Switch Mode

အခန်း (၈၅)

စိတ်နှစ်မျိုးနှင့်နတ်မိမယ်

“ကျွန်တော် ဘယ်တော့လောက် သွားရမလဲ”

ဆန်းလျန်က မေးလိုက်လေသည်။

ဆရာသခင် ကျန်းရော့ရွှီးက သူ၏လက်ခလယ်ကို အသုံးပြုကာ ပုံတစ်ပုံ ဆွဲလိုက်လေသည်။ မီးခိုးရောင် အငွေ့များမှ မြေပုံတစ်ခု ဖြစ်တည်လာလေသည်။ မြေပုံတွင် မီးခိုးရောင် အရင့်ပိုင်းနှင့် မီးခိုးရောင် အနုပိုင်း နှစ်ပိုင်းပါလေသည်။ မီးခိုးရောင်အနုပိုင်းမှာ ပင်လယ်ဖြစ်ပုံရပြီး မီးခိုးရောင် အရင့်ပိုင်းကတော့ ဖေးရှန်းကျွန်းစွယ် ဖြစ်လေသည်။

ထိုသို့မြေပုံ ရေးဆွဲနိုင်ခြင်းမှာ ဆရာသခင် ကျန်းရော့ရွှီး၏ ကျင့်စဉ် တန်ခိုးစွမ်းအားပင် ဖြစ်လေ သည်။ ဖေးရှန်းကျွန်းစွယ်၏ မြေပုံကို ရေးဆွဲပြခြင်း ဖြစ်လေသည်။ ပါးစပ်ဖြင့် ပြောခြင်းထက် ထိုသို့ ရေးဆွဲပြခြင်းက ပိုပြီး အဆင်ပြေလေသည်။

ဆရာသခင် ကျန်းရော့ရွှီး ရေးဆွဲပြသည့် မြေပုံကို ဆန်းလျန်က စိတ်ထဲတွင် ချက်ချင်း မှတ်သား ထားလိုက်လေသည်။

ဆရာသခင်က ဖြစ်နိုင်လျှင် မြန်နိုင်သမျှ မြန်မြန် သွားစေချင်ပုံ ရလေသည်။ ဆန်းလျန်မှာ မတိုက်ခိုက် ရသည်မှာ ကြာပြီဖြစ်လည်း သူက ထိုတာဝန်ကို ထမ်းဆောင်ရန် အမှန်ပင် ဆန္ဒ ရှိနေမိလေ သည်။

ညနေခင်း မြူနှင်းများက ဆန်းလျန်မျက်နှာကို ရိုက်ခတ် နေလေသည်။ ဆန်းလျန် ချင်းရွှမ် နတ်တံခါးမှ ထွက်ခွာလာခဲ့ပြီး ပင်လယ်ကမ်းစပ်သို့ ရောက်ရှိလာခဲ့လေသည်။

“ဂိုဏ်းတူအစ်ကို ခဏလောက်စောင့်ပါဦး။ ဆရာသခင်က ဂိုဏ်းတူအစ်ကိုအတွက် အမှာစကား ပါးလိုက်တယ်”

ဆန်းလျန် အသံတစ်သံ ကြားလိုက်ရလေသည်။

မြွေမိစ္ဆာကြီး ကျင်းချင်း၏အသံ ဖြစ်လေသည်။

ကျင်းချင်းမှာ လူသားများနှင့်ယှဉ်လျှင် ကျင့်စဉ်လမ်းတွင် ဟိုင်သန်းအဆင့်သို့ ရောက်ရှိနေသူ ဖြစ်လေသည်။ ကျင်းချင်းမှာ သူတစ်ပါးကို ရန်ပြုတတ်သူ မဟုတ်ပါ။ သို့သော် ချင်းရွှမ်နတ်တံခါးမှ အပြင်လောကသို့ ထွက်လာမည်ဆိုပါက “နတ်မိစ္ဆာဘုရင်” တစ်ပါးကဲ့သို့ စွမ်းအားကြီးမားမည် ဖြစ်လေသည်။

ထို့ကြောင့် ကျင်းချင်းက ဆန်းလျန်ကို ဂိုဏ်းတူအစ်ကိုဟု ခေါ်တိုင်း ဆန်းလျန်မှာ ရယ်ချင်နေမိ လေသည်။

ဆန်းလျန် လှည့်ကြည့်လိုက်တော့ ကောင်းကင်ထက်မှ ဆင်းလာသည့် ကျင်းချင်းကို တွေ့လိုက်ရ လေသည်။ သူက လူသားအသွင်ဖြင့် ဆန်းလျန်ရှေ့တွင် ရပ်နေလိုက်လေသည်။

“ဆရာသခင်က မှာလိုက်တယ်။ သွားရမယ့်ခရီးက ရှည်တယ်။ ဒါကြောင့် ခရီးသွားဖို့ ပျံသန်း နိုင်တဲ့ ပစ္စည်းတစ်ခု သုံးခွင့် ပြုတယ်တဲ့။ ဂိုဏ်းတူအစ်ကို ပြန်လာမှ ဆရာသခင်ကို ပြန်ပေးပါတဲ့”

ဆန်းလျန် ရယ်မောလိုက်လေသည်။ ဆရာသခင်မှာ အသေးအဖွဲ ကိစ္စလေးများကိုပင် မမေ့ လျော့ဘဲ အလေးထားတတ် လေသည်။ ဤသည်မှာ ဆန်လျန်၏ ကျင့်စဉ်လမ်းအဆင့် တက်သွားသည့် နောက်ပိုင်း စမ်းသပ်မှုတစ်ခုပင် ဖြစ်လေသည်။

ကျင်းချင်းက ဆန်းလျန်ကို တစ်ချက်မျှ လေ့လာလိုက်သည်။ ဆန်းလျန် ချင်းရွှမ်နတ်တံခါးသို့ စတင် ရောက်ရှိလာသည့် အချိန်နှင့် နှိုင်းယှဉ်လျှင် အရင်ကနှင့် မတူတော့ဘဲ ပြောင်းလဲသွားပြီ ဖြစ်လေ သည်။ သူရပ်နေသည့် ကိုယ်နေဟန်ထားမှာပင် နက်နဲမှုများဖြင့် ပြည့်နေလေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ဆန်းလျန် ရောက်ရှိနေသည့် ကျင့်စဉ်လမ်းအဆင့် မြင့်မားသည် ဆိုခြင်းထက် ညနေခင်း မြူနှင်းများက မိုးမြေ စွမ်းအားများဖြင့် ပေါင်းစပ်ကာ ကိုယ်ရောင်ကိုယ်ဝါများ တောက်ပလျက် ရှိသောကြောင့် ဖြစ်လေသည်။

တကယ့် လက်တွေ့တွင် ဆန်းလျန်မှာ လုံးဝ ပြီးပြည့်စုံသည့် အဆင့်သို့ မရောက်သေးပါ။ သို့သော် သူ၏ လေးနက် သိမ်မွေ့မှုများက ထိုအဆင့်သို့ ဦးတည်နေပြီ ဖြစ်လေသည်။

“ဆရာသခင်ကို ကျေးဇူးတင်ကြောင်း ပြောပေးပါနော်။ ဒါက ပင်လယ်ခရီး တစ်ခုပဲဖြစ်လို့ ကျွန်တော့် အတွက်တော့ အပန်းမကြီး လှပါဘူး”

ဆန်းလျန်က အေးချမ်းစွာ ပြန်ပြော လိုက်လေသည်။

ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်လာလေသည်။ ဆန်းလျန်က စန္ဒကူးဓားကို ဆွဲထုတ် လိုက်ပြီး ဓားပေါ်တွင် အင်းချပ်သင်္ကေတ ပုံသဏ္ဌာန်အချို့ကို လက်ဖြင့် ရေးဆွဲလိုက်သည်။ အင်းချပ် စွမ်းအားကြောင့် မိုးမြေစွမ်းအားများ စုစည်းသွားပြီး ဆန်းလျန်၏ ခန္ဓာကိုယ်မှာ ကြိုးကြာငှက်လေး တစ်ကောင်အလား လေထဲသို့ ပျံဝဲတက်သွား လေသည်။ ထို့နောက် မိုးမြေစွမ်းအားများ စုစည်း ထားသည့် မြူခိုးများ ဝန်းရံကာ ပင်လယ်လှိုင်းများထဲသို့ တိုးဝင်ပျောက်ကွယ် သွားလေသည်။

ဆန်းလျန်က “တိမ်နှင့်မိုးကြိုး အင်းတံဆိပ်တော်” ၏ အစိတ်အပိုင်း အင်းချပ်ပညာရပ်ကို အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။ ထို အင်းချပ်ပညာကို သူ၏စွမ်းအားဖြင့် ပေါင်းစပ် အသုံးပြုလိုက် ခြင်း ဖြစ်လေသည်။ ထိုသို့ ပြုလုပ်လိုက်ခြင်းက စွမ်းအားအလွန် ထက်မြက်ခြင်းတော့ မရှိပါ။ သို့သော် သူ၏ ခန္ဓာကိုယ်ကို လေနှင့် လှိုင်းများကြားတွင် သယ်ဆောင်သွားနိုင်သည် အထိတော့ တန်ခိုးစွမ်းအား လုံလောက်လေသည်။

ဆန်းလျန် အသုံးပြုလိုက်သည့် ပညာကို အင်းချပ်ပညာဟု ပြော၍ရသလို ကျင့်စဉ်ပညာရပ် ဟူ၍လည်း ပြော၍ ရလေသည်။ မိုးမြေစွမ်းအားကို အသုံးပြုကာ လေနှင့်လှိုင်းများ ကြားတွင် ခရီးသွားခြင်း ဖြစ်လေသည်။

ဆန်းလျန် ယခင်က ထိုကဲ့သို့ သွားလာဖူးခြင်း မရှိပါ။ ယခု စမ်းသပ်ကြည့်သည်မှာ ပထမဆုံး အကြိမ် ဖြစ်လေသည်။ သို့သော် သူ၏ စွမ်းအားကို သူယုံကြည်လေသည်။

နေဝင်ချိန် အလှတရားအောက်တွင် ဆန်းလျန်၏ ပုံရိပ်ကို ကျင်းချင်း ငေးမောကြည့် နေမိလေ သည်။ ပင်လယ်လှိုင်းများက ဟိုမှသည်မှ လှပစွာ ရိုက်ခတ်လှုပ်ရှား နေလေသည်။

“ဒီလို ထူးဆန်းတဲ့ လူနှစ်ယောက်ကို မသေခင်တွေ့ရတာ ငါသိပ်ကံကောင်းတာပဲ”

ဟု ကျင်းချင်း ရေရွတ် လိုက်မိလေသည်။

ထို့နောက် ကျင်းချင်းက ချင်းရွှမ်တောင်ပေါ်သို့ ပြန်ရန် ဆုံးဖြတ်လိုက်လေသည်။ ထိုစဉ်မှာပင် ကျောက်ဆောင် တစ်ခုထက်တွင် လှပသည့် မိန်းမပျိုတစ်ယောက်ကို မြင်တွေ့ လိုက်ရလေသည်။ ထိုမိန်းမပျိုမှာ နေဝင်ဆည်းဆာ အောက်တွင် ခရမ်းရောင် ဝတ်စုံဖြင့် လွန်စွာမှ လှပနေလေသည်။ လေအဝေ့တွင် သူမ၏ခါးတွင် ချည်ထားသည့် ခေါင်းလောင်းလေးများမှ သာယာသည့် ခေါင်းလောင်းသံ များ ထွက်ပေါ် နေလေသည်။

ကျင်းချင်းမှာ သူမကို တွေ့လိုက်သည်နှင့် အံ့သြတုန်လှုပ် သွားရလေသည်။ မြွေဆိုသည်က သွေးအေးသတ္တဝါ ဖြစ်လေသည်။ သူ့ပတ်ဝန်းကျင်တွင် မည်သည့်အရာများ ဖြစ်ပျက်နေပါစေ ထိတ်လန့် တုန်လှုပ် တတ်ခြင်းမျိုး မရှိပါ။ သို့သော် ယခုတော့ ချွေးများပင် ပျံလာပြီး ကြောက်လွန်းသောကြောင့် နေရာမှပင် မရွှေ့ရဲတော့ပေ။

“မြွေလေး ဘာတွေကြောက်နေတာလဲ။ ငါလည်းမင်းကို ဘာမှ မလုပ်ရသေးပါဘူး”

သူမ၏အသံက ခေါင်းလောင်းသံများထက်ပင် ပိုပြီး သာယာနာပျော်ဖွယ် ရှိလေသည်။ တီးတိုး သံလေးမျှသာ ဖြစ်သော်လည်း နှလုံးသားတစ်ခုလုံး ကွဲကြေမတတ် ခံစားရနိုင်လေသည်။

ကျောက်ဆောင်ပေါ်မှ ခရမ်းရောင် နတ်မိမယ်က ကျင်းချင်းရှေ့သို့ ရောက်ရှိလာသည့် အတွက် ကျင်းချင်း ခြေလှမ်းများ ရပ်တန့်သွားရလေသည်။

ကျင်းချင်းက ပြုံးလိုက်ရင်း…

“နတ်မိမယ် ရှုခင်းကြည့်နေတာကို ကျွန်တော်က မနှောင့်ယှက်ချင်လို့ပါ”

ဟု ပြောလိုက်လေသည်။

ခရမ်းရောင် နတ်မိမယ်က …

“နင်ငါ့ကို ကြောက်စရာ မလိုပါဘူး။ ငါကျင့်စဉ် အောင်မြင်ပြီးသွား ကတည်းက ငါဖြစ်ချင်တာ တွေ အကုန်လုံးကို လုပ်နိုင်စွမ်း ရှိတယ်။ ဒါပေမယ့် ငါကနင့်ကို မနှောင့်ယှက်ချင်လို့ပါ။ မဟုတ်ရင် အဲဒီနေ့ကတည်းက မင်းမြွေကင် ဖြစ်ပြီး နေလောက်ပြီ”

ဟု ပြောလိုက်လေသည်။

ကျင်းချင်းက ခရမ်းရောင် နတ်မိမယ်ကို သေသေချာချာ လေ့လာ ကြည့်လိုက်သည်။ သူမ၏ပုံစံ က အကြမ်းဖက်မည့် ပုံစံတော့ မရှိပေ။ ကျင့်စဉ် အောင်မြင်သွားသည့် နောက်ပိုင်း သူမ၏စိတ်မှာ နှစ်မျိုး ဖြစ်နေသည်ဟု ကျင်းချင်းကောင်းစွာ နားလည် ထားလေသည်။

တစ်ခါတစ်ရံတွင် သူမသည် အေးစက်ပြီး ရက်စက် တတ်လေသည်။ သူမရှေ့ရှိ အရာအားလုံးကို သတ်ချင်ဖြတ်ချင် ဖြစ်နေတတ်လေသည်။ တစ်ခါတစ်ရံတွင်တော့ သူမက မည်သည့်အရာကိုမှ စိတ်မဝင်စားပဲ အေးချမ်းစွာ ရှိနေတတ်ပြန်သည်။ ထိုသို့ ဖြစ်နေရသည်မှာ ချင်းရွှမ်နတ်တံခါးမှ ဆရာသခင် တစ်ပါးက သူမနှင့် သူမကို စိတ်ရိုင်းဝင်စေသည့် ရတနာပစ္စည်းကို ထိန်းချုပ် ထားသော ကြောင့် ဖြစ်လေသည်။ ယခုအချိန်ထိတော့ သူမက အန္တရယ်ပြုခြင်း မရှိသေးပေ။

ထို့ကြောင့် စိတ်နှစ်မျိုးကြားတွင် သူမမှာ သားကောင်သဖွယ် ဖြစ်နေရလေသည်။

ထိုသို့ စိတ်နှစ်မျိုး ဖြစ်နေခြင်းကို သူမကိုယ်တိုင်လည်း မထိန်းချုပ်နိုင်ပေ။ ကျင့်စဉ်ကို အောင်မြင် သွားပြီးနောက် သူမထိုသို့ ဖြစ်သွားခြင်း ဖြစ်လေသည်။

“ချင်းရွှမ်ကို ပြန်ပါ။ ငါ့ကို နောက်တစ်ခါ မလှောင်ပြောင် စေရတော့ဘူး။ ငါသွားဖို့ အချိန်တန်ပြီ ၊ ဒါပေမယ့် အားလုံးကို နှုတ်ဆက်စကားပြောဖို့ ပျင်းနေသေးတာနဲ့ မသွားဖြစ်သေးဘူး။ ဒါပေမယ့် ငါမကြာခင် ထွက်သွားတော့မယ် ဆိုတာ ဆရာသခင် သိမှာတဲ့လား။ ဆရာသခင်ကို ပြောလိုက်ပါ။  ငါပြန်လာရင် သူ မသေသေးဖို့ မျှော်လင့်ပါတယ်လို့။ ငါပြန်လာတဲ့ တစ်နေ့ကျရင် နတ်ဘုရား ကျေင်းတော်ကိုလာပြီး သူ့အလောင်း လာယူမယ်လို့ ပြောလိုက်”

သူမ၏ အသံမှာ အေးစက်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းနေလေသည်။

ကျင်းချင်းမှာ သူမအသံကို နားထောင်ပြီး ကမ္ဘာလောကကြီး တစ်ခုလုံးမှာ ရေခဲလွှာဖြင့် ဖုံးအုပ် သွားသလို ခံစားလိုက်ရ လေသည်။

ကောင်းကင်ပေါ်သို့ ခရမ်းရောင် ရောင်စဉ်တန်းတစ်ခု ပျံတက်သွားပြီး ခရမ်းရောင် နတ်မိမယ် ပျောက်ကွယ်သွားလေသည်။ ခရမ်းရောင် ရောင်စဉ်တန်း ပျောက်သွားသည်နှင့် အစိမ်းရောင် ရောင်စဉ် တန်းလေးတစ်ခု ပေါ်လာလေသည်။

နေဝင်သွားပြီ ဖြစ်သည့်အတွက် ရာသီဥတုက အေးစိမ့် နေလေသည်။

***

တောင်ပင်လယ် ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်ကို တည်ထောင်သူ ဆရာသခင်၏ မျိုးနွယ်မှာ “ရှောင်း” ဖြစ်လေသည်။ သူက ချင်းရွှမ် နတ်တံခါးတွင် ပညာသင်ရင်း နတ်ဘုရားတစ်ပါး ဖြစ်လာရန် မျှော်လင့်ချက် မရှိတော့သည့် အချိန်တွင် လူ့လောကထဲသို့ ပြန်လာခဲ့လေသည်။ ထိုသို့ ပြန်လာရင်း ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်ကို ရောက်ရှိသွားပြီး ထိုနေရာတွင်ပင် အခြေချ နေထိုင်ရင်း တပည့် အနည်းငယ်ကို ပညာသင်ကြား ပေးခဲ့လေသည်။

ဆရာသခင် ရှောင်းက တပည့်အနည်းငယ် လက်ခံထားသော်လည်း ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်၏ အုပ်ချုပ်သူများကတော့ ရှောင်းမိသားစုပင် ဖြစ်လေသည်။ နောက်ပိုင်းတွင်တော့ ကွေးယွင် စန်းကျွမ်းမှာလည်း တောင်ပင်လယ် ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်မှ ခွဲထွက်သွားသည့် ဂိုဏ်းခွဲတစ်ခု ဖြစ်လာလေသည်။

ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်မှာ ပင်လယ် အခြားတစ်ဖက်ရှိ ကျွန်းစွယ်တစ်ခု ဖြစ်လေသည်။ အချင်းချင်း ကူညီကြပြီး ကြွယ်ဝချမ်းသာမှုများနှင့် ရှားပါး သယံဇာတများကိုလည်း မျှဝေခံစား ကြလေသည်။

ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်၏ တည်နေရာ အနေအထားအရ နတ်မိစ္ဆာများ လာရောက် တိုက်ခိုက်ခြင်း ခံရပါက ခုခံကာကွယ်ရန် ခက်ခဲလေသည်။ ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်မှ ကျင့်ကြံ သူများကလည်း ထိုအကြောင်းကို သိသည့် အတွက်ကြောင့် ချင်းရွှမ်နတ်တံခါး၏ အထောက်အပံ့ကို ရယူထားကြလေသည်။

ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်က ချင်းရွှမ်နတ်တံခါးကို ထောက်ပံ့မှုများ ပေးထားလေသည်။ သို့သော် သူတို့၏ ထောက်ပံမှုများမှာ ချင်းရွှမ်နတ်တံခါး အတွက်တော့ မပြောပလောက်ပါ။ သို့သော် ယခင်အချိန် ပတ်သက် ဆက်နွယ်မှုများကို ထောက်ထားခြင်းအားဖြင့် ချင်းရွှမ် နတ်တံခါးကလည်း ဖေးရှန်းကျွန်းစွယ် အကူအညီ လိုအပ်လာလျှင် လျစ်လျူရှုလေ့ မရှိပေ။

ထို့ပြင် ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်မှ ကျင့်ကြံသူ တပည့်များမှာလည်း တစ်ခါတစ်လေတွင် ချင်းရွှမ်နတ်တံခါးသို့ ဝင်ရောက်ခွင့် ရကြလေသည်။ သို့သော် နောက်ပိုင်းတွင်တော့ နတ်တံခါးဖွင့်သည့် အချိန်တိုင်း ဖေးရှန်းကျွန်းစွယ်မှ တပည့်များ ဝင်ခွင့်မရ ကြတော့သည်မှာ နှစ်ပေါင်းတစ်ရာခန့် ရှိပြီ ဖြစ်လေသည်။ ဂိုဏ်းနှစ်ဂိုဏ်း၏ ဆက်ဆံရေးမှာလည်း ပျက်ပြယ်တော့မည်ကဲ့သို့ ဖြစ်နေရလေသည်။

ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်မှ တပည့်များ ချင်းရွှမ်နတ်တံခါးသို့ ဝင်ခွင့် ရကြလျှင်လည်း စန့်ယွမ့် အဆောင်တွင် နေခွင့် ရကြလေသည်။ သို့သော် စန့်ယွမ့်အဆောင်တွင် နေသည်ဖြစ်စေ၊ ရှယွမ့် အဆောင်တွင် နေသည်ဖြစ်စေ၊ ဟိုင်သန်းအဆင့်သို့ တက်လှမ်းနိုင်ရန်မှာတော့ မလွယ်ကူကြပေ။ အစပိုင်းတွင်တော့ ဖေးရှန်းနတ်ဘုရား ကျွန်းမှ ကျင့်ကြံသူ တပည့်တစ်ယောက်က ကံကောင်းစွာဖြင့် “နတ်ဘုရား အမြုတေ” တစ်ခုရရှိပြီး ဟိုင်သန်းအဆင့်အထိ ကျင့်ကြံနိုင်ဖူး လေသည်။

သို့သော် လွန်ခဲ့သည့်နှစ်တစ်ရာခန့်က ဝမ်းနည်းစရာ ဖြစ်ရပ်တစ်ခု ချင်းရွှမ်နတ်တံခါးတွင် ဖြစ်ပျက်ခဲ့လေသည်။ အရည်အချင်းပြည့်ဝသည့် နတ်ဘုရားကျင့်စဉ် ကျင့်ကြံသူများစွာ အသတ်ခံခဲ့ရပြီး ရှောင်းအိမ်တော်မှ ဟိုင်းသန်းအဆင့် ကျင့်ကြံသူမှာလည်း အသတ်ခံရသည့် အထဲတွင် ပါဝင်သွားခဲ့ ရလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset