Switch Mode

အခန်း ( ၁၆၀ )

လက်ရွေးစင်များကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်း

ပိုင်ရှောင်ချန်းမျက်လုံးဖွင့်ကြည့်လိုက်သောအခါ ကျုံးတာအို၏ကြောက်မက်ဖွယ်ရာမျက်နှာအမူအရာကိုလည်းကောင်း၊ ဖန်လင်း၏ရက်စက်ကြမ်းကြုတ်သောအပြုံးကိုလည်းကောင်း၊ အခြားအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများကိုလည်းကောင်းမြင်တွေ့နေရပေသည်။ မျက်နှာလှလှလေးတွင်ဒေါသအဆိပ်များပြည့်နှက်နေကာ သူ၏နဖူးကိုလှမ်း၍တိုက်ခိုက်လိုက်သော ကျောက်ရုန်ကိုလည်းမြင်တွေ့လိုက်ရလေသည်။

အချိန်သည်ရုတ်တရက်ရပ်တန့်သွားသကဲ့သို့ သူ၏ဘေးပတ်ပတ်လည်ရှိအရာအားလုံးသည် မယုံကြည်နိုင်လောက်နှေးကွေးစွာရွေ့လျားနေလေသည်။

ကိုးခုမြောက်ဒီရေစီးကြောင်းသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း သူခံစားသိလိုက်လေသည်။ ထို့အပြင် သူ၏ ဒန်တျန် ထဲတွင် ကိုးခုမြောက်စိတ်စွမ်းအင်ပင်လယ်ပြင်ဖြစ်တည်လာလေသည်။

ယခုအခါ သူ့တွင် စိတ်စွမ်းအင်ပင်လယ်ပြင်စုစုပေါင်းကိုးခုရှိနေပြီဖြစ်ကာ ပင်လယ်တစ်ခုစီတိုင်းသည် သူ့အောက်ရှိပင်လယ်ထက် ပို၍ကြီးကျယ်ခမ်းနားလေသည်။ အကန့်အသတ်မဲ့စိတ်စွမ်းအင်တန်ခိုးများ သူ၏ကိုယ်တွင်းမှတလိပ်လိပ်တက်လာကာ ခန္ဓာကိုယ်ထဲတွင်လှည့်ပတ်စီးဆင်းနေလေသည်။ သူ၏စိတ်စွမ်းအင်ပင်လယ်ပြင်များပို၍တည်ငြိမ်လာကာ တာအိုအခြေခံဖြစ်တည်လာလေ၏။

သူသည် အခြားဂိုဏ်းသားများတစ်ယောက်မှသတိမထားမိသော အချက်တစ်ခုကိုလည်းနားလည်သဘောပေါက်သွားလေသည်။ မြေစီးကြောင်းအခြေခိုင်မာခြင်း၏အထွတ်အထိပ်ဖြစ်သော ဒီရေစီးကြောင်းကိုးခုသည် အခြားအဆင့်များကဲ့သို့ အချိန်ကြာမြင့်စွာတည်ငြိမ်နေရန်အတွက် စောင့်ဆိုင်းနေရန် မလိုအပ်ပေ။

ထိုအဆင့်သည် ချက်ချင်း တည်ငြိမ်နေလေရာ မကြုံစဖူးထူးကဲသောစွမ်းအားများကို ခံစားမိလာစေသည်။ သူသည် ဤမျှများပြားသောသက်စောင့်စွမ်းအင်များပြည့်နှက်နေသော စိတ်စွမ်းအင်များကို လုံးဝမကြုံတွေ့ဖူးပေ။ သူ၏ကိုယ်မှဖြာထွက်လာသောကြောက်မက်ဖွယ်သက်စောင့်အားကိုလည်း ရှင်းရှင်းလင်းလင်းခံစားသိနေရသည်။ အသက်ပိုရှည်လာပြီဟူသောလက္ခဏာများကိုလည်း ခံစားသိနေရလေသည်။

ထို့အပြင် သူ၏ထာဝရအရေပြားသည်လည်း နောက်ထပ်တစ်ဆင့်ထိုးဖောက်နိုင်သွားပြီဖြစ်သည်။ ထာဝရငွေအရေပြားအစား ယခုအခါသူသည် ထာဝရရွှေအရေပြားကိုပိုင်ဆိုင်နေပြီဖြစ်သည်။

သူသည် ရုတ်ချည်းတိုးတက်လာကာ အဘက်ဘက်မှကြည့်လျှင် ပို၍အားကောင်းလာလေသည်။ သူသည်ယခင်ကနှင့်လုံးဝကွဲပြားခြားနားသော အဆင့်အတန်းတစ်ခုကိုရောက်ရှိနေပြီဖြစ်သည်။ ယခုအချိန်တွင် သူသည် သာမန်သေမျိုးကမ္ဘာ၏အစိတ်အပိုင်းတစ်ခုမဟုတ်တော့ပဲ သူ၏သေမျိုးဖြစ်ခြင်းကိုဖယ်ရှားပစ်နိုင်ခဲ့သော စစ်မှန်သည့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေလေပြီ။

သို့သော်လည်း သူပေးဆပ်ခဲ့ရသောတန်ဖိုးမှာကြီးမားလှပြီး ထိုအကြောင်းကိုလည်း သူသည်ကောင်းစွာနားလည်သဘောပေါက်ပြီးသားဖြစ်သည်။ အတော်ဆုံးသူသာအသက်ရှင်ကျန်ရစ်မည်ကိုလည်း သူသိရှိထားပြီး တောတွင်းဥပဒေများ ကိုလည်းသိရှိထားပြီးဖြစ်သည်။ ထာဝရအသက်ရှည်မည့်လမ်းစဥ်ကိုလျှောက်လှမ်းတော့မည်ဆိုလျှင် တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကိုမလုပ်ချင်၍မရမှန်းလည်း သူသိခဲ့လေပြီ။ ထိုလမ်းသည်ကျဥ်းမြောင်းပြီး အတားအဆီးများလည်းရှိလေရာ သူသည်အခြားသူများနှင့် အတူလျှောက်လှမ်းလိုသောဆန္ဒရှိသော်လည်း ထိုခံယူချက်မျိုးမှာ လူတိုင်းတွင်မရှိကြောင်း သိလိုက်ရလေသည်။

အားလုံးထက်ပိုသိလိုက်ရသည်မှာ တစ်ခါတရံတွင် အခြားလူတစ်ယောက်ကိုသူမသတ်ချင်သော်လည်း ထိုအခြားလူကတော့ သူ့ကိုသတ်ချင်နိုင်သည်။ ထိုအခြေအနေမျိုးတွင် သူ့အတွက် မျက်စိစုံမှိတ်၍အသေခံမလား၊ သို့မဟုတ် ဒေါသတကြီးပြန်လည်တိုက်ခိုက်မည်လား ရွေးစရာနှစ်ခုသာရှိလေသည်။

သူ၏အင်မော်တယ်ဂူအပြင်ဘက်ရှိ အစိတ်စိတ်အမြွှာမြွှာကွဲကြေနေသော တိုက်ပွဲကွင်းပြင်ကိုသူမြင်တွေ့ခဲ့ရသည်။ ဒဏ်ရာရထားသောစိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကိုလည်း သူမြင်တွေ့ခဲ့ရသည်။ သွေးအလိမ်းလိမ်းနှင့် သတိလစ်နေသော ဟိုယွင်ဖေးကိုလည်း သူမြင်တွေ့ခဲ့ရသည်။

သူသည် အလွန်အမင်း စိတ်ထိခိုက်သွားလေရာ မျက်လုံးအိမ်များထဲတွင် မျက်ရည်များပြည့်နှက်လာလေ၏။ သူတို့သည် သူ၏ရောင်းရင်းဂိုဏ်းသားများဖြစ်လေရာ သူ၏မိသားစုဝင်များဆိုလျှင်လည်းမမှားပေ။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားတစ်ယောက်ချင်းစီတိုင်းသည် သူလုံးဝမေ့ပျောက်၍မရတော့မည့် လူများပင်ဖြစ်လေသည်။

အချို့သောစိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများ၏အသက်မဲ့ခန္ဓာကိုယ်များကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ရင်ထဲတွင်နာကျင်မှုဒဏ်ကို မချိမဆံ့ခံစားရလေသည်။ သူတို့၏အဆုံးသတ်မှာ ကျောက်ရိသော်ကဲ့သို့မလှပလေရာ ထိုအကြောင်းကိုစဥ်းစားမိလိုက်ရုံနှင့်ပင် ပိုင်ရှောင်ချန်းရင်တွင် ဒေါသမီးဟုန်းဟုန်းတောက်လာရာ မျက်လုံးများပင်နီရဲလာလေတော့သည်။

သူ၏အမျက်ဒေါသမှာ တမြှိုက်မြှိုက်လောင်ကျွမ်းနေလေ၏။

သူ့အားဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ဒေါသထွက်နေပြီး စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများသည် သူ့ကိုကာကွယ်ရင်း သေသည်နှင့်မခြား ဖြစ်နေသည်ကိုကြည့်၍လည်း ဒေါသထွက်နေသည်။ သူသည် အခြားဂိုဏ်းသားများကိုလည်း လုံးဝရန်မစခဲ့ပါလျက်နှင့် သူ့ကိုအသေသတ်ရန်ကြံစည်ခံရသည့်အတွက်လည်း ဒေါသထွက်နေသည်။

“ကျုပ် ကျင့်ကြံနေခဲ့ရတဲ့အဓိကအကြောင်းရင်းဟာ ကျုပ် ထာဝရအသက်ရှည်ချင်လို့ပဲ။ တိုက်ရခိုက်ရတာ၊ သတ်ရဖြတ်ရတာတွေကို ကျုပ်မကြိုက်ဘူး။ ဒါပေမယ့်… မဖြစ်မနေလုပ်ရမယ်ဆိုရင်လည်း ကျုပ်လုပ်ရဲတယ်။” ပိုင်ရှောင်ချန်း၏ကမ္ဘာကြီးတစ်ခုလုံးမှာ သွေးကဲ့သို့ကြက်သွေးရောင်သန်းနေလေပြီ။ အရာအားလုံးသည် ဖြည်းညင်းစွာရွေ့လျားနေလေရာ လှုပ်ရှားမှုပင်မရှိတော့ပေ။

“ကျုပ်ရဲ့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားရောင်းရင်းတွေဟာ ကျုပ်ကိုကာကွယ်ပေးရင်း သေဆုံးသွားခဲ့ကြရတယ်။ ဒီအတွက်ကြောင့်မို့လို့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ရောင်းရင်းဂိုဏ်းသားတွေအားလုံး အခြေခိုင်မာခြင်းအဆင့်ကိုရောက်ကိုရောက်စေရမယ်။ ကျုပ် တာဝန်ယူတယ်။”

“ဒီမှာရှိနေတဲ့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားတွေအကုန်လုံး မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကို သေချာပေါက်ရောက်စေရမယ်ကွ။”

သူ၏ရင်ထဲတွင် ဒေါသမီးများဟုန်းဟုန်းတောက်နေလျက်က ထိုစကားလုံးများကိုကျမ်းသစ္စာကျိန်ဆိုသလိုမျိုးပြောနေခဲ့ကာ ထို့နောက်တွင် အရာအားလုံးပုံမှန်ပြန်ဖြစ်သွားခဲ့လေသည်။ ကျောက်ရုန်သည် ခုဏကအတိုင်း ရက်စက်ကြမ်းကြုတ်ပုံပေါ်နေဆဲဖြစ်သည်။ သူမ၏လက်ညှိုး ပိုင်ရှောင်ချန်း၏နဖူးနှင့် နီးကပ်လာသောအခါ လက်ညှိုးသည်ရုတ်တရက်ရပ်တန့်သွားလေသည်။ ပိုင်ရှောင်ချန်းသည်သူ၏ညာလက်ကိုမြှောက်လိုက်ကာ ကျောက်ရုန်သတိမထားလိုက်မိစဥ်မှာပင် သူမ၏လက်ကောက်ဝတ်ကို ပိုင်ရှောင်ချန်းက ဖမ်းဆုပ်လိုက်လေ၏။

“မလုပ်နဲ့…” သူမကအော်ဟစ်လိုက်သည်။ သူမသည် လွတ်မြောက်ရန်အတွက် သူမ၏လက်ကိုဖြတ်ချတော့မလိုဟန်ပြင်နေစဥ်မှာပင် ပိုင်ရှောင်ချန်း၏မျက်လုံးများသည် သတ်ဖြတ်လိုစိတ်ဖြင့်အရောင်လက်သွားကာ သူ၏လက်ကိုညှစ်ချလိုက်လေသည်။ ဖောက်ခနဲမြည်သံနှင့်အတူ အော်သံတစ်ခုပေါ်ထွက်လာကာ ကျောက်ရုန်၏လက်တစ်ခုလုံးပေါက်ကွဲထွက်သွားလေ၏။ တစ်ချိန်တည်းမှာပင် ပိုင်ရှောင်ချန်းသည် မတ်တပ်ရပ်လိုက်ကာ ရှေ့သို့တိုး၍ သူမကိုကိုယ်လုံးနှင့်ပစ်တိုက်လိုက်လေ၏။ သူမ၏ရင်ဘတ်တစ်ခုလုံးချိုင့်ဝင်သွားကာ မွန်းကြပ်စွာအော်ဟစ်လိုက်သံနှင့်အတူ သူမ၏ပါးစပ်မှသွေးများပန်းထွက်လာလေတော့သည်။ သူမသည်ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားလိုက်သော်လည်းအချိန်မမီတော့ပဲ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားလေတော့သည်။

