Switch Mode

အခန်း (၇၉)

ရယူခြင်းနှင့်ဆုံးရှုံးခြင်း

ပထမအမျိုးအစား အင်းပုံစံမှာ “ကောင်းကင်လက်ရေး” အင်းချပ် ဖြစ်လေသည်။ ထိုအင်းချပ်က ကိစ္စရပ် တစ်ခု၏ မူလအကြောင်းခံကို ရှာဖွေနိုင်လေသည်။ ထိုအင်းချပ်ကို အသုံးပြုပါက ရိုးရာဝိညာဉ် စွမ်းအား ရှစ်ခုကို ပေးစွမ်းနိုင်လေသည်။

ထိုအင်းချပ် အမျိုးအစားမှာ တာအိုဆရာသခင် ချန်ရစ်ခဲ့သည့် အပိုင်းအစများ ဖြစ်လေသည်။ နတ်ဘုရား ရေးသည့် အင်းချပ်ကို နတ်ဘုရားများသာ နားလည်နိုင်မည် ဖြစ်လေသည်။

အင်းချပ် အမျိုးအစား နာမည်မှာ “ကောင်းကင်ဘုံလက်ရေး” ဟု ပေးထားရခြင်းမှာ ထိုအင်းချပ် ကို “အဆုံးမရှိ တွင်းနက်သို့ မိုးနတ်မင်း၏ အင်းချပ်လက်ရေး” ဆိုသည့် အခန်းတွင် မှတ်တမ်း တင်ထားသောကြောင့် ဖြစ်လေသည်။

“အခြေခံအင်းနှင့် မန္တန်ပညာ” ကျမ်းစာအုပ်တွင် ဟန်ချက်ညီခြင်းမှာ ကျင့်စဉ်လမ်းအတွက် အရေးပါဆုံး အချက် ဖြစ်သည်ဟု ရေးသားထားလေသည်။

ဒုတိယ အမျိုးအစား အင်းပုံစံမှာ “နဂါးဇာမဏီ တံဆိပ်တော်” အင်းချပ် ဖြစ်လေသည်။ ထိုအင်းချပ်ကို ရှေးဟောင်း တရားကျင့်သူများက တီထွင်ခဲ့ကြခြင်း ဖြစ်ပြီး နဂါးနှင့် ဇာမဏီငှက်၏ စွမ်းအားများ ပါဝင်လေသည်။ သို့သော် ထိုအင်းချပ်မှာ “ကောင်းကင်ဘုံ လက်ရေး” အင်းချပ်လောက် စွမ်းအားထက်မြက်ခြင်း မရှိပေ။ ထိုအင်းချပ်က မြင့်မြတ်သော နတ်ဘုရားများထံမှ အကြံဉာဏ် ရယူခြင်းများ အတွက် များစွာ အသုံးဝင်လေသည်။

တတိယအမျိုးအစား အင်းပုံစံမှာ “တိမ်နှင့် မိုးကြိုးအင်း တံဆိပ်တော်” ဖြစ်လေသည်။ ကျင့်စဉ် လမ်း၏ ယင်နှင့်ယန် စွမ်းအားများ သဘာဝအတိုင်း အပြောင်းအလဲကို ပုံဖော်ထားခြင်း ဖြစ်လေသည်။ ထိုအင်းချပ် သင်္ကေတများကို စာရွက် (သို့မဟုတ်) ပန်းသစ်သားကို ကြားခံအဖြစ် အသုံးပြုပြီး ရေးဆွဲကာ အင်းချပ်၏ အစွမ်းကို ရယူနိုင်လေသည်။ ထိုအင်းချပ်မှာ ယနေ့ခေတ် အသုံးပြုနေသော အင်းချပ်များ၏ မူရင်းပုံစံ ဖြစ်လေသည်။

“အခြေခံအင်းနှင့် မန္တန်ပညာ” စာအုပ်တွင် ထိုအင်းချပ် ပုံစံသုံးမျိုးကိုသာ ဖော်ပြထားပြီး “တိမ်နှင့် မိုးကြိုး အင်းတံဆိပ်တော်” အင်းချပ် ရေးဆွဲပုံ တစ်ခုကိုသာ ရှင်းပြ ပေးထားလေသည်။

ချင်းရွှမ်နတ်တံခါးမှ ဆရာသခင်များကရော “ကောင်းကင်ဘုံ လက်ရေး” အင်းချပ်နှင့် “နဂါးဇာမဏီ တံဆိပ်တော်”  အင်းချပ်များ၏ အသေးစိတ် ရေးဆွဲပုံကို သိရှိပါမည် လားဟု ဆန်းလျန် တွေးတော နေမိလေသည်။

ကျင့်ကြံသူ အများစုမှာ အင်းချပ်ပညာကို အနည်းငယ်သာ သိကြလေသည်။ အဘယ်ကြောင့် ဆိုသော် သူတို့၏ ကျင့်စဉ်များကို အဆင့်မြှင့် နိုင်ရန်အတွက် ခက်ခဲစွာ ကျင့်ကြံနေရသောကြောင့် ဖြစ်လေသည်။

ကျင့်ကြံသူ တစ်ယောက်သည် အင်းနှင့်မန္တန် ပညာကို လေ့ကျင့်မည်ဆိုပါက တိုက်ခိုက်မှု စွမ်းအား သိပ်ပြီးရှိနိုင်မည် မဟုတ်ပေ။ အင်းနှင့်မန္တန် ပညာမှာ ဓားသိုင်းပညာလောက်တော့ ကောင်းမွန် ခြင်း မရှိပါ။ သို့သော် ဂိုဏ်းတစ်ဂိုဏ်းတွင် စွမ်းအားမြင့်မားသည့် ဆရာသခင်များသည် အင်းနှင့်မန္တန် ပညာများကိုလည်း တတ်မြောက်ထားခြင်း ရှိကြလေသည်။

လက်ရှိ အချိန်တွင်တော့ အင်းနှင့်မန္တန် ပညာကို ကျင့်ကြံသူများ ခရီးသွားလာသည့် အခါတွင် အကာအကွယ်အဖြစ် အသုံးပြုကြလေသည်။ ထို့ပြင် အင်းချပ်ပညာမှာ ပြဒါးရှင်လုံးကို အသုံးပြုရသည် ထက် ပိုပြီး လွယ်ကူလေသည်။

ထို့ပြင် အချို့သော အင်းချပ်များမှာ မိုးမြေ စွမ်းအားများကို စုပ်ယူပေးနိုင်သည့် အတွက် ကိုယ်ခန္ဓာကို ကျန်းမာသန်စွမ်း စေလေသည်။ ထို အင်းချပ်များက ဖျားနာမှုနှင့် ကင်းဝေးစေပြီး အသက်ကို ရှည်စေလေသည်။

အချို့ နတ်ဘုရားများကတော့ အင်းပညာဖြင့် လူသူမနေသည့် မြေများမှ မြစ်ချောင်းအင်းအိုင် မြေ အနေအထားများကို ပြုပြင်ပြီး ကိုယ်ပိုင် နတ်ဘုရားကျောင်းတော်များ တည်ထောင်ကြလေသည်။

ဆန်းလျန်မှာ မှတ်ဉာဏ်စွမ်းအား မြင့်မားသည့် လူငယ်တစ်ယောက် ဖြစ်သည့်အတွက် တစ်ချက် ကြည့်ရုံမျှဖြင့် အားလုံးကို မှတ်မိနိုင်လေသည်။ သို့သော် “တိမ်နှင့်မိုးကြိုး အင်းတံဆိပ်တော်” ကိုတော့ သူ လွယ်လွယ် ကူကူနှင့် မှတ်မိနိုင်ခြင်း မရှိပေ။

သူက ထိုအင်းချပ်ကို မှတ်မိအောင် ကြိုးစားတိုင်း စာအုပ်နှင့် ပြန်လည်တိုက်ပြီး အတည် ပြုနေရလေသည်။ ထိုသို့ ပြန်တိုက်ကြည့်တိုင်းလည်း လွဲနေရလေသည်။ အင်းချပ်ပုံစံ စုတ်ချက်များမှာ အချိန်တိုင်း ပြောင်းလဲနေသကဲ့သို့ ဖြစ်နေလေသည်။

သူ၏မှတ်ဉာဏ်မှာ အလွန်အားကောင်းသည့်တိုင် အင်းချပ်ပုံစံ အသေးစိတ်ကို မမှတ်မိနိုင် ဖြစ်နေရ လေသည်။

နောက်ဆုံးတော့ ဆန်းလျန်မှာ စာရွက် တစ်ရွက်ကိုယူကာ ချရေးလိုက်ရလေသည်။

သို့သော် အင်းချပ်ပုံစံများကို စာရွက်ပေါ်တွင်လည်း သူ ချမရေးနိုင်ဘဲ ဖြစ်နေလေသည်။

ဆန်းလျန်က လက်လျှော့သွားခြင်း မရှိပါ။ ဘာဖြစ်သည်လဲကို ရှာဖွေ အဖြေထုတ်ရန် ကြိုးစား နေလေသည်။

အချိန်များစွာ ကုန်ဆုံးသွားပြီး နေဝင်သွားခဲ့ပြီ ဖြစ်လေသည်။

ဆန်းလျန်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး သူထိန်းသိမ်းနိုင်ခြင်း မရှိသော စွမ်းအားတစ်ခုက ဝင်ရောက် လာလေသည်။ သူ့ခန္ဓာကိုယ်ကိုပင် သူမထိန်းနိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ် မှာ တိမ်စလေး တစ်စကဲ့သို့ အပေါ်သို့ ပျံတက်သွားပြီး ကြမ်းပြင်ပေါ်သို့ အရှိန်ဖြင့် ပြန်ပြုတ် ကျသွားရ လေသည်။ သူက လက်တစ်ဖက်ဖြင့် အမြန် ထောက်ထား လိုက်နိုင်သည့် အတွက်သာ ကြမ်းပြင်ပေါ်သို့ မျက်နှာ အပ်ကာ အကျမနာခြင်း ဖြစ်လေသည်။

သူ့ကို ထိုသို့ဖြစ်အောင် လုပ်သည်မှာ ထိုက်ဝေ့ထိုင်ကို စောင့်ရှောက်နေသည့် တာအိုဆရာ အဘိုးအို ဖြစ်ကြောင်း ဆန်းလျန် ကောင်းကောင်း သိလိုက်လေသည်။ အဘိုးအိုက စကားဖြင့် မပြောသော်လည်း ပြန်ရန် အချိန်ကျပြီဟု သတိပေးခြင်း ဖြစ်လေသည်။ “ထိုမျှအထိ လုပ်ရန် လိုလို့လား” ဟု ဆန်းလျန် တွေးလိုက်မိလေသည်။

သို့သော် ထိုသို့ တွေးလိုက်မိသည့်အတွက် ဆန်းလျန်မှာ လန့်သွားရလေသည်။ သူ့အတွေးများကို အဘိုးအို သိနေလျှင် မည်သို့လုပ်မည်လဲ။ ထိုကဲ့သို့ ဆရာသခင်အဆင့် သူတော်စင်များဖြင့် သူက ပြဿနာ တက်လိုခြင်း မရှိပါ။

ဆန်းလျန် အင်းချပ်ပညာ လေ့ကျင့်နေသည်မှာ တိုးတက်လာသည်ဟု သူ့ကိုယ်သူ ခံစား မိလေသည်။ “တိမ်နှင့်မိုးကြိုး အင်းတံဆိပ်တော်” ကို သူ၏ စိတ်ထဲတွင် ယခုချိန်ထိ မမှတ်မိ သေးသော်လည်း အနည်းငယ်တော့ သိနေပြီ ဖြစ်လေသည်။

အင်းချပ်ပညာမှာ တရားထိုင်ခြင်းနှင့် အတွင်းအား ကျင့်ခြင်းထက်ပင် စိတ်ဝင်စားစရာ ကောင်းသည်ဟု ဆန်းလျန် ခံစားနေရလေသည်။

ထိုသို့ ခံစားရခြင်းမှာ ဆန်းလျန်၏ အာရုံခံနိုင်မှု အစွမ်း မြင့်မားသောကြောင့် ဖြစ်လေသည်။ ထို့ပြင် တရားထိုင်ခြင်းနှင့် အတွင်းအား ကျင့်ကြံခြင်းတို့မှာ သူ့အတွက် ထမင်းစား ရေသောက်ကဲ့သို့ လွယ်ကူလွန်းနေပြီး လမ်းလျှောက်ရင်း၊ ထိုင်ရင်း၊ အိပ်နေရင်းနှင့်ပင် အတွင်းအားကို ခန္ဓာကိုယ် နေရာအနှံ့သို့ ပျံ့နှံ့သွားအောင် လေ့ကျင့်နိုင်လေသည်။ သို့သော် အင်းချပ်တစ်ခုကို အာရုံစူးစိုက်ပြီး ရေးဆွဲ နေရသည်လောက် စိတ်ဝင်စားစရာ မကောင်းလှပေ။

ယခု ရက်များအတွင်း ဆန်းလျန်နှင့် လူစောယိမှာ မတွေ့ဖြစ်သည်မှာ ကြာပြီ ဖြစ်လေသည်။

ယနေ့တော့ ရှယွမ့်အဆောင်သို့ ဆန်းလျန် ပြန်လာသည့်အချိန်တွင် လူစောယိကို တွေ့လိုက် ရလေသည်။ လူစောယိကို တွေ့လိုက်ရသည့်အတွက် ဆန်းလျန်မှာ များစွာအံ့သြ သွားရလေသည်။

လူစောယိ၏ ပုံစံမှာ အရိုးဂေါင်ဂင်နှင့် ပိန်ချုံးနေပြီး ဆံပင်များမှာလည်း အဝါရောင် သန်းနေလေသည်။ အဝတ်အစားများမှာလည်း ညစ်ပတ်နေပြီး ရည်မွန်သည့် စာပေသမားလေး တစ်ယောက်ပုံ မဟုတ်တော့ပေ။ သူ့ပုံစံမှာ သူတောင်းစား တစ်ယောက်သာသာ ဖြစ်နေလေသည်။

တံခါးဝတွင် ထိုင်နေသည့် လူစောယိ၏ ပခုံးကို ဆန်းလျန်က အသာ ပုတ်လိုက်လေသည်။ လူစောယိက စိတ်ရှုပ်ပြီး လေးကန်နေသည့် အကြည့်များဖြင့် ဆန်းလျန်ကို ကြည့်လိုက်လေသည်။

“အစ်ကိုလူ မင်းဘာတွေ ဖြစ်နေတာလဲ”

ဆန်းလျန်က အတွင်းအားကို အသုံးပြုကာ လူစောယိ တစ်ယောက်တည်းသာ ကြားနိုင်အောင် အသံကို လူစောယိနားသို့ ပို့ဆောင်ပြီး ပြောလိုက်လေသည်။

လူစောယိ အသိစိတ် ပြန်ဝင်လာပြီး သူ့ခေါင်းကို ပွတ်လိုက်ရင်း…

“အစ်ကိုဆန်း မဟုတ်ဘူး။ ဂိုဏ်းတူညီလေးဆန်း မင်း မှော်ကျောက်စိမ်းတုံးတွေ ကောက်ပြီး သွားပြီလား”

ဟု မေးလိုက်လေသည်။

သူတို့နှစ်ယောက်မှာ အတူတူ ပညာသင်ကြား နေကြသည့် ဂိုဏ်းတူညီအစ်ကိုများ ဖြစ်သည့် အပြင် အချင်းချင်းလည်း ညီအစ်ကိုပမာ ခင်မင်ကြလေသည်။

ဆန်းလျန်မှာ လူစောယိထက် အသက်အနည်းငယ် ငယ်သည့်အတွက် ညီတစ်ယောက်အဖြစ် လူစောယိက သတ်မှတ်ထားလေသည်။

“ကျောက်တုံးတွေ ကောက်တဲ့အလုပ် ပြီးသွားပြီ။ ထပ်ပြီးကောက်စရာ မလိုတော့ဘူး။ ဒါနဲ့ ဆရာသခင်က မင်းကို အခြေခံကျင့်စဉ်တွေ သင်မပေးဘူးလား။ မင်းကျင့်စဉ်တွေရော ဘယ်အခြေအနေ ရောက်နေပြီလဲ”

လူစောယိပုံစံကို ကြည့်ပြီး ကျင့်စဉ်များ ကျင့်၍မရ ဖြစ်နေ၍ စိတ်ပျက်နေခြင်း ဖြစ်ကြောင်း ဆန်းလျန် ရိပ်မိပါသည်။ သို့သော် သူက လူစောယိ စိတ်ညစ်သွားမည် စိုးသောကြောင့် ထိုအကြောင်းကို မပြောဘဲ နေလိုက်လေသည်။

လူစောယိမှာ အထွတ်အထိပ် မဏ္ဍိုင် ပွင့်နေပြီဖြစ်ကြောင်း ဆန်းလျန် ရိပ်မိလိုက်လေသည်။ သို့သော် သူ့ကိုကြည့်ရသည်မှာ ကျင့်စဉ်ကိုတော့ အောင်မြင်သည့်ပုံ မပေါ်သေးပေ။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ် နိုင်ရန်အတွက် မနည်းရုန်းကန် နေရသည့်ပုံမျိုး ဖြစ်နေလေသည်။

“ဆရာက ငါ့ကို “အတွေးကို ရုပ်လုံးဖော်ခြင်း ကျင့်စဉ်” ကို လေ့ကျင့်ခိုင်းတယ်။ ငါက စိတ်ပျံ့လွင့် လွယ်တယ်လေ။ ပထမတော့ ကျင့်စဉ်က အဆင်ပြေတယ်။ ငါ့အတွင်းအားတွေလည်း တိုးတက် လာတယ်။ ဒါပေမယ့် ငါဘယ်လောက်ပဲ ကြိုးစားကြိုးစား အဲဒီကျင့်စဉ်ကို အောင်မြင်အောင် မလေ့ကျင့် နိုင်ဘူး”

လူစောယိက အသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေသည်။ သူ့ကို ကြည့်ရသည်မှာ အလွန် အားနည်းနေပုံ ရသည်။

“မင်းဒီရက်တွေ ထမင်းရော စားရဲ့လား”

ဆန်းလျန်က မေးလိုက်သည်။

ဆန်းလျန်မှာ မိုးမြေစွမ်းအားများကို သူ့ကိုယ်တွင်းသို့ စုပ်ယူနိုင်လေသည်။ ထို့ကြောင့် အစားအသောက် မစားရလျှင်လည်း အတော်အတန်တော့ ခံနိုင်ရည်ရှိလေသည်။ သို့သော် လူစောယိမှာ တော့ ဆန်းလျန်ကဲ့သို့ အရည်အချင်း ရှိသူတစ်ယောက် မဟုတ်ပါ။ ယခု သူ၏ပုံမှာ တုတ်တစ်ချောင်း ထောင်ထားသကဲ့သို့ အရိုးဂေါင်ဂင် ဖြစ်နေခြင်းမှာ အစားအသောက် မစားသောကြောင့် ဖြစ်နိုင် လေသည်။ အစာငတ်ပြီး မသေသေးသည်မှာပင် ထူးဆန်းနေပြီ ဖြစ်လေသည်။

“ခုနပဲ ပြဒါးဆေးလုံး တစ်လုံး သောက်ထားတယ်။ အဲဒါသောက်ထားရင် ဆယ်ရက်လောက် ဘာမှ မစားဘဲလည်း နေနိုင်တယ်လေ”

လူစောယိက ပြန်ပြော လိုက်လေသည်။

“ငါတို့နှစ်ယောက် ထိုက်ယီတောင်က ပြန်လာတာ တစ်လလောက် ရှိနေပြီလေ။ မင်း အဲဒါကိုရော သတိရရဲ့လား”

ဆန်းလျန်က မေးလိုက်လေသည်။

“ဟုတ်လား….”

ယောင်တောင်တောင် ဖြစ်နေသည့် လူစောယိက ပြန်မေးလိုက်လေသည်။

“တစ်လတောင် ရှိနေပြီ။ အစ်ကိုလူက အခြေခံ ကျင့်စဉ်လေးတွေတောင် ရအောင် မကျင့် နိုင်သေးဘူး။ ဆရာသခင်ရဲ့ တပည့်ရင်း တစ်ယောက်အနေနဲ့ မဖြစ်သင့်တဲ့ အချက်ပဲ”

ဖြတ်သွားသည့် ကျင့်ကြံသူ တစ်ယောက်က ခပ်အေးအေးပင် ပြောရင်း သူတို့ဘေးမှ ဖြတ်သွား လေသည်။

ထိုကျင့်ကြံသူမှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဓားရှည်ကို ကိုင်ထားလေသည်။ သူ့ပုံစံမှာ အလွန်ပင် ကြည့်ကောင်း လှလေသည်။ သူ၏ မျက်ခုံးများမှာ နက်မှောင်ပြီး မျက်ဝန်းများက ကြယ်စင်ကဲ့သို့ တောက်ပနေကြလေသည်။ နှာတံမှာလည်း ဖြောင့်စင်း၍ ချောမောလှပသူ တစ်ယောက် ဖြစ်လေသည်။ စွမ်းအားနှင့် ပြည့်ဝပြီး လန်းဆန်းတက်ကြွနေသည့် သဏ္ဌာန်ဖြစ်လေသည်။

ရှယွမ့် အဆောင်တွင် ထိုသူကဲ့သို့ ချောမောသည့် ဓားသမားကျင့်ကြံသူမှာ ချန်ကျန်းမေမှ လွဲပြီး မည်သူမျှ မရှိနိုင်ပေ။

သို့သော် ယခုလူငယ်မှာလည်း အမှန်တကယ်ပင် စွဲဆောင်မှုရှိပါသည်။

သို့သော် သူ၏ စကားများကတော့ လူစောယိရင်ထဲသို့ စူးတစ်ချောင်း စိုက်ဝင်သွားသကဲ့သို့ ဖြစ်သွားရလေသည်။

ဆရာသခင်က သူ့ကို တပည့်အဖြစ် လက်ခံသည်မှာ သူ့တွင် အလားအလာကောင်း ရှိသော ကြောင့် ဖြစ်သည်ကို လူစောယိ ရိပ်မိပါသည်။ ဆရာသခင်၏ တပည့်ရင်း ဖြစ်လာရခြင်းမှာ အမှန်ပင် ဂုဏ်ယူစရာ ဖြစ်လေသည်။  သူသာ ယခုကဲ့သို့ ကျင့်စဉ် လေ့ကျင့်နိုင်ခြင်း မရှိလျှင် အခြားသူများက သူ့အပေါ် မည်သို့ ထင်မြင်ကြမည်နည်း။

လူစောယိမှာ ငတုံးတစ်ယောက် မဟုတ်ပါ။

ထိုအဖြူရောင်ဝတ် လူငယ်မှာ ရှယွမ့်အဆောင်သို့ နောက်ထပ် ရောက်ရှိလာသည့် တပည့် အသစ်များထဲမှ တစ်ယောက် ဖြစ်ရမည်ဟု သိလိုက်လေသည်။

“ကြည့်ရတာ ဂိုဏ်းတူညီလေးမှာ ကျုပ်ကို ပေးစရာ အကြံဉာဏ် တစ်ခုခု ရှိနေတယ် ထင်တယ်။ ဘာများလဲ သိပါရစေလား”

ဟု တဲ့တိုးပင် မေးလိုက်လေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset