“ဆရာသခင်ရဲ့ တပည့်တစ်ယောက်အနေနဲ့ မင်းလိုလူမျိုး ရှိနေတာ ချင်းရွှမ် နတ်တံခါး သိက္ခာ ကျတာပေါ့။ ခုချိန်ထိ အခြေခံ ကျင့်စဉ်တွေကိုတောင် မကျင့်နိုင်သေးရင် ဒီနေရာက ထွက်သွားတာပဲ ကောင်းလိမ့်မယ်”
အဖြူရောင်ဝတ် လူငယ်က ပြန်ပြော လိုက်လေသည်။
ထိုလူငယ်မှာ လူစောယိကို လှောင်ပြောင်နေသည်မှာ သေချာလေသည်။
ထိုလူငယ်မှာ ချင်းရွှမ်နှင့် မိုင်ပေါင်းသုံးထောင် ဝေးကွာသည့် အရပ်မှ ရောက်လာသည့် မင်းသား တစ်ပါး ဖြစ်လေသည်။ ချင်းရွှမ်သို့ ရောက်လာသည်မှာ မကြာသေးပေ။ သို့သော် ကျင့်စဉ်လမ်းတွင်တော့ များစွာ တိုးတက်မှု ရရှိနေလေသည်။ သို့သော် သူက ဆရာသခင်၏ တပည့်ရင်းတစ်ယောက် မဟုတ်ပါ။ အခြားသော ဆရာသခင်က သူ့ကို ပညာသင်ကြားပေးရန် တာဝန်ယူခဲ့သည့်အတွက် ထိုအချက်ကို မကျေမနပ် ဖြစ်နေသူ ဖြစ်လေသည်။ လူစောယိကို မကျေမနပ် ဖြစ်နေသည်မှာလည်း ဆရာသခင်က လူစောယိကို တပည့်ရင်းအဖြစ် လက်ခံ ထားသောကြောင့် ဖြစ်လေသည်။
ဆရာသခင် ကျန်းရော့ရွှီးမှာ နတ်ဘုရားတစ်ပါး မဟုတ်သေးသည့် တိုင်အောင် ကျင့်ကြံသူ လမ်းစဉ်တွင်တော့ ထိပ်တန်း ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ လူစောယိလို လူမျိုးက အဘယ့် ကြောင့် ဆရာသခင်၏ တပည့် ဖြစ်နေပြီး သူကတော့ အဘယ့်ကြောင့် မဖြစ်ရပါသနည်း။ ထိုအချက်က အဖြူရောင်ဝတ် လူငယ် မကျေမနပ် ဖြစ်နေရသည့် အဓိက အချက်ပင် ဖြစ်လေသည်။
ထို့ပြင် လူစောယိကဲ့သို့သော အရည်အချင်း အသိဉာဏ်မျှလောက်ဖြင့် ချင်းရွှမ် နတ်တံခါးမှ ဆရာသခင် နေရာကို မည်သို့မျှ ဆက်ခံနိုင်ခြင်း ရှိမည်မဟုတ်ဟု သူက ယူဆထားလေသည်။
ဆန်းလျန်က ရယ်မောလိုက်လေသည်။
“အစ်ကိုလူက ဆရာသခင်ရဲ့ တပည့် မဖြစ်ထိုက်ဘူးဆိုရင် ဆရာသခင်ကို မင်းကိုယ်တိုင် သွားပြောပါလား။ သူက မင်းကို တပည့်အဖြစ် မရွေးဘဲ အစ်ကိုလူကို ဘာလို့ တပည့်အဖြစ် ရွေးခဲ့တာလဲလို့ သွားမေးပါလား”
ဆန်းလျန် စကားကြောင့် အဖြူရောင်ဝတ် လူက ဒေါသထွက်သွားခြင်း မရှိပါ။
သူက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်လေသည်။
“ဒီချင်းရွှမ် နတ်တံခါးမှာ ရှယွမ့်ဆောင်မှာပဲ ဖြစ်ဖြစ်၊ စန့်ယွမ့်ဆောင်မှာပဲ ဖြစ်ဖြစ် ကျုပ်နဲ့ သက်တူရွယ်တူတွေထဲမှာ ကျုပ်ထက်သာတဲ့သူ တစ်ယောက်မှ မရှိဘူး။ ကျုပ်သာ ဒီလိုမကျေမနပ် ဖြစ်နေတာ ဆရာသခင် သိသွားရင် သူ့ ဆုံးဖြတ်ချက်ကို ပြန်ပြင် ပေးမှာပဲ”
“မင်းက တပည့်တစ်ယောက်ရော ဟုတ်ရဲ့လား”
ဆန်းလျန်က ပြန်ပြီး မေးခွန်း ထုတ်လိုက်လေသည်။
ထိုမေးခွန်းကြောင့် အဖြူရောင်ဝတ် လူငယ်မှာ မျက်နှာတစ်ချက် ပျက်သွားလေသည်။
ဆန်းလျန်က ခပ်ပါးပါးလေး ပြုံးလိုက်ရင်း…
“မင်းရဲ့ပုံကို ကြည့်ရတာ တပည့်အဖြစ် သတ်မှတ်ခံရပြီး ဆရာဖြစ်သူကို ကန်တော့ချင် ကန်တော့ ထားမှာပေါ့။ ဒါပေမယ့် ကျုပ်သာ မင်းရဲ့ဆရာ ဆိုရင်တော့ မင်းလို တပည့်မျိုးကို နှင်ထုတ်မိမှာပဲ”
ဟု ပြောလိုက်လေသည်။
“ကျုပ်ရဲ့ဆရာကို မကောင်းဘူးလို့ ကျုပ်ပြောနေတာ မဟုတ်ပါဘူး။ ကျုပ်က အစ်ကိုလူကို မကျေနပ်တာပါ။ သူသာ သတ္တိရှိမယ်ဆိုရင် ပြိုင်ကြရအောင်လေ။ နောက်နှစ်ဆိုရင် ကျင့်ကြံသူ စာမေးပွဲ ရှိတယ်။ ဘယ်သူက အဆင့်မြင့်မြင့်နဲ့ အောင်မလဲဆိုတာ ကြည့်ကြတာပေါ့”
အဖြူရောင်ဝတ် လူငယ်က စိန်ခေါ် လိုက်လေသည်။
“မင်းစိန်ခေါ်တာကို ငါလက်ခံတယ်။ ကျုပ်ရှုံးခဲ့ရင် ကျုပ်က ဆရာသခင်ရဲ့ တပည့်တစ်ယောက် မဖြစ်ထိုက်တဲ့ သူပဲ။ ဒါပေမယ့် မင်းရှုံးခဲ့ရင်တော့ မင်းကျုပ်ကို တောင်းပန်ရမယ်။ ဘယ်လိုလဲ”
“ကောင်းပြီ ကျုပ်လက်ခံပါတယ်။ ကျုပ်နာမည်က ကျောက်စစ်မင်ပါ။ အဲဒီ နာမည်ကိုသာ မှတ်ထားလိုက်ပါ”
အဖြူရောင်ဝတ် လူငယ်က ရယ်မောရင်း ထွက်ခွာသွားလေသည်။
လရောင်က ဖြာကျနေလေသည်။
လူစောယိက တံခါးကို လက်သီးဖြင့် ထိုးချလိုက်သည့်အတွက် တံခါးဖြင့် အရိုးများ ထိတွေ့သည့် အသံများ ထွက်လာလေသည်။
“အစ်ကိုလူ ငါက မင်းတို့ အခုပဲ တိုက်ခိုက်ကြတော့မယ် ထင်နေတာ”
ဆန်းလျန်က ရယ်မောရင်း ပြောလိုက်လေသည်။
“ငါက စည်းကမ်းဆောင်က စည်းကမ်းတွေကို အလွတ် ကျက်ထားတာ။ အချင်းချင်း ရန်ဖြစ်တာ ကို တားမြစ်ထားတယ်”
လူစောယိက ဖြောင့်မတ် မှန်ကန်သည့် လူတစ်ယောက် ပုံစံမျိုးဖြင့် ပြောလိုက်လေသည်။
“မင်းက သူ့ထက်တော့ မညံ့ပါဘူးကွာ။ တကယ်တော့ မင်းသာ ပြောမယ်ဆိုရင် ငါသူနဲ့ချမှာ။ ငါသူ့ကို အရမ်းတော့ မတိုက်ခိုက်ပါဘူး။ ရန်ဖြစ်လို့ အပြစ်ပေး ခံရမယ်ဆိုရင် အပြစ်ပေးခံရတာ နည်းနည်း လောက်ကတော့ ငါခံနိုင်ရည် ရှိပါတယ်”
ဆန်းလျန်က အလေးအနက် ပြောလိုက်လေသည်။
လူရှိနေသည့် အရပ်တွင် ရန်ဖြစ်မည်ပဲ ဖြစ်လေသည်။ စည်းကမ်းများ ဆိုသည်က တပည့်များ ကြားမှ အငြင်းပွားမှုများကို တားဆီးထားနိုင်မည် မဟုတ်ပေ။ ချန်ကျန်းမေသည် ပင်လျှင် အစပိုင်း၌ သည်းခံ နေသော်လည်း နောက်ပိုင်းတွင်တော့ သည်းမခံနိုင် ဖြစ်ရသည်ပဲ မဟုတ်ပါလား။
စည်းကမ်းဆိုသည်မှာ ဖိနှိပ်ရန်အတွက် ထုတ်ပြန်ထားခြင်း မဟုတ်ပါ။ လူများကို စည်းကမ်း လိုက်နာပြီး အပြုအမူများကို ထိန်းသိမ်းရန် ထုတ်ပြန်ထားခြင်း ဖြစ်လေသည်။
လူစောယိက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ ဆန်းလျန်မှာ ထိုမျှ ရယ်စရာ ကောင်းလိမ့်မည်ဟု သူ မထင်မိပါချေ။
လူစောယိ အရယ်ရပ်သွားမှ ဆန်းလျန်က ဆက်ပြောလိုက်သည်။
“အစ်ကိုလူ ငါမင်းကို ပြောပြမယ်။ ကျင့်စဉ်ကျင့်ကြံတဲ့ နေရာမှာ သူ့သဘာဝအတိုင်းပဲ သွားရတယ်။ အခြားသူတွေရဲ့ အထင်အမြင်တွေကို ဂရုစိုက်ပြီး မင်းကိုယ်မင်း ဖိအားတွေ ပေးနေမယ် ဆိုရင် ဆုံးရှုံးရလိမ့်မယ်။ မခံချင်စိတ်နဲ့ ကြိုးစားလို့ အောင်မြင်ခဲ့တယ် ဆိုရင်တောင်မှ အနာဂတ်မှာ အကျိုး မရှိနိုင်ဘူး”
“ငါနားလည်ပါတယ်ကွာ။ ငါဒေါသ ထွက်နေတုန်း မို့လို့ပါ။ ဒီပြဿနာကို ငါဖြေရှင်း နိုင်မှာပါ”
လူစောယိက ခေါင်းခါရမ်းရင်း ပြောလိုက်လေသည်။ ထိုအကြောင်းအရာ များကိုသာ သူသိရှိ ခဲ့ခြင်း မရှိပါက သူ့စိတ်ဝိညာဉ် မည်မျှပင် သန့်စင်ပါစေ ဆရာသခင် ကျန်းရော့ရွှီးက သူ့ကို တပည့်အဖြစ် လက်ခံမည် မဟုတ်ပေ။
ဆန်းလျန်မှာ ပြောစရာစကားများ ပျောက်ဆုံး သွားရလေသည်။ သူ၏ ကျင့်ကြံမှုအဆင့် ယခုကဲ့သို့ တိုးတက်လာခြင်းမှာ သူ၏ သဘာဝအတိုင်း စိတ်တည်ငြိမ် အေးချမ်းမှုနှင့် ကိုယ်ရည် ကိုယ်သွေးကြောင့် ဖြစ်လေသည်။ ထို ကိုယ်ရည်ကိုယ်သွေးမှာ ကျင့်စဉ်လမ်းတွင် အလွန် တန်ဖိုးရှိသည့် အချက် ဖြစ်လေသည်။ ထို့ပြင် “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်မှ ကျင့်စဉ်များကိုလည်း လေ့ကျင့်ခဲ့သည့် အတွက် ကြီးမားသည့် အောင်မြင်မှုများ ရရှိခဲ့ခြင်းပင် ဖြစ်လေသည်။
မိုးနှင့်မြေတွင် ရည်မှန်းချက် ရှိကြသည့် လူပေါင်းများစွာ ရှိလေသည်။ သို့သော် သူတို့ထဲက ဘယ်လောက် များများက လမ်းတစ်ဝက်တွင် စိတ်ပျက်အားလျော့ သွားကြပါသနည်း။
စိတ်ဆန္ဒ ဆိုသည်မှာ သမုဒ္ဒရာကဲ့သို့ပင် ဖြစ်လေသည်။ လေပြည်လေး တိုက်ခတ်ရုံမျှဖြင့် လှိုင်းထ နိုင်လေသည်။ လောကဓံကို ကြံ့ကြံ့ ခံနိုင်ဖို့ဆိုသည်မှာ ယာယီမျှသာ ဖြစ်နိုင်လေသည်။
ဆန်းလျန်က လူစောယိကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ ဆံပင်များမှာ ရှုပ်ပွနေပြီး မျက်နှာ မှာလည်း ညစ်ပေနေလေသည်။ သူ၏ စွမ်းအားများမှာလည်း လျော့နည်းနေကြသည်။ သို့သော် ဆန်းလျန် လူစောယိကို လျှော့တွက် မထားပါပေ။ ယှဉ်ပြိုင်ခြင်းနှင့် အဆင့်သတ်မှတ်ခြင်း ဆိုသည်မှာ လောကတွင် သိပ်ပြီး အရေးမပါလှသည့် အရာများပင် ဖြစ်လေသည်။
***
လူတိုင်းတွင် အားနည်းချက်နှင့် အားသာချက် ကိုယ်စီ ရှိကြလေသည်။
ဆန်းလျန် အနေဖြင့် လူစောယိကို ဝေဖန်လိုခြင်း အလျင်းမရှိပါ။ သို့သော် သူကတော့ လူစောယိ နှင့် ယှဉ်လျှင် အရာအားလုံး ချောမောစွာ အောင်မြင်နေလေသည်။ ထိုအချက်က သူ့ကို ကိုင်လှုပ် လိုက်သလို ခံစားလိုက်ရ လေသည်။
ထိုသို့ တွေးလိုက်မိသည်နှင့် ဆန်းလျန်က လူစောယိကို ချက်ချင်းပင် အရိုအသေ ပေးလိုက် လေသည်။
လူစောယိက စိတ်ရှုပ်ထွေးသည့် ပုံစံဖြင့် မေးလိုက်သည်။
“ဂိုဏ်းတူညီလေးဆန်း မင်းဘာလုပ်တာလဲ”
“ကိုယ်က လက်ညိုးတစ်ချောင်း ထိုးရင် ကိုယ့်ကို အခြား လက်သုံးချောင်းက ပြန်ထိုးနေမှာပဲ။ ခုန ငါ တကယ့်ကို အသိဉာဏ်မရှိတဲ့ အလုပ်ကို လုပ်ခဲ့မိတယ်။ ငါ့ကို နားလည်အောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဆန်းလျန်က အေးချမ်းစွာ ပြောလိုက်လေသည်။
ကျေးဇူး တင်ထိုက်သူကို ကျေးဇူးတင်ရန် တုံ့ဆိုင်းမနေသင့်ပေ။
လူစောယိက သက်ပြင်းတစ်ချက် ချလိုက်ရင်း…
“ငါတော့မင်းကို တကယ် လေးစားမိပြီ ညီလေးဆန်း။ မင်းက သိပ်ပြီးတည်ငြိမ်ပြီး စံနမူနာ ထားစရာတွေလည်း အများကြီး ရှိတယ်”
ဟု ပြောလိုက်လေသည်။
ဆန်းလျန်က ခေါင်းတစ်ချက် ဆတ်လိုက်ပြီး…
“ငါ ပင်ပန်းနေပြီ။ နောက်နေ့မှ တွေ့ကြတာပေါ့”
ဆက်နေ၍လည်း အကျိုးမရှိသည့်အတွက် ဆန်းလျန်က အဆောင်တွင်းသို့ ဝင်ကာ အနားယူရန် ဆုံးဖြတ် လိုက်လေသည်။
လူစောယိမှာလည်း ပင်ပန်းနေပြီ ဖြစ်လေသည်။ စောစောက ဖြစ်ခဲ့သည့် အဖြစ်အပျက်များ ကြောင့် ဆက်ပြီး ကျင့်စဉ် လေ့ကျင့်ဖို့လည်း စိတ်မပါတော့ပေ။ သူလည်း အခန်းသို့ ပြန်ကာ အနားယူရန် ဆုံးဖြတ် လိုက်လေသည်။
ဝါး အဆောင်လေးထဲတွင် ဆန်းလျန် တရားထိုင်နေ လိုက်လေသည်။ သူက “အတွေးကို ရုပ်လုံးဖော်ခြင်း ကျင့်စဉ်” ဖြင့် သူပုံဖော်နေကျ ကျိုင်းကို ကိုင်ထားသည့် နတ်သမီး ရုပ်တုပုံကို ပုံဖော် ကြည့်လိုက်လေသည်။ သူ၏ မြင်ကွင်းများမှာ သာမန်ထက် ကြည်လင်နေပြီး ပတ်ဝန်းကျင်ရှိ လေထု အတွင်းမှ စွမ်းအားတစ်ခုကို ခံစား လိုက်ရလေသည်။
သူက ပိုပြီး ရှင်းလင်းအောင် အနီးကပ် အာရုံခံကြည့် လိုက်သည့် အခါတွင်တော့ ပုံရိပ်များမှာ လှုပ်ရှား သွားပြီး မူလပုံကိုပင် မြင်ရန်ခက်ခဲသွားပြန်လေသည်။
ဆရာသခင် ကျန်းရော့ရွှီးထံမှ လမ်းညွှန်မှုများ ရယူပြီးသည့်နောက် ဆန်းလျန်၏ “အတွေးကို ရုပ်လုံးဖော်ခြင်း ကျင့်စဉ်” မှာ အံ့သြစရာ ကောင်းလောက်အောင် တိုးတက် လာလေသည်။ အမြင်များ ရှင်းလင်းလာပြီး ပိုပြီးလက်တွေ့ ကျလာလေသည်။ သူ့ဝိညာဉ် ခန္ဓာတွင် ဗလာနယ်ကို ခံစားရခြင်း မရှိတော့ပေ။
သူက ပုံဖော်ထားသည့် နတ်သမီးရုပ်တုကို အင်းချပ်များကဲ့သို့ ရေးဆွဲ ကြည့်လိုက်သည်။ အင်းချပ်နှင့် နတ်သမီးရုပ်တု နှစ်ခုလုံးမှာ ပြောင်းလဲသွားပြီး ဆန်းလျန်၏ စိတ်စွမ်းအား မည်မျှ ကောင်းပါစေ မြင်နေကျ နတ်သမီးရုပ်တုကို ပုံမဖော်နိုင်တော့ဘဲ အတွေးစိတ်ထဲတွင် နစ်မြုပ် သွားလေသည်။
သူက ယခင်က အတွေးပုံဖော်ခဲ့သည့် နတ်သမီး ရုပ်တုပုံကို မှတ်ဉာဏ်များထဲမှ ပြန်ခေါ် ကြည့်လိုက်လေသည်။ သို့သော် သူ၏ မှတ်ဉာဏ်မဟုတ်သည့် အစိတ်အပိုင်း မဟုတ်ဘဲ အပြင်မှ တစ်စုံ တစ်ယောက်က သူ့ မှတ်ဉာဏ်များကို ဝင်ရောက် ရေးသားနေသကဲ့သို့ ခံစား နေရလေသည်။
………………………..
ချင်းရွှမ်ခန်းမ ဆောင်ထဲတွင် ထျန်းတိကျန်းမှာ လေထဲတွင် လွင့်မျောနေလေသည်။ ထိုမှန်ထဲတွင် လူစောယိနှင့် ဆန်းလျန်တို့၏ ပြီးခဲ့သည့် အဖြစ်အပျက်များ ပေါ်နေလေသည်။
ချန်ကျန်းမင်မှာလည်း ခန်းမဆောင်ထဲတွင် ရှိလေသည်။ သူက ဆရာသခင် ကျန်းရော့ရွှီးရှေ့တွင် ရပ်နေ လေသည်။
“ဆရာက လူစောယိကို တပည့်အဖြစ် လက်ခံလိုက်ပေမယ့် အခြေခံ ကျင့်စဉ်တွေကို သေချာ ရှင်းမပြဘဲ လေ့ကျင့် ခိုင်းလိုက်တာလေ။ ကျွန်တော့်အထင် ဆရာသူ့ကို ကောင်းကောင်း ဂရုမစိုက်ဘူးပဲ”
ချန်ကျန်းမေက ပြောလိုက်လေသည်။
“ဆန်းလျန်က လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်နေတတ်တယ်။ ဒါက ချင်းရွှမ် နတ်တံခါးရဲ့ သဘောတရားနဲ့ ကိုက်ညီတယ်။ မင်းက သူ့ကို ပြုပြင်ဖို့ ကြိုးစားမယ် ဆိုရင်လည်း ထိရောက်မှာ မဟုတ်ဘူး။ သူလိုအပ်တာက သူ့စိတ်အာရုံ မိုးကုပ်စက်ဝန်းကို ဖြန့်ကြက်ပြီး တူညီချက်တွေကို နှိုင်းဆ ဆင်ခြင်နိုင်ဖို့ပဲ။ အဲဒီလို သူ့အယူအဆနဲ့သူ လုပ်သွားတာက အချိန်နည်းနည်းတော့ ကြာလိမ့်မယ်။ ဒါပေမယ့် အနာဂတ်မှာ ဟိုင်သန်းအဆင့်နဲ့ ဖော့ဝမ့်အဆင့်ကို တက်လှမ်းတဲ့အခါ သိပ်ကို မြန်ဆန် သွားနိုင်တယ်”
“လူစောယိကတော့ ငယ်ငယ်ကတည်းက စာပေပညာကို လေ့လာခဲ့တဲ့ အလားအလာရှိတဲ့ စာပေသမား တစ်ယောက်ပဲ။ ဒါပေမယ့် သူက စာပေတွေချည်း လေ့လာခဲ့တဲ့ အတွက် ကျင့်ကြံမှု လမ်းစဉ်မှာ ဘာတစ်ခုမှ သိတာမရှိဘူး။ ဒါကြောင့် ဒီလို ရှင်းမပြဘဲ ကျင့်စဉ်တွေ ပေးလိုက်တာ သူ့ကောင်းကျိုး အတွက်ပါပဲ။ သူ့ကိုသာ တွန်းအား မပေးဘူးဆိုရင် သူ့အတွက် ဟိုင်သန်းအဆင့်ဆိုတာ စာရွက်ပေါ်မှာပဲ မြင်ဖူးတဲ့ အဆင့်ထက် မပိုဘူး ဖြစ်သွားလိမ့်မယ်။ မသေမျိုးဖြစ်တဲ့ နတ်ဘုရားဘ၀ ဘယ်တော့မှ ရနိုင်မှာ မဟုတ်တော့ဘူး”
ဆရာသခင် ကျန်းရော့ရွှီးက လူငယ်နှစ်ယောက်၏ မတူညီသည့် အချက်ကို ရှင်းလင်းပြောပြ လိုက်လေသည်။
***