တချိန်တည်းမှာပင် သူမ၏တာအိုအခြေခံသည်လည်းပျက်စီးသွားလေတော့သည်။ သူမသည်အခြေခိုင်မာခြင်းအဆင့်ကိုစဝင်ခါစသာရှိသေးရာ သူမ၏ခန္ဓာကိုယ်အတွင်းရှိ မြေစီးကြောင်းစွမ်းအင်သည် လုံးလုံးလျားလျားမခိုင်မာသေးချေ။ သူမသေဆုံးသွားသောအခါ မြေစီးကြောင်းစွမ်းအင်အမြောက်အများသည် အရပ်ရှစ်မျက်နှာသို့ လွှင့်စင်ထွက်လာလေ၏။ ပိုင်ရှောင်ချန်းသည် လက်ကိုဝှေ့ယမ်းလိုက်ကာ ထိုစွမ်းအင်များကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများဘက်သို့ရောက်အောင် ပို့လွှတ်လိုက်လေ၏။

အရာအားလုံးသည် တိုတောင်းသောအချိန်ကာလလေးအတွင်းမှာ ဖြစ်ပျက်သွားလေ၏။ ပိုင်ရှောင်ချန်းသည် ဆံပင်များ တလွင့်လွင့် ပျံဝဲနေပြီး ဒီရေစီးကြောင်းနှစ်ခုအထိ ရောက်ရှိခဲ့သော ဆန်းကြယ်နတ်ရေစင်ဂိုဏ်းသား၏ရှေ့သို့ ရပ်လိုက်လေ၏။ ဂိုဏ်းသားသည် ဘာတွေဖြစ်နေသလဲမသိလိုက်ခင်မှာပင် ပိုင်ရှောင်ချန်းက သူ၏လည်ပင်းကိုဆုပ်ကိုင်ကာ ညှစ်ချလိုက်လေတော့၏။

ဂျွတ်…

ပိုင်ရှောင်ချန်းသည် ဂိုဏ်းသား၏ခန္ဓာကိုယ်ကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများဘက်သို့ လှမ်းပစ်လိုက်သည်။ ခန္ဓာကိုယ်ပေါက်ကွဲသွားပြီးနောက် မြေစီးကြောင်းစွမ်းအင်အများအပြား တဟုန်ထိုးပေါ်ထွက်လာလေ၏။

ပိုင်ရှောင်ချန်းသည် ရှေ့သို့ဆက်တိုးလာပြီး ဒီရေစီးကြောင်းသုံးခုအထိ အတွေ့အကြုံရှိသော သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားတစ်ယောက်ရှေ့တွင် ရပ်လိုက်လေ၏။ လက်သီးနှင့်တစ်ချက်ထိုးလိုက်ရာ ဂိုဏ်းသားသည် ပေါက်ကွဲထွက်သွားလေတော့သည်။

ခြေလှမ်းတစ်လှမ်းထပ်တိုးလာရာ ဒီရေစီးကြောင်းတစ်ခုသာရှိသေးသော ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသားတစ်ယောက်၏ရှေ့သို့ ရောက်လာလေ၏။ ပိုင်ရှောင်ချန်းသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ ရွှယ်ကျဲကော်တု၏အငွေ့အသက်များ ပေါ်ထွက်လာလေ၏။ ထိုအရာသည်အငွေ့အသက်မျှသာဖြစ်သော်လည်း ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်းသား၏မျက်လုံးများ နီရဲလာပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားလေ၏။

ယခင်ကလိုပင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများဘက်သို့ မြေစီးကြောင်းစွမ်းအင်များစီးဆင်းသွားလေ၏။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် ရပ်တန့်လိုက်လေ၏။ မိနစ်ပိုင်းမျှသာရပ်တန့်နေပြီး ကျောက်ရုန်ကိုသတ်လိုက်လေတော့သည်။

သူသည်ထိုနေရာ၌ တဝုန်းဝုန်းဆူညံသံများအကြားရပ်တန့်နေစဥ် အခြားဂိုဏ်းများမှ ဂိုဏ်းသားများသည် အံ့အားသင့်ကုန်ကြလေ၏။ တင်ပျဥ်ခွေထိုင်လျက် တရားထိုင်နေသောသူသည် ပျောက်ကွယ်သွားကာ သူတို့ရှေ့တွင်ရပ်နေလေရာ ကြောက်လန့်ကုန်ကြလေ၏။

ကျောက်ရုန်သည်အသတ်ခံလိုက်ရပြီး ဆေးစွမ်းအင်နတ်ရေစင်ဂိုဏ်း၊ ဆန်းကြယ်နတ်ရေစင်ဂိုဏ်းနှင့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းတို့မှ အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများအားလုံး အသတ်ခံလိုက်ရလေပြီ။ တချိန်တည်းမှာပင် မြေစီးကြောင်းစွမ်းအင်အများအပြားသည် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများဘက်သို့ စီးဆင်းလာရာ သူတို့သည်လည်း အခြားသူများနည်းတူ တုန်လှုပ်နေလေတော့သည်။

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံဖြင့် ပိုင်ရှောင်ချန်းက “စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းကမိတ်ဆွေတို့… မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ကိုရောက်ဖို့အချိန် ကျပြီ။ ပြီးတော့ ကျုပ်ကခင်ဗျားတို့ရဲ့ ဓမ္မစောင့်ရှောက်သူအ ဖြစ်နေပေးပါ့မယ်။” တုန်လှုပ်သွားလျက် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများသည် အလျင်အမြန်တင်ပျဥ်ခွေထိုင်ချလိုက်ကာ မြေစီးကြောင်းစွမ်းအင်များကို စတင်စုပ်ယူလိုက်ကြသည်။

ဤမြေစီးကြောင်းစွမ်းအင်များသည် အသတ်ခံလိုက်ရသော အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများဆီမှတိုက်ရိုက်လာသည်ဖြစ်ရာ သူတို့ကိုစုပ်ယူရန်အတွက် မြေစီးကြောင်းဆွဲငင်သလင်းကျောက်များမလိုအပ်ပေ။

အခြေအနေအရပ်ရပ်သည် အလျင်အမြန်ဖြစ်ပျက်သွားသည်ဖြစ်ရာ ဘေးမှဝိုင်းကြည့်နေသူများ၏စိတ်ထဲတွင် ဝေခွဲမရဖြစ်နေကာ ကြောင်စီစီငေးကြည့်နေကြလေ၏။ ပြင်းထန်သောသတ်ဖြတ်မှုများကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသောကြောင့် သူတို့သည် ထိတ်လန့်ကြောက်ရွံ့နေကြပြီး အသက်ရှူဖို့ပင်မေ့လျော့နေကြလေ၏။

ကျုံးတာအို၏မျက်လုံးများသည် မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေလေ၏။ ဖန်လင်းသည် သိသိသာသာတုန်လှုပ်ချောက်ခြားနေကာ ပိုင်ရှောင်ချန်းသည် သူတွေ့ဖူးသမျှလူများထဲတွင် ကြောက်စရာအကောင်းဆုံး၊ အရက်စက်ဆုံးလူဖြစ်သည်ဟုပင် ခံစားနေရလေသည်။

“မဖြစ်နိုင်တာ…”

အားလုံးတုန်လှုပ်ချောက်ချားနေကြဆဲမှာပင် ပိုင်ရှောင်ချန်းသည် သတ်ဖြတ်လိုသောမျက်လုံးများဖြင့် ကျုံးတာအို၏ရှေ့သို့ လျှောက်လာခဲ့လေသည်။

လက်သီးနှင့်တစ်ချက်ထိုးလိုက်ရာ ကျုံးတာအို၏ပါးစပ်မှ သွေးများအန်ထွက်လာလေ၏။ စူးစူးဝါးဝါးအော်ဟစ်လိုက်ကာ သူသည် ကရုဏာမဲ့သိုင်းကိုအစွမ်းအကုန်ထုတ်သုံးလိုက်ပြီး အလူးအလဲကာကွယ်လိုက်ရလေ၏။ ထို့နောက် သူသည် မျက်နှာဖြူဖပ်ဖြူရော်နှင့် တစက္ကန့်ပင်ထပ်မဆိုင်းတော့ပဲ ထွက်ပြေးလေတော့သည်။

ပိုင်ရှောင်ချန်း၏မျက်လုံးများ အရောင်လက်သွားလေသည်။ ကျုံးတာအိုထံတွင် သူ့ သက်စောင့်ဝိညာဥ်ကို ကာကွယ်ပေးထားသော ထူးဆန်းသည့်အစွမ်းတစ်ခုရှိနေကြောင်း ပိုင်ရှောင်ချန်းခံစားမိလိုက်လေသည်။ ထိုအစွမ်းသည် ပိုင်ရှောင်ချန်းကိုမယှဥ်ပြိုင်နိုင်သော်လည်း အတော်စွမ်းအားပြင်းလေသည်။

ပိုင်ရှောင်ချန်းသည် ကျုံးတာအိုကိုလွှတ်ပေးလိုက်ပြီး ဖန်လင်း၏ရှေ့သို့လျင်မြန်စွာသွားလိုက်လေ၏။ ရုတ်တရက် ဖန်လင်း၏လည်မျိုကို လက်ချောင်းနှစ်ချောင်းနှင့်တိုက်ခိုက်လိုက်သည်။

ဖန်လင်းသည် သူ့ကိုယ်သူမည်သို့ပင်ခုခံကာကွယ်နေပါစေ၊ မည်သို့သော မှော်ပညာရပ်များ၊ မှော်ပစ္စည်းများကိုအသုံးပြုနေပါစေ၊ ပိုင်ရှောင်ခန်း၏လက်ချောင်းနှစ်ချောင်းနှင့်တွေ့လျှင် အရာအားလုံး ပျက်စီးကုန်လေ၏။ လက်ချောင်းများသည် အတားအဆီးများကို တူတစ်ချောင်းက ရေခဲတုံးကိုထုခွဲသကဲ့သို့ အရာအားလုံးကိုဖျက်ဆီးပစ်ကာ ဖန်လင်း၏လည်မျိုကို ထိုးစိုက်ရန်လာနေလေ၏။

လည်မျိုဖမ်းဆုပ်ကွက်…

အက်ကွဲသံတစ်ချက်ပေါ်ထွက်လာကာ ဖန်လင်း၏မျက်လုံးများပြူးကျယ်ထွက်လာသည်။ သူ၏အဆင့်ခုနှစ်ဆင့်ရှိသောတာအိုအခြေခံပြိုလဲကျသွားသည်နှင့် သူ၏ပါးစပ်မှသွေးများယိုစိမ့်ထွက်လာသည်။ သူသည် အသံထွက်၍ပင်မအော်နိုင်တော့ပေ။ ပိုင်ရှောင်ချန်းသည် ဖန်လင်း၏ခန္ဓာကိုယ်ကိုဘေးသို့တွန်းထုတ်လိုက်ရာ မြေစီးကြောင်းစွမ်းအင်များ ယခင်ကထက်ဆယ်ဆပိုထွက်လာလေ၏။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများသည် တုန်လှုပ်သွားလျက် ထိုစွမ်းအင်များကိုအငမ်းမရစုပ်ယူနေကြလေ၏။

“မင်းဟာ ကျုံးတာအိုလောက်တောင် အစွမ်းမရှိဘူးဆိုတာ ကျုပ်တွေးတောင်မတွေးမိဘူး။” ဝင်းလက်နေသောမျက်လုံးများဖြင့် ပိုင်ရှောင်ချန်းကဆိုသည်။

ထိုအချိန်တွင် ဖန်လင်း၏ခန္ဓာကိုယ်မှ အနက်ရောင်ဝိညာဥ်မီးတောက်တစ်ခုထွက်ပေါ်လာရာ ထိုမီးတောက် ဝေးဝေးမသွားနိုင်သေးခင် ပိုင်ရှောင်ချန်းကဖမ်းယူလိုက်လေ၏။

ဝိညာဥ်မီးတောက်ထဲတွင်မျက်နှာတစ်ခုကိုမြင်နေရသော်လည်း ဖန်လင်း၏မျက်နှာမဟုတ်ပေ။ ထိုမျက်နှာသည် ရက်စက်ယုတ်မာပုံပေါ်ပြီး မျက်နှာ၏တစ်ဝက်ခန့်ကို မွေးရာပါအမှတ်အနက်ရောင်ကြီးကဖုံးအုပ်ထားလေရာ ယင်ယန်သင်္ကေတနှင့်ပင်တူနေလေ၏။ ထိုမျက်နှာသည် ပိုင်ရှောင်ချန်းကိုစိုက်ကြည့်နေပြီး ရယ်သွမ်းသွေးနေလေတော့၏။

“ကျုပ်ဟာဝိညာဥ်အစေ့လေးတစ်ခုအဖြစ်သာရှိပါသေးတယ်။ ဒါပေမယ့် ဒီလူတွေအများကြီးထဲမှာမှ ခင်ဗျားလိုစိတ်ဝင်စားစရာကောင်းတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတာ သေရမယ်ဆိုရင်ကိုသေပျော်ပါတယ်ဗျာ။ ကျုပ်တို့တစ်ရက်ရက်ကျရင်ပြန်တွေ့ကြလိမ့်မယ်လို့ ကျုပ်ယုံကြည်ပါတယ်။”

ထိုသို့ပြောပြီးနောက် ဝိညာဥ်မီးတောက်သည် မှေးမှိန်ပျောက်ကွယ်သွားလေ၏။ ဘာတွေဖြစ်သွားသလဲ မည်သူမှသတိမပြုမိလိုက်သော်လည်း ပိုင်ရှောင်ချန်းသည်ထိုအသံကိုနားထဲတွင်ရှင်းလင်းပြတ်သားစွာကြားလိုက်ရလေ၏။

“သကာရည်ဆမ်းထားတဲ့ လှည့်ကွက်တွေပဲ…” ပိုင်ရှောင်ချန်းက အေးစက်စက်အမူအရာဖြင့်ဆိုသည်။

ထိုအချိန်မှာပင် အခြားဂိုဏ်းမှဂိုဏ်းသားများသည် လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြလေသည်။ စိတ်ပျက်ဝမ်းနည်းစွာအော်ဟစ်နေကြလျက်က ထိတ်လန့်ကြောက်ရွံ့နေကြသောဂိုဏ်းသားများသည် အရပ်ရှစ်မျက်နှာသို့ ကြောက်လန့်တကြားထပြေးကြလေ၏။

သူတို့၏စိတ်ထဲတွင် ပိုင်ရှောင်ချန်းသည်မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သွားပြီဟု ထင်နေကြလေသည်။

“ကျောက်ရုန်လည်းသေပြီ။ ဖန်လင်းလည်းသေပြီ။ ကျုံးတာအိုလဲသေသွားပြီ။”

“ဘုရားရေ… ဒါဟာ မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်ရဲ့ အထွတ်အထိပ်လား…”

“လွန်ခဲ့တဲ့နှစ်ပေါင်းရှစ်ရာကျော်က သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းကအတုမဲ့သခင်ဟာ အထွတ်အထိပ်ကိုရောက်ခဲ့ပြီး တခြားဂိုဏ်းသုံးဂိုဏ်းက ဂိုဏ်းသားတွေအားလုံးကို သုတ်သင်ရှင်းလင်းပစ်ခဲ့တယ်။”

အော်ဟစ်လျက်က ကွင်းပြင်ထဲရှိရာချီသောဂိုဏ်းသားများသည် သွေးရူးသွေးတန်းနှင့်ထွက်ပြေးနေကြလေ၏။ ဂိုဏ်းသားများသည် ပိုင်ရှောင်ချန်းကိုလုံးဝကြောက်ရွံ့နေကြကာ တုန်လှုပ်ချောက်ချားနေကြလေသည်။

တချိန်တည်းမှာပင် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများသည်လည်း စိတ်လှုပ်ရှားလျက်တုန်လှုပ်နေကြလေ၏။ ပေဟန်လဲ့သည် ပိုင်ရှောင်ချန်းကိုရင်သပ်ရှုမောလျက်ငေးကြည့်နေကာ သူ့စိတ်ထဲတွင်ယခင်ကထက်ပင်ပို၍ ဝေခွဲမရဖြစ်နေလေသည်။ မည်သို့ပင်ဖြစ်စေ သူ၏ ပိုင်ရှောင်ချန်းထက်သာလွန်ချင်သောဆုံးဖြတ်ချက်သည် ပို၍သာအားကောင်းလာလေ၏။

ပိုင်ရှောင်ချန်းသည် ထွက်ပြေးသွားသောဂိုဏ်းသားများကို လိုက်လံဖမ်းဆီးခြင်းမပြုတော့ပေ။ သူသည်ဟိုယွင်ဖေးရှိရာသို့ အပြေးအလွှားသွားကာ သူ၏လက်ကို ဟိုယွင်ဖေး၏ရင်ဘတ်ပေါ်သို့တင်လိုက်လေသည်။ မြေစီးကြောင်းစွမ်းအင်များဟိုယွင်ဖေးထံသို့စီးဆင်းသွားစေရာ သူ၏တာအိုအခြေခံသည်ပြန်လည်ဖြစ်တည်လာလေ၏။ မိနစ်ပိုင်းမျှကြာသောအခါ ဒီရေစီးကြောင်းတစ်ခုပြန်လည်ပေါ်ပေါက်လာလေသည်။

ဟိုယွင်ဖေးသည် မျက်လုံးများဖြည်းညင်းစွာဖွင့်ကြည့်လိုက်ပြီး ပိုင်ရှောင်ချန်းကိုတွေ့သောအခါ ပြုံးသွားလေ၏။

ပိုင်ရှောင်ချန်းသည် မြေစီးကြောင်းအခြေခိုင်မာခြင်းအဆင့်သို့ရောက်ရှိကုန်ကြပြီဖြစ်သော အခြားစိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းသားများကို လှည့်လည်ကြည့်ရှုလိုက်လေ၏။ သူတို့ထဲက ဘယ်သူမှ ဒီရေစီးကြောင်းသုံးခုအထိမရောက်ရှိနိုင်ကြပေ။ ဒီရေစီးကြောင်းနှစ်ခုအထိသာ အများဆုံးရောက်ရှိနိုင်ကြလေ၏။ တကယ်တော့ ပိုင်ရှောင်ချန်းကသူတို့ကိုကူညီပေးနေသော်လည်း ခွဲဝေယူရန်မြေစီးကြောင်းစွမ်းအင်များမကျန်ရှိတော့ပေ။

ဂိုဏ်းသားအားလုံးသည် အကြီးအကျယ်တုန်လှုပ်နေကြလေ၏။

“မြေစီးကြောင်းစွမ်းအင်မလုံလောက်တော့ဘူး…” ဟိုယွင်ဖေး မြေစီးကြောင်းစွမ်းအင်များစုပ်ယူနေသည်ကိုကြည့်နေရင်းက ပိုင်ရှောင်ချန်းတွေးနေမိသည်။ ထို့နောက်သူသည် မိုးကောင်းကင်ပေါ်တွင်တစ်ခုတည်းကျန်ရှိနေသောရေဝဲကို လှမ်းကြည့်လိုက်လေ၏။

ထိုရေဝဲမှာ ဒီရေစီးကြောင်းကိုးခုမြောက်ကိုရောက်ရှိနေပြီဖြစ်သော စုန့်ချွဲ၏ရေဗွေဖြစ်သည်။

“မင်းက ကျုပ်ကိုသတ်ပြီး ကျုပ်ရဲ့ဒီရေစီးကြောင်းကိုးခုကိုဖျက်ဆီးဖို့အတွက် လူတွေလွှတ်ခဲ့တယ်။ ကောင်းပြီ… ပိုင်ရှောင်ချန်းဆိုတဲ့ကောင်ကလည်း လက်တုံ့မပြန်ပဲခွင့်လွှတ်ပေးတတ်တဲ့ကောင်မဟုတ်ဖူးကွ။ ဂိုဏ်းတူအကိုကြီးဟိုအတွက် မြေစီးကြောင်းစွမ်းအင်အလုံအလောက်ရစေရမယ်။” သူ၏မျက်လုံးများတွင် အေးစက်သည့်အကြည့်များပြည့်နှက်လာပြီး ထို့နောက်တွင် ဤနေရာ၌ရှိသောဂိုဏ်းသားများအတွက် သူသည် ဓမ္မစောင့်ရှောက်သူ အဖြစ်ရှိနေရဦးမည်ကိုသတိရသွားကာ တုံ့ဆိုင်းသွားလေ၏။

ပေဟန်လဲ့သည် သူ၏မှေးမှိန်နေပြီဖြစ်သောဒီရေစီးကြောင်းသည် ပြန်လည်စတင်တော့မည်ကိုခံစားလိုက်မိကာ အသက်ကိုပြင်းပြင်းရှူလိုက်လေ၏။ “ပိုင်ရှောင်ချန်း… မင်းသွားပါ။ ကျုပ်တို့ကြားမှာအဆင်မပြေဘူးဆိုပေမယ့် သွေးစွမ်းအင်နတ်ရေစင်ဂိုဏ်းမှာ ဒုတိယအတုမဲ့သခင်ပေါ်လာမှာကို ကျုပ်မလိုလားဘူး။ မင်း စုန့်ချွဲကိုသွားတားလိုက်။ ဒီမှာရှိတဲ့လူတွေအတွက်က ကျုပ်တာဝန်ထား။”

ပိုင်ရှောင်ချန်း၏ရင်ထဲတွင်နောင်တများရလာကာ ပေဟန်လဲ့ကိုလေးလေးနက်နက်စိုက်ကြည့်လိုက်၏။ သူ၏လက်နှစ်ဖက်ကိုယှက်လျက် အရိုအသေပြုပြီးနောက် စုန့်ချွဲကိုတားဆီးရန် အလင်းတန်းလေးအဖြစ်ထွက်ခွာသွားလေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset