Switch Mode

အခန်း (၈၁)

တိတ်တဆိတ်ခရီး

ဆန်းလျန် ကျင့်စဉ် ကျင့်ပြီးသွားသည့်အချိန် မျက်လုံးကို အသာအယာ ဖွင့်ကြည့် လိုက်လေ သည်။ အပြင်ဘက်တွင် မိုးက သည်းထန်စွာ ရွာသွန်းနေလေသည်။

မိုးသံများက ဂီတသံစဉ် တစ်ခုအလား တဖျောက်ဖျာက် ကျနေလေသည်။

ဆန်းလျန်က မိုးသံကိုသာမက လူစောယိ၏ အသက်ရှူသံကိုပါ ကြားနေရလေသည်။ သူ၏ အသက်ရှူသံမှာ လိုက်ကာစကို လေတိုးသည့် အသံကဲ့သို့ ဖြစ်နေလေသည်။ မှန်းကြည့်စရာပင် မလိုပေ။ လူစောယိမှာ စိတ်ဝိညာဉ် ငြိမ်သက်ခြင်း အဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်ကြောင်း သိရှိနိုင်လေသည်။

ဆန်းလျန်၏ ထက်မြက်သည့် အမြင်အရဆိုလျှင် လူစောယိ ထိုသို့ ငြိမ်သက်ခြင်း အဆင့်ကို အဘယ်ကြောင့် မြန်မြန်ဆန်ဆန် ရောက်သွားရသည်ကို နားလည်လိုက်လေသည်။ လူစောယိမှာ စိတ်ပိုင်ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အဆိုးဆုံး အခြေအနေ ဖြစ်နေသောကြောင့် သူ၏ အကန့်အသတ် ပြည့်သွားခြင်း ဖြစ်လေသည်။

“ခန္ဓာကိုယ် အားနည်းနေချိန်တွင် အတွင်းအားက စီးဆင်းသွားသည်။ နှလုံးခုန် ရပ်သွားသည့် အချိန်တွင် စိတ်ဝိညာဉ်က နိုးထလာသည်” ဆိုသည့် စကားကဲ့သို့ပင် ဖြစ်လေသည်။

လူစောယိမှာ ညဘက် အနားယူသည့် အချိန်တွင် လူက အိပ်ပျော်နေပြီး ရုပ်ခန္ဓာက ငြိမ်သက် နေသည့်တိုင် အတွင်းအားများကတော့ စီးဆင်းနေခြင်း ဖြစ်လေသည်။  စိတ်ပင်ပန်း နေသည့်အတွက် သူ၏ စိတ်နှလုံးမှာ အလုပ်မလုပ် တော့သော်လည်း စိတ်ဝိညာဉ်ကတော့ နိုးထ နေလေသည်။ လူစောယိ ၏ မရပ်မနား လေ့ကျင့်နေသည့် ကျင့်စဉ် ရပ်နားထားသည့် အချိန်တွင် ထိုကဲ့သို့ ဖြစ်နေ ခြင်းပင် ဖြစ်လေသည်။

ကျင့်ကြံခြင်း လမ်းစဉ်ဆိုသည်က ရှေ့လျှောက် ဘာဖြစ်မည်ကို မျှော်မှန်း မရနိုင်ပေ။ စိတ်ဆန္ဒ ရှိသည့်အတိုင်း ကျင့်ကြံတိုင်းလည်း အောင်မြင်ချင်မှ အောင်မြင်မည် ဖြစ်သလို မထင်မှတ်ဘဲ အောင်မြင် သွားသည်မျိုးလည်း ရှိနိုင်လေသည်။

