Switch Mode

အခန်း (၈၄)

တရားရှာကိုယ်မှာတွေ့

ကျင့်ကြံသူ တစ်ယောက်အနေဖြင့် လိုအပ်သည့် အဆင့်တစ်ခုကို ဆန်းလျန် ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်လေသည်။

လူ့လောကမှ လူသားများမှာ နှစ်ပေါင်းများစွာ လေ့ကျင့်ကြသည့်တိုင် ယခု ဆန်းလျန် ရောက် သည့် အဆင့်သို့ ရောက်နိုင်ဖို့ ခဲယဉ်းလေသည်။ ထိုသို့ နားလည် သဘောပေါက်လိုက်သည့် အတွက်ကြောင့် ဆန်းလျန် အော်ဟစ် လိုက်သံမှာ မိုင်ပေါင်းများစွာ အထိ ပျံ့နှံ့ သွားလေတော့သည်။

ဆန်းလျန် ထိုသို့ အော်ဟစ်လိုက်သံမှာ အဆုံးမရှိ ကျယ်ပြန့်သွားပြီး လေများပင် တိုက်ခတ် လာကာ ရေများပင် ပြင်းထန်စွာ လှုပ်ခတ်ကုန် ကြလေသည်။

အပြင်ဘက်မှ လူများမှာ ဆန်းလျန်၏ အဆောင်၏ ခေါင်မိုးထက်တွင် မိုးမြေစွမ်းအားများ ပေါင်းစုပြီး တိမ်တိုက်တစ်ခု ဖြစ်ပေါ်လာသည်ကို တွေ့ကြရလေသည်။ ထိုတိမ်တိုက်သည် မည်သည့် နေရာသို့မျှ ရွေ့လျားသွားခြင်း မရှိဘဲ ဆန်းလျန်နေသည့် အဆောင်လေး၏ ခေါင်မိုးထက်တွင်သာ တည်တံ့ နေလေသည်။

ဆန်းလျန် အော်ဟစ်လိုက်သည့် အသံ၏ တုန်ခါမှုကြောင့် ချင်းလျန်တောင်ရှိ လူအားလုံးမှာ အံ့သြ တုန်လှုပ်သွားကြ ရလေသည်။ ဆန်းလျန် အခန်းရှေ့သို့ ပထမဆုံး ရောက်လာသူမှာ ချန်ကျန်းမေ ဖြစ်လေသည်။ ဓားတစ်စင်းကဲ့သို့ လျင်မြန်သည့် အရှိန်ဖြင့် ရောက်လာခြင်း ဖြစ်လေသည်။

ချန်ကျန်းမေ ရောက်လာပြီးမှ မရှေးမနှောင်းမှာပင် ယန့်ပုကွေး ရောက်လာလေသည်။

ရှယွမ့်အဆောင်တွင် ယခုကဲ့သို့ ထူးခြားချက် ဖြစ်ပေါ်ခြင်း မရှိသည်မှာ ကြာပြီဖြစ်လေသည်။ သူတို့က ဂိုဏ်းတူ အစ်ကိုများထဲမှ တစ်ယောက်ယောက် ကျင့်စဉ် အောင်မြင်သွားပြီဟု ထင်မှတ် လိုက်မိကြလေသည်။

သူတို့က ထိုဂိုဏ်းတူ အစ်ကိုကို အားကျ သွားမိလေသည်။ သို့သော် ထိုထူးခြားချက်မှာ ဆန်းလျန်၏ အခန်းဆီမှ ထွက်ပေါ်လာခြင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည့် အခါတွင်တော့ လွန်စွာမှ အံ့သြသွားကြ ရလေတော့သည်။

ဆန်းလျန် ဝမ့်ရှင်းလမ်းကို ဖြတ်သန်းလာသည့် အချိန်မှာ စံချိန်တင်လောက်အောင် တိုတောင်း လွန်းလေသည်။ ထို့ကြောင့် ဆန်းလျန်၏ နာမည် ဂုဏ်သတင်းမှာ ရှယွမ့် အဆောင်တွင်သာမက စန့်ယွမ့် အဆောင်တွင်သာ ကျော်ကြားနေလေသည်။ သို့သော် မည်သူမျှ ဆန်းလျန်ကို တပည့်အဖြစ် လက်ခံခြင်း မရှိခဲ့သည်ကလည်း ထူးဆန်း နေလေသည်။ သူက ကျင့်ကြံမှု လမ်းကြောင်းကို တစ်ယောက်တည်း ကြိုးစား ရှာဖွေခဲ့ရသူ ဖြစ်လေသည်။ သူက နှစ်လတစ်ကြိမ် ပြုလုပ်သည့် ဂိုဏ်းတူအစ်ကိုများနှင့် တွေ့ဆုံသည့် အစည်းအဝေးပွဲသို့ပင် တက်ရောက်ခြင်း မရှိသည့်အတွက် သူ့ကို မည်သူမျှလည်း သိပ်ပြီး တွေ့မြင်ဖူးခြင်း မရှိကြပေ။

အခြားသူများ အနေဖြင့် သူ၏ ကျင့်စဉ်လမ်းမှာ မည်သည့်အဆင့်သို့ ရောက်နေပြီလဲ ဆိုသည်ကို မမှန်းဆ နိုင်ကြပေ။ ယေဘုယျအားဖြင့် အသက် နှစ်ဆယ်အောက်သာ ရှိသေးသည့် ချင်းရွှမ်မှ တပည့်များ အားလုံးမှာ အရည်အချင်း ပြည့်ဝကြသည့် သူတွေချည်းပင် ဖြစ်လေသည်။ သို့တိုင်အောင် ကျင့်စဉ်လမ်းတွင် ဆန်းလျန်ကဲ့သို့ မြန်မြန်ဆန်ဆန်နှင့် အဆင့်မြင့်မြင့်သို့ တက်လှမ်း သွားနိုင်သည့်သူ တစ်ယောက်မျှ မရှိသေးပေ။

မိုးမြေ စွမ်းအားများ စုစည်းကာ တိမ်တိုက် တစ်ခုသဖွယ် ဖြစ်တည်လာ ကတည်းက တစ်စုံ တစ်ယောက်ကတော့ ကျင့်စဉ်လမ်းတွင် ထူးခြားစွာ အောင်မြင်တော့မည့် နိမိတ်ဖြစ်သည်ကို အားလုံး ရိပ်မိကြလေသည်။

ချန်ကျန်းမေနှင့် ယန်ပုကွေးတို့ နှစ်ယောက်လုံးမှာ များစွာအံ့သြ နေကြလေသည်။ ချင်းရွှမ် နတ်တံခါး တည်ရှိခဲ့သည့် နှစ်ပေါင်းများစွာ အတွင်း ဤမျှ အသက်ငယ်ငယ်နှင့် တရားအလင်း ရကာ စွမ်းအားများ ပွင့်ထွက်သွားသည့် ပါရမီရှင် လူငယ်မျိုးကို မတွေ့ဖူးကြ သေးပေ။ မိုးမြေစွမ်းအားများမှာ တန်ခိုးအဖြစ်သို့ ပြောင်းလဲ သွားလေသည်။ သဘာဝအတိုင်း ဝိညာဉ်စွမ်းအားများ ပေါက်ထွက် လာသည် အထိ ကျင့်ကြံ နိုင်သူမှာလည်း မရှိသလောက် ရှားလေသည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်မှာ အခြေခံ ကျင့်စဉ်လမ်း ပြီးမြောက်အောင်မြင် သွားပြီဟု ပြောနိုင်လေသည်။

အခြေခံကျင့်စဉ်လမ်း အောင်မြင်သည်နှင့် တန်ခိုးစွမ်းအားက ဖြစ်တည်လာမည် ဖြစ်လေသည်။ ထို တန်ခိုးစွမ်းအားအတွက် သိုင်းပညာကို သတိထားပြီး ရွေးချယ်ရန်လည်း လိုအပ်လေသည်။ ဆုံးဖြတ်ချက် မှားယွင်းသွားပါက အကောင်းထက် အဆိုးက ပိုများမည် ဖြစ်လေသည်။

ဆန်းလျန်ကတော့ လွန်စွာမှ ကောင်းသည့် အနေအထားတွင် ရှိလေသည်။ သူက မိုးမြေ စွမ်းအားများကို အဆင့်အမြင့်ဆုံး အမိန့်ပေးနိုင်သူ ဖြစ်လာပြီ ဖြစ်လေသည်။

မိုးမြေ စွမ်းအားများကို အမိန့်ပေးနိုင်ရန်မှာ သိုင်းပညာအပေါ်တွင် မူတည်သကဲ့သို့ ခန္ဓာကိုယ် စွမ်းအား ပြည့်ဝရန်နှင့် ဝိညာဉ်စွမ်းအား ပြည့်ဝရန်လည်း လိုအပ်လေသည်။

ထို့ကြောင့် ယခု ကြုံတွေ့နေရသည့် အခြေအနေမှာ ပိဿတစ်ထောင်ခန့် အလေးချိန်ရှိသည့် ကျောက်တုံးကြီး တစ်တုံးကို ကလေးတစ်ယောက်က “မ” ပြ နေသကဲ့သို့ပင် ဖြစ်နေ လေတော့သည်။

ဆန်းလျန် ပတ်ဝန်းကျင်တွင် ဖြစ်တည်နေသည့် မိုးမြေ စွမ်းအားများမှာ မည်မျှ အားကောင်း ကြောင်းကို ချန်ကျန်းမေနှင့် ယန့်ပုကွေးတို့ နှစ်ယောက်လုံး ရိပ်မိကြလေသည်။

အမှန်တော့ ချူးစန်းအဆင့်သို့ ရောက်နိုင်ရန်အတွက် ကျင့်ကြံသူများမှာ အပြင်းအထန် ကြိုးစားကြရလေသည်။

ဆန်းလျန်က ပုံမှန်အတိုင်း တွေးခေါ်ယူဆလေ့ ရှိသူ မဟုတ်ပါ။ ထို့ပြင် သူက အတွင်းအားပညာ မလေ့ကျင့် ခင်မှာပင် ဝိညာဉ်စွမ်းအားကို လေ့ကျင့် ခဲ့သည့်သူ ဖြစ်လေသည်။

ဆန်းလျန်၏ အော်ဟစ်လိုက်သံမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

အပြင်ဘက်တွင် ဖြစ်နေသည့် ကိစ္စများကို ဆန်းလျန်က အာရုံစိုက်ခြင်း မရှိပါ။ မိုးမြေ စွမ်းအားများက သူ၏ ကိုယ်တွင်းသို့ စီးဝင် သွားလေသည်။ အားလုံးကို မစုပ်ယူနိုင်သည့်တိုင် စွမ်းအားများက ဆန်းလျန် ဆီသို့သာ စီးဝင်နေကြလေသည်။

ဆန်းလျန်က တင်ပျဉ်ခွေ ထိုင်နေလေသည်။ သူ၏ ခန္ဓာကိုယ်မှာ ပေါ့ပါးနေပြီး ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း မည်သည့် ခံစားချက်မျှ ရှိမနေပါ။

ဝဲကတော့တစ်ခုက သူ၏ ခန္ဓာကိုယ်ထဲတွင် ဖြစ်ပေါ်လာလေသည်။ ထိုအရာမှာ ပွင့်ထွက်သွားသည့် စွမ်းအား အလင်းတရားပင် ဖြစ်လေသည်။ ထို ဝဲကတော့က သူ၏ သွေးကြောများ ထဲတွင် လှည့်လည် နေလေသည်။ ထိုဝဲကတော့ လှည့်လည် သွားလာနေသည့် နေရာတိုင်းသို့ မိုးမြေ စွမ်းအား၊ အတွင်းအားနှင့် ဝိညာဉ် စွမ်းအားများကလည်း လိုက်ပါလှည့်လည် လာကြလေသည်။ ထိုသို့ဖြင့် မိုးမြေစွမ်းအား၊ အတွင်းအားနှင့် ဝိညာဉ်စွမ်းအားတို့၏ အံ့သြဖွယ်ရာ ပေါင်းစည်းမှုကြီး ဖြစ်ပေါ် လာလေတော့သည်။

ထိုစွမ်းအားစုမှာ ပိုပြီး သိပ်သည်းလာလေ ပိုပြီး ထူးခြားသည့် စွမ်းအားများ ထုတ်လွှတ် နိုင်လေ ဖြစ်လာလေသည်။

ထိုထူးခြားသည့် စွမ်းအားထုမှာ အသက်ဓာတ် စွမ်းအားဖြစ် ပြောင်းလဲသွားသည့် အခါတွင်တော့ လှည့်လည်နေသည့် ဝဲကတော့က ပျောက်ကွယ် သွားလေသည်။ ထို့နောက် စွမ်းအားအချို့က သွေးကြော များထဲတွင် စီးဆင်းနေပြီး တဖြည်းဖြည်း ရပ်တန့် သွားလေသည်။

သူ၏ ဝိညာဉ်မှာ လွန်စွာမှ သန့်ရှင်းကြည်လင် နေသည်ဟု ဆန်းလျန် ခံစား လိုက်ရလေသည်။ ဖုန်များ ပေးနေသည့် မှန်ကို ဖုန်သုတ်လိုက်သည့် အခါတွင် ကြည်လင်နေ သကဲ့သို့ ဖြစ်လေသည်။

ရုတ်တရက် ဆန်းလျန် မျက်လုံးများကို ဖွင့်ကြည့်လိုက်လေသည်။

မိုးမြေ စွမ်းအားများမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

“ခန္ဓာကိုယ်မှာ တရားရရင် နှလုံးသားက မှန်လို ကြည်လင်တယ်၊ ဝိရိယရှိရှိနဲ့ နေ့စဉ် သန့်စင်ပေးဖို့ လိုတယ်၊ ဘယ်တော့မှ ကိလေသာ မြူမှုန်တွေ ပြန်မတက်စေနဲ့တော့”

ဆန်းလျန်က တရားစာပိုဒ် တစ်ပုဒ်ကို ရွတ်ဆို လိုက်လေသည်။

တာအိုဆရာသခင် ထိုက်ယီသည် ကျင့်စဉ်လမ်းတွင် အဆင့်ကိုးဆင့် သတ်မှတ် ပေးခဲ့သည်ကို ဆန်းလျန် နားလည်သွားရပြီ ဖြစ်လေသည်။ တရားအလင်း စွမ်းအား ပွင့်ထွက် သွားသည်နှင့် မိုးမြေ စွမ်းအား၊ အတွင်းအားနှင့် ဝိညာဉ်စွမ်းအား သုံးခုမှာ ပေါင်းစပ်သွားပြီး ခန္ဓာကိုယ်ထဲတွင် ထူးခြားသည့် စွမ်းအားတစ်မျိုး ပေါ်ထွက် လာလေသည်။ ထိုစွမ်းအားမှာ ပြင်းထန်ပြီး မိုးမြေ စွမ်းအားများကို စုပ်ယူ လေသည်။ ထိုသို့ စုပ်ယူခြင်းက စိတ်ဝိညာဉ်ကို သန့်စင် သွားစေလေသည်။ စိတ်ဝိညာဉ် သန့်စင်သွားလျှင် စွမ်းအားက ပိုပြီး ကြီးမားလာလေသည်။ ထိုအဆင့်ကို ဝိညာဉ် စွမ်းအား စုစည်းသည့် အဆင့် “ယွင့်ဟွင်” ဟု ခေါ်လေသည်။

ကျင့်ကြံသူများမှာ “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်မှ ကျင့်စဉ်များကို ကျင့်ကြံ ထားခြင်း မရှိနိုင်ပေ။ ထိုစာအုပ်မှ ကျင့်စဉ်များကို လေ့ကျင့် ထားပါက မိုးမြေ စွမ်းအားများမှ ဝိညာဉ် စွမ်းအားများကို ထောက်ပံ့ ပေးနိုင်မည် ဖြစ်လေသည်။

နောက်တစ်နည်းမှာ အခြားသူများ၏ အိပ်မက်အတွင်းသို့ ဝင်ရောက်ပြီး ထိုသူကို လွှမ်းမိုးကာ စွမ်းအားပေးခြင်း ဖြစ်လေသည်။ ထိုသို့ ပြုလုပ်ရန်မှာ ဝိညာဉ်ခန္ဓာ လွှင့်နိုင်မှ ရမည် ဖြစ်လေသည်။

ထို့ပြင် လူသားများ၏ အိပ်မက်များတွင် မသန့်စင်မှုများစွာ ရှိလေသည်။ အိပ်မက် အတွင်းသို့ ဝင်ရောက် လွှမ်းမိုးခြင်းမှာ အကောင်းထက် အဆိုး ဖြစ်လာဖို့က များပေသည်။

“ယွင့်ဟွင်” အဆင့်မှာ ကျင့်စဉ်လမ်းတွင် ခက်ခဲသည့် အပိုင်းတစ်ခု ဖြစ်လေသည်။ ထို ကျင့်စဉ် အတိုင်း ကျင့်မည်ဆိုလျှင် ဝိညာဉ်စွမ်းအားကို အရင်ကြီးမားအောင် လေ့ကျင့်ရပေမည်။ ထို့နောက် ထိုဝိညာဉ်စွမ်းအားကို ခန္ဓာကိုယ်နှင့် ပေါင်းစည်း နိုင်ရမည်။

“ယွင့်ဟွင်” အဆင့် အောင်မြင်သွားလျှင်တော့ “ချူးစန်း” အဆင့်သို့ တက်လှမ်းနိုင်ရန် မခက်တော့ပေ။ ထို အဆင့်နှစ်ခု၏ သဘော သဘာဝမှာ ကွာခြားခြင်း သိပ်မရှိလှပေ။

ဆန်းလျန်မှာ အစကတည်းကပင် “ယွင့်ဟွင်” အဆင့်ကို ရောက်လုနီးပါး ဖြစ်နေသူ ဖြစ်လေသည်။ သို့သော် သဘာဝ တန်ခိုးစွမ်းအားနှင့် မတူညီသည်မှာ သူ၏ အသက်ဓာတ် စွမ်းအားက သူ၏ ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်ခြင်းပင် ဖြစ်လေသည်။

***

ဆန်းလျန် ကျင့်စဉ်အောင်မြင်သည့် အဖြစ်အပျက်များ ဖြစ်ပျက်ပြီးနောက်…

နေ့ရက်ပေါင်းများစွာ ကြာခဲ့လေသည်။ ဆန်းလျန်၏ အခန်းရှေ့တွင် အုပ်စုဖွဲ့ နေကြသည့် လူများမှာလည်း ပြန်သွားကြပြီ ဖြစ်လေသည်။ သို့သော် ချန်ကျန်းမေကတော့ ပြန်သွားခြင်း မရှိသေးပါ။

ချန်ကျန်းမေက အသံတိုးတိုးဖြင့် ရွတ်လိုက်သည်။

“ဝိရိယရှိရှိနဲ့ နေ့စဉ် သန့်စင်ပေးဖို့ လိုတယ်။ ဘယ်တော့မှ ကိလေသာ မြူမှုန်တွေ ပြန်မတက် စေနဲ့တော့။ ကောင်းလိုက်တဲ့ စာသား”

ဆန်းလျန် အခန်းထဲတွင် ရွတ်ဆိုခဲ့သည့် တရားစာပိုဒ်ကို ချန်ကျန်းမေ ကြားခဲ့ရခြင်း ဖြစ်လေသည်။

သူက မည်သူမျှမကြားအောင် ခပ်တိုးတိုးလေး ရွတ်လိုက်ပြီး ဆန်းလျန်၏ အခန်းရှေ့မှ ထွက်ခွာ သွားလေသည်။

နောက်တစ်နေ့တွင်တော့ ဆန်းလျန်ကို မြွေမိစ္ဆာကြီး ကျင်းချင်းက ဆရာသခင်ထံသို့ သွားရန် လာရောက် ခေါ်ဆောင် သွားလေသည်။

ဆရာသခင် ကျန်းရော့ရွှီးကို တွေ့လိုက်ရသည့် အခါတွင်တော့ ဆန်းလျန်မှာ များစွာ အံ့သြ သွားရလေသည်။

ဆရာသခင် ကျန်းရော့ရွှီးမှာ များစွာ ငယ်ရွယ်နုပျို နေလေသည်။ ဆံပင်များပင် အနက်ရောင် ဖြစ်နေပြီး မျက်နှာမှာလည်း ငယ်ရွယ်ကာ ယောက်ျားပီသစွာဖြင့် ချောမော နေလေသည်။ လူ့လောက တွင်သာ ဖြစ်ပါက မိန်းကလေးများ ဝိုင်းဝိုင်း လည်နေမည့် ရုပ်ရည်မျိုး ဖြစ်လေသည်။

ဆန်းလျန် အံ့သြသွားသည်ကို ဆရာသခင် ကျန်းရော့ရွှီးက မသိချင်ယောင် ဆောင်နေလိုက် လေသည်။

သူက ဆန်းလျန်ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

ဆန်းလျန်က ဆရာသခင်က သူ့ကို ဘာကြောင့်ခေါ်သည်ကို နားမလည်သေးပါ။ ထို့ကြောင့် မေးမြန်း လိုက်လေသည်။

“ဒီနေ့ ကျွန်တော့်ကို ဘာလို့ ခေါ်ရတာလဲ ဆရာသခင်”

“တောင်ပင်လယ် ဖေးရှန်းနတ်ဘုရား ကျွန်းစွယ်ဆိုတာ ချင်းရွှမ် နတ်တံခါးက ယခင် မျိုးဆက် ဆရာသခင်ရဲ့ အနွယ်တော်တွေ နေတဲ့ နေရာပဲ။ အခုတလော အဲဒီမှာ မိစ္ဆာဝိညာဉ်တွေ ပေါ်နေတယ် ကြားတယ်။ အထူးသဖြင့် ကလေးတွေကို စားတဲ့ မိစ္ဆာဝိညာဉ်တွေပဲ။ ဖေးရှန်း ကျွန်းစွယ်က ဘယ် ကျင့်ကြံသူမှ မနှိမ်နင်းနိုင်ဘူး ဖြစ်နေတယ်။ မင်း သူတို့ကို သွားကူပေးဖို့ ကျုပ်က တောင်းဆိုချင်လို့ပါ”

ဆရာသခင် ကျန်းရော့ရွှီးက အေးဆေးစွာ ပြောလိုက်လေသည်။

လူ့ကျင့်ဝတ်များကို အသိအမှတ် မပြုလျှင်ရသော်လည်း လက်ရှိ အချိန်တွင် ချင်းရွှမ် နတ်တံခါး မှာ အင်အား နည်းနေသည့်အချိန် ဖြစ်နေလေသည်။ ဖေးရှန်း ကျွန်းစွယ်မှ မိစ္ဆာများကို နှိမ်နင်းနိုင်ခြင်း မရှိပါက ချင်းရွှမ် နတ်တံခါး အနေဖြင့် အရှက်ရစရာ ကိစ္စတစ်ခု ဖြစ်လာနိုင်လေသည်။

ထို့ပြင် ထိုကိစ္စကို ကိုင်တွယ်ရန်မှာ ဆန်းလျန်က အသင့်တော်ဆုံးပင် ဖြစ်လေသည်။ ဆန်းလျန် က ချင်းရွှမ်နတ်တံခါးသို့ ရောက်လာသည်မှာ မကြာသေးပေ။ ထို့ကြောင့် သူရှုံးနိမ့်ခဲ့လျှင် လည်း ပြဿနာ မရှိပါ။ သူအောင်မြင်ခဲ့လျှင်လည်း ချင်းရွှမ်နတ်တံခါးအတွက် ဂုဏ်တက်စရာ ဖြစ်ပေလိမ့်မည်။

“ဟုတ်ကဲ့ပါ ဆရာသခင်”

ဆန်းလျန်က သဘောတူလိုက် လေသည်။

“မင်းက အခုပဲ တရားအလင်း စွမ်းအား ရထားတဲ့သူ။ ဆက်ပြီး ကျင့်စဉ်တွေ လေ့ကျင့်သင့်တယ်။ ဒါပေမယ့် ဒီကိစ္စကိုတော့ အရင်ဆောင်ရွက် စေချင်တယ်။ မင်းပြန်လာမှ ကျင့်စဉ် ဆက်လေ့ကျင့်လည်း နောက်မကျ နိုင်သေးပါဘူး”

ဆရာသခင်က ဆက်လက် ရှင်းပြလိုက်လေသည်။

ဆန်းလျန်မှာ ကျင့်စဉ်တစ်ဆင့် အောင်မြင်ပြီးသူ ဖြစ်လေသည်။ ခဏတော့ နားနေသင့်လေ သည်။ ထိုသို့ နားနေခြင်းမှာ ကျင့်စဉ်လမ်းအတွက် လိုအပ်သည့် အရာပင် ဖြစ်လေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset