ပြောရန် အမြဲတမ်း မှာကြားထားလေသည်။ သို့မှသာ ကျင့်ကြံသူများ က သခင်၏ အရှိန်ဖြင့် သူ၏ တပည့်များကို မနှိမ်နင်းဘဲ နေမည်ဖြစ်လေသည်။
သို့သော် … ခေါင်းကိုးလုံး မင်းကြီးက ထိုစကားကို တခြားနတ်ဆိုး မိစ္ဆာဘုရင်များဖြင့် အရက် သောက်ရင်း မူးပြီး ပြောခဲ့ခြင်း ဖြစ်လေသည်။
ဟာလီကျီးက ထိုစကားကို မှတ်သားထားခဲ့လေသည်။ သူက တန်ခိုးစွမ်းအား ကြီးမားသည့် ကျင့်ကြံသူများနှင့် တွေ့တိုင်း ခေါင်းကိုးလုံး မင်းကြီးဆိုသည့် အမည်ကို ထုတ်ပြော တတ်လေသည်။ ထိုသို့ ပြောလိုက်ခြင်းကလည်း အမြဲတမ်း အလုပ်ဖြစ်ခဲ့ လေသည်။
ကျင့်ကြံသူ အားလုံးမှာ ခေါင်းကိုးလုံး မင်းကြီးအကြောင်းကို ကြားဖူးကြသူများ ချည်းသာ ဖြစ်လေသည်။ ထို့ကြောင့် သူတို့က ခေါင်းကိုးလုံး မင်းကြီးအရှိန်ဖြင့် ဟာလီကျီးကို မနှိမ်နင်းရဲ ကြတော့ ပေ။
သို့သော် ဟာလီကျီး ဖေးရှန်းကျွန်းစွယ်သို့ ရောက်လာခြင်းမှာ ရေလမ်းကြောင်း မှားယွင်းပြီး ရောက်လာခြင်း ဖြစ်လေသည်။ သူ သတိမထားမိခင်မှာပင် ရေလမ်းကြောင်း မှားယွင်းသွားပြီး မိုင်ပေါင်း ငါးထောင်ဝေးသည့် ဖေးရှန်းကျွန်းစွယ်သို့ လူသားစား ဖားပြုပ်ကြီးမှာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ ခဲ့ခြင်းပင် ဖြစ်လေတော့သည်။
***