အရာရာက တိတ်ဆိတ်ငြိမ်သက် သွားလေသည်။
သူတို့ နှစ်ယောက်လုံးမှာ သူစိမ်းများသာ ဖြစ်ကြလေသည်။ ထို့ကြောင့် ပြောစရာစကား သိပ်မရှိလှပေ။ မုတ်ဆိတ်များနှင့်လူက အရက် ဆက်သောက်နေလေသည်။
မိုးဆဲသွားပြီ ဖြစ်ပြီး နေရောင်ခြည်က ဝါးရွက်လေးများပေါ်တွင် တောက်ပနေလေသည်။ လန်းဆန်းနေသည့် မြက်စိမ်း စိမ်းလေးများဆီမှ လတ်ဆတ်သည့် ရနံ့ကို ရရှိနေလေသည်။
မြေကွက်လပ်လေးကို ကာရံထားသည့် မမြင်ရသည့် အရံအတားမှာ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။ လတ်ဆတ်သည့် လေထုက ဝင်ရောက်လာသည့် အတွက် ဆန်းလျန် ခန္ဓာကိုယ်တစ်ခုလုံး အေးစိမ့် သွားရသည်။
ထိုအချိန် ….
ဝါးရွက်လေး နှစ်ရွက်မှာ စားပွဲပေါ်သို့ ပြုတ်ကျလာလေသည်။ ဆန်းလျန်က ဝါးရွက်လေးများ၏ ပုံစံကို အာရုံစိုက်ပြီး ကြည့်လိုက်သည်။ ဝါးရွက်လေးများ ဖြစ်တည်လာခြင်းတွင် ဥပဒေသ မရှိပါ။ ဝါးရွက်ပေါ်ရှိ အစင်းလေးများက သိသိသာသာပင် ပုံစံမတူညီဘဲ ကွဲပြား နေကြလေသည်။
ဆန်းလျန်က ရယ်မောလိုက်ရင်း….
“ဒီဝါးရွက်လေး နှစ်ရွက်ကို တူတယ်လို့ ခင်ဗျားထင်လား”
သူက မေးလိုက်လေသည်။
“ဘယ်တူနိုင်မှာလဲ”
မုတ်ဆိတ်များနှင့်လူက ပြန်ဖြေလိုက်သည်။
“ဒါဖြင့် အင်းချပ်ပညာကရော”
ဆန်းလျန်က နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်လေသည်။
မုတ်ဆိတ်များနှင့်လူက အဖြေမပေးဘဲ ဆိတ်ဆိတ် နေလိုက်လေသည်။ သို့သော် ဆန်းလျန်က အဖြေကို သိနေခဲ့ပြီး ဖြစ်လေသည်။
ဆန်းလျန်မတ်တတ်ရပ်လိုက်ပြီး သူ၏ စန္ဒကူးဓားကို ဆွဲထုတ်လိုက်လေသည်။ သူက မြေကွက်လပ် အတွင်းတွင် ရှေ့သို့ အနည်းငယ် လျှောက်လိုက်ပြီး သူ၏ ဝိညာဉ်စွမ်းအားများကို ဓားအတွင်းသို့ စီးဝင်စေလိုက်သည်။ သူ့တွင် တတိယမျက်လုံးသာ ရှိလျှင် ဓား၏ ပတ်ဝန်းကျင်တွင် လွင့်ပျံနေသည့် မိုးမြေ စွမ်းအားများကို လှပစွာ မြင်တွေ့ရမည် ဖြစ်လေသည်။ ပတ်ဝန်းကျင်မှ မိုးမြေ စွမ်းအားများမှာ ဓား၏ ပတ်လည်တွင် ဝန်းရံနေကြလေသည်။ ရုတ်တရက်ပင် တိမ်ပုပ်တစ်ခုမှ မိုး အနည်းငယ်က မြေကွက်လပ်အတွင်းသို့ ရွာချ လိုက်လေသည်။
ဝါးပင်ရှည်ကြီးများတွင် ဝါးရွက်များ ကြွေသွားသည့်တိုင် အသစ်သော ဝါးရွက်လေးများက အညှောင့်ထွက်လာ ကြလေသည်။
မုတ်ဆိတ်များနှင့်လူ လက်ဟန်ဖြင့် ပြုလုပ်သည့် အင်းချပ် လက်ဟန်အတိုင်း ဆန်းလျန်က စန္ဒကူးဓားဖြင့် ရေးဆွဲလိုက်လေသည်။
မုတ်ဆိတ်များနှင့်လူမှာ အစွမ်းထက်သူ တစ်ယောက် ဖြစ်ပြီး လေနှင့် မိုးကိုပင် ပြောင်းလဲ ပစ်နိုင်သူ ဖြစ်လေသည်။ အခြေခံအားဖြင့် ထိုသို့ လုပ်ဆောင်နိုင်သည်မှာ မိုးမြေစွမ်းအားကို အာရုံစူးစိုက် နိုင်ခြင်းကြောင့် ဖြစ်လေသည်။
ထပ်တူကျအောင် တူညီနိုင်သည့် ဝါးရွက်ဆို၍ မရှိနိုင်ပါ။ အင်းချပ် ပညာမှာလည်း ထို့အတူပင် ဖြစ်လေသည်။ သို့သော် လူများက ဝါးရွက်ကို တွေ့လျှင်နှင့် ဝါးရွက် တစ်ရွက်ဟု သိမြင်နိုင်ကြသည်။ ဝါးရွက် ပုံစံများ မတူညီကြသည်ကို သတိထားမိမည် မဟုတ်ဘဲ ဝါးရွက်ကို ဝါးရွက်ဟုပဲ ပြောမည် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သစ်ရွက် အမျိုးအစား တူညီနေသောကြောင့် ဖြစ်လေသည်။
အင်းချပ်ပညာမှာလည်း အရာဝတ္ထုတစ်ခု မဟုတ်ပါ။ ဖော်ပြချက် တစ်ခုသာ ဖြစ်လေသည်။ လူတစ်ယောက်၏ မိုးမြေ စွမ်းအားများကို အသုံးပြုပြီး ပြုလုပ်သည့် ဖော်ပြချက်ကို လောကကြီး အတွင်းသို့ ထုတ်လွှတ်ခြင်းပင် ဖြစ်လေသည်။
ထို့ကြောင့် အင်းချပ်တစ်ချပ်ကို မှတ်မိရန်မှာ မလွယ်ကူနိုင်ပါ။ “အခြေခံအင်းနှင့် မန္တန်ပညာ” ကျမ်းစာအုပ်က ရှုပ်ထွေးခြင်း မရှိပါ။ ကျမ်းပြုသူ ဆရာသခင် တုန်းလင်ကျီက တပည့်ငယ်များက “အနှစ်သာရကိုသာ နားလည်အောင် လုပ်ပြီး ပုံသဏ္ဌာန်မေ့ထားရန်” စာအုပ်တွင် ဖော်ပြခဲ့လေသည်။
ကျမ်းစာအုပ်အစတွင် “ကောင်းကင်ဘုံ လက်ရေး” အင်းချပ်အကြောင်းကို ရှင်းပြခဲ့ပြီး ထိုအင်းချပ်မှာ ကျင့်စဉ်လမ်း အနှစ်သာရပုံစံ ဖြစ်လေသည်။ “နဂါးဇာမဏီ တံဆိပ်တော်” အင်းချပ်တွင် တော့ ဘုရားသာလျှင် ရှင်းပြနိုင်မည်ဟု ပြောခဲ့လေသည်။ ထိုအင်းချပ်နှစ်ခုမှာ မည်မျှ အစွမ်းထက်သည် ကိုတော့ ဖော်ပြထားခြင်း မရှိပေ။ သို့သော် အင်းချပ်တစ်ခု၏ အခြေခံမှာ ဖော်ပြချက် တစ်ခုပင် ဖြစ်သည်ကိုတော့ ရှင်းပြ ထားခဲ့လေသည်။
စန္ဒကူးဓားက စုတ်တံဆိုလျှင် ဝိညာဉ်စွမ်းအားက မင်ရည် ဖြစ်လေသည်။ အင်းချပ်ပညာ၏ အနှစ်သာရကို နားလည်သွားလျှင် အင်းချပ်ပညာ၏ တံခါးဝသို့ ဝင်ရောက်နိုင်ပြီ ဖြစ်လေသည်။
တကယ် စွမ်းအားထက်မြက်သည့် အင်းချပ် သို့မဟုတ် မန္တန်တစ်ခု ဆိုသည်မှာ အင်းချပ်ပညာ အခြေခံ စွမ်းအားမှပင် ဖြစ်တည်လာခြင်း ဖြစ်လေသည်။
ထိုအရာက “စကားလုံးများ”နှင့် ဆင်တူလေသည်။ ကြီးမြတ်သည့် ကဗျာဆရာ လက်ထဲသို့ ရောက်သွားလျှင် စာလုံးများ၏ အဓိပ္ပာယ်က လှပစွာဖြင့် ကာရန် ညီသွားမည်ပဲ ဖြစ်လေသည်။
ဆရာသခင် ကျန်းရော့ရွှီးက ဆန်းလျန်ကို အင်းနှင့် မန္တန်ပညာကို လေ့လာ စေချင်ခဲ့သည်။ ထိုသို့ လေ့လာစေချင်ခဲ့သည်မှာ ဆန်းလျန်ကို အင်းချပ်ပညာ ဆရာတစ်ဆူ ဖြစ်လာ စေချင်သည့်အတွက် မဟုတ်ခဲ့ပါ။ မိုးမြေ သဘာဝတရား တစ်ခုလုံးနှင့် ဆက်နွယ် တည်ရှိမှုများကို နားလည် စေချင်သော ကြောင့် ဖြစ်လေသည်။
ထို့ပြင် ထိုကျင့်ကြံမှုလမ်းစဉ်က ဆန်းလျန်နှင့် သင့်တော်လေသည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်၏ ဝိညာဉ်စွမ်းအားမှာ အခြားသော ကျင့်ကြံသူများထက် ပိုပြီး စွမ်းအား ကြီးနေသောကြောင့် ဖြစ်လေသည်။ သူက အတွင်းအားနှင့် မိုးမြေ စွမ်းအားများကို ထိန်းချုပ်နိုင်ပြီး အာရုံ ခံစားနိုင်စွမ်းလည်း ကောင်းသောကြောင့် ဖြစ်လေသည်။
မုတ်ဆိတ်များနှင့်လူမှာ သူ၏ မျက်လုံးဖြင့်သာ ကိုယ်တိုင် မြင်တွေ့ခြင်း မရှိလျှင် အင်းချပ်နှင့် မန္တန်ပညာ တံခါးဝသို့ ဤမျှလောက် မြန်မြန်ဆန်ဆန် ဝင်ရောက် သွားနိုင်သည့် ဆန်းလျန်ကဲ့သို့သော လူတစ်ယောက် ရှိသည်ဆိုသည်ကို ယုံနိုင်မည် မဟုတ်ပေ။
ပျမ်းမျှအားဖြင့် သဘောတရားကို နားလည်ရန်နှင့်၊ အင်းချပ်ပညာ၏ အနှစ်သာရကို နားလည်ပြီး မိုးမြေ စွမ်းအားများနှင့် ချိတ်ဆက်နိုင်သည့် အဆင့်အထိ အယူအဆကို နားလည်ရန်ပင် များစွာကြိုးစား အားထုတ် ကြရလေသည်။
ဆန်းလျန်ကတော့ ထိုမျှလောက် ခက်ခက်ခဲခဲ မကြိုစားလိုက်ရပါ။ ကလေးတစ်ယောက် ကဗျာ တစ်ပုဒ် သင်ယူသလိုပင် ဆန်းလျန်က သင်ယူခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန်မှာ ပါရမီရှင်တစ်ယောက် အဆင့်ကိုပင် ကျော်လွန်သွားပြီး ကြောက်မက်ဖွယ်ရာပင် ကောင်းသည့် လူငယ် တစ်ယောက် ဖြစ်လေသည်။
ဆန်းလျန်အတွက်တော့ ထိုသို့ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် နားလည်နိုင်စွမ်း မြင့်မားနေခြင်းမှာ မှန်းဆ၍ မရသည့်တိုင် လက်ခံနိုင်သည့် အနေအထား ဖြစ်လေသည်။
သူ၏ ဝိညာဉ်စွမ်းအားကို လေ့ကျင့်ပေးသည့် အကောင်းဆုံး ကျင့်စဉ်မရှိဘဲ သူ၏ စိတ်ဝိညာဉ်မှ ထိုမျှ အစွမ်းထက်လိမ့်မည် မဟုတ်ပေ။ သူ၏ စိတ်ဝိညာဉ် အစွမ်းမထက်ပါက ကျန့်သောက်တုကျွင်း ဓားသိုင်း၏ “ရှိခြင်း မရှိခြင်း” ဓားသိုင်းကိုပင် သင်ယူနိုင်မည် မဟုတ်ပေ။ ထိုသို့ သင်ယူနိုင်ခြင်း မရှိပါက သူ၏ စန္ဒကူးဓားမှာလည်း ဓားဝိညာဉ် ထွက်ပေါ်လာခြင်း မရှိဘဲ “စိတ်ဝိညာဉ်ကို ပဲ့ကိုင်နိုင်သည့် ဓားတစ်လက်” ဖြစ်လာနိုင်မည် မဟုတ်တော့ပေ။
ဤသို့သော အရာများ အားလုံးကို လုပ်ဆောင်နိုင်ခြင်း၏ အဓိက အကြောင်းရင်းမှာ “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်မှ ကျင့်စဉ်များကြောင့်ပင် ဖြစ်ပေတော့သည်။
အခြားသူများက နားလည်နိုင်မည် မဟုတ်ပါ။ သို့သော် ဆန်းလျန်ကတော့ ကာယကံရှင် ဖြစ်သည့်အတွက် သတိပြုမိ လေသည်။ ထို့ပြင် သူ၏ ဖခင်ဖြစ်သူမှာ မည်သူ ဖြစ်သည်ကိုလည်း သိချင်စိတ် ဖြစ်လာ မိလေသည်။
ယခုကဲ့သို့ အင်းချပ်ပညာ၏ အနှစ်သာရ သဘောတရားကို နားလည်သွားသည့် အတွက် ဆန်းလျန်မှာ ထိုက်ဝေ့ထိုင် ခန်းမဆောင်သို့ သွားကာ “အခြေခံ အင်းချပ်နှင့် မန္တန်ပညာ” ကျမ်းစာအုပ်ကို ထပ်မံ ဖတ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက် လာလေတော့သည်။
ဆန်းလျန်က မုတ်ဆိတ်များနှင့်လူကို တစ်ချက်ပြုံးပြရင်း…
“ကျေးဇူးအများကြီးတင်ပါတယ်”
ဟု ပြောလိုက်လေသည်။
ပြောပြီးသည်နှင့် ဆန်းလျန်သည် ချက်ချင်းပင် လှည့်ထွက်သွားကာ အဝေးသို့ ရောက်ရှိသွားလေ တော့သည်။
“ဒီကောင်စုတ် လေးကတော့….”
မုတ်ဆိတ်များနှင့်လူမှာ ရေရွတ်ရင်း ကျန်ရစ် ခဲ့လေတော့သည်။
ချင်းရွှမ်နတ်တံခါးမှ ဆရာသခင် အဆက်ဆက်တွင် အရည်အချင်းရှိသော ပါရမီရှင်များစွာကို သူ တွေ့ဖူးခဲ့ပါသည်။ အင်းပညာနှင့် ပတ်သက်သည့် ပညာရှင် ဆရာသခင် များစွာလည်း ရှိခဲ့ပါသည်။ သို့သော် ဆန်းလျန်ကဲ့သို့ လျင်မြန်စွာ နားလည်သွားသူ တစ်ယောက်ကိုမျှ မတွေ့ခဲ့ဖူးပေ။
ထို့ပြင် ဆန်းလျန်က အခြား သူများကဲ့သို့ ကျင့်စဉ်လမ်းကို တစ်ဆင့်ချင်း သွားသည့်သူ မဟုတ်ပေ။ သူက သူ၏ သဘောပေါက် နားလည်မှုဖြင့် လွတ်လပ်စွာ ကျင့်စဉ်လမ်းကို လျှောက်လှမ်း သည့် လူငယ်တစ်ယောက် ဖြစ်လေသည်။
***
ဆန်းလျန်မှာ ထိုနေ့က ထိုက်ဝေ့ထိုင်သို့ သွားပြီး ပြန်လာသည့် အချိန်မှစကာ နေ့မအား ညမအား ခြောက်လတိတိ အင်းနှင့် မန္တန်ပညာကို ကျင့်စဉ်များနှင့် ပေါင်းစပ်ကာ ကျင့်ကြံ နေခဲ့လေသည်။ တစ်လနှစ်ကြိမ် ပြုလုပ်သည့် ဂိုဏ်းတူအစ်ကိုများနှင့် တွေ့ဆုံရမည့် အစည်းအဝေး ပွဲသို့ပင် သူမသွား ခဲ့ပေ။
သူ၏ တစ်ယောက်တည်း ရှိသည့် ကိုယ်ပိုင် အခန်းလေးထဲတွင် အလုံပိတ်ပြီး “မနှောင့်ယှက်ရ” ဟု စာတမ်းကပ်ကာ သူ့ အကန့်အသတ်နှင့်သူ အပတ်တကုတ် ကြိုးစား နေလေတော့သည်။ ပြင်ပ ကမ္ဘာမှ မိုးမြေ စွမ်းအားများသည် ဆန်းလျန်၏ အလုံပိတ် အခန်းလေး အတွင်းသို့ တဖြည်းဖြည်း စီးဆင်း ဝင်ရောက် လာကြလေသည်။ အစပိုင်းတွင်တော့ တိမ်ခိုးငွေ့လေးမျှသာ ဖြစ်ပြီး သိသာထင်ရှားမှု မရှိပေ။ သို့သော် ဆန်းလျန်က သူ၏ စန္ဒကူးဓားကို “စိတ်ဝိညာဉ်ကို ပဲ့ကိုင်နိုင်သည့် ပစ္စည်း” အဖြစ် အသုံးပြုလိုက်သည့် အခါတွင်တော့ မိုးမြေ စွမ်းအားများမှာ အရောင်(၈)မျိုး ခွဲဖြာထွက်သွား လေတော့ သည်။ ထိုမိုးမြေ စွမ်းအား အရောင် (၈) မျိုးတွင် စွမ်းအား (၈) ခုပါဝင်လေသည်။ မိုး၊ မြေ၊ တောင်၊ ရွှံ့နွံ၊ ရေ၊ မီး ၊ လေနှင့် လျှပ်စီး စွမ်းအား (၈) မျိုးပင် ဖြစ်လေသည်။
ထိုစွမ်းအား (၈) မျိုးမှာ အချင်းချင်း ပေါင်းစည်းသွားပြီး ပြင်ပကမ္ဘာနှင့် အပြန်အလှန် အကျိုး သက်ရောက်မှုများ ဖြစ်သွားလေသည်။ တစ်ခုက မြင့်တက်သွားလျှင် အခြားတစ်ခုကလည်း ချက်ချင်း တုံ့ပြန်လေသည်။ ထိုသို့ဖြင့် စွမ်းအား သံသရာ လည်ပတ်လျက် ရှိပြီး ဆန်းလျန်၏ ခန္ဓာကိုယ် အတွင်းတွင် လှည့်ပတ်လျက် ရှိနေလေတော့သည်။
လူသား ခန္ဓာကိုယ်တွင်ရှိသော သွေးကြောဆုံမှတ်များမှာ လွန်စွာမှ ရှုပ်ထွေး လေသည်။ ရွှမ်ကျိ ကျင့်စဉ်ကို လေ့ကျင့်သည့်တိုင် ဆန်းလျန်မှာ ထိုဆုံမှတ်များ အားလုံးကို နားလည် သဘောပေါက်ခြင်း မရှိနိုင်သေးပေ။ ဆန်းလျန်က သွေးကြောဆုံမှတ် အားလုံးဆီသို့ အတွင်းအားကို ထပ်ခါထပ်ခါ ပို့လွှတ်ပြီး ကြိုးစား ကြည့်လေသည်။ သို့သော် သူက “သေခြင်းရှင်ခြင်းကို သိမြင်ခြင်း ဆုံချက်” ကို ဖွင့်နိုင်ရန် အတွက်တော့ အတင်းအဓမ္မ ကြိုးစား အားထုတ်ခြင်း မပြုလုပ်ပေ။
သူက တစ်သမတ်တည်း လေ့ကျင့်သွားခြင်း ဖြစ်လေသည်။ သို့သော် သဘာဝအတိုင်း ကျင့်ကြံမှုမှာလည်း တစ်သမတ်တည်းပင် သွားလေသည်။
မိုးမြေ စွမ်းအားများတွင် မတူညီသည့် စွမ်းအင်များ ပါရှိလေသည်။ အချို့မှာ မူလစွမ်းအင် ကောင်းကြသည်။ အချို့မှာ အဆုံးမရှိ တည်ငြိမ် ကြသည်။ အချို့မှာ လျင်မြန် ဖျတ်လတ်ကြသည်။ အချို့မှာ နက်နဲသည့် စွမ်းအင် အစိုင်အခဲအဖြစ် တည်ရှိနေကြသည်။
အင်းနှင့် မန္တန်ပညာမှာ ထိုမတူကွဲပြားသည့် မိုးမြေ စွမ်းအားများကို လူ၏ ဝိညာဉ်စွမ်းအားနှင့် ဆက်သွယ် ပေးသည့် ကြားခံ ပညာရပ် တစ်ခုပင် ဖြစ်လေသည်။
ဆန်းလျန်မှာ တစ်နေ့တခြား စွမ်းအားများ မြင့်တက်လာသည်ကို ခံစားမိလေသည်။ သို့သော် ကျင့်စဉ်လမ်း အဆင့်ကိုးဆင့်မှ နောက်တစ်ဆင့်ကိုတော့ ထပ်မံ တက်လှမ်းနိုင်ခြင်း မရှိသေးပေ။
မပြောင်းမလဲ တည်ရှိနေသည်ကတော့ သူ၏ စိတ်အာရုံထဲမှ ကျိုင်းကိုင်ထားသည့် နတ်ဘုရား ရုပ်တုပုံပင် ဖြစ်လေသည်။ ပုံမှန်အတိုင်း ဖြစ်သည့်တိုင် ထူးခြားဆန်းကြယ်စွာ တည်ရှိနေလေသည်။
သူ၏ ကျင့်စဉ်အဆင့် မြင့်တက်လာလေ ထိုနတ်ဘုရားရုပ်တုက ပိုပြီး ထူးခြားဆန်းကြယ် လာလေ ဖြစ်လေသည်။ ထိုအရာမှာ အမှန်တရားသို့ သွားရလမ်းကဲ့သို့ ဖြစ်နေလေသည်။ သိတာများလေ နားလည်နိုင်စွမ်း လျော့နည်းလေ ဖြစ်နေရလေသည်။
ဆန်းလျန်မှာ သူ၏ နေ့ရက်များကို ကျင့်စဉ်ကျင့်ကြံရင်း ပျော်ရွှင်စွာ ဖြတ်သန်း နေလေ တော့သည်။ အခြားသူများ အတွက်တော့ ထိုသို့ တံခါးပိတ်ကျင့်စဉ် ကျင့်ကြံရသည်မှာ စိတ်ညစ်စရာပင် ဖြစ်လေသည်။ ထိုသို့ တစ်ယောက်တည်း ကျင့်ကြံရဖန် များလာလျှင် အထီးကျန်ခြင်းကို ခံစားကြရမြဲပင် ဖြစ်လေသည်။ သို့သော် ဆန်းလျန်ကတော့ ထိုသို့ ခံစားရခြင်း မရှိပါ။
သို့သော် ဆန်းလျန်အတွက်တော့ လူမှုရေး ကိစ္စများက မရှိမဖြစ် လိုအပ်သည့် ကိစ္စများ မဟုတ်ပါ။ ထို့ကြောင့် တစ်ယောက်တည်း ကျင့်ကြံရသည့် အလုပ်ကို တစ်ဘဝလုံး လုပ်ဆိုလျှင်လည်း လုပ်နိုင်ပေသည်။
ဆန်းလျန်၏ ခန္ဓာကိုယ်တစ်ခုလုံး အတွင်းအားများဖြင့် ပြည့်ဝ နေလေသည်။ အတွင်းအား များသည် သူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် မြစ်တစ်စင်းကဲ့သို့ လှည့်ပတ်စီးဆင်း နေလေသည်။ လုံးဝ ချောမွေ့စွာ စီးဆင်းနေခြင်း ဖြစ်ပြီး မည်သည့်နေရာတွင်မှ ပိတ်ဆို့ နေခြင်းမျိုး မရှိပေ။
ကျင့်ကြံခြင်းဆိုသည်မှာ “စွမ်းအား လှည့်ပတ်ခြင်းကို မြှင့်တင်ခြင်း” ဟု ဆိုနိုင်ပေသည်။ အထွတ်အထိပ် ဆုံချက် ရှစ်နေရာမှ အတွေးအမြင်ပိုင်းဆိုင်ရာ ဆုံချက်နှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ ဆုံချက် များသို့ စွမ်းအား စီးဝင်နိုင်လေ စွမ်းအား ပိုကောင်းလာလေ ဖြစ်လေသည်။
သူ၏ ကျင့်ကြံမှု ပိုပြီး နက်ရှိုင်းလာသည်နှင့်အမျှ အဓိကသွေးကြော ဆုံချက်များမှ သေးငယ်သည့် သွေးကြောလေးများပင် ပွင့်ထွက် ကုန်လေသည်။ ဆန်းလျန်သာ ဟိုင်သန်းအဆင့်သို့ ရောက်အောင် ကျင့်ကြံ နိုင်သွားပါက သူ၏ သွေးကြောအားလုံးမှာ ရှင်းလင်းစွာ ပွင့်ထွက် သွားပြီး ပြုမူ လှုပ်ရှားမှု တိုင်းတွင် စွမ်အားနှင့် ပြည့်ကာ တင့်တယ်လှပနေမည် ဖြစ်လေသည်။
ဝိညာဉ်မြစ်တွင် လေ့ကျင့်ပြီးသည့်နောက် ဆန်းလျန်၏ ဝိညာဉ်စွမ်းအားများမှာ လုံးဝ သိပ်သည်း ကျစ်လျစ် နေလေသည်။ သို့သော် သူက “သေခြင်းရှင်ခြင်းကို သိမြင်ခြင်း ဆုံချက်” ကို ဖွင့်ရန်အတွက် အတင်းအဓမ္မ ကြိုးစားခြင်း မရှိပါ။ ထို့နောက် သူက အင်းနှင့် မန္တန်ပညာကို ကောင်းစွာလေ့ကျင့် နိုင်ခဲ့ လေသည်။ ထို့နောက် ခြောက်လတာမျှ တံခါးပိတ် လေ့ကျင့်နေခဲ့ လေသည်။ ယခုတော့ မိုးမြေ စွမ်းအားများမှာ သူ၏ သွေးကြောများ အတွင်းသို့ လွတ်လပ်စွာ စီးဝင်ပြီး သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်း နေပြီ ဖြစ်လေသည်။
သူ၏ ကျင့်စဉ်အောင်မြင်မှုကို နားလည်လိုက်သည့် တစ်ခဏအတွင်းမှာပင် သူ အော်ဟစ် လိုက်မိ လေတော့သည်။
***