ကျန်းရော့ရွှီးမှာ ချင်းရွှမ်နတ်တံခါးမှ အကြီးဆုံး ဂိုဏ်းချုပ်ဆရာသခင် တစ်ပါး ဖြစ်လေသည်။ သို့သော် အလွန်မှ ကိုယ့်ကိုယ် နှိမ့်ချတတ်ပြီး ကူညီတတ်သူ ဖြစ်လေသည်။ ကျင့်စဉ်လမ်းတွင် ဆန်းလျန် အခက်အခဲ တွေ့တိုင်း ကူညီ တတ်လေသည်။
ထို့ကြောင့်ပင် ဆန်းလျန်က အခွင့်အရေးရတိုင်း ကျင့်စဉ်လမ်းနှင့် ပတ်သက်သည်များကို ဆရာသခင် ကျန်းရော့ရွှီးကို မေးလေ့ ရှိလေသည်။ သူမေးသမျှကိုလည်း ကျန်းရော့ရွှီးက စိတ်ရှည် လက်ရှည် ဖြေကြားပေးလေ့ ရှိသည်။ ဆရာသခင် ကျန်းရော့ရွှီးနှင့် တစ်ကြိမ် တွေ့ဆုံရန်မှာလည်း လွယ်ကူခြင်း မရှိပါ။ ထို့ကြောင့် တွေ့ခွင့်ရသည့် အချိန်တွင် အချိန်မဖြုန်းဘဲ သိချင်သည်များကို မေးမြန်း ရလေသည်။
ဆရာသခင် ကျန်းရော့ရွှီးက ပြောစရာရှိသည်များ ပြောပြီး ဆန်းလျန်ကို ပြန်လွှတ်တော့မည့် အချိန်မျိုးတွင် ဆန်းလျန်က သူမေးချင်သည့် မေးခွန်းများကို တန်းပြီး မေးတတ်လေသည်။ ထိုသို့ အချိန်ကိုက် လုပ်မှသာ ဆရာသခင်ကို မေးလိုသည်များ မေးခွင့်ရမည်ကို ဆန်းလျန်က ကောင်းကောင်း သိထား လေသည်။
ဆရာသခင် ကျန်းရော့ရွှီးသည် ကျောက်သလွန် ထက်တွင် လွန်ခဲ့သည့် နှစ်တစ်ရာခန့်က ပုံစံ အတိုင်းပင် ထိုင်နေလေသည်။ အမှန်တော့ သူ ထိုသို့ မလှုပ်မယှက် ထိုင်နေရသည်မှာ လှုပ်၍ မရသောကြောင့် ဖြစ်လေသည်။
သူက ထျန်းတိကျန်းကို အသာအယာ တစ်ချက် ပွတ်သပ်လိုက်သည်။
“အထီးကျန်ခြင်း”
တိုးလျသည့် အသံဖြင့် ဆရာသခင် ကျန်းရော့ရွှီးက ရေရွတ် လိုက်သည်။
ထိုအချိန် ကျင်းချင်းက ခန်းမတွင်းသို့ ဝင်လာလေသည်။
ကျန်းရော့ရွှီးက မျက်မှောင်တစ်ချက် ကြုတ်လိုက်ရင်း….
“မင်းဒဏ်ရာ ရလာသေးလား”
ဟု မေးလိုက်လေသည်။
“နောက်ဆုံးတော့ မိစ္ဆာနတ်မိမယ် လက်လျှော့သွားတာပါပဲ”
ကျင်းချင်းက ပြုံးရင်း ပြောလိုက်လေသည်။
“ဆရာဦးလေး ပြန်လာပြီး ကျင့်စဉ်တွေ ပြန်လေ့ကျင့်တော့မယ် ဆိုတော့…. “ဖော့ဝမ့်” အဆင့်ကို ရောက်ဖို့အတွက် ခက်ခဲနေမှာပေါ့။ သူမ ကြိုးစားအားထုတ် ခဲ့သမျှ အသီးအပွင့်ကို ခံစားရဖို့ မျှော်လင့် မိပါတယ်လေ”
ကျန်းရော့ရွှီးက သက်ပြင်းချရင်း ပြောလိုက်လေသည်။
“ဒုတိယအကြိမ် ဖော့ဝမ့်အဆင့်ကို ကျင့်ရတာက ပထမအကြိမ် ကျင့်တုန်းကထက် ဆယ်ဆ လောက် ပိုခက်လာတယ်။ သူသာ အဲဒါကို အောင်မြင်ခဲ့ရင် မိုးနဲ့မြေကို ကျော်လွန်နိုင်ပြီပဲ”
ကျင်းချင်းက လေးစားမှုများဖြင့် အမှတ်မထင် ပြောလိုက်မိလေသည်။
ကျင်းချင်းမှာ သမိုင်းတစ်လျှောက် အသက်ရှည်ခဲ့သော်လည်း လူသားဘဝ ရရှိရန်အတွက် ခက်ခဲနေဆဲ ဖြစ်လေသည်။ ချင်းရွှမ်နတ်တံခါး ပျက်စီးသွားလျှင်တောင်မှ သူကတော့ လူသား တစ်ယောက်ဖြစ်အောင် ကျင့်ကြံနိုင်မည့် လမ်းစဉ် ရှာလို့တွေ့နိုင်မည် မဟုတ်သေးပါ။
***
ကျီဖူတောင်တွင် မိုးမြေစွမ်းအားများ လွန်စွာမှ အားကောင်းနေလေသည်။ တိမ်စိုင်များက တောင်တစ်ခုလုံးကို ဖုံးလွှမ်းနေလေသည်။ တောင်ထိပ်မှ လန်းဆန်းသည့် ဝိညာဉ်စွမ်းအားများ စိမ့်ထွက် နေလေသည်။
ကျီဖူတောင်ထိပ်၏ မိုးမြေ စွမ်းအားများမှာ လွန်စွာ အားကောင်းသော်လည်း အသက်ဓာတ် မှာတော့ ရှယွမ့်အဆောင် ဝါးအိမ်လေးလောက် အားကောင်းခြင် းမရှိပါ။
ကျင့်ကြံသူများက စွမ်းအင် အဟောင်းများကို ထုတ်လွှတ်ပြီး စွမ်းအင် အသစ်များကို စုပ်ယူ ကြလေသည်။ ထို့ကြောင့် မိုးမြေ အသက်ဓာတ်များမှာ ကျင့်ကြံသူများ ရှိသည့် နေရာတွင် တည်ရှိ နေကြခြင်း ဖြစ်လေသည်။ ကျင့်ကြံသူများက “ဖုန်းဆွေ” ကျင့်စဉ်ကို ကျင့်ကြံနိုင်ရန်အတွက် တောင်များပေါ်တွင် မိုးမြေ စွမ်းအားများနှင့် အသက်ဓာတ်များကို စုပ်ယူလေ့ ရှိကြလေသည်။ ထိုသို့ ပြုလုပ်ခြင်းက ကျင့်ကြံမှုကို လျင်မြန်စွာ တိုးတက်နိုင်စေလေသည်။
ကျီဖူတောင်နှင့် ထျန်းယွမ်တောင်ရှိ မိုးမြေစွမ်းအားများမှာ ယွိယန်တောင်နှင့် ချင်းလန်တောင်ရှိ မိုးမြေ စွမ်းအားများထက် ပိုပြီး များပြားလေသည်။ ထို့ကြောင့် ထိုနေရာများတွင် မိုးမြေ စွမ်းအားမှာ စန့်ယွမ့် အဆောင်နှင့် ရှယွမ့် အဆောင်မှာထက် ပိုပြီး များပြားလေသည်။
ထိုနေရာ အားလုံးမှာ “နတ်ဘုရားကျင့်စဉ် စွမ်းအား ပြည့်ဝရာမြေ” အဖြစ် အများအားဖြင့် သိကြပြီး ထိုနေရာများတွင် ကျင့်ကြံမှုများကို ပြုလုပ်လေ့ ရှိကြလေသည်။
ဆန်းလျန်ကဲ့သို့သော သာမန် တပည့်ငယ်လေးများမှာ ကျီဖူတောင်နှင့် ထျန်းယွမ်တောင်သို့ သွားရောက်ပြီး ကျင့်ကြံခွင့် မရကြပါ။ ထိုတောင်များကို သွားရောက် ကျင့်ကြံရန်အတွက် သာမန် တပည့် ငယ်များကို တားမြစ် ထားလေသည်။
ဤသို့ တားမြစ်ရခြင်းမှာ ဆရာသခင်များနှင့် ဂိုဏ်းတူ အစ်ကိုများ ကျင့်စဉ် လေ့ကျင့်နေသည်ကို အနှောင့်အယှက် မဖြစ်စေရန် ဖြစ်လေသည်။
အခြားသော နတ်ဘုရားကျင့်စဉ် ကျောင်းတော်များမှာလည်း ချင်းရွှမ်နတ်တံခါး ကဲ့သို့ပင် ဖြစ်မည်လားဟု ဆန်းလျန် သိချင်နေမိလေသည်။ အမှန်တော့ ချင်းရွှမ် နတ်တံခါးမှာ စည်းကမ်းအလွန် တင်းကျပ်ခြင်း မရှိပါ။ တင်းတင်းကျပ်ကျပ် ထုတ်ပြန်ထားသည့် စည်းကမ်းနှစ်ခုသာ ရှိလေသည်။ “အခြားသူများကို မနှောင့်ယှက်ရန်နှင့် အချင်းချင်း ရန်မဖြစ်ရန်” ဆိုသည့် စည်းကမ်းနှင့် “ချင်းရွှမ်နတ်တံခါးကို သစ္စာ မပျက်ရန်” ဆိုသည့် စည်းကမ်းနှစ်ခုသာ ဖြစ်လေသည်။
ချင်းရွှမ် နတ်တံခါး၏ တောင်ပေါ်လမ်းများမှာလည်း လေထန်လွန်းပြီး ပုဇဉ်းရင်ကွဲ အော်မြည် သံများမှ လွဲ၍ မည်သည့်အသံမျှ ကြားရခြင်း မရှိပေ။ တစ်ခါတစ်ရံတော့ ကြည်လင်ငြိမ်သက် နေသည့် ရေကန်ထဲတွင် မျောနေသည့် ဝါးဖောင် အချို့ကို တွေ့ရမည် ဖြစ်လေသည်။ အဆင့်မြင့် ကျင့်ကြံသူများ နေထိုင်သည့် ဂူများနှင့် ဝါးဖြင့် ဆောက်လုပ်ထားသည့် ကျင့်ကြံသူ အဆောင်များကိုလည်း တွေ့နိုင် လေသည်။
ထိုအဆောင်များမှာ အေးမြသည့်ညတွင် ပျောက်ဆုံးနေသည့် ကြယ်စင်များကဲ့သို့ ဟိုတစ်စု ဒီတစ်စု ပြန့်ကျဲနေလေသည်။
ထိုက်ဝေ့ ထိုင်ခန်းမဆောင်မှာ ကျီဖူတောင်ထိပ်တွင် တည်ရှိလေသည်။ သီးခြား တည်ရှိသည့် အဆောက်အဦ တစ်ခုဖြစ်ပြီး အထပ်ပေါင်း သုံးထပ် ရှိလေသည်။
ထိုက်ဝေ့ထိုင်မှာ ဟောင်းနွမ်းနေသည့် အဆောက်အဦအိုကြီး တစ်ခုနှင့် မတူပါ။ သို့သော် အသက်ဓာတ် အတိတ်နိမိတ်များဖြင့် ပြည့်နေလေသည်။
ဆန်းလျန်သည် ခေတ်ပေါ်လောကတွင် နေထိုင်ခဲ့သည့် အတိတ်ဘဝတုန်းက ကန့်သတ်ထားသည့် ရှေးဟောင်းမြို့တော်သို့ သွားရောက်လည်ပတ် ခဲ့ဖူးလေသည်။ ထိုမြို့တော်ကြီးမှာ နှစ်ပေါင်းများစွာ ကြာအောင် တိတ်ဆိတ်နေခဲ့သည်ကို ခံစားနားလည် ခဲ့ရလေသည်။ သို့သော် ထိုက်ဝေ့ ထိုင်ခန်းမဆောင်မှာ ထိုသို့ တိတ်ဆိတ် နေခြင်းမျိုးလည်း မဟုတ်ပါ။ ထိုက်ဝေ့ထိုင်မှ လူသားဆန်သည့် အငွေ့အသက်များ၊ အသက်ဓာတ်များ တသွင်သွင် စီးထွက်နေသကဲ့သို့ ခံစားရလေသည်။ အလွန်မှ အံ့သြဖွယ်ရာ နေရာဟု ဆန်းလျန် တွေးလိုက်မိလေသည်။
လူတစ်ယောက်သည် သင်ယူလို စိတ်သာရှိလျှင် မည်သည့် နေရာတွင်မဆို သင်ယူနိုင်လေသည်။
ထိုက်ဝေ့ထိုင်ခန်းမကြီးမှာ ချင်းရွှမ်နတ်တံခါးမှ ကျင့်ကြံသူများအတွက်တော့ အကြောင်းအရာ များစွာကို သင်ယူနိုင်သည့် နေရာတစ်ခုပင် ဖြစ်လေသည်။
သို့သော် ထိုက်ဝေ့ထိုင်သို့ မည်သူမျှ နေ့တိုင်းလာပြီး မလေ့လာနိုင်ကြပေ။ ဆန်းလျန် ထိုက်ဝေ့ထိုင်သို့ ရောက်လာတိုင်း ထိုနေရာကို စောင့်ရှောက်သည့် အဘိုးအိုမှ လွဲပြီး မည်သည့် ကျင့်ကြံ သူကိုမှ တွေ့မြင်ရခြင်း မရှိပေ။
ထိုက်ဝေ့ထိုင် ခန်းမကြီးကို စောင့်ရှောက်နေသည့် အဘိုးအိုမှာ တာအိုဆရာတစ်ပါး ဖြစ်ပြီး ဗုဒ္ဓဘာသာကျင့်စဉ် တရားထိုင်နည်းများနှင့် ချိတ်ဆက်ပြီး တာအိုကျင့်စဉ်များကို အထူးပြု လေ့လာနေသူ တစ်ဦး ဖြစ်လေသည်။ ထိုအဘိုးအို၏ အသက် မည်မျှရှိနေပြီကို မည်သူမျှ ပြောပြနိုင်ခြင်း မရှိကြပေ။ သူ၏ ဝိညာဉ်စွမ်းအားမှာ မည်သည့်အခါမျှ သေဆုံးနိုင်ခြင်း မရှိသူ တစ်ယောက်ကဲ့သို့ စွမ်းအား ကြီးမားလှသည်။
သူ၏ နဖူးထက်တွင် အစက်အပြောက် အချို့ ရှိနေပြီး ထို အစက်အပြောက်များမှာ ထူးဆန်း သည့် အင်းချပ်တစ်ခုနှင့် ဆင်တူလေသည်။
ထို တာအိုဆရာ အဘိုးအိုက ထိုက်ဝေ့ထိုင် ခန်းမဆောင်တွင် လာရောက်လေ့လာသည့် တပည့်များကို စစ်ဆေးမေးမြန်းခြင်း မရှိပါ။ ထိုက်ဝေ့ထိုင်တွင် မိမိကိုယ်ရေး အချက်အလက်ကို တစ်ခါ ပြောပြ ပြီးသွားသည်နှင့် ကြိုက်သည့်အချိန်တွင် အဝင်အထွက် ပြုလုပ်ပြီး ကျင့်စဉ်စာပေများကို လေ့လာ နိုင်လေသည်။
သို့သော်….
ထိုက်ဝေ့ထိုင် ဒုတိယထပ်ကိုတော့ မည်သူ့ကိုမျှ ဝင်ခွင့်မပြုပေ။
ဆန်းလျန် ထိုက်ဝေ့ထိုင် ခန်းမဆောင်အတွင်းသို့ ဝင်လာသည့်အချိန်တွင် တာအိုဆရာ အဘိုးအို မှာ ဆန်းလျန်ကို တစ်ချက်လေးပင် လှည့်မကြည့်ပေ။ ထို တာအိုဆရာအဘိုးအို အိပ်ပျော်နေလား၊ နိုးနေသည်လားဟု မသိရလောက်အောင်ပင် အသက်ရှူသံပင် မကြားရဘဲ ငြိမ်သက် နေလေသည်။
အသက်ရှူခြင်းနှင့် အတွင်းအား လေ့ကျင့်မှု ကျင့်စဉ် ပေါင်းစပ်လိုက်လျှင် အသက်ရှည်သည့် ကျင့်စဉ်တစ်ခု ဖြစ်လာလေသည်။ ထို ကျင့်စဉ်မှာ တာအို ကျင့်စဉ်လမ်းတော့ မဟုတ်ပေ။ သို့သော် ထိုကျင့်စဉ်ကို ကျန်းရော့ရွှီးထံမှ ဆန်းလျန် မေးမြန်းထားခြင်း ဖြစ်လေသည်။
သို့သော် ထိုက်ဝေ့ထိုင်ရှိ တာအိုဆရာ အဘိုးအိုကတော့ လွန်စွာမှ နားလည်ရန် ခက်ခဲလေသည်။
မိုးမြေ စွမ်းအားများမှာ ကိုယ်ခန္ဓာကို အားဖြည့်ပေးသလို စိတ်ဝိညာဉ်ကိုလည်း အထောက်အပံ့ ကောင်းများ ပေးလေသည်။ သို့သော် ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်မှာ နက်နဲသည့် စက်ပစ္စည်းတစ်ခုနှင့် ဆင်တူ လေသည်။ မည်မျှပင် အသက်ရှည်အောင် အထောက်အပံ့ ကောင်းများဖြင့် ကာကွယ်ထားပါစေ အချိန်တန်လျှင်တော့ ပျက်စီးရမည်ပင် ဖြစ်လေသည်။
နေ၊ လ၊ ကြယ်နှင့် လောကကြီး တစ်ခုလုံးပင်လျှင် ထာဝရတည်မြဲ နိုင်သည့်အရာများ မဟုတ်ဘဲ အချိန်တန်လျှင် ပျက်စီးရမည် မဟုတ်ပါလား။
သို့သော် ဤ တာအိုဆရာ အဘိုးအို ကျင့်ကြံနေသည့် ကျင့်စဉ်မှာ မည်သည့်ကျင့်စဉ် ဖြစ်ကြောင်း ကို ဆန်းလျန် စဉ်းစား၍ မရရနိုင်ပါ။ သို့သော် ကျင့်စဉ်တစ်ခုကို အလွန်အကျွံ လေ့ကျင့်ခြင်းက အန္တရာယ် ရှိကြောင်း ဆန်းလျန် ကောင်းကောင်း သိလေသည်။
ထိုက်ဝေ့ထိုင် ပထမထပ်ရှိ စာအုပ်နှင့် စာရွက်စာတမ်း ပစ္စည်းများကို စင်များဖြင့် ထားခြင်း ဖြစ်လေသည်။ အသုံးပြုထားသည့် စာရွက်များမှာလည်း အထူး ကောင်းမွန်သည့် စာရွက်များ ဖြစ်လေ သည်။ လူ့လောကရှိ စာရွက်များကဲ့သို့ အချိန်တန်လျှင် ဝါကျင့်ကျင့် ဖြစ်သွားကာ ဆွေးမြေ့ သွားတတ်သည့် စာအုပ်မျိုး မဟုတ်ပေ။
သို့သော် ချင်းရွှမ် နတ်တံခါး၏ အခြေခံ ကျင့်စဉ်များမှာတော့ စာအုပ်နှင့်လည်း ရေးသားထား ခြင်း မရှိသလို အထူး သိမ်းဆည်းထားခြင်းလည်း မရှိပါ။
ထို့ပြင် “စွမ်းရည်ကို သင်ကြားပေးရန် အဆင်ပြေသည့်တိုင် ဂါထာမန္တန်ကို သင်ကြားပေးလျှင် တော့ အထူး ဂရုစိုက်ပါ” ဆိုသည့် စကားကို ချင်းရွှမ်နတ်တံခါးက လိုက်နာလေသည်။
ဆန်းလျန် စစ်တုရင်ခုံပေါ်မှ ရွှမ်ကျိ ကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့သည့်တိုင် သူရရှိခဲ့သည့် ပညာမှာ ကျင့်ကြံရုံမျှသာ လုံလောက်ခဲ့ပြီး နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းနိုင်ရန်အတွက် မလုံလောက် ခဲ့ပေ။
ထိုက်ဝေ့ထိုင် ပထမထပ်ရှိ ကျင့်စဉ်ဆိုင်ရာ ပစ္စည်းများမှာလည်း ဟိုင်သန်းအဆင့် ကျင့်ကြံ သူများသာ အသုံးပြုနိုင်သည့် ပစ္စည်းများ ဖြစ်လေသည်။ ဟိုင်သန်း အဆင့်တွင် အသက်ဓာတ် စီးဆင်းမှု အတွက် လေ့ကျင့်ခြင်းနှင့် ကျင့်ကြံခြင်းဆိုပြီး နှစ်ပိုင်း ကွဲသွားလေသည်။ ဟိုင်သန်းအဆင့် အောင်မြင်သည်အထိ ကျင့်ကြံပြီးသွားပါက နတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်သွားပြီး တန်ခိုးစွမ်းအားများ အပြည့်အဝ ရရှိမည် ဖြစ်လေသည်။ ထို တန်ခိုးစွမ်းအားများကို လူသားတစ်ယောက်အနေဖြင့် စိတ်ကူးကြည့်၍ပင် မရနိုင်ပေ။
ဆရာသခင် တုန်းလင်ကျီ ရေးသားပြုစုခဲ့သည့် “အခြေခံအင်းနှင့် မန္တန်ပညာ” ဆိုသည့် ကျမ်းစာအုပ်ကို ဆန်းလျန် ရှာဖွေတွေ့ရှိ ခဲ့လေသည်။
ကျမ်းစာအုပ်၏ ကျမ်းဦးစကားတွင် ရေးထားသည်မှာ
“မိုးနှင့်မြေတွင် ထူးဆန်းသည့် ဒြပ်စင်ရှစ်ခု တည်ရှိလေသည်။ ထိုအရာများမှာ မိုး၊ မြေ၊ တောင်၊ ရွှံ့နွံ၊ မိုးကြိုး၊ မီး၊ ရေနှင့် လေတို့ ဖြစ်လေသည်။ အင်းနှင့် မန္တန်ပညာ ဆိုသည်မှာ ထိုဒြပ်စင်များ၏ စွမ်းအားများကို ထုတ်ယူ ရရှိနိုင်ရန်အတွက် ကြားခံ ဆက်သွယ်ပေးသည့် အရာပင် ဖြစ်လေသည်။ ထို ပညာကို ဆေးကုသပေးခြင်းနှင့် လူ့အသက် ကယ်တင်ခြင်းတို့တွင် အသုံးပြုနိုင်သည့် အပြင် နတ်မိစ္ဆာ များကို နှိမ်နင်းခြင်းနှင့် ကျင့်ကြံမှုကို တိုးတက် စေခြင်းတို့အတွက် အသုံးပြုနိုင်သည်”
“အင်းနှင့် မန္တန်အစီအရင်ပညာတွင် မတူကွဲပြားသည့် လုပ်ဆောင်ချက်ပေါင်း များစွာ ရှိလေ သည်။ ကျင့်ကြံသူများက လိုအပ်သလို ခွဲခြား အသုံးပြု နိုင်သည်”
“အင်းနှင့် မန္တန်အစီအရင် ပညာနှင့် ပတ်သက်သည့် စိတ်ဝင်စားဖွယ် ရာများကို ဤစာအုပ်ထဲတွင် ဖော်ပြထားသည်။ ဤစာအုပ်ကို လေ့လာခြင်းဖြင့် ကျင့်ကြံသူ တစ်ယောက်သည် အင်းနှင့် မန္တန်ပညာ မျိုးစေ့ကို အသုံးပြုပြီး ဟိုင်သန်းအဆင့်ထိ တက်ရောက်နိုင်ကာ နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်သည်ကို သိရှိ နိုင်ပေမည်”
ထိုခေတ်က ကျင့်ကြံသူများမှာ ယနေ့ခေတ် ကျင့်ကြံသူများနှင့်တော့ မတူပေ။ သို့သော် စာရေးသူ ဆရာသခင်က ထိုအကြောင်းများကို များစွာ ပြောပြထားခြင်း မရှိပေ။ ဆရာသခင်တု န်းလင်ကျီ၏ အဆိုအရ အင်းနှင့် မန္တန်ပညာမှာ ဒြပ်စင်များအကြောင်း အထူးပြု လေ့လာသည့် ပညာရပ်ဖြစ်ပြီး ထိုပညာဖြင့် မိုးမြေ စွမ်းအားများကို ရယူ အသုံးပြုနိုင်မည် ဖြစ်လေသည်။
ဆရာသခင် တုန်းလင်ကျီက စာအုပ်ကို ပိုပြီး စိတ်ဝင်စားမှု ရှိစေရန် ထိုအချက်ကို ထည့်သွင်း ရေးသားထားခြင်း ဖြစ်နိုင်လေသည်။
ဆန်းလျန်က စာရွက်များကို ဟိုလှန်ဒီလှန် လှန်လိုက်ပြီး “အင်းနှင့် မန္တန်ပညာ ကျင့်စဉ်” ဆိုသည့် အခန်းသို့ ရောက်ရှိ သွားလေသည်။
“အင်းနှင့် မန္တန်ပညာကျင့်စဉ်” ကို သင်ယူရသည်မှာ စာလုံးလှ လက်ရေးသင်ယူရသည်နှင့် အလွန် တူညီလေသည်။
စာလုံးလှ လက်ရေး အဆင့်မြင့် သင်ယူထားသူ တစ်ယောက်မှာ စုတ်ချက်၏ အားနှင့် ကာရံ ညီမှုကို အလွန် အလေးထား ရလေသည်။
“အင်းနှင့် မန္တန်ပညာ ကျင့်စဉ်” ကို အင်းချပ် ရေးဆွဲသည့် သူ၏ အစွမ်းပေါ်တွင် မူတည်ပြီး နားလည်မှုကလည်း ပြောင်းလဲ သွားနိုင်လေသည်။
ထိုပညာကို စတင် လေ့လာတော့မည် ဆိုပါက အခြေခံကျကျ စတင်လေ့လာ သင့်ပေသည်။
ဆရာသခင် တုန်းလင်ကျီ၏ စာအုပ်တွင် သာမန်အင်းချပ် ရေးဆွဲပုံ သုံးမျိုးကို မိတ်ဆက်သင်ပြ ပေးထားလေသည်။
***