“ကောင်းလိုက်တဲ့အရက်”
ဆန်းလျန်က ပြောလိုက်လေသည်။
မုတ်ဆိတ်နှင့်လူက ရယ်မောနေပြီး မည်သည့် စကားမျှ မဆိုပါ။ မကောင်းသည့်အရက် ဖြစ်ပါက သူလည်း သောက်နေမည် မဟုတ်ပေ။
“ဒီအရက်ကို “နွေဦးမီးတောက်အရက်” လို့ခေါ်တယ်။ ဒီအရက်က ယွင့်ဟွင်လို့ ခေါ်တဲ့ ဝိညာဉ်စွမ်းအား စုစည်းတဲ့ အဆင့်ကို စတင်ကျင့်ကြံနေတဲ့ ကလေးတွေအတွက် တကယ်သင့်တော်တဲ့ အရက်ပဲ။ မင်းရဲ့ အတွင်းအားနဲ့ ဝိညာဉ်စွမ်းအား အနေအထားပေါ် မူတည်ပြီး အရက်ကောင်းတစ်ခုလို အရသာခံပြီး သောက်လို့လည်း ရပါတယ်”
ထိုသူက ပြောလိုက်လေသည်။
ဆန်းလျန်က ခေါင်းအသာ ညိတ်ပြလိုက်သည်။ မုတ်ဆိတ်များနှင့်လူ ပြောသည်မှာ အမှန်ပဲ ဖြစ်လေသည်။ ပြင်ပမှ စွမ်းအားများမှာလည်း ကျင့်ကြံမှုလမ်းစဉ်တွင် ကူညီပေးနိုင်သည်မှာ အမှန်ပင် ဖြစ်ပါသည်။
သို့သော်…
ထိုသို့သော ပြင်ပစွမ်းအားများ အပေါ်တွင် အလွန်အကျွံ မှီခိုခြင်းတော့ မပြုလုပ်သင့်ပေ။ ကိုယ်တိုင် ကျင့်ကြံသည်ထက် ပြင်ပ စွမ်းအားများကို မှီခိုလွန်းသော သူများမှာ ကျရှုံးမှုနှင့် နီးစပ်လေ သည်။
“ခင်ဗျားက ရှယွမ့်အဆောင်က ဂိုဏ်းတူအစ်ကိုများလား”
ဆန်းလျန်က သူ့ကိုစိုက်ကြည့်ပြီး မေးလိုက်လေသည်။
ထိုသူ၏ မျက်လုံးများမှာ အစိမ်းရောင် အလွှာပါးလေးဖြင့် ဖုံးကာထားသလို ဖြစ်နေလေသည်။ ထိုမျက်ဝန်းများတွင် ညှို့ယူဖမ်းစားနိုင်သည့် စွမ်းအားတစ်ခု ရှိနေလေသည်။
တာအိုဆရာစန်းဝမ့်၏ တည်ကြည်သည့် အကြည့်နှင့်လည်း မတူ။ ချန်ကျန်းမေ၏ ထက်မြက် သည့် အကြည့်နှင့်လည်း မတူပေ။ ထိုအကြည့်များက သတ္တဝါကြီး တစ်ကောင်၏ မွေးရာပါ ရိုင်းစိုင်း သည့် အကြည့်များနှင့် တူနေလေသည်။
လက်သည်းကို ဝှက်ထားသည့်တိုင် ထိုသူကို လျှော့တွက်၍ မရပေ။
“မင်းက ကျုပ်ကို ဂိုဏ်းတူအစ်ကိုလို့ ခေါ်လည်းရတယ်။ ကျုပ်နာမည်ပဲ ခေါ်လည်းရပါတယ်။ အခေါ်အဝေါ် တွေက ကျုပ်အတွက် အရေးမကြီးပါဘူး။ ကျုပ်က ကျင့်စဉ်လမ်းကို လိုက်ခဲ့တယ် ဆိုပေမယ့် အသက်ရှည်ဖို့ မဟုတ်ဘူး။ ကျုပ်က ဘဝမှာ ပျော်ပျော်ပဲ နေချင်ခဲ့တာပါ။ နတ်ဘုရား ကျင့်စဉ်လမ်းရဲ့ အဆင့် ကိုးဆင့်ကို မင်းကျင့်ကြံ အောင်မြင်ခဲ့ရင်တောင်မှ နေ၊ လ၊ ကြယ်စင်တွေလောက် တောက်ပ နိုင်ပါ့မလား။ နေ၊ လ၊ ကြယ်စင်တွေလို ထာဝရ တည်မြဲနိုင်ပါ့မလား”
သူပြောနေသည့် ပုံစံကို ကြည့်ရသည်မှာ လုံးဝ စိတ်ပျက်နေသည့်ပုံ ပေါက်လေသည်။
ထိုမျှ စိတ်ပျက်နေလျှင် ထိုသူမှာ အဘယ်ကြောင့် ချင်းရွှမ်နတ်တံခါးမှ ထွက်ခွာသွားခြင်း မရှိပါ သနည်းဟု ဆန်းလျန် တွေးနေမိလေသည်။ သို့သော် ထိုသူက ချင်းရွှမ်နတ်တံခါးတွင် နေသည် ဖြစ်စေ၊ ချင်းရွှမ်နတ်တံခါးမှ ထွက်သွားသည်ဖြစ်စေ သူ့အကြောင်းနှင့်သူ ရှိပေလိမ့်မည်။
သူက ပြောပြမည် ဆိုလျှင်တော့ ဆန်းလျန်က နားထောင်ပေးမည် ဖြစ်ပြီး ပြောချင်စိတ် မရှိ ဆိုလျှင်လည်း ဆန်းလျန်အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ အကြောင်းမရှိပါ။
“ကျုပ်က ထာဝရ အသက်ရှင်သန်ချင်တဲ့ စိတ်တော့ မရှိပါဘူး။ ဒါပေမယ့် နည်းနည်းတော့ အသက် ပိုရှည်ချင်တယ်။ ခုနကပဲ မင်းက မိုးမြေစွမ်းအားတွေကို လွတ်လွတ်လပ်လပ်နဲ့ အကန့်အသတ် မရှိ ထိန်းချုပ်သွားတာ ကျုပ်မြင်လိုက်တယ်။ အဲဒါ မင်းရဲ့ကျင့်စဉ်လမ်း အတွေ့အကြုံနဲ့ လုပ်လိုက် တာလား။ ဒါမှမဟုတ် အခြားကျင့်စဉ် တစ်ခုခုများ မင်းလေ့ကျင့် ထားသေးတာလား”
မုတ်ဆိတ်များနှင့်လူက မေးလိုက်လေသည်။
ထိုမေးခွန်းကြောင့် ဆန်းလျန် စိတ်များ ရှုပ်ထွေးသွားရသည်။ သူက မိုးမြေစွမ်းအားများကို ထိန်းချုပ်ခြင်း၊ စုပ်ယူခြင်းများ ပြုလုပ်နိုင်သည့်တိုင် မုတ်ဆိတ်နှင့်လူကဲ့သို့ မိုးမြေစွမ်းအားကို လိုသလို အသုံးချနိုင်ခြင်း အလျင်းမရှိသေးပေ။
“ဒါက ကျင့်စဉ်လမ်း အတွေ့အကြုံလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မင်းရဲ့ကျင့်ကြံမှု အဆင့်က အဲဒီအဆင့်ထိ ရောက်ပြီဆိုရင်တော့ မိုးမြေစွမ်းအားတွေကို ကျုပ် အသုံးချသလို မင်းလည်း ထိန်းချုပ် နိုင်ရမှာပေါ့”
မုတ်ဆိတ်များနှင့်လူက ပြုံးရင်း ပြောလိုက်လေသည်။
ဆန်းလျန်က ခဏကြာမျှ နက်နက်နဲနဲ စဉ်းစား နေလိုက်သည်။
ပြီးမှ…
“ဒီလိုမျိုး လုပ်ဖို့ကတော့ အရမ်းခက်ခဲမယ် ထင်တယ်။ ကျွန်တော်က အခုမှ အင်းပညာ စပြီး လေ့လာနေတုန်းပဲ ရှိသေးတယ်။ ဒါပေမယ့် အင်းချပ်တစ်ခုကိုတောင် ခုထိ မဆွဲနိုင်သေးဘူး။ ခင်ဗျား ခုန ခွေးခြေ ထိုင်ခုံပုလေး ဖန်ဆင်းလိုက်တာ အင်းချပ်ပညာကို အသုံး ပြုလိုက်တာပဲ မဟုတ်လား”
ဟု မေးလိုက်လေသည်။
“မင်းက အင်းချပ်ပညာကို လေ့လာနေမှတော့ ကျုပ် ဖန်ဆင်းလိုက်တာကို သတိပြုမိတာကို အံ့သြစရာ မရှိတော့ပါဘူး။ အဲဒါက ရိုးရိုး နည်းလမ်းလေးပါ။ ချင်းရွှမ်နတ်တံခါးမှာ အင်းပညာနဲ့ ပတ်သက်လာရင် ကျုပ်ကိုယ်ကျုပ် အတော်ဆုံးလို့ မပြောလိုပါဘူး။ ဒါပေမယ့် မင်းသိချင်တယ် ဆိုရင်တော့ ကျုပ်ကမင်းကို ပြောပြပေးနိုင်ပါတယ်”
မုတ်ဆိတ်နှင့်လူက ပြုံးပြီး ပြောလိုက်ပြန်လေသည်။
သူ့အပြုံးကို ကြည့်ရသည်မှာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေသည့်ပုံ ရလေသည်။
“ခင်ဗျား ကျွန်တော့်ကို သင်ပေးနိုင်မလား”
ဆန်းလျန်က ပြန်မေး လိုက်လေသည်။
“ဒါပေါ့ ကျုပ်မင်းကို သင်ပေးနိုင်ပါတယ်။ ဒါပေမယ့် မင်းကျုပ်ကို ဘာပြန်ပေးမလဲ”
မုတ်ဆိတ်များနှင့်လူက သူ့ရှေ့ရှိ အေးဆေးသန့်စင်သည့် လူငယ်လေးကို ဈေးစကား ပြောလိုက်လေသည်။
ချင်းရွှမ် နတ်တံခါးမှာ လူတော်များမရှိသည်မှာ ကြာပြီ ဖြစ်လေသည်။ နောက်ဆုံးတော့ တန်ဖိုးရှိသည့် လူငယ်လေးတစ်ယောက်ကို သူတွေ့ခဲ့ရပြီ။ သို့သော် ကျင့်စဉ်လမ်းဆိုသည်က ကိုယ်ကျင့် မှ ကိုယ်ရမည် ဖြစ်ပြီး သင်ပြပေးမည့် သူအပေါ်တွင် အရမ်းမှီခို၍ ရသည့်ကိစ္စတော့ မဟုတ်ပေ။ ကမ္ဘာပေါ်တွင် အရည်အချင်း အရှိဆုံးသူ ဖြစ်လင့်ကစား ကိုယ်တိုင် အားစိုက်ထုတ်မှု မရှိလျှင် အလကား ပင် ဖြစ်လေသည်။
ကိုယ်တိုင် ကြိုးစားအားထုတ်မှု ရှိလျှင်တော့ တစ်နေ့တွင် လက်တွေ့ အောင်မြင်နိုင်မည် ဖြစ်လေ သည်။
“ဒါတော့ ခင်ဗျားတောင်းဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ကျွန်တော့်ဘက်က အကောင်းဆုံး ပြန်ပေးနိုင်အောင် ကြိုးစားပါ့မယ်။ ကျွန်တော် မလုပ်ပေးနိုင်တဲ့ အရာမျိုး ဖြစ်နေရင်တော့လည်း ဘယ်တတ်နိုင်ပါ့မလဲ”
ဆန်းလျန်က သူ့အတွေးထဲ ရှိသည့်အတိုင်း ရိုးရိုးသားသားပင် ပြောလိုက်လေသည်။ မုတ်ဆိတ် များနှင့် လူကလည်း သူကဲ့သို့ပင် ပွင့်ပွင့်လင်းလင်း ပြောလိမ့်မည်ဟု မျှော်လင့် ထားလေသည်။
သူတို့နှစ်ယောက်သည် ဆွေမျိုး တော်စပ်ခြင်းလည်း မရှိသလို။ မိတ်ဆွေများလည်း မဟုတ်ခဲ့ပါ။ သူတို့မှာ ရှယွမ့်အဆောင်မှ ပညာသင်ဖက်များသာ ဖြစ်လေသည်။ ပညာသင်ဖက် အချင်းချင်း ပညာ ပြန် သင်ပေးသည့် ကိစ္စမှာ လွန်စွာမှ ရိုးရှင်းလေသည်။
သို့သော် တကယ်တမ်းတွင် ကျင့်စဉ်လမ်းကို လျှောက်လှမ်းနေသည့် တပည့် အချင်းချင်း ပညာ သင်ပေးလေ့ မရှိကြပေ။ ထို့ပြင် မည်သူမျှလည်း သူတို့ သိသမျှကို ပြန်လည် မျှဝေပေးလိုစိတ် မရှိကြပေ။
ဆန်းလျန် ခေတ်ပေါ်လောကတွင် နေထိုင်ခဲ့စဉ်ကလည်း အလုပ်နှင့် ပတ်သက်သည့် ဆွေးနွေး ဖလှယ်ပွဲများ များစွာ ပြုလုပ်ကြသည့်တိုင် တကယ်တမ်း အရေးပါသည့် ကိစ္စများကိုတော့ မည်သူမျှ တစ်ပါးသူကို ပြန်လည် မျှဝေပေးခြင်း မရှိကြပေ။
ကျင့်ကြံသူ လောကတွင်တော့ ပြောစရာပင် မလိုတော့ပေ။ သို့သော် ကျင့်စဉ်လမ်းကို လျှောက် လှမ်းရန် ဆွဲဆောင်သည့် အခါတွင်တော့ ပညာရပ်များကို သင်ကြား ပေးကြလေသည်။
“ကျုပ်မလုပ်နိုင်တဲ့ ကိစ္စတစ်ခုကို လုပ်ဖို့ ဆန္ဒရှိနေတယ်။ အဲဒါကို ကျုပ်ကိုယ်တိုင်လည်း မလုပ်နိုင်သလို မင်းလည်း မင်းရဲ့ လက်ရှိစွမ်းအားနဲ့ ကျုပ်ကိုကူညီဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် မင်းကိုယ်ပေါ်က ဓားကို ကျုပ်ကိုပေးမယ်ဆိုရင် မင်းကို အင်းချပ်ပညာ သင်ပေးမယ်။ မင်းဘယ်လောက် တတ်မြောက်နိုင်မလဲ ဆိုတာကတော့ မင်းရဲ့ နားလည်နိုင်စွမ်း အပေါ်မှာပဲ မူတည်တယ်”
မုတ်ဆိတ်များနှင့်လူက ဆန်းလျန်ခါးတွင် ချိတ်ထားသည့် စန္ဒကူးဓားကို စိတ်ဝင်စားစွာ စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
ဆန်းလျန်၏ မျက်နှာ အမူအရာမှာ ခံစားချက် ကင်းမဲ့နေလေသည်။ သူက ပုံမှန်အတိုင်းပင် တည်ငြိမ်စွာဖြင့် ပြန်မေးခွန်း ထုတ်လိုက်လေသည်။
“ဒီဓားက ဘာမှတန်ဖိုး မရှိလှပါဘူး။ ဒီဓားကို ဘာလို့ လိုချင်ရတာလဲ”
မုတ်ဆိတ်များနှင့်လူက အရက်အိုးကို ကောက်ကိုင်ကာ “နွေဦးမီးတောက်အရက်” ကို မော့သောက် လိုက်လေသည်။ သူတို့ နှစ်ယောက်ကြားတွင် မည်သည့်ကိစ္စမျှ ရှိမနေပါ။ လေပင် တိုက်ခတ်ခြင်း မရှိသကဲ့သို့ တိတ်ဆိတ်မှုက ကြီးစိုးသွားလေသည်။
“ဘာမှတော့ မဟုတ်ပါဘူးကွာ။ လောလော ဆယ်မှာတော့လည်း ပြောမပြ နိုင်သေးဘူး။ အနာဂတ်မှာ မင်းပိုပြီး အသိပညာတွေ ကြွယ်ဝလာတဲ့ အခါ မင်းနားလည် လာပါလိမ့်မယ်။ ပြီးတော့ ဒီဓားကို ကြည့်ရတာ ဓားကတော့ တန်ဖိုးမရှိပါဘူး။ ဒါပေမယ့် ဒီဓားမှာ ဓားဝိညာဉ် မွေးဖွားလာခဲ့ပြီ။ သဘာဝအတိုင်း ဖြစ်တည်လာတဲ့ ဓားဝိညာဉ်ပဲ။ အဲဒီ ဓားဝိညာဉ်က စိတ်ဝိညာဉ်တစ်ခုကို ပဲ့ကိုင် ပေးနိုင်တယ်လေ”
မုတ်ဆိတ်နှင့်လူက ပြောလိုက်လေသည်။
“စိတ်ဝိညာဉ်ကို ပဲ့ကိုင်ခြင်း” ဆိုသည်ကို ဆန်းလျန် နားလည်ပါသည်။ ဆန်းလျန်သာ အင်းပညာ ကို လေ့ကျင့်နိုင်ခဲ့လျှင် ကျင့်စဉ်လမ်းတွင် အဆင့်တစ်ခုသို့ တက်လှမ်းနိုင်မည် ဖြစ်လေသည်။ ပြဒါးနှင့် သစ်နက်တို့ကိုလည်း စိတ်ဝိညာဉ် ပဲ့ကိုင်သည့် ကြားခံနယ်အဖြစ် အသုံးပြုနိုင်မည် ဖြစ်လေသည်။ အင်းပညာကို အသုံးပြုပြီး မိုးနှင့်လေကို ဆင့်ခေါ်နိုင်မည် ဖြစ်လေသည်။ အင်းပညာ အမျိုးအစားပေါ် မူတည်ပြီး အသုံးပြုပုံ အမျိုးမျိုးကို ကွဲပြားသွားမည် ဖြစ်လေသည်။
ကျင့်စဉ်လမ်းတွင် အဆင့်တစ်ခုသို့ တက်လှမ်းနိုင်သည့် အချိန်တွင် စိတ်ဝိညာဉ် ပဲ့ကိုင်သည့် ကြားခံနယ်ကို အသုံးမပြု ဆိုလျှင်လည်း ရပါသည်။ သို့သော် တန်ခိုးစွမ်းအားကတော့ အနည်းငယ် လျော့နည်းမည် ဖြစ်လေသည်။
မုတ်ဆိတ်နှင့်လူ ထိုင်နေသည့် ဝါးရုံတောထဲမှ မြေကွက်လပ်လေးသည် လေနှင့်မိုးများ ဒဏ်ကို ကာကွယ် ထားနိုင်သည့် နေရာတစ်ခုဖြစ်လေသည်။ မုတ်ဆိတ်များနှင့်လူမှာ အင်းပညာတွင် ဆရာတစ်ဆူ ဖြစ်ပုံ ရလေသည်။ ထို့ကြောင့် လေနှင့်မိုးကို ကာကွယ်သည့် အင်း အစီအရင်ကို စီရင်ထားခြင်း ဖြစ်နိုင်လေသည်။
စိတ်ဝိညာဉ် ပဲ့ကိုင်ခြင်းအတွက် အသုံးပြုရန် ပစ္စည်းပေါင်းများစွာ ရှိပါသည်။
အဘယ်ကြောင့် သူ၏ စန္ဒကူးဓားကိုမှ မုတ်ဆိတ်များနှင့်လူက စိတ်ဝိညာဉ် ပဲ့ကိုင်ခြင်း ကြားခံ ပစ္စည်းအဖြစ် အသုံးပြုချင် နေရပါသနည်း။ ထိုသူ၏ အဆင့်ဖြင့်ဆိုလျှင် ဆန်းလျန်၏ စန္ဒကူးဓားထက် ပိုပြီး တန်ဖိုးရှိသည့် ပစ္စည်းများစွာကို အသုံးပြု နိုင်လေသည်။
ဆန်းလျန်မှာ စန္ဒကူးဓားဖြင့် “ရှိခြင်း မရှိခြင်း” ဓားပညာကို ကျင့်ကြံ အောင်မြင်ခဲ့သူ ဖြစ်လေသည်။ ထို့ကြောင့် သူက စန္ဒကူးဓား ကဲ့သို့သော နောက်ထပ် ဓားတစ်လက်ကိုလည်း ထပ်မံ ဖန်တီး နိုင်လေသည်။
မုတ်ဆိတ်များနှင့်လူက ဓားဝိညာဉ် ဆိုသည်မှာ သဘာဝအတိုင်း ဖြစ်တည်လာသည်ဟု ပြောခဲ့ လေသည်။ “ရှိခြင်း မရှိခြင်း” ဓားမှ ဓားဝိညာဉ်မှာ မပြောင်းလဲသော လောက၏ သဘာဝပင် ဖြစ်လေသည်။ ထိုသူက ထိုအချက်ကို မှန်းဆမိပုံ ရလေသည်။
တစ်ချိန်တည်းမှာပင် ဆရာစူးမှာ အလွန်မှ ထူးဆန်းလှသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်ဟု ဆန်းလျန် တွေးလိုက်မိသည်။ ဆန်းလျန်ကလည်း မလိုအပ်လျှင် “ရှိခြင်း မရှိခြင်း” ဓားပညာကို အသုံးပြုခြင်း မရှိပါ။ ချင်းရွှမ်နတ်တံခါးတွင် ကျင့်ကြံသူ တပည့်များမှာ တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်သည့် အဆင့်ထိ မည်သူမျှ မတိုက်ခိုက်ကြပါ။ တပည့် အချင်းချင်း ခင်ခင်မင်မင်ပင် နေထိုင်ကြသည် ဖြစ်သောကြောင့် ဓားပညာကို အသုံးပြုရန် မလိုပါ။
သို့သော်…
စန္ဒကူးဓားမှာ အသုံးဝင်သည့် ပစ္စည်းတစ်ခု မဟုတ်လျှင်တောင်မှ ဆန်းလျန်က မည်သူ့ကိုမျှ ပေးပစ်နိုင်မည် မဟုတ်ပါ။
“ဒီဓားက အဖိုးတန် ဓားတစ်လက် ဖြစ်နေတယ် ဆိုရင်တော့ ဒီဓားနဲ့ အလဲအလှယ် လုပ်ခံရတယ် ဆိုတာ ဝမ်းသာစရာပါပဲ။ ဒါပေမယ့် ဒီဓားက နေ့နေ့ညည ကျွန်တော်နဲ့ အတူတူ ရှိနေခဲ့တာ။ ကျွန်တော့်ရဲ့ အစိတ်အပိုင်း တစ်ခုလို ဖြစ်နေပြီ။ ဒီနေ့ ဒီဓားကို ခင်ဗျားကိုသာ ပေးလိုက်မယ် ဆိုရင် နောက်တစ်နေ့ မှာလည်း ကျုပ်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုကို လွယ်လွယ်နဲ့ ပေးတဲ့သူ ဖြစ်သွားလိမ့်မယ်။ ဒါဆို သိပ်မကြာခင်မှာ ကျွန်တော်ဆိုတာ ပျောက်ကွယ်သွားမှာပဲ”
ဆန်းလျန်က ပြောလိုက်လေသည်။
“လူသားခန္ဓာကိုယ်ဆိုတာ အခွံတစ်ခု ပါပဲကွာ။ နောက်ကျရင် မင်းရဲ့အမြင်တွေ ပြောင်းလဲ လာပါလိမ့်မယ်။ ဒါပေမယ့် မင်းကို အတင်းအကြပ် မတောင်းဆိုပါဘူး”
မုတ်ဆိတ်များနှင့်လူက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်လေသည်။
ဆန်းလျန်သာ ဆန္ဒ မရှိဘူးဆိုလျှင် သူကလည်း အတင်းအကြပ် လုပ်ယူမည် မဟုတ်ပါ။
သူက စန္ဒကူးဓားကို လိုချင်မိသည်မှာ လေ့လာရုံ သက်သက်မျှသာ ဖြစ်လေသည်။ ထိုဓားမှာ သူ၏ ကျင့်စဉ်လမ်းအတွက် များစွာ အထောက်အကူ ပြုသည့် ပစ္စည်းတော့ မဟုတ်ပေ။
***