ဆန်းလျန် ခေါင်းခါယမ်းရင်း တစ်ချက်ရယ်မော လိုက်လေသည်။

သူ ရှယွမ့်အဆောင်ထဲမှ ထွက်ခွာလာပြီး မိုးရေထဲတွင် လမ်းလျှောက် နေလိုက်သည်။ ကောင်းကင် တစ်ခုလုံး အုံ့မှိုင်းနေလေသည်။ ရှယွမ့် အဆောင်အနီးရှိ ဝါးရုံတောကြီး မှာလည်း မိုးစက် များအောက်တွင် အုံ့မှိုင်း နေလေသည်။ သူက ထိုက်ဝေ့ ထိုင်ခန်းမဆောင်သို့ သွားချင်သော်လည်း မိုးရွာ နေသည့် အတွက်ကြောင့် မသွားတော့ဘဲ ချင်းလျန် တောင်တစ်ခွင်သို့ လျှောက်ကြည့်ရန် ဆုံးဖြတ် လိုက်လေသည်။

သူက ဝါးရုံတောအတွင်းသို့ ဝင်လာခဲ့လိုက်လေသည်။

“သစ်ရွက်ပေါ်ကို မိုးရေတွေ ကျတဲ့အသံ ထိုင်နားထောင် နေမယ့်အစား။ အဲဒီ သစ်ရွက်လေးတွေ ကို တိတ်တဆိတ် သွားကြည့် သင့်တာပေါ့”

ဟု ဆန်းလျန် တွေးလိုက်မိသည်။

သစ်ရွက် ကြွေလေးများကို ကြည့်ရင်း ဆန်းလျန် ဝမ်းနည်းလာသလို ခံစား လိုက်ရလေသည်။ သစ်ရွက်လေး များပေါ်တွင် မိုးရေ စက်လေးများက ထင်ကျန်နေလေသည်။

ဝါးရုံတောကြီးမှာ မည်မျှကြီးပြီး နက်ရှိုင်းသည်ကို ဆန်းလျန်မသိပါ။ သူက မိုးရေထဲတွင် ခပ်ဖြည်းဖြည်း လမ်းလျှောက် လာခဲ့လေသည်။

သူက ဦးတည်ရာမရှိ လျှောက်သွားနေပြီး ရှုမျှော်ခင်းများကို ကြည့်ရှု နေလေသည်။

ဝါးရုံတောမှာ လူများ သွားလာခြင်း မရှိသဖြင့် လမ်းလည်း မရှိပေ။ မြေကြီးမှာ ပျော့နေပြီး ရွှံ့ဗွက်များ ဖြစ်နေလေသည်။ ဆန်းလျန်မှာ သပ်သပ်ရပ်ရပ် နေတတ်သူတစ်ယောက် ဖြစ်သည့်တိုင် ရွှံ့ဗွက်များ ပေမည်ကို ကြောက်ရွံ့ခြင်း မရှိပါ။

သူက နုန်းမြေများ ကြားတွင် လျှောက်သွားရင်း ခြေထောက်များ ပေကျံကုန်လေသည်။ သူက ဝါးရုံတော အတွင်းသို့ ဆက်ဝင် သွားလိုက်သည်။ ခန္ဓာကိုယ်ရှိ သွေးကြော ဆုံမှတ်များတွင် ထိန်းချုပ်ရန် ခက်ခဲသည့် သွေးကြော ဆုံမှတ်များမှာ ခြေဖဝါးရှိ သွေးကြော ဆုံမှတ်များပင် ဖြစ်လေသည်။ ခြေဖဝါး တွင် သွေးကြော ဆုံမှတ် များစွာရှိပြီး ထိုသွေးကြောများကို ထိန်းချုပ်ရန် အလွန်ခက်ခဲ လေသည်။

ဆန်းလျန်က သူ၏ အတွင်းအားကို ခြေဖဝါးသို့ ပို့ဆောင်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရွှံ့ဗွက်ထဲတွင် လမ်းလျှောက်ရသည်မှာ ပုံမှန် လမ်းလျှောက်ရသည်ထက် ပိုပြီး ခက်ခဲလေသည်။ သူ၏ အတွင်းအား အတော်များများကို သုံးလိုက် ရလေသည်။

သို့သော် သူထိုသို့ လျှောက်သွားနေခြင်းက အချိန်အလကား ဖြုန်းနေရာ မရောက်ကြောင်း သိပ် မကြာခင်မှာပင် သိရှိ လိုက်ရလေသည်။

အဘယ်ကြောင့်ဆိုသော် ဝါးရုံတောအလယ်တွင် မြေကွက်လပ်တစ်ခုကို မြင်တွေ့ လိုက်ရသော ကြောင့် ဖြစ်လေသည်။ ထိုမြေကွက်လပ်မှာ သန့်ရှင်းနေပြီး မိုးရေများ ကျဆင်းနေခြင်း မရှိပါ။ မိုး သည်းထန်စွာ ရွာနေသည့် နေ့တစ်နေ့ ဖြစ်သည့်တိုင် ထို မြေကွက်လပ်တွင် ရေလည်းမရှိ။ လေလည်း မတိုက်ဘဲ သီးခြား နေရာလေး တစ်ခုလို ဖြစ်နေလေသည်။

ထိုမြေကွက်လပ် နေရာမှာ လောကကြီး၏ သဘာဝ ရာသီဥတုများမှ ကင်းလွတ်နေသည့် နေရာ လား။ သို့မဟုတ် ထိုသို့ ကင်းလွတ်နေအောင် အစီအမံဖြင့် လုပ်ထားသည့် နေရာလား မသိနိုင်ပါ။

ထို မြေကွက်လပ် အလယ်တွင် စားပွဲခုံတစ်လုံး ရှိနေပြီး ထိုစားပွဲခုံတွင် မုတ်ဆိတ်မွေးများ ထူထပ်စွာ ပေါက်ရောက်နေသည့် လူတစ်ယောက် ထိုင်နေလေသည်။ သူ့ကို ကြည့်ရသည်မှာ လေးစား စရာ ကောင်းသည့် ပုံပန်းသဏ္ဌာန် ရှိပြီး လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ယန်မင်းဆက် ခေတ်နှင့် ကျောက် မင်းဆက်ခေတ်မှ လူတစ်ယောက်နှင့် ဆင်တူလေသည်။

စားပွဲပေါ်တွင် အရက်အိုးတစ်အိုး ရှိနေလေသည်။ သို့သော် အရက်ခွက်တော့ ရှိမနေပါ။ အရက် အိုးထဲမှ အရက်များက ထိုသူ၏ ပါးစပ်အတွင်းသို့ စီးဆင်းဝင်ရောက် သွားကြလေသည်။ သူက အရက်ကို ပါးစပ်အပြည့်ဖြင့် တစ်ငုံ သောက်လိုက်ပြီးတော့မှ ဆန်းလျန် ရောက်နေသည်ကို သတိထား လိုက်မိပြီး တစ်ချက်ရယ်မော လိုက်လေသည်။

“ကောင်လေး။ ကျုပ်နဲ့ အရက်လာသောက်ပါလား”

မည်သူမျှ တစ်ယောက်တည်း အရက်သောက်ရသည်ကို ကြိုက်နှစ်သက်မည် မထင်ပါ။ အဖော် မရှိ၍သာ တစ်ယောက်တည်း သောက်ရခြင်း ဖြစ်လေသည်။ ထို မုတ်ဆိတ်မွေးများနှင့် လူမှာလည်း အရက်သောက်မည့်အဖော် မရှိသောကြောင့် တစ်ယောက်တည်း သောက်နေရခြင်း ဖြစ်ဟန်တူလေ သည်။ ထို့ကြောင့် ဆန်းလျန်ကို တွေ့သည့်အခါ အရက်အတူတူ သောက်ရန် ချက်ချင်းပင် ဖိတ်ခေါ် လိုက်လေ တော့သည်။

ထိုသူမှာ နတ်မိစ္ဆာတစ်ပါး ဖြစ်မည် ဆိုလျှင်လည်း ချင်းရွှမ်နတ်တံခါးမှ နတ်မိစ္ဆာဖြစ်ရမည် ဖြစ်ပြီး လူသား ဆိုလျှင်လည်း ဆန်းလျန်၏ ဂိုဏ်းတူအစ်ကို ဖြစ်ရမည် ဖြစ်လေသည်။ သို့မဟုတ် ဆရာသခင် တစ်ပါးလည်း ဖြစ်နိုင်လေသည်။

ချင်းရွှမ် နတ်တံခါးသည် တင်းကြပ်စွာ အစောင့်အကြပ်များ ချထားသည့် နေရာတစ်ခု မဟုတ်ပါ။ သို့သော် တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက် လာရန်မှာတော့ လုံးဝမလွယ်ကူသည့် ကိစ္စ ဖြစ်လေ သည်။

အစောင့်အကြပ်များ မရှိသည့်တိုင် တောင်ပေါ်သို့ တိတ်တဆိတ် ကျူးကျော် ဝင်ရောက်မှုများ ရှိခဲ့ပါက ဆရာသခင် ကျန်းရော့ရွှီး၏ အရာအားလုံးကို သိမြင်နိုင်သည့် ထျန်းတိကျန်း ကြေးမုံမှန်၏ လက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပါ။ ထျန်းတိကျန်းမှာ မည်သည့် နေရာတွင် မည်သို့ ဖြစ်ပျက်နေသည်ကို အားလုံး သိနိုင်လေသည်။

ဝါးရုံတောအလယ်မှ မြေကွက်လပ်လေးကို မမြင်ရသည့် အရံအတားတစ်ခုဖြင့် ကာရံထားခြင်း ဖြစ်လေသည်။ ထို မြေကွက်လပ်အတွင်းသို့ ဝင်လိုက်သည်နှင့် ဆန်းလျန် ကိုယ်ထဲမှ အတွင်းအား အနည်းငယ် စီးထွက် သွားသလို ခံစားလိုက်ရ လေသည်။  ဆပ်ပြာပူပေါင်း ကဲ့သို့သော ပူပေါင်း တစ်ခု အတွင်းသို့ ဝင်သွားရ သကဲ့သို့ ဖြစ်လေသည်။ မြေကွက်လပ်ထဲတွင် မိုးလည်း ရွာသွန်းခြင်း မရှိပေ။

ထိုသူက ရယ်မောလိုက်ပြီး…

“တော်လိုက်တဲ့ ကောင်လေး။ မင်းရဲ့ အတွင်းအားက တော်တော် တိုးတက်လာတာပဲ”

ဟု ပြောလိုက်လေသည်။

“ကျွန်တော့်ကို သိလို့လား”

ဆန်းလျန်က လေးလေးစားစားပင် ပြန်မေး လိုက်လေသည်။

“မင်းနှစ်လလောက် ကျုပ်ဆီက အရက်တွေ အလကား သောက်သွားတာ။ မင်းကို မသိဘဲ နေမလား”

မုတ်ဆိတ်မွေးများနှင့် လူက ပြုံးရင်း ပြောလိုက်လေသည်။ သူ၏ မုတ်ဆိတ်မွေးများမှာ တကယ်ပင် ထူထပ်စွာ ပေါက်ရောက်နေခြင်း ဖြစ်လေသည်။ သူ၏ ခန္ဓာကိုယ်မှာလည်း လူသန်ကြီး အလား ထွားကျိုင်းသန်မာ လွန်းလေသည်။ ဓားထုတ်ပြစရာပင် မလိုဘဲ မြင်လိုက်သည်နှင့် ရှိန်သွား နိုင်လောက်သည့် ဟိတ်ဟန် ရှိလေသည်။

“ခင်ဗျားက ယန့်ပုကွေး တည်းခိုရိပ်သာ ပိုင်ရှင်လား”

ဆန်းလျန် မေးလိုက်လေသည်။

နန်ခယ်မြို့ရှိ ယန့်ပုကွေး တည်းခိုရိပ်သာ ပိုင်ရှင်မှာ ချင်းရွှမ်နတ်တံခါးသို့ ရောက်နေလိမ့်မည်ဟု ဆန်းလျန် လုံးဝ ထင်မထားမိပေ။ ယန့်ပုကွေး တည်းခိုရိပ်သာ ပိုင်ရှင်မှာ ချင်းရွှမ်နှင့် မည်သို့ ပတ်သက်မှု ရှိပါသနည်း။ ချင်းရွှမ်မှ တပည့်တစ်ယောက် များလား။

“မင်း အံ့သြသွားတာလား”

ထိုသူက မေးလိုက်လေသည်။

“သိပ်တော့ မအံ့သြပါဘူး။ ယန့်ပုကွေးဆိုတဲ့ နာမည်က ခင်ဗျားနဲ့ တကယ် လိုက်ဖက်တာပဲ။ တကယ့် သိုင်းလောကသား တစ်ယောက်ပုံမျိုးပဲ”

ဆန်းလျန်က ယန့်ပုကွေး၏ မုတ်ဆိတ်များကို ကြည့်ရင်း မနေနိုင်တော့ဘဲ ရယ်မော လိုက်မိလေသည်။

“ကျုပ်က တကယ်တော့ သိုင်းလောကသား တစ်ယောက်ပါပဲလေ။ မထူးဆန်းပါဘူး။ လူ တစ်ယောက်က ကျုပ်ကို ကျင့်ကြံသူ လမ်းစဉ်လိုက်ဖို့ ပြောတော့ ကျုပ်လည်း သူ့ကို မနိုင်တဲ့အဆုံး သူနဲ့ အတူ တောင်ပေါ် လိုက်လာခဲ့တယ်။ တောင်ပေါ်မှာ ဘယ်လောက်တောင် ပျင်းစရာကောင်းလဲ မင်းသိရဲ့လား။ ဒါနဲ့ပဲ နန်ခယ်မြို့လေးမှာ စီးပွားရေးလေး လုပ်တယ်။ နေဦး မင်းကိုပြောစရာ တစ်ခု ရှိသေးတယ်”

မုတ်ဆိတ်နှင့် လူက ဆန်းလျန်ကို တည့်တည့် ကြည့်လိုက်သည်။ လေထဲတွင် လက်ဟန်ဖြင့် စာလုံးများကို ရေးသားလိုက်ပြီး ဆန်းလျန်ဘေးရှိ နေရာတစ်ခုကို ညွှန်ပြ လိုက်သည်။

ထို့နောက် ထိုသူက တစ်ချက် ပြုံးလိုက်လေသည်။

ဆန်းလျန် ငုံ့ကြည့်လိုက်တော့ သူ့နံဘေးတွင် သစ်သား ထိုင်ခုံလေးတစ်ခု ရောက်နေသည်ကို တွေ့လိုက် ရလေသည်။ ထိုထိုင်ခုံလေးမှာ ခွေးခြေ ထိုင်ခုံပုလေး တစ်ခုနှင့် ဆင်တူလေသည်။

ကျင့်ကြံသူများ၏ တန်ခိုးစွမ်းအားများကို ဆန်းလျန် အမြဲတမ်း အံ့သြရစမြဲ ဖြစ်လေသည်။

“ဘာများလဲ”

ဆန်းလျန်က သစ်သားတုံး ခုံပုလေးပေါ်တွင် ထိုင်ရင်း မေးလိုက်လေသည်။

“တကယ်တော့ ယန့်ပုကွေး တည်းခိုရိပ်သာမှာ မင်းသောက်ခဲ့တဲ့ အရက်တွေက အရက် မဟုတ်ဘူး။ ရေတွေကွ။ ကျုပ်က ရေတွင်းထဲကို အင်းချပ်တစ်ခု ထည့်ထားလိုက်တာ။ အဲဒီအချိန် ကတည်းက ရေတွင်းထဲက ရေတွေကို သောက်မိတဲ့သူတိုင်းက အရက်လို့ပဲ ထင်နေကြတာ”

မုတ်ဆိတ်နှင့်လူက ရယ်မောရင်း ပြောလိုက်လေသည်။

“ဒါလည်း ကောင်းတာပဲ။ အရက်အရသာနဲ့ ရေတွေဆိုတော့ သောက်တဲ့သူတွေ ကျန်းမာရေး မထိခိုက်တော့ ဘူးပေါ့။ ဒီအရက်တွေက အတုနဲ့ တူနေတယ်လို့တော့ ကျွန်တော် ထင်မိသားပဲ”

ဆန်းလျန်က မုတ်ဆိတ်မွေးနှင့်လူကို ကြည့်ရင်း ခပ်တည်တည်ဖြင့် ပြောလိုက်လေသည်။

“ကောင်းပါလေ့။ နောက်တစ်ခွက်လောက် ထပ်သောက် ကြရအောင်”

ပြောရင်း မုတ်ဆိတ်နှင့်လူက အရက်အိုးကို လက်ဖြင့် တစ်ချက် ညွှန်လိုက်လေသည်။ ထိုအခါ အရက်အိုးထဲမှ အရက်များမှာ ကောင်းကင်သို့ ပျံဝဲ တက်သွားကြပြီး ကောင်းကင်ထက်တွင် ရပ်တန့် နေလေသည်။ ထို့နောက် အရက်များက ဝဲကတော့အသွင် ဖြစ်သွားပြီး ထိုသူ၏ ပါးစပ်အတွင်းသို့ စီးဝင် သွားကြလေသည်။ ထိုသူက ပါးစပ်နှင့်အပြည့် တစ်ငုံ သောက်လိုက်ပြီး မျိုချ လိုက်လေသည်။

ထိုသူက မိုးမြေ စွမ်းအားများကို လိုသလို အသုံးချနိုင်သည့် အစွမ်း ရှိလေသည်။

ထိုသူသည် ကျင့်စဉ်လမ်းတွင် မည်သည့်အဆင့်သို့ ရောက်နေသည်လဲ ဆန်းလျန် မှန်းဆ၍ မရပါ။ သို့သော် အဆင့်တော့ အတော်မြင့်ပုံ ရလေသည်။

“ခု ဒီအရက်ကတော့ တကယ့် အရက်အစစ်ပါ။ ကျုပ် တိုက်ပါ့မယ်”

ထိုသူက ပါးစပ်အပြည့်နှင့် အရက်များကို မျိုချလိုက်ရင်း ဆန်းလျန်ကို ပြောလိုက်လေသည်။

ဆန်းလျန်က မုတ်ဆိတ်နှင့်လူကဲ့သို့ အရက်ကို စုပ်ယူသောက်ရန်အတွက် အတွင်းအားကို အသုံးမပြုသလို အခြားသော ထူးဆန်းသည့် နည်းလမ်းများကိုလည်း အသုံးမပြုပါ။ အဘယ်ကြောင့် ဆိုသော် အရက်များ မှောက်ကာ ပေပွပြီး တလွဲတွေ ဖြစ်ကုန်ပါက ထိုသူရှေ့တွင် အရှက်ကွဲမည် စိုးသောကြောင့် ဖြစ်လေသည်။

သူက အရက်ကိုးကို လက်ဖြင့် လှမ်းယူလိုက်ပြီး မော့သောက် လိုက်လေသည်။ စတင် သောက်လိုက်သည့် အချိန်တွင်တော့ အရက်က ပါးစပ်အတွင်းသို့ ပူနွေးသည့် အရသာဖြင့် ရှောရှောရှူရှူ စီးဝင် သွားလေသည်။ သို့သော် နောက်ပိုင်းတွင်တော့ မီးတောက် တစ်ခုအလား ပူလောင် လာလေသည်။ ထိုမီးတောက်က သူ့တစ်ကိုယ်လုံးရှိ အတွင်းအားများကို စုပ်ယူတော့မည်ကဲ့သို့ ခံစား လိုက်ရလေသည်။

ဆန်းလျန်၏ “စိတ်အာရုံများကို ထိန်းချုပ်နိုင်သည့်” ကျင့်စဉ်များက ရုတ်တရက် ပေါ်ထွက်လာပြီး ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာကာ ထိုမီးတောက်ကို ဝါးမျို ပစ်လိုက် လေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset